တိုင်းပြည်ကာကွယ် စစ်မှုထမ်းကြမယ်
သက်နိုင်ဦး (ကျည်ကာ)
သို့တိုင် “နိုင်ငံတော်လူမိုက်” တစ်ယောက်အဖြစ် ကျွန်တော်ရေးပါသည်။ တိုင်းပြည်အကျိုး၊ ပြည်သူ့အကျိုး၊ နောင်ကျွန်တော်တို့အားလုံး၏ အနာဂတ်မျိုးဆက်များ အကျိုးအတွက်မို့ မဖြစ်မနေရေးရ ပါသည်။ ဤသို့ရေးရာတွင် ကျွန်တော်၏ ဖြောင့်မတ်တည်ကြည်သောစိတ်၊ တိုင်းချစ်ပြည်ချစ်စိတ်၊ ပြည်သူ့အကျိုးစီးပွားကို လိုလားသောစိတ်တို့ကို အရင်းတည်ပြီးရေးပါသည်။ မရေး၍လည်းမရပါ။ (ယနေ့ဖြစ်ပေါ်နေသော အကြောင်းအရာအချို့သည် ကျွန်တော် (Live) မှာ မကြာမကြာ တိုက်တွန်း ပြောဆိုခဲ့သောကိစ္စများဖြစ်နေသဖြင့် ကျွန်တော့်ပယောဂ မကင်းဟု ခံစားနေ၍ဖြစ်ပါ၏။ စကားချပ်)
၁၀-၂-၂၀၂၄ ရက်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေအာဏာတည်ကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်သည်။ ပြည်သူများအကြား စိုးရိမ်ပူပန်စိတ် ကြီးကြီးမားမားဖြစ်ပေါ်လာသည်။ အကြမ်းဖက် ပြည်ဖျက်အုပ်စုများကလည်း အခွင့်ကောင်းယူကာ ပြည်သူများ စိုးရိမ်စိတ် မြင့်သထက်မြင့်အောင် လှုံ့ဆော်ရေးသားပြောဆိုနေကြသည်။ ပြည်ဖျက်မီဒီယာများကလည်း မြိုင်မြိုင်ဆိုင်ဆိုင် မှိုင်းရိုက်သွင်းကြသည်ကို တွေ့ရပါ၏။
ပြည်သူလူထု၏ စိုးရိမ်ပူပန်စိတ်
မည်သို့ဆိုစေ ပြည်သူလူထု၏ စိုးရိမ်ပူပန်စိတ်အတွက် ကျွန်တော်တို့အပြစ်တင်၍မရပေ။ ပြည်သူ့ဘက်က စဉ်းစားလျှင် ပြည်သူမှန်သည်။ တိုင်းပြည်၏ နိုင်ငံရေး၊ စစ်ရေးအခြေအနေများအရ ပြည်သူများ၏ စိုးရိမ်ပူပန်စိတ်သည် တရားမျှတပါသည်။ အစိုးရဘက်ကို ပြန်လှည့်ကြည့်ပြန်တော့ သူ့ကိုလည်း မှားသည်ဟု ပြောရန်ခက်ပါ၏။ သူ့မှာလည်း သူ့တာဝန်နှင့်သူဖြစ်၏။ ခက်သည်မှာ “ထုံဆေး မထိုးဘဲ အစိမ်းချုပ်ချုပ်” ခြင်းပင်ဖြစ်ပါသည်။
ဒီကနေ့ တိုင်းပြည်အခြေအနေက ခက်ခဲပါသည်။ ၂၀၂၀ ရွေးကောက်ပွဲမဲမသမာမှုနှင့် ဆက်နွှယ်ဖြစ်ပေါ်လာသည့် နိုင်ငံရေးအကျပ်အတည်းမှ ပေါ်ထွက်လာသော NUG၊ PDF အကြမ်းဖက် လူသတ်ဓားပြအင်အားစုမှာ နည်းတော့မနည်းပေ။ ဤအချိန်တွင် “ပွဲလန့်တုန်း ဖျာခင်း” ဖို့ စောင့်နေသည့် အချို့သော လူမျိုးစုအမည်ခံလက်နက်ကိုင်အဖွဲ့များသည် NUG ၊ PDF အကြမ်းဖက်အင်အားစုများကို အသုံးချလျက် ယခုလို တိုင်းပြည်ပျက်သုဉ်းလုအခြေအနေသို့ ရောက်အောင် လုပ်ဆောင်ကြတော့သည်။
ရရှိနေသော အခြေအနေကြောင့် သူတို့လည်း နောက်ဆုတ်မည့်ပုံမပေါ်ပါ။ ပြည်သူများ ဒုက္ခရောက်ခြင်း၊ မရောက်ခြင်း၊ တိုင်းပြည်ပျက်ခြင်း၊ မပျက်ခြင်းသည် သူတို့စေတနာထား စဉ်းစားရမည့်အလုပ်မဟုတ်ပေ။ “တောမီးလောင် တောကြောင် အစာဝ (လက်ခမောင်းခတ်)” ရေးသည်သာ သူတို့၏ လိုအင်ဆန္ဒဖြစ်သည်။
“ရန်သူ့စစ်မာန်ကို တုံ့ဆိုင်း” သွားအောင်
ဤအခြေအနေဆိုးများမှ ကျော်လွှားနိုင်ရန် ပထမဆုံး မဖြစ်မနေလုပ်ရမည့် အလုပ်က တစ်ခုတည်းရှိသည်။ “ရန်သူ့စစ်မာန်ကို တုံ့ဆိုင်း” သွားအောင်လုပ်ဖို့ဖြစ်သည်။ “စိတ္တာဓိပတိ” ဟု ဗုဒ္ဓက ဟောပြညွှန်ကြားထားသည်။ ထို့ကြောင့် ရန်သူ့စိတ်ကို ဦးနှိမ်ပစ်ရမည်။ ဒီလိုသုံးသပ်ပြီး လွန်ခဲ့သည့် ခြောက်လလောက်အတွင်း Live တွေ မှာ ကျွန်တော်ထပ်တလဲလဲ တိုက်တွန်းခဲ့သည်။
-စစ်မှုမထမ်းမနေရဥပဒေ အသက်သွင်းဖို့၊ ပြဋ္ဌာန်း (ဖို့) ရန်၊
-ပြည်သူ့စစ်မဟာဗျူဟာ ကျင့်သုံးမည်ဟု ရန်သူကို သိစေ(ဖို့) ရန်၊
-တပ်မတော်၏ အရန်အင်အားများ အလျင် အမြန်စုဖွဲ့(ဖို့) ရန်။
ယခုတော့ ကျွန်တော်တို့ မျှော်လင့်တာတွေ ဖြစ်ခဲ့ပြီ။
-ပြည်သူတွေပါဝင်သည့် ပြည်သူ့လုံခြုံရေး စနစ်၊
-ပြည်သူ့စစ်မှုထမ်းဥပဒေ၊
-အရန်တပ်ဖွဲ့ဥပဒေ။
ကျွန်တော် သတိထားမိသည်။ ပြည်သူတွေ ပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ဟု အသံကြားသည်နှင့်တစ်ပြိုင်နက် တော်လှန်ရေးအမည်ခံ အကြမ်းဖက်အုပ်စုသည် ပြည်သူများ ပြည်သူ့စစ်ထဲ ပူးပေါင်းပါဝင်ခြင်းမရှိအောင် နည်းလမ်းပေါင်းစုံသုံးပြီး လှုံ့ဆော်ကြ၊ ရေးသားကြ၊ သုံးသပ်ဆွေးနွေးခန်းများဖြင့် မှိုင်းတိုက်ကြသည်။ ယခု စစ်မှုထမ်းဥပဒေထွက်လာတော့ သူတို့ပို၍ ထိတ်လန့်တကြား ဖြစ်နေကြပြီဖြစ်၏။ စစ်မှုထမ်းဥပဒေ အသက်သွင်းလိုက်မှုအပေါ် အကြမ်းဖက်အဖျက်သမား အင်အားစုများမှ ချက်ချင်းအသံစုံထွက် တုံ့ပြန်မှုများသည် သူတို့၏ စိုးရိမ်ပူပန်မှု မည်မျှကြီးမားကြောင်း ထင်ရှားပါ၏။ ကျွန်တော်မျှော်လင့်ထားသည်မှာ လည်း ဤအခြေအနေပင်ဖြစ်သည်။ ရန်သူ့စိတ်ဝိညာဉ်ကို ဖိအားပေးခြင်းဖြစ်၏။ ယခုအချိန်တွင် NUG၊ PDF အကြမ်းဖက်အပေါင်းပါများ အားလုံးနှင့် လူမျိုးစုအမည်ခံ လက်နက်ကိုင် သောင်းကျန်းသူအဖွဲ့အချို့သည် မကြာမီတိုးပွားလာတော့မည့် တိုင်းပြည် ကာကွယ်ရေးအင်အားကို ရင်ဆိုင်ရန် မဖြစ်မနေစဉ်းစားကြရပြီဖြစ်သည်။ ဤကား “ရန်သူ့စစ်မာန်ကို တုံ့ဆိုင်း” သွားစေ နိုင်သော နည်းဖြစ်သည်။
အခြေအနေနှစ်ရပ် ချက်ချင်းပေါ်ပေါက်လာ
ပြည်သူ့စစ်မှုထမ်းဥပဒေသည် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရလက်ထက် ၂၀၁၀ ပြည့်နှစ်ကတည်းက ပြဋ္ဌာန်းထားသော ဥပဒေဖြစ်သည်။ တိုင်းပြည် အခြေအနေအရ မလိုအပ်သေးသဖြင့် အသက်မသွင်းဘဲ ထားခဲ့ခြင်းဖြစ်သည်ဟု ဆိုရမည်။ ယနေ့မူ စတင်အာဏာတည်ကြောင်း ကြေညာလိုက်သည့်အခါ အခြေအနေနှစ်ရပ် ချက်ချင်းပေါ်ပေါက်လာခဲ့သည် -
(၁) ပြည်သူများအကြား စိုးရိမ်စိတ်များ ဝင်လာခြင်း၊
(၂) NUG၊ PDF အကြမ်းဖက်အုပ်စုများနှင့် လူမျိုးစုအမည်ခံ အချို့သောသောင်းကျန်းသူအဖွဲ့များ အတွင်း စိုးရိမ်စိတ်(စိတ်ဖိစီးမှု) မြင့်တက်လာခြင်းတို့ ဖြစ်ပါ၏။
ဖော်ပြပါ အခြေအနေနှစ်ရပ်တွင် အကြမ်းဖက်သမား အုပ်စုများအတွင်း စိုးရိမ်စိတ် (စိတ်ဖိစီးမှု) မြင့်တက်လာခြင်းသည် မိမိတို့ပစ်သောမြားချက် ရန်သူကို တည့်တည့်မှန်ခြင်းသဘောဖြစ်၏။ ဆက်ပစ်ရပါမည်။ ဖိပစ်ရပါမည်။ သို့မှသာ တိုင်းပြည်ပြိုကွဲမည့် အန္တရာယ်မှ ကျော်လွှားနိုင်မည်။ တိုင်းပြည်ငြိမ်းချမ်းအောင် ဆောင်ရွက်နိုင်မည်။ တိုင်းပြည်တည်ငြိမ်အေးချမ်းလာမှ ပြည်သူများ၏ လူမှုစီးပွားဘဝများ တိုးတက်ဖွံ့ဖြိုးလာအောင် စိတ်ချလက်ချ ဆောင်ရွက်နိုင်ကြပါမည်။
ဝမ်းသာဖွယ်ရာကောင်းလှပါ၏။ ပြည်သူ့စစ်မှုထမ်းဥပဒေ အသံကြားလိုက်သည်နှင့် NUG၊ PDF အကြမ်းဖက် အဖျက်သမားအုပ်စုကြား ဂနာမငြိမ်၊ ဣန္ဒြေမရဖြစ်နေကြခြင်းသည် “ပယောဂ မှန်လို့ တုန်ဆင်း” လာခြင်းမျိုးဖြစ်သည်။ အနာနှင့် ဆေးတွေ့ပြီး ပြည်သူများ တိုင်းပြည်မပြိုကွဲစေလို သူများ အားရပါးရပျော်သင့်သည်။ “ကိုဗစ်ပိုး ကုသဆေး” ပေါ်၍ ပျော်ခဲ့သလိုကို ပျော်သင့်ကြပါ၏။
“စိုးရိမ်လွန်းလို့ စားမဝင်အိပ်မပျော်ဖြစ်နေ ပါတယ်ဆိုမှ ဒီကောင် ငါတို့ကို လာပျော်ခိုင်းနေတယ်” ဟု ပြည်သူများက ကျွန်တော့်ကို အပြစ်တင်ကြပါဦးမည်။ အမှန်ဝန်ခံရပါလျှင် ကျွန်တော်ကိုယ်တိုင်လည်း ပြည်သူတစ်ယောက်ဖြစ်ပါသည်။ စစ်မှုထမ်းဥပဒေနှင့် အကျုံးဝင်နေသော သား၊ သမီး သုံးယောက် ကျွန်တော့်တွင်ရှိသည်။ ကျွန်တော့်အပူမီးကလည်း ပြည်သူများထက် မလျော့ကြောင်း သိစေလိုပါ၏။ သားသမီးများအပေါ်ထားသော မိဘများ၏ စေတနာ၊ မေတ္တာ၊ ကရုဏာစိတ်သည် အားလုံးအတူတူပင်ဖြစ်ပါသည်။ သို့တိုင် ရင်နာနာနှင့် သတိပြုကြရမည်မှာ တိုင်းပြည်မပြိုကွဲ၊ မပျက်စီးအောင် ကာကွယ်စောင့်ရှောက်ဖို့ ကျွန်တော်တို့ နိုင်ငံသားအားလုံးတွင် တာဝန်ရှိသည်။ ဤသို့ မိဘပြည်သူများအားလုံး ညီညီညွတ်ညွတ် ပူးပေါင်းကာကွယ်ကြခြင်းကလည်း ကျွန်တော်တို့အားလုံး၏ အနာဂတ်မျိုးဆက်များအတွက်ပင် ဖြစ်ပေသည်။
ပြည်သူအချို့၏ ပယောဂလည်းမကင်း
ယနေ့အကြောင်းကိစ္စများတွင် ကျွန်တော်တို့ပြည်သူများ (အချို့) ၏ ပယောဂလည်း မကင်းဟု ဆိုရမည်။ ကျွန်တော်တို့သည် “ကိုယ့်ရှူးကိုယ်ပတ်” ကြခြင်းဖြစ်၏။ တိုင်းပြည်ငြိမ်းချမ်းနေချိန် ငြိမ်းချမ်းရေး၏တန်ဖိုးကို အလေးမထားခဲ့ကြ၊ မသိခဲ့ကြပေ။ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက် ပေးနေသော တပ်မတော်နှင့် လုံခြုံရေးအင်အားစုများ၏ တန်ဖိုးကို အလေးမထားကြ၊ မသိခဲ့ကြပေ။ တပ်မတော်သားများ၊ ပြည်သူ့ရဲများကို မြင်လျှင် “စစ်ခွေး စစ်ခွေး” ခေါ်ကာ ခွဲခြားဆက်ဆံ နှိမ့်ချ စော်ကားခဲ့ကြသည်။
ပြည်ဖျက်သူပုန်များကိုမှ “သူတော်စင်” ထင်ခေါ်ချင်ခဲ့ကြသည်။ နိုင်ငံရေးသမားအများစုကပင် တပ်မတော်ကို ရန်သူကဲ့သို့မြင်၍ သူပုန်များကို ငယ်ပေါင်းကြီးဖော် မှတ်ယူခဲ့ကြသည်။ အကြမ်းဖက်မှုများကို အားပေးအားမြှောက်ပြုခဲ့ကြသည်။ NUG၊ PDF အကြမ်းဖက် လူသတ်၊ ဓားပြ တိုက်၊ ပြည်ဖျက်ကောင်များကို နည်းလမ်းမျိုးစုံဖြင့် ထောက်ပံ့နေကြသည်။ အဆိပ်ပင်ရေလောင်း လုပ်ခဲ့ကြသည်။ ယခုတော့ မိမိတို့ရေလောင်းပေါင်းသင်ခဲ့သော အဆိပ်ပင်များမှ အဆိပ်သီး သီးကြလေပြီ။ ချိုသလား၊ ခါးသလား သိသင့်ကြပြီ။ NUG၊ PDF အကြမ်းဖက်သမားများ၊ လူမျိုးစုအမည်ခံ သောင်းကျန်းသူအဖျက်သမားများ၏ လုပ်ရပ်က တိုင်းပြည်နှင့် ပြည်သူကို “ကြီးပွားတိုးတက် စေသလား၊ ဆိုးရွားအပြီးပျက်စေသလား” ယခုအချိန်တွင် အဖြေရကြပြီးဖြစ်မည် ထင်ပါသည်။ ဘယ်သို့ဆိုသောအခါ “ကိုယ်စိုက်ခဲ့သည့် အဆိပ်ပင်ကို ကိုယ်တိုင်ပြန်နုတ်သင်” ကြရန်မှာ ပြည်သူတို့၏ တာဝန်တစ်ခုဖြစ်လာကြောင်း ဆိုရပါတော့မည်။
အခြားတစ်ဖက်တွင်လည်း “အစိုးရကရော” ဟု ပြန်လည်မေးခွန်းထုတ်လာနိုင်ပါ၏။ ဟုတ်ပါ သည်။ အစိုးရဘက် လှည့်ကြည့်ပြန်တော့ သူလည်း “ပြောမဆုံးပေါင်၊ တော သုံးထောင်” ပြဿနာတွေကို မနိုင်ဝန်ထမ်း ဖြေရှင်းနေရာတွင် အားနည်းချက်အချို့ ရှိကောင်းရှိနေနိုင်ပါသည်။ အဖျက်ကျော်၊ အဖျက်တော်တွေကြား ဤမျှတောင့်ခံထားနိုင်သည်ကပင် ကျွန်တော်တို့ကို အံ့အားသင့်စေသည် လည်း ရှိပြန်၏။ ဤနေရာတွင် မျှမျှတတ ပြောရပါလိမ့်မည်။ လက်ရှိအစိုးရ၏ အားနည်းမှုဟု မိမိတို့မြင်နေသည့် အချက်တစ်ချက်မှာ-
“ရန်သူကို မေတ္တသုတ်ရွတ်ပြပြီး ပြည်သူကို ထုံဆေးမထိုး အစိမ်းချုပ်ချုပ်ခြင်း” ဖြစ်ပါသည်။
ဤနေရာတွင် အကြံပြုလိုသည်မှာ စီမံခန့်ခွဲ သူများအနေဖြင့် ရန်သူကို နေလိုမီးလိုကျင့်၍ ပြည်သူကို ရေလိုလလို ကျင့်ပေးရန်ဖြစ်ပါ၏။
အားလုံးတွင် တာဝန်ရှိသည်
အခြေအနေအကြောင်းကြောင်းကြောင့် ယနေ့မျက်မှောက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေသည် အာဏာတည်ခဲ့ပြီဖြစ်ပါသည်။ ထိုသို့ အာဏာမတည်၍လည်း မရပေ။ သူပုန်သူကန်များ၊ အကြမ်းဖက်သမားများက ဖျက်အားပြင်းလှသည်။ ပြည်သူကို လုံးဝမငဲ့။ ဤအတိုင်းဆက်သွားလျှင် တိုင်းပြည်ပြိုကွဲသွားနိုင်သည်။ အကျိုးဆက်က ပြိုကွဲရုံနှင့် ရပ်သွားမည်မဟုတ်။ “တောင်လဲရာ မြက်ပြတ်”ဆိုသကဲ့သို့ အကုန်ပျက်စီးကြရပေလိမ့်မည်။ သူပုန်အချင်းချင်း နယ်မြေထပ်လုကြဦးမည်။ သူ့လူမျိုးကိုယ်သတ်၊ ကိုယ့်လူမျိုးသူသတ် ဆက်ဖြစ်ကြဦးမည်။ မပြီးဆုံးနိုင်သော သွေးချောင်းစီးပွဲများအကြားတွင် ပြည်သူအားလုံးတို့၏ဒုက္ခသည် ဘယ်ခါမှ ပြီးဆုံးတော့မည်မဟုတ်ပေ။ ဤကြီးမားသော ဘေးဒုက္ခဆိုးကြီးကို မိဘပြည်သူများအားလုံး မကြုံတွေ့ရအောင်၊ ရှောင်လွှဲနိုင်အောင် ကျွန်တော်တို့အားလုံးတွင် တာဝန်ရှိသည်။ တပ်မတော်တစ်ခုတည်းတွင် တာဝန်ရှိနေသည်မဟုတ်ပေ။ သို့ဖြစ်ရာ ယနေ့အချိန်အခါသည် တိုင်းပြည်အတွက် “ပြည်သူ့ စစ်မှုထမ်းဥပဒေ” သည် မဖြစ်မနေ လိုအပ်လာ ပါသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ၏ အကျိုးသက်ရောက်မှုမှာ-
- အမိန့်ကြေညာချက် ထွက်လာသည်နှင့် တစ်ပြိုင်နက် အကြမ်းဖက်သမားများ၊ သူပုန်သူကန် ပြည်ဖျက်များမှာ စိတ်ဖိစီးမှုဝင်ကြ၊ စိုးရိမ်သောကများစွာ ပွားနေကြပြီ ဖြစ်ခြင်း၊
- တိုင်းပြည်ကာကွယ်ရေး၊ လုံခြုံရေး စွမ်းအား တောင့်တင်းခိုင်မာလာမည်ဖြစ်သည့်အတွက် တိုင်းဖျက်ပြည်ဖျက် အကြမ်းဖက်သမားများ၏ တိုင်းပြည်ပြိုကွဲရေး အားထုတ်ဆောင်ရွက်နေမှုများကို အပြည့်အဝထိန်းချုပ်ဟန့်တား အမြစ် ဖြတ်နိုင်မည်ဖြစ်ခြင်း၊
- ပြည်တွင်းသောင်းကျန်းမှုစစ်မီး ပြီးဆုံးရေးကို ရာနှုန်းပြည့်နီးပါး အထောက်အပံ့ ဖြစ်စေနိုင် မည်ဖြစ်သဖြင့် တိုင်းပြည် ထာဝရငြိမ်းချမ်းရေး ရရှိလာမည်ဖြစ်ကာ ဖွံ့ဖြိုးတိုးတက်ရေးကို အားသွန်ခွန်စိုက် ဆောင်ရွက်လာနိုင်မည်ဖြစ်ခြင်း၊
- ဖော်ပြပါတို့၏ အကျိုးဆက်အနေဖြင့် ပြည်သူများအေးချမ်းသာယာစွာ နေထိုင်နိုင်ခြင်း၊ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်လာမှုနှင့် လူနေမှုအဆင့်အတန်း မြင့်မားသောဘဝများကို ရရှိလာကြမည် ဖြစ်ခြင်း၊
- တိုင်းပြည်တည်ငြိမ်အေးချမ်းမှု ရလာသည်နှင့် ရွေးကောက်ပွဲများ ပြန်လည်ကျင်းပ ကာ ပြည်သူ များ မျှော်လင့်တောင့်တနေသည့် ရွေးကောက်ခံအစိုးရနှင့် လွှတ်တော်များ ပြန်လည်ဖွဲ့ စည်းနိုင်မည်ဖြစ်ခြင်း၊
- ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လိုအပ်သလို ပြင်ဆင်ကာ ပြည်သူများလိုလား တောင်းဆိုနေကြသော ဒီမိုကရေစီဖက်ဒရယ်ခရီးကို ခိုင်ခိုင်မာမာ လျှောက်လှမ်းလာနိုင်မည် ဖြစ်ခြင်းစသည့် များစွာသော အကျိုး ကျေးဇူးများကို ရရှိကြပေလိမ့်မည်။
ဤအကျိုးကျေးဇူးများသည် ပြည်သူတို့၏ တန်ဖိုးမဖြတ်နိုင်သော အိပ်မက်များလည်းဖြစ်ပေသည်။
အခြားတစ်ဖက်တွင်လည်း ပြည်သူ့စစ်မှုထမ်းစနစ်သည် မြန်မာနိုင်ငံတစ်နိုင်ငံတည်းက ချွန်၍ ကျင့်သုံးလာခြင်းမဟုတ်ပေ။ ကမ္ဘာ့နိုင်ငံပေါင်းများစွာတွင် “စစ်မှုမထမ်းမနေရ” စနစ်ကို ပုံစံခွဲ အမျိုးမျိုးဖြင့် ကျင့်သုံးလျက်ရှိပါသည်။
စစ်မှုထမ်းရမည့် အချိန်ကာလ အတို၊ အရှည် သတ်မှတ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ် သက်မှတ်ချက်၊ စစ်မှုထမ်းရန် တာဝန်ရှိမှုတွင် ကျား၊ မခွဲခြားသတ်မှတ်ချက်၊ စစ်မှုထမ်းရာတွင်လည်း အသိပညာ၊ အတတ်ပညာအလိုက် ထမ်းဆောင်ရမည့် တာဝန်ကွဲပြားမှုစသည်တို့ဖြင့် မိမိတို့ တိုင်းပြည်လိုအပ်ချက်အလိုက် ကွဲပြားကြပါသည်။ ဒိန်းမတ်၊ ဆွီဒင်၊ ဖင်လန်၊ အီဂျစ်၊ မွန်ဂိုလီးယား၊ စင်ကာပူ၊ ရုရှား၊ အစ္စရေး ကဲ့သို့သောနိုင်ငံတို့တွင်မူ စစ်မှုထမ်းကာလ ပြီးဆုံးသွားသည့်တိုင် အသက် အရွယ်သတ်မှတ်ချက်တစ်ခုအထိ အရန်အင်အားအဖြစ် ဆက်လက်ရှိနေပြီး တိုင်းပြည်က လိုအပ်၍ ဆင့်ခေါ်သည့်အခါ ထပ်မံတာဝန်ထမ်းဆောင်ပေးရသည့် အခြေအနေမျိုးဖြစ်ပါသည်။
အချုပ်အားဖြင့် သိစေလိုသည်မှာ-
- နိုင်ငံသားတိုင်းသည် ကိုယ့်နိုင်ငံ မပြိုကွဲ မပျက်စီးအောင် ကာကွယ်စောင့်ရှောက်ရန် တာဝန် ရှိပါသည်။
- မလိုအပ်သောအချိန်တွင် တာဝန်ကင်းစွာဖြင့် နေခဲ့ကြပြီးဖြစ်သည်။ လိုအပ် ချိန်တွင် ကျရာ တာဝန်ထမ်းဆောင်ခြင်းဖြင့် မိမိတို့၏တာဝန်သိမှု လူသားဂုဏ်နှင့် စိတ်ဓာတ်ကြီးမြင့်မှုကို ပြကြရမည်သာ ဖြစ်ပါသည်။
- စစ်မှုထမ်းခြင်းသည် စစ်တိုက်ရန် လိုရင်းရည်ရွယ်ချက်မဟုတ်။ တိုင်းပြည်ကို ကာကွယ်စောင့်ရှောက်ရန်သာ စစ်မှုထမ်းခြင်း၏ လိုရင်းရည်ရွယ်ချက်ဖြစ်ပါ သည်။
- ကြီးမားခိုင်ခံ့သော စစ်အင်အားသည် ရန်သူကို ဝန်းရံထိန်းချုပ်ထားရုံဖြင့် စစ်တိုက်စရာမလိုဘဲ ကြောက်ရွံ့၊ ထိတ်လန့်၊ ဒူးထောက် အညံ့ခံလာစေခြင်း အကျိုးကိုရရှိစေမည်။ (ရာဇဝင်သမိုင်း မှတ်တမ်းများစွာ ရှိခဲ့ပြီး။ စကားချပ်)
- စစ်မတိုက်ဘဲ စစ်နိုင်ရန် လိုအပ်သည့် ကြီးမားခိုင်ခံ့သော နိုင်ငံတော်၏ စစ်အင်အားကို ယနေ့မှစ၍ ကျွန်တော်တို့ ပြည်သူများအားလုံး၏ စုပေါင်းညီညွတ် မှုဖြင့် တည်ဆောက်ကြပါစို့ဟု- တိုက်တွန်း လိုက်ရပါသည်။
“ကမ္ဘာတည်သရွေ့ မြန်မာပြည်တည်စေရမည်”