Skip to main content

တပေါင်းနွေဦး ထန်းခိုင်ခူးနှင့် စောင့်ရှောက်သင့်သော မြန်မာ့ထန်းတော

ပေါက်ပေါက်

နွေဦးကာလဖြစ်သော တပေါင်းလသည် မြန်မာတစ်ဆယ့်နှစ်လရာသီတွင် နောက်ဆုံးလဖြစ်သည်။ “တ”ဟူသော အဓိပ္ပာယ်မှာ တန်း၊ ထန်း၊ ထန်းပင်ဖြစ်၍၊ “ပေါင်း”ဟူသော အဓိပ္ပာယ်မှာချက်သည်၊ ကျိုသည်ဖြစ်သည်။ ထို့ကြောင့် “တပေါင်းလ”၏ အဓိပ္ပာယ်မှာ ထန်းချက်သမားများ ထန်းရည်ကျိုသောလ၊ ထန်းချက်သောလဖြစ်ပါသည်။ အချို့ကထန်းပေါင်းလဟုလည်း ခေါ်ကြသည်။ အကြောင်းမှာ ထန်းပင်ဖိုမှရသော ညှပ်ရည်နှင့် ထန်းမပင်မှရသော သီးနုရည်တို့ကို ပေါင်းစပ်ချက်သဖြင့် ထန်းဖိုရည်နှင့် ထန်းမရည် ပေါင်းစပ်ကျိုချက်သောလဖြစ်သဖြင့် “ထန်းပေါင်းလ”ဟုခေါ်ကြခြင်းဖြစ်သည်။ ထို့ကြောင့် မြန်မာတစ်ဆယ့်နှစ်လရာသီ နောက်ဆုံးလသည် ထန်းပေါင်း၊ ထပေါင်း၊ ထိုမှတဖြည်းဖြည်း ရွေ့လျောလာရာမှ တပေါင်းလဟု အမည်တွင်လာသည်။

ထန်းပင်အကြောင်း သိကောင်းစရာ

Borassus flabellifer Linn ဟု ရုက္ခဗေဒအမည်ရသော ထန်းပင်ကို အင်္ဂလိပ်လို Palmyra palm ဟုခေါ်ပြီး မွန်နှင့်ရှမ်းတိုင်းရင်းသားဘာသာစကားအရ Tan ဟုခေါ်သည်။ ထန်းပင်သည် မိုးရေချိန်လက်မ ၂၀ မှ ၄၀ အတွင်း ရွာသွန်း၍ ပူပြင်းခြောက်သွေ့သော ရာသီဥတုကိုနှစ်သက်ပြီး မြန်မာနိုင်ငံ၊ အိန္ဒိယနိုင်ငံကဲ့သို့သော ပူပြင်းသည့်နိုင်ငံများတွင် အများအပြားတွေ့နိုင်သည်။ မြန်မာနိုင်ငံတွင် ရေဝပ်ရာဒေသများမှလွဲ၍ နေရာအနှံ့အပြားတွင် ပေါက်ရောက်နိုင်သည်။ အထူးသဖြင့် မြေလတ်ဒေသနှင့် မြန်မာနိုင်ငံအထက်ပိုင်းရှိ ပူပြင်းခြောက်သွေ့သောဒေသများတွင် အများဆုံးတွေ့ရပြီး တနင်္သာရီတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးတို့တွင်လည်း အလေ့ကျပေါက်သော ထန်းပင်အချို့ကို တွေ့နိုင်ပါသည်။

အဖိုပင်နှင့် အမပင်ဟူ၍ နှစ်မျိုးရှိကာ ၎င်းအပင်နှစ်မျိုးစလုံးမှ ထန်းရည်ထွက်ရှိသည်။ အမပင်များမှ သီးသောထန်းသီးများကိုသာ မျိုးအဖြစ်ရယူစိုက်ပျိုးနိုင်သည်။ နွေဦးရာသီတွင် ခုနစ်နှစ်သားအရွယ် ထန်းအဖိုပင်များမှ ထန်းနို့ခိုင်များထွက်ရှိပြီး ၎င်းတို့မှထန်းရည်ထွက်သည်။ အမပင်များမှာမူ ၁၀ နှစ်သားတွင် ထန်းသီးများထွက်ရှိလာပြီးနောက် ထိုအသီးညှာမှ ထန်းရည်ထွက်သည်။ ထန်းဖို၊ ထန်းမပင်များကို ရာသီအလိုက် ထန်းပင်ပြင်၍ လှီးဖြတ်ကာ ထန်းရည်ချိုများရယူနိုင်ပြီး ထန်းလျက်အဖြစ် ကျိုချက်လေ့ရှိသည်။ ထန်းဖိုပင်မှ ထွက်ရှိသော ထန်းရည်ကို ကြိုချက်ပါက အတန်ငယ်ညိုသော ထန်းလျက်ကိုရရှိပြီး ထန်းမပင်မှထွက်ရှိသော ထန်းရည်ကို ကျိုချက်ပါက အဖြူရောင်ထန်းလျက်ကိုရရှိသည်။

ထန်းပင်သည် စိုက်ပျိုးရန်ဓာတ်မြေဩဇာမလို၊ ပိုးသတ်ဆေးမလို၊ ရေပေးသွင်းရန်မလို၊ သဘာဝအလျောက် ရှင်သန်နိုင်သောအပင်ဖြစ်သည်။ ထန်းပင်တစ်ပင်လုံးတွင် အလဟဿဖြစ်သွားသည့် ပစ္စည်းဟူ၍မရှိ၊ ကျွမ်းကျင်သူများ၏ တွက်ချက်မှုအရ ထန်းပင်တစ်ဧကတွင် ပျမ်းမျှထန်းသီးခိုင် ၃၃၀၀ ခန့်ရှိပြီး တစ်နေ့လျှင် ထန်းရည် ၁၂ လီတာ၊ တစ်ရာသီစာ ၄၅ ရက်အတွက်လီတာ ၅၄၀ ထွက်ရှိနိုင်သည်။ ထန်းပင်သည် အစိုဓာတ်ရှိသောမြေ၌ ၁၅ နှစ်အတွင်း အရွယ်ရောက်အသုံးချနိုင်ပြီး ခြောက်သွေ့သောမြေ၌ ၂၅ နှစ်အတွင်း အရွယ်ရောက်ပြီး အသုံးချနိုင်သည်။ ပျမ်းမျှအမြင့်ပေ ၆၀ မှ ၈၀ အထိ မြင့်မားနိုင်ပြီး သက်တမ်းအားဖြင့် နှစ်ပေါင်း ၁၀၀ ကျော်အထိ ရှင်သန်နိုင်သော အပင်မျိုးဖြစ်သည်။ ထို့ကြောင့် စိုက်ပျိုးရန် ရင်းနှီးမြှုပ်နှံမှုမလိုသော ထန်းပင်သည် လူသားတို့အားအကျိုးကျေးဇူးများစွာကို ဖန်တီးပေးနိုင်သည်။

ထန်းပင်တက်ခြင်း

ထန်းတောင်သူအများစုက ထန်းတက်သည့် ပထမဆုံးနေ့ကို စနေနေ့တွင်ပြုလုပ်ကြပြီး ထန်းမှာ စနေနံဖြစ်သဖြင့် စနေနေ့မှစ၍ ထန်းတက်ပါက ထန်းရည်အထွက်နှုန်းကောင်းသည်ဟု ရှေးရိုးစွဲ အစဉ်အလာရှိကြသည်။ ထန်းတက်ရာတွင် ထန်းရာသီစတင်ချိန်မှအစပြုကာ ထန်းတုံးသည်အထိ ထန်းဖို၊ ထန်းမ၊ သီးယဉ်ဟူ၍ သုံးမျိုးခွဲ၍ အပင်တက်ကြသည်။ ထန်းဖိုကို ပြာသို၊ တပို့တွဲလမှ စတက်ပြီး ထန်းမကို တပေါင်း၊ တန်ခူးလတွင် တက်ကြသည်။ သီးယဉ်ကို ကဆုန်လနောက်ပိုင်းမှ ဝါဆိုလကုန်ပိုင်းအထိတက်ကြသည်။ ထန်းတက် ခြင်းလုပ်ငန်းသည် တစ်ရက်မှပျက်၍မရသော လုပ်ငန်းဖြစ်သည်။ နေ့စဉ်ထန်းလှီးပေးရပြီး ရက်ကျော်သွားပါက ထန်းရည်မထွက်တော့ပေ။ ပထမဦးစွာ ထန်းပြင်ထန်းလှီးသည်နှင့် ထန်းရည်အိုးတင်ပေးရသည်။ ထန်းတစ်ပင်လျှင် ထန်းရည်အိုး လေးလုံးမှ ခြောက်လုံးအထိ ထန်းစပေါ်မူတည်ကာ တင်ပေးရသည်။ ထန်းစတစ်ချောင်းမှ တစ်နေ့လျှင် ထန်းရည်တစ်မြူခန့်ထွက်ရှိသည်။ ထန်းကို နံနက်ပိုင်းနှင့် ညနေပိုင်းတစ်နေ့နှစ်ကြိမ် တက်ပေးရသည်။

ထန်းတစ်ပင်လုံး အသုံးဝင်

ထန်းပင်တစ်ပင်ဖြစ်ရန် နှစ် ၂၀ ကျော်အထိ စောင့်ရသည်။ ထန်းပင်တစ်ပင်မှ တစ်နှစ်တာ ကာလပတ်လုံး ထန်းရွက် ၁၀ ရွက်မှ ၁၂ ရွက်အထိ ထွက်ရှိသည်။ ထန်းသီးရင့်နှင့် ထန်းနို့ကို နွားစာကျွေးခြင်း၊ ထန်းစေ့ပျိုးထောင်ကာ ထန်းပင်မြစ်နု ပျိုးထောင်ရောင်းချခြင်း၊ ထန်းလက်နှင့် ထန်းဖက်တို့အား ကုလားထိုင်၊ ထန်းလက်စားပွဲ၊ ထန်းခေါက်ဖာပြုလုပ်ခြင်း၊ ထန်းရွက်အား နွားတင်းကုပ်၊ ဆိတ်တင်းကုပ်နှင့် လူနေအိမ်များအတွက် အမိုးအကာပြုလုပ်နိုင်ခြင်း၊ ထန်းခေါင်းပိုင်း အမြစ်ဆုံနေရာကို နွားစာကျင်းပြုလုပ်ခြင်း၊ ထန်းဖူးအား ထန်းရွက်ပုတီး၊ ငှက်ရုပ်နှင့် ကလေးကစားစရာ ပြုလုပ်ရောင်းချခြင်း၊ အနှစ်ပါသည့် ထန်းပင်များကို အိမ်ဆောက်ရာတွင် လူကြိုက်များလာခြင်း၊ ထန်းလက်များအား အိမ်ခြံစည်းရိုးကာရံခြင်း၊ ထန်းစစ်ကြောသည် မိုးရာသီမီးမွှေးရလွယ်ကူခြင်းကြောင့် စုဆောင်းကြခြင်း စသည့်ဖြင့် ထန်းတစ်ပင်လုံး အသုံးဝင်လှသည်။

ထို့ပြင် ထန်းပင်များကိုခွဲသားပြုလုပ်၍ အိမ်ဆောက်သူများလာခြင်း၊ မြေစိုက်တိုက် ဆောက်လုပ်ရာတွင်အတွင်းပိုင်း ဒိုင်း၊ ဆင့်၊ လျောက်၊ မြားတန်းများအဖြစ် အသုံးများလာခြင်းကြောင့် ထန်းပင်ဈေးနှုန်း တဖြည်းဖြည်းမြင့်တက်လာပြီဖြစ်သည်။ ထိုမျှမက ယာထဲ၊ ယာစပ်၊ လယ်တောစပ်များတွင် ပေါက်ရောက်နေသည့် ထန်းပင်များနှင့် ထန်းလှီးသူမရှိတော့ဘဲ ၄၅ နှစ် အထက်ရှိသော သက်တမ်းအလွန်ရင့်သည့် ထန်းပင်ကြီးများကို ခုတ်လှဲ၍စားပွဲ၊ ကုလားထိုင် စသည့်အိမ်အသုံး အဆောင်ပရိဘောဂများ ပြုလုပ်နိုင်ပြီး တောင်း၊ ဆွဲခြင်း၊ ဖျာ စသည့် လူ့အသုံးအဆောင်ပစ္စည်းများကိုလည်း ပြုလုပ်ကြသည်။

ထန်းသီး၊ ထန်းရည်နှင့် စားဖွယ်စုံ

မြန်မာ့ထန်းပင်များသည် အာဟာရရလဒ်များအရ အချိုဓာတ်ပါဝင်မှု အများဆုံးဖြစ်ကြောင်း သိရသည်။ ထန်းရည်နှင့် ထန်းသီးတွင် အာဟာရတန်ဖိုး မြင့်မားစွာပါရှိပြီး ဆီးရောဂါအပါအဝင် သည်းခြေ၊ ပန်းနာ၊ သွေးအန်ခြင်း၊ သွေးပေါင်ကျခြင်း၊ အနာပေါက်ခြင်းအမျိုးမျိုးနှင့် ကိုယ်တွင်းကိုယ်ပအနာများ၊ အရေပြားရောဂါ၊ အဆုတ်နှင့်ပတ်သက်သောရောဂါများ၊ လည်ချောင်းနာရောဂါများကိုလည်း သက်သာပျောက်ကင်းစေသည်။ အထူးသဖြင့် ထန်းရည်ချိုက ကိုယ်တွင်းအပူငြိမ်းစေသဖြင့် နွေရာသီဓာတ်စာအဖြစ် ဆေးဖက်ဝင်လှသည်။

စားသောက်ကုန်အနေဖြင့် ထန်းသီး၊ ထန်းရည်မှ ထန်းလျက်၊ ကြာရှည်ခံထန်းရည်၊ ရှလကာရည်၊ ဝိုင်၊ အရက်ဆီ၊ ထန်းသီးနုမှ ထန်းသီး၊ ထန်းသီးယို၊ ထန်းသီးအမှည့်မှ ဖျော်ရည်၊ ပူတင်း၊ ဂျယ်လီနှင့် မုန့်အမျိုးမျိုးတို့ကို ထုတ်လုပ်နိုင်သည်။ တာရှည်ခံ ထန်းရည်အဖြစ် ထုတ်လုပ်နိုင်ရန် နံနက်ပိုင်းထွက်ရှိသော ထန်းရည်ကို ခံယူပြီးနောက် သန့်ရှင်းစွာဆေးကြော၍ ပိုးသတ်ထားသော မြူအိုး သို့မဟုတ် ပလတ်စတစ်ဘူးများဖြင့် အနည်မပါအောင် စစ်ယူကာအပူချိန် ၁၂၀ ဒီဂရီတွင် ငါးမိနစ်ခန့်အပူပေးပြီး ပိုးသတ်ထားသော ပုလင်းများတွင်ထည့်၍ လေလုံအောင်ပိတ်ထားခြင်းဖြင့် နှစ်ပေါက်အောင် ထားရှိနိုင်ပါသည်။ ဤသို့ ပြုပြင်ထိန်းသိမ်းပေးခြင်းဖြင့် မူလအတိုင်း အနံ့၊ အရသာမပျက် ကြာရှည်ခံထန်းရည်ချိုကိုရရှိပြီး အခြားသောသဘာဝသစ်သီး ဖျော်ရည်များနှင့် ရောနှော၍လည်း ဖျော်ရည်အဖြစ်ပြုလုပ်နိုင်ပါသည်။

၂၀၁၇ ခုနှစ် နိုဝင်ဘာလကုန်ပိုင်းလောက်တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်မှာ ထန်းရည်မှ ဓာတုမပါသော သကြားထုတ်လုပ်မှု အောင်မြင်ခဲ့သည်။ ထန်းရည်ဖြင့် ထုတ်လုပ်သော သကြားအရောင်မှာ အညိုရောင်မဟုတ်ပေ။ ထန်းလျက်ခဲများကို ဂျင်းထန်းလျက်ခဲ၊ ဒိန်ချဉ်ထန်းလျက်ခဲ၊ မန်ကျည်းသီးထန်းလျက်ခဲ၊ ဇီးမှုန့်ထန်းလျက်ခဲအဖြစ် နည်းပညာအသစ်ဖြင့် ထုတ်လုပ်လျက်ရှိသည်။ ထန်းတောတွင်နေထိုင်သူများ လူနေမှုဘဝမြှင့်တင်ရန်အတွက် အရည်အသွေးမြင့် သကြားနှင့်ထန်းလျက်ခဲအရသာမျိုးစုံတို့ကိုလည်း ပြည်ပသို့တင်ပို့ရောင်းချနေပြီဖြစ်သည်။

မြန်မာ့စီးပွားရေးအနာဂတ်နှင့် ထန်းပင်

မြန်မာနိုင်ငံ၏ အပူပိုင်းဇုန် အညာဒေသဖြစ်သော ပုဂံ၊ ညောင်ဦး၊ ကျောက်ပန်းတောင်း၊ ငါ့သရောက်၊ ရေစကြိုမြို့တို့တွင် ထန်းပင်များကိုတွေ့မြင်နိုင်သည်။ ၎င်းဒေသများအနက် ညောင်ဦးခရိုင် ငါ့သရောက်မြို့နယ်ဝန်းကျင်တွင် ထန်းပင်အမြောက်အမြား ပေါက်ရောက်ကာ တစ်နယ်လုံး ထန်းပင်-ထန်းတောများဖြင့် လွှမ်းခြုံလျက်ရှိသည်။ သို့သော် ထန်းတက်လုပ်သားရှားပါးလာခြင်း၊ ထန်းပင်ကြီးများ မြင့်မားလာကာ ထန်းပင်ပေါ်သို့ လူမတက်နိုင်တော့ခြင်း၊ နယ်ခံအမျိုးသားများ ပြည်ပနိုင်ငံများသို့သွားရောက်ကာ အလုပ်လုပ်ကိုင်ကြခြင်း၊ အိမ်ရှိလူကုန်မိုးလင်းမှ မိုးချုပ်သည်အထိ တရစပ်အလုပ်လုပ်ရသော်လည်း ခံစားရရှိသည့် အကျိုးအမြတ်လွန်စွာနည်းပါးခြင်း၊ ထန်းရာသီအတောအတွင်းသာ အလုပ်အကိုင်ရရှိပြီး ကျန်ရာသီများတွင် အလုပ်အကိုင်မရှိဖြစ်နေခြင်း စသည်တို့ကြောင့် ထန်းပင်ကိုအားထား၍ အသက်မွေးဝမ်းကျောင်းပြုရသည်မှာ တစ်နေ့တခြား ခက်ခဲလာသည်။ ရှေးယခင်ကလောက် ထန်းပင်ဖြင့် စီးပွားဖြစ်မလုပ်ကြတော့ဘဲ လူ့အသုံးအဆောင်ပစ္စည်းများ ပြုလုပ်ရန်အတွက်သာ ထန်းပင်များကို ခုတ်လှဲ၍ ရောင်းချလျက်ရှိကြသည်။

စင်စစ်တွင် ထန်းပင်မှထွက်ရှိသော ထန်းအသုံးအဆောင်ပစ္စည်းများသည် လူသားတို့အတွက် စားစရာ၊ နေစရာ၊ အသုံးအဆောင်ပစ္စည်းများရရှိနိုင်ခြင်း၊ မိုးခေါင်ရေရှားသော အညာဒေသအတွက် အထူးသဖြင့် နွေရာသီတွင်ထန်းသီးများကို နွားစာအဖြစ်ကျွေးမွေးနိုင်ခြင်း၊ ထန်းတောကြီးများ ထူထပ်စွာရှိနေခြင်းက ရေမြေသဘာဝရာသီဥတုကို အထိုက်အလျောက်ထိန်းညှိပေးနိုင်ခြင်း၊ ထိုမျှမက ထန်းပင်ထန်းတောများသည် မြန်မာနိုင်ငံ၏ ထူးခြားသော ဝိသေသလက္ခဏာဖြစ်သည်နှင့်အညီ ကမ္ဘာလှည့်ခရီးသွားများကိုလည်း ဆွဲဆောင်မှုရှိသည့် မြန်မာ့အလှဖြစ်ကာ ထန်းပင်မှကောင်းကျိုးများစွာရရှိနိုင်သည်။ လက်ရှိတွင် နိုင်ငံတစ်ဝန်း ထန်းပင်ဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသည့် အညာဒေသမှ ထန်းပင်ရှင်ထန်းတောင်သူ သုံးသိန်း ခန့်နှင့် ၎င်းတို့ကိုမှီခိုနေသည့် မိသားစုအများအပြားရှိရာ ထန်းပင်နှင့် ထန်းတောများ ထိန်းသိမ်းရေးကို အလေးထားလုပ်ဆောင်ရန် လိုအပ်နေပါသည်။

သို့မှသာ ထန်းပင်၊ ထန်းတောများ ထိန်းသိမ်းရေးနှင့် ထန်းတောင်သူများဘဝ တိုးတက်မြင့်မားစေရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ဖော်ပြလိုက်ရပါသည်။ ။