Skip to main content

ဝဋ်လည်တတ်ပုံများ

စောဖိုးခွား

ယခုမှဖြစ်ပွားသော အထူးအဆန်း ဖြစ်ရပ်တစ်ခုဟုတော့ မပြောနိုင်ပေ။ ယခင်ကလည်း အကြိမ်ကြိမ်အခါခါ၊ မြို့ရွာဒေသများစွာ အလားတူအဖြစ် အပျက်မျိုးက မကြာခဏဆိုသလို မြင်ရ၊ ကြားရ၊ သတင်းဖတ်ကြရသဖြင့် ရိုးနေခဲ့ပြီ။

ပေါက်ကွဲသံကြီးတစ်ခု ကျယ်လောင်စွာကြားကြရ

ဖေဖော်ဝါရီလ ၂၉ ရက်နေ့ ညက အင်းစိန်မြို့နယ် အောင်ဆန်းရပ်ကွက် အစိုးရ အခြေခံပညာအထက်တန်း ကျောင်းရှေ့၌ရှိသော လမ်းမပေါ်တွင် ပေါက်ကွဲသံကြီးတစ်ခု ကျယ်လောင်စွာ ကြားကြရသည်။ သန်းခေါင်ကျော်ညဉ့်နက် အချိန်မတော်ဖြစ်ပျက်သဖြင့် အသံကို သာ ပတ်ဝန်းကျင်က မြေကြီးတုန်ဟည်း သွားလောက်အောင် ပြင်းထန်သော မိုင်းဖောက်ခွဲသံ သို့မဟုတ် ဗုံးပေါက်သံဟု ခန့်မှန်းကြရသော်လည်း ဘာမှန်းတော့မသိ။ မည်သူမည်ဝါ ထိခိုက်မှန်းလည်းမသိ။ ဘယ်မှာလဲ တိတိကျကျလည်း ညတုန်းကမသိ။ နံနက်ရောက်မှ မတ်လ ၁ ရက်နေ့ နံနက်ပိုင်းမှာမှ တစ်ယောက်စကား တစ်ယောက်နား ကြားသိကြရသည်။

ကားတစ်စီးနှင့်လူနှစ်ဦး။ ယောက်ျား တစ်ဦးနှင့်မိန်းမတစ်ဦး။ ညဉ့်နက်သန်းခေါင်ကြီးမှာ ကားပေါ်တွင်ပေါက်ကွဲစေမည့် ဗုံးများ၊ မိုင်းများ၊ ယမ်းပစ္စည်း များတင်ဆောင်ပြီး မြောက်မှတောင်သို့ အောင်ဆန်းရပ်ကွက် အခြေခံပညာ အထက်တန်းကျောင်းရှေ့ကားရောက်ချိန်၌ အချိန်ကိုက်ဗုံးက အချိန်မကိုက်ဘဲခုန်ပေါက်၍ အကြီးအကျယ် ပေါက်ကွဲပါ လေတော့သည်။ ကားလည်းမီးလောင်၊ ကားပေါ်ပါသည့် လူနှစ်ဦးလည်း မြင်လို့မကောင်းအောင် ရုပ်ပျက်ဆင်းပျက် ဒဏ်ရာဒဏ်ချက် မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးနေကြောင်း တွေ့ကြရသည် ဆို၏။ ဗုံးကအရေအတွက် မည်မျှလဲ၊ ပြင်းအား မည်မျှရှိသလဲတော့မသိ။ ကားတစ်စီးလုံးလည်း စုတ်ပြတ်သတ် လွင့်စဉ်သွား၏။ အကြမ်းဖက်သမားဟု ယူဆရသူ နှစ်ဦးစလုံးလည်း အရှင် လတ်လတ်မီးမြိုက်ပြီးသား သေဆုံးသွား ကြ၏။ မိုင်းကွဲကတည်းက လက်များ၊ ခြေများ တစ်စစီပြုတ်ပြတ်ထွက်ကုန် သဖြင့် ကားပေါ်မှ ဆင်းပြေးနိုင်ခြင်း လည်းရှိပုံမပေါ်ပေ။ မီးပုံထဲမှာပဲ လူအကင်ကျပ်တိုက်ဘဝ ကျရောက်ရ လေ၏။ ပုတတ်ကင်များစားခဲ့ကြပုံရ၏။

သူတို့ဆန္ဒပြည့်ဝတော့မည်ဟု ပျော်ခဲ့ကြလိမ့်မည်

အကြမ်းဖက်နှစ်ဦး သေဆုံးရပုံမှာ တရားသံဝေဂရစရာကောင်းလှ၏။ သူတို့ကိုဘယ်သူကမှ ဓားနှင့်ထိုးခြင်း၊ ခုတ်ခြင်းလည်းမဟုတ်ရ။ သေနတ်ဖြင့် ပစ်သတ်ခံရခြင်းလည်းမဟုတ်။ ဘာ လက်နက်ဖြင့် မမျှော်လင့်ဘဲ ညဉ့်နက် သန်းခေါင်မှာ မီးဖုတ်ခံပြီး သေပွဲဝင်ရ ခြင်းကား မြန်မာနိုင်ငံ ရန်ကုန်မြို့ပေါ် အပါအဝင် အခြားမြို့ရွာများရှိ သာမန်အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ရန်၊ စာသင်ကျောင်းများတွင် မိုင်းထောင် ဗုံးခွဲရန်၊ လျှပ်စစ်တာဝါတိုင်များကို မိုင်းခွဲ ဖြိုချဖျက်ဆီးရန် သို့မဟုတ် လူများသွားလာနေသောရထားလမ်း၊ ကားလမ်းများ၊ တံတားများကို မိုင်းဖောက်ခွဲချိုးဖျက် ရန် ဤဗုံးများ၊ မိုင်းများ၊ ယမ်းများ သယ်ဆောင်ခဲ့ခြင်းဖြစ်၏။ ဤပေါက်ကွဲ ပစ္စည်းများရလာစဉ်က သူတို့ဆန္ဒပြည့်ဝ တော့မည်ဟု ပျော်ခဲ့ကြလိမ့်မည်။ ပေါက်ကွဲ စေသော မိုင်းများကို လူသူမသိအောင် ညဉ့်နက်သန်းခေါင်တွင် သယ်ဆောင် လာစဉ်မှာလည်း သူတို့ကျေနပ်နေခဲ့ကြမည်။ မထင်မှတ်ဘဲ ရုတ်တရက်ကြီး ကားမောင်းနေဆဲ ပေါက်ကွဲခြင်းကိုတော့ အံ့ဩထိတ်လန့်စွာနှင့် သူတို့သတိပြုမိ ကောင်းပြုမိလိမ့်မည်။ ခန္ဓာကိုယ်နေရာ အနှံ့အပြား အချက်ပေါင်းများစွာ မိုင်းစ၊ သံစ၊ ခဲစ၊ ဒဏ်ရာအမျိုးမျိုး ခန္ဓာကိုယ်အနှံ့ ခံစားလိုက်ရသောအချိန်၌မူ သူသည် နားလည်းမကြားနိုင်၊ မျက်စိလည်း မမြင်နိုင်။ ခေါင်းတခြား ကိုယ်တခြား အိုးစားကွဲခဲ့ပြီ။

အကာလမရဏဟု ခေါ်ရမည်လော မသိ။

ထင်မှတ် မျှော်လင့်မထားသော သေခြင်း။ လူနှစ်ယောက်ကားစီးလာသည်။

နှစ်ယောက်စလုံးအတူ ဇီဝိန်ချုပ်သွားကြပြီ။ လူများသေကျေအောင် သူတို့မည်မျှသတ်ဖြတ်ခဲ့ပြီးကြပြီလဲမသိ။ “အကုသိုလ်ကံ၏ဝိပါက် ကတော့ အလွတ်မပေးဘဲ သူတို့နောက်မှာ လှည်းကိုဆွဲနေသော နွားခြေရာ၏နောက်သို့ ထက်ကြပ်မကွာလှည်းဘီးက နောက်မှကပ်ပါလျက် အဆက်မပြတ်မရပ်မနား လိုက်ပါနေခဲ့သည်ပါတကား။ ကံကံ၏အကျိုးတရား။

အကုသိုလ်များလေစွ

သူတစ်ပါးကို သတ်ဖြတ်သေဆုံးစေခဲ့ခြင်း၊ နောက်လည်း လူများကိုသေစေရန်၊ ရေမရ၊ မီးမရ၊ ထမင်းချက်၍မရ၊ အဝတ်လျှော်၍မရ၊ လျှပ်စစ်ဓာတ်အား မဖြန့်ဖြူးနိုင်အောင် လျှပ်စစ်တာဝါတိုင် များကို သူတို့မိုင်းခွဲ ဖြိုချဖျက်ဆီးခဲ့ကြသည်။ အကုသိုလ်များလေစွ။

စာမေးပွဲနီးသော ကျောင်းသားလေးများ ညပိုင်းလျှပ်စစ်မီးမလာသဖြင့် စာကျက်ဖို့ရာ အခက်အခဲတွေ့ကြရသည်။ သူတို့ကတော့ “အောင်ပြီအောင်ပြီ ဟု အော်ဟစ်နေကြမည်။ စာမေးပွဲကျမှာ စိုးရိမ်နေရရှာသော မီးအမှောင်ထဲရှိ ကျောင်းသားကျောင်းသူ လေးများကမူ စိုးရိမ်သောကဖြင့် ပူလောင်နေကြရရှာသည်။ သူတို့မစဉ်းစား။

လူအများကို ဘာမှအပြစ်ပြုကြသူများလည်း မဟုတ်သော သာမန်ပြည်သူ အရွယ်အမျိုးမျိုး၊ ဒေသအမျိုးမျိုး၊ ဆင်းရဲချမ်းသာမခွဲဘဲ အကြမ်းဖက်သမားက ခြိမ်းခြောက်နှိပ်စက် အကျပ်ကိုင် ဒုက္ခပေးသည်။ သူများငိုမှ သူရယ်ချင်သော လူယုတ်မာများပါတကား။ သူတို့ ကလက်နက်ကိုင်ထားသဖြင့် ကြောက်ရသည်။ စိတ်မထင်သတ်ချင်သလိုသတ်၊ ဖြတ်ချင်သလိုဖြတ်နေသဖြင့် ခွေးရူးတစ်ကောင်လို တွေ့ရာလူကိုကိုက်နေ၏။ ထို့ကြောင့် လွတ်အောင်ဝေးဝေး ရှောင်ဖို့သာ စဉ်းစားနေကြရ၏။

ပါဏာတိပါတကံသည် ရက်စက်ပေသည်။ ရိုင်းစိုင်းကြမ်းတမ်းပါသည်။ ထို့ကြောင့် လူမျိုး၊ နိုင်ငံ၊ တိုင်းပြည်ချင်း ကွဲပြားသော်လည်း လူသတ်မှုကို ပြင်းထန်ထိရောက်စွာ ဥပဒေဖြင့် တားမြစ်ထားကြသည်။ လူသတ်မှု၊ လူသေမှု၊ ပြင်းထန်စွာနာကျင်စေမှု စသည်တို့ကို ဘာသာတရားများကလည်း တားဆီးသည်။ တားမြစ်သည်။ ယဉ်ကျေးမှုရှိသော လူ့အဖွဲ့အစည်းတိုင်းကလည်း ရှုတ်ချသည်။ အားမပေး။ လူ့ကျင့်ဝတ်၊ လူ့စည်းကမ်းတွင်လည်း အပြစ်ဖြစ်ကြောင်း လူစိတ်ရှိသူမှန်လျှင် သိကြပါ၏။

သို့သော် အမှောင်ပိတ်ဖုံးကာ နွေဦးတော်လှန်ရေးအမည်ပေး၍လည်းကောင်း၊ ဒီမိုကရေစီအရေးတော်ပုံ မျက်နှာဖုံးစွပ်၍လည်းကောင်း၊ အာဏာရှင်စနစ်တိုက်ဖျက်ရေးဟု အသံကောင်း ဟစ်၍လည်းကောင်း၊ အမှန်က လူသတ်ဝါဒ။

 “လက်နက်ကိုင်အကြမ်းဖက်လုပ်ဆောင်မှုများကို နိုင်ငံတကာက ဆန့်ကျင်ရှုတ်ချတားမြစ်ကြသည့်ကြားမှ လျစ်လျူရှုကျောခိုင်းခြင်းပြုကာ နိဂုံးလမ်းဆုံး ဘယ်လိုမှ မကောင်းနိုင်သော အကုသိုလ်ဒုစရိုက်မူဝါဒ အဓမ္မလမ်းကြောင်းကို မိုက်မဲစွာသွားနေကြ၏။ ဘာကိုပဲအကြောင်းပြပြ ဖုံးကွယ်လှည့်စားမှုများသည် တစ်နှစ်ပြီးတစ်နှစ် မျက်နှာဖုံးအရေခွံတို့သည် ကွာကျသွားခဲ့ကြလေပြီ။ အမှားသည်အမှန်မဖြစ်လာနိုင်ပါ။ မတရားမှုသည် တရားမှုမဖြစ်လာနိုင်ပေ။ မသမာမှု၊ လိမ်ညာမှု၊ မဖြောင့်မှန်မှုသည် တရားဓမ္မဘက်သို့ မပူးပေါင်း၊ မရောက်ရှိနိုင်ချေ။

အမှားများ၊ အလွဲများ၊ မတရားမှု အဓမ္မများ၊ ရိုင်းစိုင်းရက်စက်မှုများ၊ ဥပဒေဆန့်ကျင်မှုများ၊ မသမာမှု၊ မဖြောင့်မတ်မှု၊ လုယက်မှု၊ ဓားပြတိုက်မှု၊ လူသတ်မှုအားလုံးကို ပစ်ပယ်စွန့်ခွာ၍ အမှန်တရားဥပဒေဘက်သို့ လုံးလုံးကူးပြောင်းလာမှသာ လွတ်မြောက်ဘေးကင်းရာ ရောက်နိုင်ပေလိမ့်မည်။ ဤတစ်လမ်းသာရှိ၏။

ပေါက်ကွဲမှုများ မရေမတွက်နိုင်အောင်များပြား

အံ့ဩစရာကောင်းသော ဖြစ်ရပ်များ ရှိခဲ့သည်။ ကားနှင့်၊ ဆိုင်ကယ်နှင့် သယ်ယူလာသော မိုင်းများ၊ ဗုံးများသည် အကြောင်းအမျိုးမျိုးဖြင့် အကြမ်းဖက် သမားများလက်ထဲမှာတင် အသက်ဝင် ပေါက်ကွဲကုန်ကြလေသည်။ သေသူသေ၊ ဒဏ်ရာရသူရ၊ လက်ပြတ်ခြေပြတ် ဖြစ်ရသည်။ သယ်ယူစဉ် မထင်မှတ်ဘဲ ပေါက်ကွဲမှုများ မရေမတွက်နိုင်အောင် များပြားလှ၏။

မကြာသေးမီက စက်ဘီးတစ်စီးနှင့် လူနှစ်ယောက်။

အလားတူ တစ်ဖွဲ့တည်းဟုယူဆရသော အခြားစက်ဘီးတစ်စီးနှင့် လူနှစ်ယောက်။ စီးလာကြရင်းလမ်းပေါ်တွင် မထင်မှတ်ဘဲ သူတို့သယ်ဆောင်လာသော မိုင်းဗုံးများ ထပေါက်ကွဲကြပါလေ ရော။ ပေါက်ကွဲမိုင်းများ သယ်ဆောင်လာကြသည့် အကြမ်းဖက်သမား လေးယောက်နှင့် စက်ဘီးနှစ်စီးသည် မိုးပေါ်သို့လွင့်ပျံတက်သွားပြီး မြေပေါ်သို့ တစ်စစီအပိုင်းအပိုင်း ပြန်ကျလာခဲ့ကြ လေသည်။ လူပျံများ သွေးအလူးလူးနှင့် လေးယောက်စလုံး သေသွားကြကုန်၏။ တစ်ပြိုင်တည်း ကွဲလေသလား၊ ရှေ့ဆင့် နောက်ဆင့် ကွဲခြင်းပေလားတော့မသိရ။ လမ်းပေါ်တွင် သေကြခြင်းကြောင့် ဒေသခံများ ဖေ့စ်ဘွတ်မှာတင်ကြ၍ ဤကာလနှစ်နှစ်၊ သုံးနှစ်အတွင်း မိုက်မဲသူများ သူတို့ပြုကြသည့် အကုသိုလ်ကံ ၏ စီမံမှုကြောင့် ဝိပါကကံသဘောအရ သေဆုံးကြပုံများ အဆက်မပြတ် ကြားခဲ့ရသည်။ များလှပါပြီ။

ရှေ့ပိုင်းမှာလည်း တောတွင်း၌ပင် မိုင်းသင်တန်းတက်ရင်း၊ မိုင်းထောင်မှု လေ့ကျင့်ရင်း၊ အကြမ်းဖက်သမား လူငယ်လူရွယ်များ လက်ပြတ်၊ ခြေပြတ်၊ မျက်စိပျက်၊ မျက်နှာပျက်၊ ဘဝရှုံးကြရ သူများမရေမတွက်နိုင်ချေ။ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးဘက်က မြို့နယ်များတွင် မကြာခဏပင်ဖြစ်ပွားခဲ့ကြသည်။ ခြေတို၊ လက်တို (လက်ကောက်ဝတ်မှ ပြတ်ခဲ့ကြ၏) ဘဝဖြင့် အဖမ်းခံခဲ့ရပြီး ထောင်ကျသွားသူများလည်းရှိခဲ့ကြ၏။ သနားမိပါ၏။

ဝဋ်တုံ့ဝဋ်ကြွေးကား မရမနေပေးဆပ်ရသည်

မိမိ၏ အကုသိုလ်စေတနာဇောက ပြင်းလျှင်ပြင်းသလောက် ဝဋ်လည်ခြင်း ရဟတ်သည်လည်း လျင်မြန်စွာ ကိုယ့်ဆီတည့်တည့် ပြန်ရောက်လာ တတ်ပုံများကို ထိုဖောက်ခွဲရေးသမား တို့ကြောင့် သာဓကထင်ရှားစွာ မြင်ခဲ့ကြရပါ၏။ ငရဲကလွတ်ကောင်းလွတ်နိုင်သေး၏။ ကုသိုလ်ကောင်းမှုများများပြုသော် လွတ်မည်ဆို၏။ “ဝဋ်တုံ့ဝဋ်ကြွေးကား မရမနေပေးဆပ်ရသည် ဟုကြားဖူး၏။ လက်တွေ့တော့ သတိမထားမိ။ ဟောဗျ။ ယခုတော့ အကုသိုလ်စေတနာကံက သူပြုနေသောဒုစရိုက်အလိုက် အချိန်မဆိုင်းလက်ငင်းချက်ချင်း အကျိုးပေးနေပုံကို မျက်စိရှေ့တွင် အထင်အရှားမြင်ရတော့သည်။ ကြည့်လိုက်ပါ။

အံ့ဩစရာ ထူးခြားဆန်းကြယ်မှုပင်။