Skip to main content

သမ/ကျေးလက် ရင်သွေးငယ်များ၏ နေပြည်တော်လေ့လာရေးခရီးစဉ်

မြင့်စိုး(နတလ)

သမဝါယမစာရင်းရေး စာရင်းကိုင်

သက်မွေးပညာ သင်တန်းကျောင်းများ

“သားတို့သမီးတို့ ပျော်ကြရဲ့လား”

“ပျော်ပါတယ်”

“နောက်တစ်ခေါက်လာချင်သေးလား”

“လာချင်ပါတယ်”

ကျွန်တော်မေးသမျှကို အတိုင်အဖောက်ညီစွာ ပြန်လည်ဖြေကြားနေသည့် သူတို့လေးတွေ၏ အသံက စားရိပ်သာခန်းမအတွင်းမှာ ဟိန်းထွက်သွားသည်။ သူတို့လေးတွေဆိုသည်မှာ အခြားမဟုတ်ပါ။ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာနအောက်ရှိ သမဝါယမ စာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်း ငါးကျောင်းဖြစ်သော မကွေး၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနှင့် ပုသိမ်မြို့များတွင် ဖွင့်လှစ်ထားသည့် သင်တန်းကျောင်းများမှ ပထမနှစ်ကျောင်းသား ကျောင်းသူလေးများ ဖြစ်ပါသည်။ ပြည်ထောင်စုဝန်ကြီးဦးလှမိုး၏ညွှန်ကြားမှုဖြင့် သူတို့လေးတွေအတွက် နေပြည်တော်နှင့်ပတ်ဝန်းကျင်လေ့လာရေးခရီးစဉ် သုံးရက်ကို ရေးဆွဲစီစဉ်ဆောင်ရွက်ပေးခဲ့သည်။

ပညာဆက်လက်သင်ယူရန် အခက်အခဲရှိသူများကို စာရင်းရေး စာရင်းကိုင်ပညာဖြင့် သက်မွေးမှု လုပ်ငန်းများ ဆောင်ရွက်နိုင်စေရန်၊ သက်မွေးမှုပညာ သင်ယူတတ်မြောက်ပြီးသူများထဲမှ ထူးချွန်သူများကို သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့ ပေါင်းကူး၍ ပညာဆက်လက်သင်ယူနိုင်သည့် အခွင့်အလမ်းများ ရရှိနိုင်စေရန်ရည်ရွယ်လျက် အဆိုပါသင်တန်း ကျောင်းများကို ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။ ရှေးယခင်က အချို့သင်တန်းကျောင်းများသည် သမဝါယမကူးသန်းရောင်းဝယ်ရေး သင်တန်းကျောင်းဟူ၍လည်းကောင်း၊ အချို့က သမဝါယမ သင်တန်းကျောင်းဟူ၍လည်းကောင်း အမည်အမျိုးမျိုးနှင့်ရှိနေရာမှ သင်တန်းကျောင်း၏ ဖွဲ့စည်းပုံနှင့် သင်ကြားပို့ချပေးမည့် ဘာသာရပ်များကိုပါ မွမ်းမံပြင်ဆင်ပြီးလျှင် ၂၀၂၂ ခုနှစ် ဇွန် ၁၆ ရက်နေ့တွင် သမဝါယမစာရင်းရေး စာရင်းကိုင် သက်မွေးပညာ သင်တန်းကျောင်းများအဖြစ် ဖွင့်လှစ်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။ ပထမနှစ် သင်တန်းတွင် စာရင်းရေး စာရင်းကိုင် ဘာသာရပ် (Business Accounting)၊ Fundamentals of ICT ဘာသာရပ်၊ သမဝါယမပညာ ဘာသာရပ်များနှင့်အတူ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ ဘာသာရပ်များကို သင်ကြားပေးခဲ့သည်။ ဒုတိယနှစ်တွင်မူ Cost Accounting၊ Financial Accounting၊ Computerized Accounting၊ Business Accounting၊ Business Organization and Management၊ သမဝါယမစာရင်းကိုင်ပညာနှင့် စာရင်းစစ်ဆေးခြင်း၊ အင်္ဂလိပ်စာ၊ သင်္ချာနှင့် ဘောဂဗေဒ ဘာသာရပ်များကို သင်ကြားပို့ချပေးလျက် ရှိသည်။ ဒုတိယနှစ်တွင် ဘာသာစုံအောင်မှတ် ရရှိပြီး အထူးပြုဘာသာရပ်များ၌ ဂုဏ်ထူးမှတ် ရရှိသူများနှင့် သင်္ချာဘာသာရပ် ဂုဏ်ထူးရရှိသူ များသည် သမဝါယမတက္ကသိုလ်၊ ကောလိပ်များသို့ ပေါင်းကူးတက်ရောက်ခွင့်ရကြမည်။ ကျန်ကျောင်းသား ကျောင်းသူများသည်လည်း Certificate in Business Accounting လက်မှတ်ရရှိထားပြီးဖြစ်၍ သင့်တော်ရာလုပ်ငန်းခွင်သို့ ဝင်ရောက်ကြမည်ဖြစ်သည်။

လေ့လာရေးခရီးစဉ်၏ ရည်ရွယ်ချက်

ကျောင်းသား ကျောင်းသူအချင်းချင်း ခင်မင် ရင်းနှီးမှုရရှိစေရန်၊ စာတွေ့လက်တွေ့ လုပ်ငန်းများ အပြင် ဒေသန္တရဗဟုသုတများရရှိစေရန်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေး စိတ်ဓာတ်၊ ပြည်ထောင်စုစိတ်ဓာတ်များ ရှင်သန်ထက်မြက် လာစေရန် ရည်ရွယ်၍ နေပြည်တော်နှင့်ပတ်ဝန်းကျင် နှစ်ညအိပ်သုံးရက် ခရီးစဉ်ကို ရေးဆွဲစီစဉ် ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။ ရှေးနှစ်ပေါင်း များစွာကပင် ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီး၏ နေရာတိုင်းမှာ တိုင်းရင်းသားလူမျိုး ပေါင်းစုံမရှိအတူ ရှိအတူ၊ အေးအတူပူအမျှ ဥမကွဲသိုက်မပျက် ရင်းနှီးချစ်ကြည်စွာလက်တွဲ၍ ပြည်ထောင်စုကြီးအတွင်းက ပြည်ထောင်စု ငယ်လေးများသဖွယ် ရင်းနှီးချစ်ကြည်စွာ နေထိုင်ခဲ့ကြသဖြင့် ယခုရောက်ရှိလာသည့် ကျောင်းသား ကျောင်းသူလေးများထဲမှာလည်း တိုင်းရင်းသား လူမျိုးပေါင်းစုံပါလာပါသည်။ သည့်အတွက် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။

တစ်ခုပြောစရာရှိလာသည်က သူတို့လေးတွေသည် နေရပ်ဒေသအသီးသီးမှ နေပြည်တော်သို့ တိုက်ရိုက်ရောက်ရှိလာခြင်း မဟုတ်ပေ၊ ပြည်ထောင်စုဝန်ကြီး၏ ညွှန်ကြားချက်အတိုင်း မော်လမြိုင်နှင့် ပုသိမ်သင်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအား သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ် (သန်လျင်) သို့လည်းကောင်း၊ မကွေး၊ မန္တလေးနှင့် တောင်ကြီး သင်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများအား သမဝါယမနှင့်စီမံခန့်ခွဲမှု ပညာတက္ကသိုလ် (စစ်ကိုင်း) သို့လည်းကောင်းပို့ဆောင်ပေးခဲ့သည်။ တစ်ချိန်မှာ မိမိတို့ပေါင်းကူးတက်ရောက်သင်ယူခွင့် ရကြမည့် တက္ကသိုလ်များ၏ သဘောသဘာဝ၊ သင်ကြားပို့ချပေးသော ဘာသာရပ်များအကြောင်း သိစေလို၍ဖြစ်သည်။ သန်လျင်ပါမောက္ခချုပ် ဒေါက်တာရီရီဝင်း၊ စစ်ကိုင်းပါမောက္ခချုပ် ဒေါက်တာ မို့မို့ရီတို့ ဦးဆောင်သော ပါမောက္ခဌာနမှူးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ ကလည်း လှိုက်လှဲနွေးထွေးစွာကြိုဆို၍ တက္ကသိုလ်အကြောင်း သိကောင်းစရာများကို ရှင်းလင်း ပြောကြားကာ လိုက်လံပြသပေးခဲ့ကြသည်။ သူတို့ ရင်ထဲမှာ တက္ကသိုလ်ပညာကို ဆက်လက်သင်ယူခွင့်ရရှိအောင် ကြိုးစားချင်စိတ်တွေ ပေါ်ပေါက်လာစေရန်အတွက်လည်း ရည်ရွယ်ရင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်နေ့တွင် တက္ကသိုလ်အသီးသီးသို့ သွားရောက်လေ့လာခဲ့ကြသော လေ့လာရေးအဖွဲ့ဝင် ကျောင်းသား ကျောင်းသူများ၊ သင်တန်းကျောင်းအုပ်များ၊ သင်တန်းနည်းပြဆရာ ဆရာမများ စုစုပေါင်းအင်အား ၁၆၉ ဦးတို့သည် ယင်းနေ့ညဦးပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာကြရာ ၎င်းတို့ခေတ္တတည်းခိုနေထိုင်ကြမည့် အမှတ် (၃) တည်းခိုရေးနှင့် စစ်ကြောရေးစခန်း (ရွာတော်) ၌ ကျွန်တော်နှင့် အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်၊ ညွှန်ကြားရေးမှူးချုပ်များက စောင့်ကြိုနှုတ်ဆက်ပြီး စနစ်တကျ နေရာချထားပေးခဲ့ပါသည်။

မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား ဦးခိုက်ဖူးမြော်

ဒီဇင်ဘာ ၁၁ ရက်နေ့ လေ့လာရေးခရီးစဉ်ကို ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိ မြို့နယ်ရှိ ဗုဒ္ဓဥယျာဉ်ဝတ္ထုကံတော်တွင်တည်ထားပြီး ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဦးခိုက်ဖူးမြော်ခြင်းဖြင့် အစပြုခဲ့ပါသည်။ အဝေးကနေ သတင်းစကားတွေ ကြားသိရ၊ တီဗွီ ဖန်သားပြင်မှာပဲ ဖူးမြော်ခွင့်ရကြသဖြင့် သူတို့အားလုံး ကြည်နူးဝမ်းသာ ပီတိဖြာခဲ့ကြသည်။ အလှူငွေများ ထည့်ဝင်လှူဒါန်းကြသည်။ တာဝန်ရှိသူများကလည်း ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဖြစ်ပေါ် လာရေးအတွက် ဆောင်ရွက်ခဲ့သည့် မှတ်တမ်းများနှင့် တည်ထားကိုးကွယ်ရခြင်း၏ သမိုင်း ကြောင်းကို Projector ဖြင့် ရှင်းလင်းပြသသည်။

ထို့နောက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV) သို့ သွားရောက်ကြည့်ရှုလေ့လာကြရာ တာဝန်ရှိသူများက သတင်းရိုက်ကူးတည်းဖြတ် ထုတ်လွှင့်ပုံအဆင့်ဆင့်၊ တိုင်းရင်းသား ရုပ်သံလိုင်း (NRC) ထုတ်လွှင့်နေမှုများ၊ စိန်ရတုပြတိုက်သို့ လေ့လာခြင်းနှင့် ရေဒီယိုထုတ်လွှင့်ရေး အစီအစဉ် များကို လိုက်လံရှင်းလင်းပြသပြီးနောက် လေ့လာရေးအဖွဲ့များ၏ ရိုးရာအကများကို မှတ်တမ်းတင် ရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ တပ်မတော်စစ်သမိုင်းပြတိုက်သို့ ရောက်ရှိခဲ့ကြပြီး ပြတိုက်အတွင်း လေ့လာရာ တာဝန်ရှိသူများက မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းနှင့်အတူ ယှဉ်တွဲပေါက်ဖွားလာသည့် တပ်မတော်သမိုင်းကို Video Projector ဖြင့် ပြသပေးခဲ့ပြီး ပြတိုက်အတွင်းရှိ ခင်းကျင်းပြသထားသော ပြည်တွင်းငြိမ်းချမ်းရေးဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ၊ တပ်မတော်စစ်ဆင်ရေးမှတ်တမ်းများ၊ ဗမာ့ကာကွယ်ရေးတပ်မတော်သုံး ပစ္စည်းများနှင့် လက်နက်များ၊ တပ်မတော် (ကြည်း၊ ရေ၊ လေ) ပြခန်းများသို့ ကြည့်ရှုလေ့လာခဲ့ကြပါသည်။ ထို့ပြင် အမျိုးသားပြတိုက်ရှိ ရှေးဟောင်းရုပ်ကြွင်း၊ ပန်းချီ၊ မြို့ဟောင်းပုံစံငယ်များ၊ ပလ္လင်နှင့် နန်းသုံးပစ္စည်းများ၊ လက်မှုအနုပညာများ၊ အာဆီယံပြခန်းနှင့် ကလေးသူငယ်ပညာပေးရေး အစီအစဉ်များကို သွားရောက်လေ့လာကြပြီး ညပိုင်းတွင် ရေပန်း ဥယျာဉ်သို့သွားရောက်၍ အပန်းဖြေလေ့လာ ကြည့်ရှုခဲ့ကြသည်။

အမှတ်ရမိသော အတိတ်ကာလ ဆယ်စုနှစ်များ

စင်စစ်သော်ကား ယခုကဲ့သို့ လေ့လာရေးခရီးစဉ်များကို ကျွန်တော့်ဘဝမှာ အများကြီးကြုံတွေ့ခဲ့ပြီး ဖြစ်သည်။ နယ်စပ်/ စည်ပင်ဝန်ကြီးဌာန ဝန်ထမ်းဘဝ၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းဘဝ၊ တိတိကျကျပြောရလျှင် နတလဝန်ထမ်းဘဝတစ်လျှောက်လုံး ကြုံဆုံခဲ့ရခြင်းဖြစ်၏။ ကျွန်တော် မှတ်တမ်းပြုထားသလောက် ပြန်လည်တင်ပြရလျှင် နတလလုပ်ငန်းကော်မတီ၏ အစီအစဉ်ဖြင့် ၁၉၉၃ ခုနှစ်မှစ၍ ရန်ကုန်မဟာသင်္ကြန်ပွဲတော်သို့ တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များကို ဖိတ်ကြားခေါ်ယူခဲ့ရာ ထားဝယ်နှင့် ဓနုတိုင်းရင်းသား တိုင်းရင်းသူများ ရောက်ရှိလာကြသည်။ ၁၉၉၄ တွင် ကရင်အဖွဲ့၊ ၁၉၉၅ တွင် ကိုးကန့်နှင့် “ဝ”၊ ၁၉၉၆ တွင် မွန်၊ နာဂ၊ ချင်း၊ ရခိုင်၊ ပလောင်၊ ပအိုဝ်း၊ ကယား၊ ၂၀၀၀ ပြည့်နှစ်တွင် ကယား၊ ကရင်၊ ကိုးကန့်၊ “ဝ” စသည်ဖြင့် မြန်မာပြည်တစ်နံတစ်လျားမှ ဖိတ်ကြား ခေါ်ယူခဲ့ရာ ၂၀၀၁ ခုနှစ်တွင် ကိုးဖွဲ့၊ ၂၀၀၂ ခုနှစ်တွင် ၁၅ ဖွဲ့၊ ၂၀၀၃ ခုနှစ်တွင် ၁၉ ဖွဲ့၊ ၂၀၀၄ ခုနှစ်တွင် ဆယ်ဖွဲ့တို့ ရောက်ရှိလာကြသည်။

တိုင်းရင်းသားလေ့လာရေးအဖွဲ့များကိုမူ ၂၀၀၁ ခုနှစ်တွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ကျိုင်းတောင်း၊ ကျိုင်းခမ်းဒေသမှ ရှမ်းတိုင်းရင်းသား တိုင်းရင်းသူ ၁၀၄ ဦးဖြင့် အစပြု၍ ရန်ကုန်မြို့နှင့် ပတ်ဝန်းကျင် လေ့လာရေးခရီးစဉ်များ ရေးဆွဲဆောင်ရွက်ခဲ့ကြရသည်။ ၂၀၀၁ ခုနှစ်တွင် မတူပီဒေသမှ ချင်းတိုင်းရင်းသားအဖွဲ့ ထပ်မံရောက်ရှိလာသည်။ ယင်းနောက် ၂၀၀၂ တွင် ငါးဖွဲ့၊ ၂၀၀၃ တွင် နှစ်ဖွဲ့၊ ၂၀၀၄ တွင် တစ်ဖွဲ့စသည်ဖြင့် ဖိတ်ကြားခေါ်ယူခဲ့ရာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် နေပြည်တော်သို့ ခေါ်ယူခဲ့သော မြစ်ကြီးနား၊ ပူတာအိုဒေသမှ ဂျိမ်းဖောနှင့် ရဝမ်၊ ပလက်ဝ၊ ရှင်းလက်ဝဒေသမှ ချင်း၊ မက်မန်းဒေသမှ လွယ်လ၊ လားဟူ၊ ရှမ်း၊ ဟိုပုံး၊ ပင်လောင်း၊ ဆီဆိုင်ဒေသမှ ပအိုဝ်းတိုင်းရင်းသား အဖွဲ့အထိ စုစုပေါင်း ၂၆ ဖွဲ့နှင့် ကျွန်တော်ရေစက်ဆုံခဲ့ရသည်။

နိုင်ငံတော်၏ ယဉ်ကျေးမှု သံတမန်များ

ထိုစဉ်ကာလက ရောက်ရှိလာကြသော တိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့များနှင့် ပတ်သက်၍လည်း ဆောင်းပါးများစွာ ရေးဖြစ်ခဲ့ပါသည်။ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားလိုက်နာကြပြီး အပြန်အလှန် ဖလှယ်ခွင့်ရခဲ့ကြသလို ဒေသအသီးသီးသို့ ရောက်ရှိပျံ့နှံ့စေခဲ့သဖြင့် “နိုင်ငံတော်၏ ယဉ်ကျေးမှုသံတမန်များ” ဟူ၍ ဂုဏ်ပြုတင်စား ခေါ်ဝေါ်ရေးသားခဲ့ဖူးသည်။ သူတို့ပြန်သွားလျှင် သင်္ကြန်ပုံရိပ်များက ရင်ထဲမှာထင်ကျန်ရစ်ပြီး လွမ်းမောတသနေရသောကြောင့်လည်း အလွမ်းသင်္ကြန် ပန်းသင်္ကြန်ဟူ၍လည်းကောင်း၊ နွေဧည့်သည်တို့ အိမ်အပြန်ဟူ၍လည်းကောင်း၊ ပြည်ထောင်စုသားတို့ သင်္ကြန်ဟူ၍လည်းကောင်း၊ ပြည်ထောင်စုရနံ့သင်းပျံ့နေသော သင်္ကြန်ဟူ၍လည်းကောင်း ခေါင်းစဉ်အမျိုးမျိုးနှင့် ဆောင်းပါးတွေ ထွက်လာခဲ့ဖူးသည်။ လေ့လာရေးခရီးစဉ် ဆောင်းပါးများလည်း ထိုနည်းနှင်နှင်ပင်။

ပြည်ထောင်စုဝန်ကြီး၏ ဩဝါဒခံယူ

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၁ ရက်နေ့ မွန်းလွဲပိုင်းတွင် လေ့လာရေးအဖွဲ့ဝင် ကျောင်းသား ကျောင်းသူ လေးများနှင့် အုပ်ချုပ်သူ ဆရာ ဆရာမများအား သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ရုံးအမှတ် (၁၆) စုပေါင်းခန်းမ၌ တွေ့ဆုံ၍ လက်ဖက်ရည်၊ မုန့်များ ဖြင့် တည်ခင်းဧည့်ခံကာ နှုတ်ဆက်အမှာစကား ပြောကြားခဲ့သည်။ ယင်းသို့မှာကြားရာတွင် တက္ကသိုလ်၊ ကောလိပ်များသို့ ပေါင်းကူးတက်ရောက် ခွင့်ရရှိရေးကြိုးစားကြရန်၊ ဒုတိယနှစ်ပြီးဆုံး၍ လုပ်ငန်းခွင်ဝင်ရောက်မည့် သူများအတွက်လည်း မိမိတို့ဝန်ကြီးဌာနက စီးပွားရေးအဖွဲ့အစည်းများ၊ သမဝါယမအသင်းများ၊ ဘဏ်များနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်နှင့် ဝန်ကြီးဌာနက စားသောက်စရိတ်၊ တူညီဝတ်စုံ၊ စာရေးကိရိယာများနှင့် ခုတင်၊ အိပ်ရာ၊ ခြင်ထောင်က အစ ထောက်ပံ့ပေးထားသဖြင့် စာကိုကြိုးစား သင်ယူပြီး မိမိအတွက်၊ မိသားစုအတွက်၊ နိုင်ငံတော် အတွက် အားကိုးအားထားပြုရမည့် လူချွန်လူကောင်းများဖြစ်လာအောင် ကြိုးစားကြရန် အလေးထား မှာကြားခဲ့သည်။

မှတ်တမ်း ALBUM များ ပေးအပ်

ဇန်နဝါရီ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြမည်၊ ပြီးလျှင် ရတနာဆင်ဖြူတော် ထိန်းသိမ်းစောင့်ရှောက်ရေးဥယျာဉ်သို့ သွားရောက် ၍ ရတနာဆင်ဖြူတော်လေး ရဋ္ဌနန္ဒကနှင့် ဆင်ဖြူတော်များအား ကြည့်ရှုလေ့လာကာ အာဟာရဒါနများပြုကြမည်။ ယင်းနောက် လေ့လာရေးအဖွဲ့ဝင် ကျောင်းသား ကျောင်းသူလေး များသည် မိမိတို့သင်တန်းကျောင်းများ တည်ရှိရာ မကွေး၊ မန္တလေး၊ မော်လမြိုင်၊ တောင်ကြီးနှင့် ပုသိမ် မြို့များရှိရာသို့ မော်တော်ယာဉ်များဖြင့် အသီးသီးအသက ပြန်လည်ထွက်ခွာကြမည်ဖြစ်သည်။ ယင်းသို့ ပြန်လည်ထွက်ခွာခြင်းမပြုမီ နံနက် ၇ နာရီ အချိန်တွင် လေ့လာရေးအဖွဲ့များရှိရာ ရွာတော်တည်းခိုရေးစခန်းသို့သွားရောက်ပြီး လေ့လာရေးခရီးစဉ်တစ်လျှောက် ရိုက်ကူးထားသော မှတ်တမ်း ဓာတ်ပုံ ALBUM များကိုလည်းကောင်း၊ သမဝါယမဦးစီးဌာန ရုံးဝန်ထမ်းများက စီစဉ်ဆောင်ရွက် ပေးထားသော Address Book များကိုလည်းကောင်းပေးအပ်ခဲ့ပါသည်။

ကျေးဇူးအထူးတင်ရှိပါသည်

ဇန်နဝါရီ ၁၁ ရက်နေ့သည် ကရင်နှစ်သစ်ကူးနေ့ (ရုံးပိတ်ရက်) ဖြစ်သည်။ အခြေအနေအရ ထိုနေ့ကို လေ့လာရေးခရီးစဉ်ဆွဲထားမိသောအခါ တကူးတက စောင့်ကြိုရှင်းလင်း ပြသပေးကြပါသော သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနများမှ တာဝန်ရှိသူများအား အလွန်အားနာစွာနှင့် ကျေးဇူးတင်ရပါသည်။ ထိုနည်းတူစွာပင် တည်းခိုနေထိုင်ခွင့်ပြုခဲ့ပါသော အမှတ်(၃) စစ်ကြောရေးနှင့် တည်းခိုရေးစခန်း (ရွာတော်) ကိုလည်း ကျေးဇူးတင်ရှိပါသည်။ ကလေးများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့သော ကျန်းမာရေးဝန်ထမ်းများကိုလည်းကောင်း၊ MRTV နှင့် မြဝတီ ရိုက်ကူးရေးအဖွဲ့များကိုလည်းကောင်း ကျေးဇူးအထူးတင်ရပါသည်။ ရွာတော်တည်းခိုရေး၌ ကလေးများနှင့်အတူ နံနက်စာစားနေစဉ် လွန်ခဲ့သောနှစ်ပေါင်း ၂၀ ကျော်က ရန်ကုန်မြို့ရှိ ဘုရင့်နောင်စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှာ ဆရာကြီး ဘကျော်တို့ အကြပ်စစ်သည် ရဲမေများက ဝိုင်းဝန်းကူညီပေးကြပုံများကို သတိရ၍ပြန်လည်ပြောပြမိသေးသည်။ တိုင်းရင်းသားယဉ်ကျေးမှု အဖွဲ့ပေါင်းများစွာ၊ လေ့လာရေးအဖွဲ့ပေါင်းများစွာနှင့် ထိတွေ့ရဖန်များလာသောအခါ ဘယ်တိုင်းရင်း သားအဖွဲ့က ဘယ်အစားအစာကို မကြိုက်ဘူး၊ ဘယ်ဟာကိုတော့ဖြင့် ကြိုက်တယ်ကအစ သူတို့သိနေကြသည်။ မဟာသင်္ကြန်ပွဲတော်အတွက် လာရောက်သည့် အဖွဲ့များက ရက်ကြာကြာနေရသဖြင့် တစ်ဖွဲ့နှင့်တစ်ဖွဲ့ တစ်ဦးနှင့်တစ်ဦး ပို၍ ရင်းနှီးခင်မင်ခဲ့ကြသည်။ ဆုံစည်းခွင့်ရသည့် အချိန်တိုကာလလေးအတွင်းမှာပင် ပြည်ထောင်စု စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးကို အထောက်အကူဖြစ်စေခဲ့လျှင်… မည်သည့်လေ့လာရေးအဖွဲ့ အတွက်မဆို ကျွန်တော်တို့ စီစဉ်ဆောင်ရွက်ပေးရကျိုးနပ်ပါပြီ။ ။