အဖိုးတန်ရေကို ချွေတာသုံးစွဲကြပါစို့
ဖြိုးဇင်
“ရေအသက်တစ်မနက် ထမင်းအသက် ခုနစ်ရက်”။
လူတို့သည် အစာမစားဘဲ တစ်လခန့် အသက်ရှင်နေနိုင်သော်လည်း ရေမသောက်ဘဲ ငါးရက် (အလွန်ဆုံး ရက်သတ္တပတ်) ထက်ပို၍ အသက်မရှင်နိုင်ကြပေ။ ထို့ကြောင့် ရေလိုအပ်နေသူတစ်ဦး ရေမရလျှင် ချက်ချင်းအသက်ဆုံးရှုံးနိုင်သဖြင့် “ရေအသက်တစ်မနက် ထမင်းအသက် ခုနစ်ရက်”ဟု ဆိုရိုးစကား ထွက်ပေါ်လာခြင်းဖြစ်သည်။
ကမ္ဘာပေါ်တွင် သက်ရှိများ အသက်ရှင်သန်နိုင်ရန်အတွက် ရေကို အဓိကလိုအပ်သည်။ ရေတွင် ကယ်လိုရီနှင့် အာဟာရဓာတ်များ မပါဝင်သော်လည်း လူသားများနှင့် သက်ရှိများအတွက် သန့်ရှင်းသော သောက်သုံးရေရရှိရေးသည် များစွာအရေးပါလျက်ရှိသည်။
ရေချိုရရှိနိုင်မှုမှာ ကမ္ဘာ့ရေအားလုံး၏ ၃ ဒသမ ၅ ရာခိုင်နှုန်းသာရှိ
ကမ္ဘာကြီး၏ မြေမျက်နှာပြင် ၇၁ ရာခိုင်နှုန်းခန့်သည် ရေများဖြင့်ဖုံးလွှမ်းနေပြီး ကမ္ဘာ့ရေ အားလုံး၏ ၉၆ ဒသမ ၅ ရာခိုင်နှုန်းခန့်ကို သမုဒ္ဒရာများက ပိုင်ဆိုင်ထားသည်။ သို့သော် သက်ရှိများအတွက် မရှိမဖြစ်လိုအပ်သည့် ရေချိုရရှိနိုင်မှုမှာ ကမ္ဘာ့ရေအားလုံး၏ ၃ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိသည်။ ဆိုလိုသည်မှာ ကမ္ဘာကြီးတွင် ရေအများအပြားရှိသော်လည်း သောက်သုံးရန် ရေပမာဏမှာ လွန်စွာနည်းပါးနေသည်။
ယနေ့ခတ်ကာလတွင် ကမ္ဘာ့နိုင်ငံအတော်များများ၌ သန့်ရှင်းသောသောက်သုံးရေ ရေချိုရရှိ နိုင်မှုနှင့်ပတ်သက်ပြီး စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေကြရသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ထုတ်ပြန် ထားသည့် အချက်အလက်များအရ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့လူဦးရေ ၁ ဒသမ ၇ ဘီလီယံသည် သန့်ရှင်းမှုမရှိသော၊ ရောဂါပိုးမွှားများပါဝင်သော၊ ညစ်ညမ်းသောရေများကို သောက်ရေအဖြစ် အသုံးပြုခဲ့ရသဖြင့် ကမ္ဘာပေါ်တွင် နှစ်စဉ် ဝမ်းပျက်ဝမ်းလျှောရောဂါကြောင့် သေဆုံးသူ ၅၀၅၀၀၀ ခန့်ရှိကြောင်း သိရသည်။ ထို့အပြင် သန့်ရှင်းသောသောက်သုံးရေမရရှိခြင်း၏ နောက်ဆက်တွဲအကျိုးဆက်များအဖြစ် ဝမ်းပျက်ဝမ်းလျှောရောဂါများ၊ အရေပြားရောဂါများ၊ ရေဓာတ်ခန်းခြောက်သည့် နောက်ဆက်တွဲကျန်းမာရေးပြဿနာများအပြင် ဂေဟစနစ်ပျက်စီးမှုများနှင့်လည်း ကြုံတွေ့နေရသည်။
လူသားများ၏ လူနေမှုအဆင့်အတန်းများ မြင့်မားလာစေရေးနှင့် နိုင်ငံများ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖန်တီးပုံဖော်ရာတွင် ရေသယံဇာတ ရေရှည်တည်တံ့ရေးသည် အရေးကြီးသဖြင့် ကုလသမဂ္ဂစဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ပန်းတိုင်များ၏ ပန်းတိုင်(၆)တွင် “လူသားတိုင်း လက်လှမ်းမီရရှိသော သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိရေးနှင့် စဉ်ဆက်မပြတ်သော စီမံခန့်ခွဲမှုဖြစ်ပေါ်စေရေး”နှင့် ပန်းတိုင်(၁၄)တွင် “စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ပေါ်စေရန် ပင်လယ်၊ သမုဒ္ဒရာနှင့် ရေချိုသယံဇာတများကို ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ရေရှည်တည်တံ့နိုင်သည့် နည်းလမ်းများဖြင့် အသုံးပြုရေးကို အကောင်အထည်ဖော်ဆောင်ရွက်ရန်” ဟူ၍ ပါရှိသည်။
စီးပွားရေးနှင့် လူမှုရေးကဏ္ဍတို့ကိုလည်း အထောက်အကူပြု
ထို့အပြင် ရေသည် သက်ရှိတို့အတွက် ကဏ္ဍပေါင်းစုံနှင့်ချိတ်ဆက်နေသည်။ လူသားတို့အတွက် သန့်ရှင်းသော သောက်သုံးရေနှင့် မိလ္လာစနစ်ရရှိပါက လူသားတို့၏ ကျန်းမာရေးကဏ္ဍကို တိုးတက်လာစေမည်ဖြစ်သည်။ ကျန်းမာရေးကဏ္ဍတိုးတက်လာသည့်အတွက် စီးပွားရေးနှင့် လူမှုရေးကဏ္ဍတို့ကိုလည်း အထောက်အကူပြုလာနိုင်မည်ဖြစ်သည်။
မြန်မာနိုင်ငံသည် ရေအရင်းအမြစ် ပေါကြွယ်ဝသော နိုင်ငံတစ်နိုင်ငံဟု ဆိုနိုင်သည်။ ပြည်တွင်းတွင် သဘာဝရေသယံဇာတဖြစ်သည့် ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင်ဟူသည့် ရေချို မြစ်ကြီး လေးစင်း၊ ယင်းမှ ခွဲဖြာစီးဆင်းသော မြစ်၊ ချောင်း၊ အင်း၊ အိုင်၊ ဆည်၊ တာတမံနှင့် ရေတွင်း၊ ရေကန်များစွာရှိပြီး ၎င်းတို့အားလုံးသည် မြန်မာ့ရေချိုအရင်းအမြစ်များပင်ဖြစ်သည်။ နိုင်ငံအတွင်း ရေအရင်းအမြစ်ပိုင်ဆိုင်မှုသည် အာဆီယံတွင် အဆင့်(၁)၊ အာရှတွင် အဆင့်(၅)ဟူ၍ သတ်မှတ် ထားကြောင်း သိရသည်။
၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံရှိ အိမ်ထောင်စုအားလုံး၏ ၈၁ ဒသမ ၇ ရာခိုင်နှုန်းသည် အခြေခံ (အနိမ့်ဆုံး) သောက်သုံးရေ ဝန်ဆောင်မှုမှရရှိသော ရေကို အသုံးပြုနေကြရပြီး ၄၁ ဒသမ ၄ ရာခိုင်နှုန်းသည်သာ သန့်ရှင်းပြီး ဘေးကင်းစိတ်ချရသော သောက်သုံးရေဝန်ဆောင်မှုကို အသုံးပြုနေကြောင်း သိရသည်။
မကြာမီတွင် ပူပြင်းခြောက်သွေ့သော နွေရာသီသို့ ရောက်ရှိတော့မည်ဖြစ်ရာ အညာဒေသအပါအဝင် ပူပြင်းခြောက်သွေ့သည့် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများတွင် မိုးရာသီကုန်၍ နွေရာသီသို့ ရောက်လာသည်နှင့် ရေရှားပါးမှုအခက်အခဲကို နှစ်စဉ်ကြုံတွေ့ကြရသည်။ အချို့ဒေသများတွင် နွေရာသီမရောက်ခင် မိုးကုန်ကတည်းက ရေတွင်း၊ ရေကန်များမှ ရေများ ခန်းခြောက်ကာ သန့်ရှင်းသော သောက်သုံးရေကို သုံးစွဲခွင့်မရကြဘဲ နွေခေါင်ခေါင်ကာလတွင်မူ ပရဟိတအဖွဲ့များက လှူဒါန်းမည့် ရေအလှူရှင်များကိုသာ အားကိုးနေကြရသည့် ဒေသများလည်း ရှိသည်။
ရေအလှည့်ကျပေးသည့်စနစ်ဖြင့် သီးနှံများ စိုက်ပျိုးကြရ
အချို့ အပူပိုင်းဒေသများတွင် စိုက်ပျိုးရေးအတွက် ဆည်မြောင်းများမှရေကို အဓိကအားထား၍ လုပ်ကိုင်ကြသော်လည်း ပူပြင်းခြောက်သွေ့၍ ရေပေးဝေမှုအားနည်းချိန်တွင် ရေအလှည့်ကျ ပေးသည့်စနစ်ဖြင့် သီးနှံများ စိုက်ပျိုးကြရသည်။ ရေရရှိမှု နည်းပါးသည့်အခါ စိုက်ပျိုးရေးထွက်ကုန် အားနည်းခြင်း၊ သီးနှံအရည်အသွေးမပြည့်မီခြင်းနှင့် ရောင်းပန်းမလှခြင်းတို့ကြောင့် တောင်သူများ အခက်အခဲများနှင့် ရင်ဆိုင်ကြရလေ့ရှိသည်။ ထို့ပြင် စိုက်ခင်းများ၌ ဓာတ်မြေဩဇာများ အလွန်အကျွံသုံးစွဲခြင်း၊ ပိုးသတ်ဆေးများ အလွန်အကျွံ သုံးစွဲခြင်းတို့ကြောင့် ရေအောက်ရှိ သတ္တဝါများ၊ မြေဆီပေါ်ရှိ သတ္တဝါများ သေကျေပျက်စီးသဖြင့် ဂေဟစနစ်များ ပျက်စီးခြင်း၊ မြေအောက်ရေပျက်စီးခြင်းများသည်လည်း ရေရှားပါးမှုဖြစ်လာရန် အကြောင်းတရား များပင်ဖြစ်သည်။
ယင်းအပြင် နွေရာသီတွင် စိုက်ပျိုးရေးအတွက် အဓိကလိုအပ်သည့် ရေကိုရယူရာတွင် ချောင်းပိတ်၊ မြောင်းပိတ်၊ မြစ်ရေတင်လုပ်ငန်းများဖြင့် ရယူရခြင်းများလည်းရှိရာ အချို့ဒေသများ၌ ရေအရင်းအမြစ်နှင့် ဝေးကွာသဖြင့် ရေအလဟဿပြုန်းတီးမှုများလည်း ဖြစ်ပေါ်နေသည်။ ထို့ကြောင့် စိုက်ပျိုးရေ သုံးစွဲမှုများ စနစ်တကျဖြစ်အောင်၊ မျှတစွာရရှိအောင်၊ လေလွင့်ပြုန်းတီးမှု နည်းပါးစွာဖြင့် အကျိုးရှိစွာ သုံးစွဲနိုင်အောင်၊ ခေတ်မီနည်းစနစ်များအသုံးပြု စိုက်ပျိုးနိုင်အောင် သက်ဆိုင်ရာဌာနများက အသိပညာပေးခြင်း၊ နည်းပညာမျှဝေခြင်းများ ထိရောက်စွာ ပြုလုပ်ကြရန် လိုသလို စိုက်ပျိုးရေးအတွက် မရှိမဖြစ်သော ရေကို စိုက်ပျိုးရေးကပင် မဖြုန်းတီးမိစေရန် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူတိုင်းက သတိချပ်သင့်သည်။
မိုးခေါင်ရေရှားပြဿနာများကို ကြိုတင်ကာကွယ်
ရေဆုံးရှုံးမှု ကာကွယ်နိုင်စေရန်အတွက် Organic Farm များ တည်ထောင်ခြင်း၊ ရေလေလွင့်မှုမရှိအောင် နည်းပညာအသုံးပြုထားသည့် ရေဆိုး ပြန်လည်သုံးစွဲသည့် စနစ်များကျင့်သုံးခြင်း၊ ပိုးသတ်ဆေးနှင့် မြေဩဇာများ မလိုအပ်ဘဲမသုံးစွဲခြင်းစသည့် နည်းလမ်းများဖြင့် ရေအသုံးပြုမှုကို ကန့်သတ်သင့်ကြောင်း ရေပညာရှင်များက ဆိုကြသည်။ ထို့အတူ ရေဝေရေလဲဒေသများကို ထိန်းသိမ်းစောင့် ရှောက်ခြင်း၊ သစ်တောနှင့် သစ်ပင်များကို ခုတ်ထွင်ခြင်းမပြုရန်နှင့် ဂေဟစနစ်များ မပျောက်ပျက် အောင် ထိန်းသိမ်းခြင်းတို့ဖြင့် မိုးခေါင်ရေရှားပြဿနာများကို မကြုံတွေ့စေရန် ကြိုတင်ကာကွယ်ထားသင့်သည်။
ထို့အပြင် မိမိတို့နိုင်ငံတွင် ရေအားကို အဓိကထား၍ လျှပ်စစ်မီးကို ရယူနေကြသည်ဖြစ်ရာ ရေအားလျော့နည်းချိန် နွေရာသီတွင် လျှပ်စစ်လုံလောက်စွာ မထုတ်လုပ်နိုင်။ ထို့ကြောင့် လျှပ်စစ်ထုတ်လုပ်ရာဒေသများရှိ ရေလှောင်ကန်များ၊ ရေပေးဝေရာနေရာများတွင် ရေအဝင်နည်းသည့်အခါ လျှပ်စစ်ထုတ်လုပ်ရာတွင်လည်း အခက်အခဲဖြစ်နိုင်သလို မြို့ပြနေပြည်သူများအဖို့ ရေတင်ရဖို့ အရေးပင် အတော်ပင်အခက်အခဲဖြစ်ကြရသည်။
မြို့ပေါ်ဒေသများအတွက် မိမိတို့အိမ်အရောက် ရေကောင်းရေသန့်များရရှိရေး၊ ကျေးလက်ဒေသများအတွက် စိုက်ကွင်းများအရောက် စိုက်ပျိုးရေရရှိရေးတို့ကို နိုင်ငံတော်က ငွေကြေးအမြောက်အမြား အကုန်အကျခံကာ ဆောင်ရွက်ပေးထားသည်။ မိမိ၏အမှတ်တမဲ့ပေါ့လျော့မှုကြောင့်ဖြစ်စေ၊ အသိပညာနည်းမှုကြောင့်ဖြစ်စေ ရေလေလွင့်ဆုံးရှုံးမှုများဖြစ်ပေါ်တိုင်း ကမ္ဘာပေါ်တွင် လူဦးရေများစွာ မိမိတို့ကဲ့သို့ ရေသုံးစွဲခွင့်မရခြင်းကိုလည်းကောင်း၊ သန့်ရှင်းသော သောက်သုံးရေမရရှိသဖြင့် ဝမ်းရောဂါများဖြင့် နှစ်စဉ်ကလေးငယ်များ သေဆုံးနေရမှုကိုလည်းကောင်း အမှတ်ရမြင်ယောင်ကာ ရေကို ချွေတာသုံးစွဲသင့်ပါသည်။
ရေချွေတာရေး နည်းလမ်းများစွာရှိသည့်အနက် လူတစ်ဦးချင်းစီမှစတင်ကာ လွယ်လင့်တကူ လိုက်နာနိုင်မည့် နည်းလမ်းများဖြင့် လူတိုင်းလူတိုင်း ရေကိုချွေတာသုံးစွဲမည်ဆိုလျှင် ရေသယံဇာတ ထိန်းသိမ်းရာလည်းရောက်သလို ရေရှားပါးသော ဒေသမှပြည်သူများကိုလည်း ကူညီရာရောက်မည်ဖြစ်ပါသည်။ ရေကို အောက်ပါနည်းလမ်းများအတိုင်း ခြိုးခြံချွေတာသင့်ပါသည်-
(၁) သွားတိုက်နေစဉ် သို့မဟုတ် ခေါင်းလျှော်နေစဉ် ရေပိုက်ခေါင်းများကို ပိတ်ထားခြင်း၊
(၂)ရေပိုက်ခေါင်းများကို မလိုအပ်လျှင် ပိတ်ထားခြင်း၊
(၃) နေအိမ်တွင် ရေစိမ့်/ယိုနေသော ရေပိုက်ခေါင်းများကို ပြုပြင်ထားခြင်း၊
(၄) ရေချိုးခန်းတွင် ရေပန်းခေါင်းကို လိုသလောက်သာ ဖွင့်ခြင်း၊
(၅) ရေကို ခွက်သေးသေးဖြင့်သာချိုးခြင်း၊
(၆) မိုးရေကို စုဆောင်းထားခြင်း၊
(၇) ဘုရားပန်းအိုးရေ၊ ဆန်ဆေးရေစသည့်စွန့်ပစ်ရေများကို အပင်ရေလောင်းခြင်းစသည့် ပြန်လည်အသုံးပြုနိုင်သည့်နေရာများတွင် အသုံးပြုခြင်းဖြင့် နွေရာသီ၌ ရေကို ချွေတာနိုင်ပါသည်။
ရေအရင်းအမြစ်ရှားပါးသည့် နွေရာသီတွင် စိုက်ပျိုးရေးအတွက် ရေမလုံလောက်မှုများ မဖြစ်ပေါ်စေရန် အစက်ချရေသွင်းစနစ်အသုံးပြုခြင်း၊ အချိန်ကိုက်ရေသွင်းစနစ်များ အသုံးပြုခြင်း၊ ရေငတ်ဒဏ်ခံနိုင်သောအပင်များ ရွေးချယ်စိုက်ပျိုးခြင်း၊ အခြောက်စိုက်ပျိုးခြင်းနည်းလမ်းများ၊ သဘာဝမြေဩဇာများအသုံးပြုခြင်း၊ အော်ဂဲနစ်သီးနှံများ စိုက်ပျိုးခြင်းနှင့် ရေသိုလှောင်ကန်များထားရှိခြင်းတို့ကို ဆောင်ရွက်သင့်ပါသည်။
ထို့အပြင် တစ်ဦးချင်းမဟုတ်သည့် အစိုးရဌာနဆိုင်ရာများ၊ စာသင်ကျောင်းများ၊ စက်ရုံ၊ အလုပ်ရုံများတွင်လည်း ရေသုံးစွဲမှုလျော့နည်းကာ အလေအလွင့်မရှိစေရေးအတွက် ဌာနဆိုင်ရာအလိုက် အသိပညာများဖြန့်ဝေခြင်း၊ စောင့်ကြည့်အကဲဖြတ်ခြင်းတို့ဖြင့် ရေအရင်းအမြစ်များ မဆုံးရှုံးစေရန် ကာကွယ်ထိန်းသိမ်းရန် လိုအပ်ပါသည်။ ကမ္ဘာပေါ်တွင် လူတိုင်းရေချိုးသည့်အခါ အလေအလွင့်မရှိစေရေး ထိန်းသိမ်းလုပ်ဆောင်ပါက တစ်မိနစ်လျှင် ရေဂါလန် သန်း ၅၀၀ သက်သာစေသည်ဟု ကျွမ်းကျင်သူများက ဆိုကြသည်။
နိုင်ငံတော်အနေဖြင့် ရေရှားပါးသည့် ဒေသများတွင် သောက်သုံးရေအတွက် စိမ့်စမ်းရေသွယ်တန်းပေးခြင်း၊ အဝီစိတွင်းများတူးဖော်ပေးခြင်း၊ ဆည်တာတမံများဆောက်လုပ်၍ ထိန်းသိမ်းပေးခြင်း၊ မြစ်ရေတင်စီမံကိန်းများ ဖော်ဆောင်ပေးခြင်း၊ မြေအောက်ရေထိန်းတာတမံများ ဆောက်လုပ်ပေးခြင်း၊ ရေအရင်းအမြစ် စီမံခန့်ခွဲရေးလုပ်ငန်းများအပါအဝင် ရေဝေရေလဲဒေသများထိန်းသိမ်းရေး၊ ရေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး၊ မြစ်ချောင်းအင်းအိုင်ကန်များစသည့် ရေအရင်းအမြစ်များ ကာကွယ် ထိန်းသိမ်းရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနများက နည်းလမ်းမျိုးစုံဖြင့် စီစဉ်ဆောင်ရွက်ပေးလျက် ရှိနေသည်။
ထို့အပြင် ရာသီဥတုပြောင်းလဲမှု၏သက်ရောက်မှုများနှင့် ရေဆိုင်ရာအခက်အခဲပြဿနာများကို ဖြေရှင်းနိုင်ရန် အမျိုးသားအဆင့်ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ရာသီဥတုပြောင်းလဲရေးဗဟိုကော်မတီ၊ အမျိုးသားအဆင့်ရေအရင်းအမြစ်ကော်မတီ၊ အမျိုးသားသဘာဝဘေးစီမံခန့်ခွဲမှုကော်မတီတို့ကို စနစ်တကျဖွဲ့စည်းထားပြီး သက်ဆိုင်ရာဝန်ကြီးဌာနအဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ရေသယံဇာတထိန်းသိမ်းရေးလုပ်ငန်းများကို နိုင်ငံတော်က အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိနေပါသည်။
မြန်မာတို့၏ ရိုးရာစကားပုံတွင် “ရွှေကိုမလို ရေကိုသာလိုသည်”ဟု ဆိုရိုးတစ်ခုရှိသည်။ မိုးခေါင်ရေရှားအရပ်ဒေသရှိ ကျေးလက်ဒေသမှ ပြည်သူများအတွက်မူ အဖိုးတန်ရွှေကို မလိုအပ်ဘဲ ရွှေထက်တန်ဖိုးကြီးသည့် ရေသယံဇာတကိုသာ လိုချင်ကြောင်း ညွှန်းဆိုထားခြင်းဖြစ်သည်။ ယနေ့ခေတ်တွင် ငွေရှိလျှင်တောင်မှ ပူပြင်းသည့်နွေရာသီ၌ ရေကို ငွေပေးဝယ်၍မရနိုင်သော ဒေသများလည်း ရှိနေသည်။ ထို့ကြောင့် ပြည်သူတိုင်း သန့်ရှင်းသောရေ သုံးစွဲနိုင်ရေး ငွေကြေးအမြောက်အမြား အကုန်အကျခံကာ တတ်နိုင်သမျှ ဆောင်ရွက်ပေးလျက်ရှိသလို ပြည်သူတစ်ဦးချင်းစီတိုင်းကလည်း ရှိရင်းစွဲ ရေသယံဇာတများကို ခြိုးခြံချွေတာသုံးစွဲခြင်းဖြင့် ရေသယံဇာတကို ပူးပေါင်းပါဝင်ထိန်းသိမ်းရာရောက်သလို မိမိတို့အတွက် အရေးပါလွန်းလှသည့်ရေကို မိမိမှစ မိသားစု၊ အဖွဲ့အစည်း၊ ရပ်ရွာ/မြို့နယ်အလိုက် ထိန်းသိမ်းချွေတာသင့်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ။