နွေရာသီမှာ ရေကိုချွေတာပါ
ခင်သန်းမြင့်
မြန်မာနိုင်ငံမှာ နွေရာသီက အခုမှမတ်လလယ်ရှိသေးတယ် ရန်ကုန်မှာတော့ အတော်ပူပြင်းလာပြီ။ နံနက် ၉ နာရီကျော် ၁၀ နာရီဆိုတာနဲ့ နေမင်းကြီးက လင်းထိန်လာပြီး ညနေနေစောင်းတဲ့အထိ တောက်လျှောက် ချစ်ချစ်တောက်ပူတော့တာပါပဲ။ လူကြီးတွေသာမက လူငယ်တွေပါ ထီးကိုယ်စီနဲ့ ရန်ကုန်နွေရဲ့အပူဒဏ်ကို အန်တုနေကြရတယ်။
ဒီကြားထဲ တစ်နေ့က ရေပိုက်လေခိုပြီး ရေမရတော့လို့ တစ်အိမ်လုံးရေကို ချွေတာသုံးစွဲဖို့ သတိပေးနေရတယ်။ ကျွန်မကလည်း ခါတိုင်းလိုပဲ ရေမောင်းတဲ့မော်တာ မီးခလုတ်လေးကိုဖွင့်ပြီး လုပ်စရာကိုင်စရာလေးတွေ လုပ်နေမိတယ်။ ငါးမိနစ်၊ ဆယ်မိနစ်ကြာတဲ့အချိန်ထိရေမလာမှ ပြန်ပိတ်လိုက်တော့ လေခိုသွားတာပေါ့။ ရေချူပြီး ပြန်ဖွင့်တော့လည်း ရေကမလာပြန်ဘူး။ ရေစက်မောင်းနေကျ ဦးလေးကြီးကို မေးကြည့်မှရေတွင်းက ရေကျသွားလို့ ရေကိုအရင်လိုတစ်ခါတည်း လိုသလောက်တင်လို့မရတော့ဘူး၊ နားနားပြီးတင်နေရတယ်တဲ့။ ရေကန်ထဲ ရေနည်းနေချိန်၊ ရေနဲ့ပိုက် လွတ်နေချိန်မှာမသိဘဲ ရေတင်နေကြတော့ တချို့အခန်းတွေဆို မော်တာလောင်ကုန်ကြလို့ အသစ်ပြန်လဲယူရတယ်ဆိုပဲ။
မြန်မာနိုင်ငံမှာ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီရောက်ပြီဆိုရင် မြေအောက်ရေတွေခန်းခြောက်၊ ယုတ်လျော့လေ့ရှိတာကြောင့် ရေအခက်အခဲကြုံတွေ့ရစမြဲပါ။ မှတ်မိသေးတယ် ကျွန်မတို့ငယ်စဉ်က မြို့သစ်မှာအခုလိုနွေရာသီဆို ဘုံပိုင်ကလာတဲ့ရေကို ညသန်းခေါင် သန်းလွဲအထိစောင့်ပြီး ခပ်ကြရတယ်။ တတ်နိုင်သူအချို့ကတော့ ရေစည်လှည်းဝယ်သုံးကြတာပေါ့။ ရေတိုင်ကီတစ်လုံးတင်ထားတဲ့ ရေတွန်းလှည်းတစ်စည်ကို ကိုယ်တိုင်ရေစက်မှာ စောင့်ပြီးတွန်းယူရင် ၇၅ ပြား(သုံးမတ်)ပေးရတယ်။ ရေဆွဲထည့်ပေးတဲ့ ရေတွန်းလှည်းသမားငှားပြီးထည့်ရင် တစ်ကျပ်၊ တစ်ကျပ်ခွဲ။ ဘယ်လိုပဲထည့်ထည့် ချက်ချင်းမရသလို လိုသလောက်လည်းမရပါဘူး။ ရေရောင်းတဲ့ အဝီစိတွင်းရေစက်မှာ ရေတွန်းလှည်းတွေ သူ့အလှည့်၊ ကိုယ့်အလှည့်တန်းစီစောင့်ကြရတာပါပဲ။ ရေတွန်းလှည်းငှားပြီးထည့်ရင်လည်း အလွယ်တကူခေါ်မရဘူး။ သူတို့က နွေရာသီဆိုပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်တွေ။ အော်ဒါတွေကအပြည့်။ ကိုယ့်အလှည့်ရောက်ဖို့စောင့်ပေဦး။
ကျွန်မတို့အိမ်က ရေလာတော့ အနီးပတ်ဝန်းကျင်က အိမ်နီးချင်းတွေ အကုန်လုံးပုံးကြီး ပုံးငယ်ကိုယ်စီနဲ့ ညတိုင်းရေလာခပ်ကြတယ်။ အဖေကရေဘုံပိုင်နားမှာ မီးချောင်းတွေထွန်းပေးထားလို့ ပွဲတော်ကြီးတမျှပဲ။ တစ်ရက်တော့ အိမ်နားက ဦးလေးကြီးတစ်ယောက်ညဘက်ရေခပ်ပြီး မနက်ဆေးရုံ အရေးပေါ်ပြေးတက်လိုက်ရတယ်။ အူအတက်ပုပ်နေတာမသိဘဲ ရေပုံးနှစ်ပုံးနဲ့ ရေဆွဲကောင်းနေလိုက်တာ မနက်ကျမှအောင့်တယ်၊ အောင့်တယ်ဆိုပြီး ဆေးရုံအချိန်မီရောက်သွားလို့ သေကံမရောက် သက်မပျောက်ဖြစ်ရတယ်။
ကလေးငယ်ပေါင်း သန်းနဲ့ချီသေဆုံး
ငယ်စဉ်တုန်းကတော့ နွေရာသီဆို မြန်မာနိုင်ငံမှာ ရေဒုက္ခရောက်လိုက်တာပေါ့။ အရွယ်ရောက်လို့ ကမ္ဘာကြည့်ကြည့်နိုင်တဲ့အချိန်ကျတော့ ကျွန်မတို့နွေရာသီ ရေဒုက္ခက ဘာဟုတ်သေးလို့တုန်း။ ကမ္ဘာ့လူဦးရေရဲ့ ထက်ဝက်ခန့်ဟာ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သန့်စင်တဲ့ ရေကို မသုံးစွဲနိုင်ကြဘူးတဲ့။ အထူးသဖြင့်ဖွံ့ဖြိုးဆဲနိုင်ငံတွေက လူအများစုဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့ရေကိုသာ သောက်သုံးနေရတဲ့အတွက် ဝမ်းပျက်ရောဂါ၊ ကာလဝမ်းရောဂါလို ကူးစက်တတ်တဲ့ ရောဂါပေါင်းစုံဖြစ်ပွားခဲ့ကြပြီး ကလေးငယ်ပေါင်း သန်းနဲ့ချီသေဆုံးခဲ့ကြတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေက အမျိုးသမီးသန်းပေါင်းများစွာနဲ့ ကျောင်းသားအရွယ် ကလေးငယ်တွေဆိုရင်လည်း သောက်ရေ၊ သုံးရေရရှိရေးအတွက် နေ့စဉ်အပင်ပန်းခံကြရတယ်။ ကျေးလက်ဒေသနေ အိမ်ထောင်စုသန်းပေါင်းများစွာထဲက အမျိုးသမီးတွေဟာ မိမိတို့နေထိုင်ရာကနေ မိုင်ပေါင်းများစွာ ကွာလှမ်းတဲ့နေရာတွေအထိ နေ့စဉ်သွားရောက် ရေခပ်ကြရတယ်တဲ့။
လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာကဆိုရင် ဘိုလီဗီးယားနဲ့ ကိုလံဘီယာနိုင်ငံတွေမှာ မူလတန်းကျောင်းသားငယ်တွေ ရေခပ်နိုင်ရေးအတွက် နံနက်ပိုင်းကျောင်းချိန်ကို နွေရာသီမှာ တရားဝင်ပိတ်ပေးခဲ့ရတယ်။ ဆူဒန်နိုင်ငံက ကလေးငယ်အများစုဆိုရင် မိသားစုအတွက် သုံးရေနဲ့သောက်ရေခပ်ရင်း အချိန်ကုန်နေရတဲ့အတွက် ကျောင်းနေခွင့်မရတာကို တွေ့ရတယ်လို့ ကုလသမဂ္ဂအဖွဲ့ကြီးမှ လေ့လာသူများက ဆိုကြတယ်။ အီသီယိုးပီးယားနိုင်ငံဆိုလည်း တစ်ချိန်ကသောက်ရေ၊ သုံးရေရရှိဖို့ လက်ယက်တွင်းမှာ တစ်နေကုန် စောင့်ဆိုင်းပြီး ရေခပ်ကြရတယ်။
သန့်ရှင်းသော သောက်ရေ၊ သုံးရေရရှိရေး
မြို့တွေမှာ နေထိုင်တဲ့သူထက်ဝက်ကျော်ခန့်ပဲ မိမိတို့နေထိုင်ရာအိမ်တွေကို ပိုက်နဲ့ရေသွယ်ပြီး အသုံးပြုနိုင်ကြပါတယ်။ ရေသန့်ရရှိရေးနဲ့ သန့်ရှင်းမှုအတွက် ဆောင်ရွက်ရေးမှာ အခက်အခဲများစွာရှိပါတယ်။ မြေအောက်ရေကိုစုပ်ယူရာမှာ လျှပ်စစ်စွမ်းအင်အပြင် နေရောင်ခြည်စွမ်းအင်၊ လေစွမ်းအင်အကူအညီတွေနဲ့ စုပ်ယူရသလို မြို့ရွာတွေရှိ အိမ်ထောင်စုတိုင်း သန့်ရှင်းသောသောက်ရေ၊ သုံးရေရရှိရေးအတွက် ပိုက်သွယ်တန်းပြီး ဆောင်ရွက်ရတဲ့ ရေသွယ်ယူရေးအစီအစဉ်ကလည်း ငွေကြေးအကုန်အကျများပါတယ်။
ပိုက်လုံးမှတစ်ဆင့် ပေးပို့တဲ့အခါမှာလည်း တစ်ခါတစ်ရံရေအားမမှန်တဲ့အခါ ပြတ်တောင်းပြတ်တောင်းနဲ့ ရေအားကျသွားခြင်း၊ အချို့ပိုက်လုံးတွေဆို ရေမလုံခြင်းတွေလည်း ကြုံတွေ့ရပါတယ်။ ဖွံ့ဖြိုးဆဲနိုင်ငံအချို့ဆို သောက်သုံးရေသွယ်တဲ့ ပိုက်လုံးတွေနဲ့ မိလ္လာပိုက်လုံးတွေကို မျဉ်းပြိုင်ယှဉ်ပြီး သွယ်တန်းခဲ့ကြလို့ ပြင်ပမှ အညစ်အကြေးတွေဟာ သောက်သုံးရေပေးတဲ့ ပိုက်လုံးအတွင်း အလွယ်တကူစိမ့်ဝင်မှုမျိုးရှိခဲ့ပါတယ်။ မသန့်ရှင်းတဲ့ရေကို သုံးစွဲမိသူတွေဟာ အနာပေါင်းစုံစွဲကပ်လာကြတဲ့အပြင် ဝမ်းပျက်ရောဂါ၊ ကာလဝမ်းရောဂါတွေပါဖြစ်ပွားပြီး အသက်ဆုံးရှုံးတဲ့အထိ ခံစားခဲ့ကြရပါတယ်။ အာဖရိကတိုက်မှာဆိုရင် တစ်ချိန်က မသန့်ရှင်းတဲ့ရေကြောင့် မျက်ကန်းရောဂါအများအပြား ဖြစ်ပွားခဲ့ဖူးပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ လေ့လာသုံးသပ်ချက်တွေအရ ကမ္ဘာအရပ်ရပ်မှာဖြစ်ပွားတဲ့ ရောဂါအမျိုးမျိုးအနက် ၈၀ ရာခိုင်နှုန်းခန့်ဟာရေကြောင့်ဖြစ်တဲ့ ရောဂါမျိုးလို့ဆိုတယ်။ သေဆုံးမှုနှုန်းအများဆုံးကတော့ ဝမ်းပျက်ရောဂါစွဲကပ်သူတွေ ဖြစ်တယ်လို့ဆိုတယ်။
အကယ်၍ လူတိုင်းသန့်စင်တဲ့ရေကိုသောက်သုံးပြီး အညစ်အကြေးစွန့်ပစ်မှုကိုလည်း စနစ်တကျဆောင်ရွက်ကြမယ်ဆိုရင် လူတိုင်းကျန်းမာရေးအခြေအနေ ကောင်းမွန်တိုးတက်လာပြီး ကလေးငယ်တွေ သေဆုံးမှုနှုန်းလည်း လျော့နည်းသွားနိုင်တယ်လို့ သုံးသပ်ခဲ့ကြတယ်။ ဒါ့အပြင် ရေကိုအလွယ်တကူရနိုင်မယ်ဆိုရင် မျက်မှောက်ကာလလို ရေအတွက် အချိန်ဖြုန်းတီးမနေရတော့ဘဲ ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေမှာ အချိန်ကိုအသုံးချနိုင်မယ်။ ထိုနည်းတူစွာပဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရိုးရာဓလေ့လို ခေတ်အဆက်ဆက်ရေခပ်လုပ်ငန်းကို လုပ်ကိုင်နေရတဲ့ အမျိုးသမီးတွေအတွက်လည်း အိမ်ထောင်စုထိန်းသိမ်းတဲ့လုပ်ငန်း၊ အိမ်ထောင်စုအတွက် အပိုဝင်ငွေရရှိနိုင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်နိုင်မယ်၊ အေးချမ်းစွာ ပညာသင်ကြားနိုင်မှာဖြစ်တယ်လို့ ဆိုတယ်။ ဒီအတွက် ကုလသမဂ္ဂနဲ့ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းတွေက လူတိုင်းသန့်ရှင်းသောရေရရှိရေးနဲ့ နေထိုင်မှုသန့်ရှင်းရေးကို ၁၉၈၀ ကျော် လွန် နှစ်များအတွင်းကစပြီး ဆောင်ရွက်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
လက်ရှိအချိန်အထိ ကမ္ဘာ့လူဦးရေရဲ့ လေးပုံတစ်ပုံဟာ အန္တရာယ်ကင်းအောင် စီမံထားတဲ့သောက်ရေ မရရှိကြသေးဘူးလို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO)က အစီရင်ခံထားပါတယ်။ ဒါဟာ ကမ္ဘာပေါ်က လူသန်း ၂၀၀၀ ခန့်ဟာ သောက်ရေသန့် မရရှိကြသေးဘူးလို့ ဆိုလိုတာဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ နှစ်စဉ်ကမ္ဘာပေါ်မှာ လူပေါင်းရှစ်သိန်းသုံးသောင်းခန့်ဟာ ရေကြောင့်ဖြစ်ရတဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါတွေကြောင့် သေဆုံးခဲ့ရပါတယ်။ အများစုက ငါးနှစ်အောက်ကလေးတွေဖြစ်တယ်လို့ သိရပါတယ်။ အန္တရာယ်ကင်းတဲ့ သောက်သုံးရေနဲ့ သန့်ရှင်းတဲ့ပတ်ဝန်းကျင်တစ်ရပ်ရှိမယ်ဆိုရင် ဒီသေဆုံးမှုတွေကို ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။
သန်းထောင်နဲ့ချီတဲ့ ကမ္ဘာ့ပြည်သူတွေ
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ကလည်း မကြာသေးမီက တွစ်တာကနေတစ်ဆင့် “သောက်သုံးရေရရှိရေးနဲ့ သန့်ရှင်းရေးကို ၂၀၃၀ ပြည့်နှစ်မှာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ရရှိအောင် ဖော်ဆောင်ဖို့ချမှတ်ထားပေမယ့်လည်း ဒါကိုအကောင် အထည်ဖော်နိုင်ခြင်းမရှိတာကို ဝမ်းနည်းဖွယ်တွေ့မြင်နေရတယ်”လို့ ပြောဆိုခဲ့ပါတယ်။ လက်ရှိအချိန်အထိ သန်းထောင်နဲ့ချီတဲ့ ကမ္ဘာ့ပြည်သူတွေဟာ ဘေးအန္တရာယ်ကင်းပြီး သန့်ရှင်းတဲ့သောက်သုံးရေမရရှိကြသလို အိမ်သာတွေလည်း မရှိကြသေးဘူးလို့ အတွင်းရေးမှူးချုပ်က ပြောထားပါသေးတယ်။
ကဲ... သန့်ရှင်းတဲ့သောက်သုံးရေ ရရှိသုံးစွဲနိုင်ဖို့ဆိုတာ လွယ်ကူကြရဲ့လား။ နေပြည်တော်၊ ရန်ကုန်စတဲ့မြို့ကြီးပြကြီးတွေမှာ နေထိုင်ကြသူတွေအဖို့ကတော့ သာမန်ကြည့်ရင် လွယ်ကူတယ်လို့ ထင်ကောင်းထင်ကြမှာပါပဲ။ လက်ညှိုးကလေးတစ်ချောင်းနဲ့ ရေမော်တာခလုတ်လေးကို ဒေါက်ဝှီးဆိုပြီး ဖွင့်လိုက်တာနဲ့ ရေကပိုက်ထဲက ကျလာတာကိုး။ အလွယ်တကူရတော့လည်း အချို့က ရေကို ချွေတာရကောင်းမှန်းမသိကြတော့ဘူး။ တချို့က မျက်နှာသစ်စဉ်၊ သွားတိုက်နေစဉ်မှာ ရေပိုက်ခေါင်းကို ပိတ်ထားရကောင်းမှန်းမသိကြဘူး၊ ဖွင့်ထားကြတယ်။ တချို့က ပန်းကန်ခွက်ယောက် ဆေးကြောတဲ့အခါ ရေပိုက်ခေါင်းကို တောက်လျှောက်အစအဆုံးဖွင့်ပြီး ဆေးကြောကြတယ်။ အဝတ်လျှော်၊ ရေချိုးတာကအစ ရေကိုသုံးစွဲရာမှ စနစ်တကျမဟုတ်ဘဲ ဗုံးပေါလအောသုံးတတ်ကြတယ်။
မိုးနည်းရေရှား မြေလတ်နဲ့အထက် အညာဒေသတွေမှာတော့ မိုးအခါနဲ့ ဆောင်းအခါ ရေတွင်းတွေ ရေမနည်း မီရေကို ဝအောင်ချိုးကြရတယ်။ အခုလို တပေါင်းလကစပြီး တစ်နွေလုံးရေကို တတ်နိုင်သလောက် ချွေတာကြပေရော့။ အချို့ကျေးလက်တောရွာတွေမှာ နွေရာသီရေရှားပြီဆိုရင် ကိုယ်ကို ရေလောင်းချိုးနိုင်တဲ့အခြေအနေ မရှိတော့ဘူး။ အဝတ်ရေဆွတ်ပြီး ရေပတ်တိုက်ကြရတယ်။ ယောကျ်ားများဆိုရင် ရေအိုးရှေ့မှာ ခါးတောင်းမြှောင်အောင်ကျိုက်ပြီး လက်ဝါးနှစ်ဖက်နဲ့ ရေကိုယူ၊ မျက်နှာ သစ်၊ ပခုံး၊ ရင်ဘတ်တို့ကို လက်နဲ့သပ်ချ၊ ပေါင်တွေကို လက်ဝါးရေစိုနဲ့ပွတ်ရတယ်။ ကိုယ်ရေသပ်တယ်လို့ ခေါ်ကြပါတယ်။ ဒီနည်းနဲ့ပဲ ရေနို့ဆီဘူးတစ်လုံးခန့်နဲ့ တစ်နေ့တာအတွက် ရေချိုးခြင်းပြီးကြရတယ်။ မြို့ကြီးသားတွေလို ရေကို ကိုယ်ပေါ်လောင်းချိုးဖို့ဆိုတာ မကြံကောင်းမစည်ရာပါပဲ။
ရေကို ဒီလိုမခြိုးခြံမချွေတာလို့လည်း မရပါဘူး။ ရေတွင်းရှိတဲ့ရွာတွေ မှာတောင် ရေတစ်တွင်းကို လူနှစ်ဆယ် အစိတ်လောက် အပြိုင်ငင်လိုက်ကြတာ နဲ့ ရေကတဖြည်းဖြည်းနည်းလာပြီ။ တစ်ယောက်က မပြတ်ငင်နေ၊ တစ်ယောက်က အိမ်ပြန်ပို့နေတာတောင် တစ်မနက်မှာ တစ်အိမ်ကို ရေသုံးလေးအိုးစီပဲရတတ်ကြတယ်။ အချို့ရွာတွေဆိုရင် နွေရာသီမှာ သောက်သုံးရေရဖို့ ဝေးလံ တဲ့အရပ်အထိ သွားပြီးရေခပ်ကြရတယ်။
ဒီလိုမျိုး အထက်အညာဒေသတွေမှာ နွေရာသီဆိုရေရှားပါးပြီး ရေအခက်အခဲတွေ ကြုံရတယ်ဆိုတာ အစကတော့ ကျွန်မတို့လည်းမသိပါဘူး။ ဘိုးဘွားမိဘတွေက ပြောပြခဲ့လို့ သိခဲ့ရတာပါ။ ဒါကြောင့်မို့လည်း ရန်ကုန်မှာမွေး၊ ရန်ကုန်မှာကြီးပြင်းလာခဲ့ကြတဲ့ သားသမီးတွေ၊ တူ၊ တူမတွေကို သူတို့ရေသုံး ကြမ်းတဲ့အခါမျိုးမှာ သတိပေး ဆိုဆုံးမနိုင်တာပေါ့။
တကယ်တော့ တွန့်တိုကပ်စေးနှဲခြင်းနဲ့ စည်းစနစ်ကျကျ ခြိုးခြံချွေတာသုံးစွဲခြင်းကမတူပါဘူး။ ကွဲပြားခြားနားပါတယ်။ မြတ်စွာဘုရားရှင်လက်ထက်တော်ကာလမှာ ဆေးဆရာကြီး ဆရာဇီဝက ကုသပေးခဲ့တဲ့ နာတာရှည် ခေါင်းကိုက်ရောဂါ စွဲကပ်နေသူ သာကေတမြို့သူ သူဌေးကတော်ကြီးတစ်ဦးဆိုရင် အင်မတန်စည်းစနစ်ဇယားကျပြီး စည်းကမ်းကြီးလှတယ်လို့ဆိုတယ်။ တစ်စုံတစ်ခုသောပစ္စည်းကိုမျှ အလဟဿအဖြစ်မခံဘူးတဲ့။ မည်မျှအဖိုးနည်းတဲ့ပစ္စည်းဖြစ်စေ သူ့နေရာနဲ့သူ အသုံးချမှ ကျေနပ်သူဖြစ်တယ်တဲ့။ ခေါင်းကိုက်နာအတွက် ဆေးဝါးအဖုံဖုံနဲ့ ရောစပ်ပြီး နှာခေါင်းမှလောင်းထည့်တဲ့ ထောပတ်တွေ ပါးစပ်ကပြန်ထွက်လာတဲ့အခါမှာ အခိုင်းအစေတွေကို ဝါဂွမ်းတွေနဲ့သုတ်ယူစေပြီး သိမ်းဆည်းခိုင်းလေ့ရှိတယ်။ အခိုင်းအစေတွေ ခြေထောက်နာရင်လိမ်းကျံဖို့၊ မီးမွှေးရာမှာ အသုံးပြုဖို့လို့ဆိုတယ်။ အင်မတန်စံနမူနာ ယူစရာကောင်းတဲ့ စည်းစနစ်ရှိမှုမျိုးပါ။
နေပြည်တော်၊ ရန်ကုန်စတဲ့ မြို့ကြီးပြကြီးမှာ နေထိုင်ကြတဲ့သူတွေအပါအဝင် နိုင်ငံတစ်ဝန်းက ပြည်သူတွေအနေနဲ့ ပူပြင်းခြောက်သွေ့တဲ့ နွေရာသီကာလမှာ တန်ဖိုးရှိလှတဲ့ရေကို သုံးစွဲရာမှာ အလဟဿအလေအလွင့်မရှိအောင် စနစ်တကျခြိုးခြံချွေတာသုံးစွဲကြဖို့ မေတ္တာရပ်ခံအကြံပြုတိုက်တွန်း လိုပါတယ်။ မျက်မှောက်ကာလမှာ အယ်လ်နီညို (El Nino)တို့၊ လာနီညာ (La Nina) တို့လို ကမ္ဘာ့ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုဖြစ်စဉ်တွေ ဖြစ်ပွားလာတာနဲ့အမျှ ရေရရှိနိုင်မှုဟာလည်း တစ်နှစ်ထက်တစ်နှစ် လျော့နည်းလာမယ်လို့ ပညာရှင်များက ခန့်မှန်းကြတယ်။ မြေအောက်ရေဆိုတာကလည်း ကုန်ဆုံးနိုင်တဲ့၊ ကုန်ခန်းနိုင်တဲ့ သဘာဝအရင်းအမြစ်တစ်ခုပဲ မဟုတ်ပါလား။ ။