စိတ်ချမြန်ဆန် မီတာဘေလ်ဆောင်ရန်
မောင်မောင်(လျှပ်စစ်)
၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလဆန်းပိုင်းတွင် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေး ရှင်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရပါသည်။ မန္တလေးတွင်ရှိစဉ် မန္တလေးလျှပ်စစ်ဓာတ်အား ပေးရေးကော်ပိုရေးရှင်းအနေဖြင့် Online အသုံးပြု မီတာခဆောင်သည့် အခြေအနေများကို ပြည်သူများသိရှိစေရန် ရေးသားခဲ့ဖူးသော်လည်း ယခုအခါရန်ကုန်သို့ ပြောင်းရွှေ့ရောက်ရှိလာပြီဖြစ်၍ ရန်ကုန်မြို့မှ Online အသုံးပြုမီတာခဆောင်သည့် အခြေအနေများကို ထပ်မံတင်ပြရန်လိုအပ်လာပြီဟု ယူဆပါသဖြင့် ရန်ကုန်မြို့တွင် Online မှ ဓာတ်အားခပေးဆောင်မှုအခြေအနေများကို ထပ်မံရေးသားတင်ပြရခြင်း ဖြစ်ပါသည်။
ရန်ကုန်မှာက နယ်တွေမှာလိုမဟုတ်ပါ။ မီတာခဆောင်ရန် အခက်အခဲအနည်းနှင့်အများ ရှိကြပါသည်။ အိမ်ထောင်စုတိုင်း အလုပ်တာဝန်များဖြင့် မအားလပ်ကြသည်ကများ၍ ရုံးသို့ မီတာခဆောင်ရန်မှာ အခက်အခဲကိုယ်စီရှိကြသည်ကများသည်။ လူကြုံဖြင့်ဆောင်ခိုင်းရန်မှာလည်း ငွေမသွင်းဘဲအလွဲသုံးစားဖြစ်မှာ စိုးရိမ်ရသည်။ လွယ်လွယ်နှင့်အလွဲသုံးစားမပြုနိုင်အောင် ရန်ကုန်နှင့်မန္တလေး လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းများတွင် ဌာနမှကွန်ပျူတာဘေလ်များ ပြောင်းလဲသုံးစွဲခဲ့ပြီးဖြစ်သည်။ ကွန်ပျူတာဘေလ်ပေါ်တွင်ကွန်ပျူတာဖြင့် ပုံနှိပ်ထားသော စက်ဖတ်ချက်ပါရှိမှသာ ငွေသွင်းခြင်းသည် တရားဝင်ဖြစ်ပါသည်။ မီတာပြေစာပေါ်တွင် လူကြုံဖြင့်ပေးဆောင်ခြင်းမပြုရန် နှင့်အလွဲသုံးစားကိစ္စများဖြစ်ပေါ်ပါက ကာယကံရှင်တာဝန်သာဖြစ်ကြောင်းနှင့်ဆောင်ပြီး မီတာဘေလ်များတွင် စက်ဖတ်ချက်ပါရှိခြင်း ရှိ/မရှိ စစ်ဆေးလက်ခံကြရန် စသည်ဖြင့် သေချာစွာရေးသား အသိပေးထားပြီးဖြစ်သော်လည်း ပြည်သူများဘက်ကလည်း သတိပြုကြရန်နှင့် လိုက်နာကြရန်လိုအပ်ပါသည်။
မီတာဘေလ်ဆောင်ရန် လွယ်ကူသောနည်းလမ်းတစ်ခုရှိ
ထိုသို့ မီတာဘေလ်ဆောင်ရန် အခက်အခဲများကို လွယ်ကူစွာဖြေရှင်းနိုင်သော နည်းလမ်းတစ်ခုရှိပြီး အလွန်စိတ်ချရသော နည်းလမ်းလည်း ဖြစ်ပါသည်။ မည်သူ့ကိုမှ အားကိုးရန်မလိုပါ၊ မိမိဘာသာအားကိုးလို့ရသည်။ မီတာဘေလ်ဆောင်ဖို့ ရုံးသို့သွားရန်မလို၊ စက်ဖတ်ချက်အား စစ်ရန်လည်းမလို၊ စာရွက်လည်းသိမ်းထားရန် မလိုသောနည်းဖြစ်၍ အလွန်အဆင်ပြေသော နည်းလမ်းဖြစ်သော်လည်း မီးသုံးစွဲသူပြည်သူများအနေဖြင့် ယနေ့အချိန်အထိ အသုံးပြုသူရာခိုင်နှုန်းနည်းပါးလွန်းနေပါသည်။
မိုဘိုင်းဖုန်းဖြင့် မီတာခကို တွက်ချက်ကြည့်နိုင်
အဆိုပါနည်းလမ်းမှာ Online မှ မီတာဘေလ်ဆောင်သော နည်းလမ်းဖြစ်သည်။ မီတာခတွက်ဖို့လည်း ယခုခေတ်တွင် Software များစွာ၊ Appli-cation များစွာရှိ၍ မိမိတို့အသုံးပြုသော မိုဘိုင်းဖုန်း များဖြင့်ပင် တွက်ချက်ကြည့်နိုင်ပါသည်။ မိမိတို့ ဖုန်းတွင်အသုံးပြုသော Mobile Banking စနစ်ကို လိုက်၍ Pay အမျိုးအစားအမျိုးမျိုးတွင် Electricity Bill ဟု ရိုက်၍ရှာပြီး မိမိဓာတ်အားခပြေစာပေါ်ရှိ Bar code တွင်ပါရှိသည့် ဂဏန်းနံပါတ်အားရိုက်ထည့်ပြီး ကျသင့်သည့်မီတာခကို အလွယ်တကူပေးဆောင်နိုင်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းတွင် Online မှ ဓာတ်အားခပေးဆောင်နိုင်သော Application များမှာ ယခုအခါ ၁၈ ခုအထိရှိလာခဲ့ပြီဖြစ်သည်။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းလက်အောက်ရှိ မြို့နယ်များအလိုက် အသုံးပြုနိုင်သည့်နှစ်သက်ရာ Pay အမျိုးအစားကိုရွေးချယ်၍ အသုံးပြုနိုင်ပါသည်။ ရန်ကုန်လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းနှင့် စာချုပ်ချုပ်ဆို ပြီးဖြစ်၍ Online မှ ဓာတ်အားခပေးဆောင်နိုင်သော
Application များမှာ-
(၁) ကမ္ဘောဇဘဏ် (KBZ) မှ K pay Appli-cation
(၂) မြန်မာ့ရှေ့ဆောင်ဘဏ်(MAB) မှ MAB Mobile Banking Application
(၃) သမဝါယမဘဏ်(CB) မှ CB pay Appli-cation
(၄) ယူအေဘီဘဏ် (uab) မှ UAB pay Application
(၅) ဧရာဝတီဘဏ် (AYA) မှ AYA pay Appli-cation
(၆) မြန်မာ့အရှေ့တိုင်းဘဏ် (MOB) မှ MOB Mobile Banking Application
(၇) ထွန်းကော်မာရှယ်ဘဏ်မှ TCB Mobile Banking Application
(၈) ဧရာဝတီ တောင်သူလယ်သမားများ ဖွံ့ဖြိုးရေးဘဏ်လီမိတက် (A Bank) မှ A B Mobile Banking Application
(၉) Myanmar Citizens Bank မှ Citizens pay Application
(၁၀) ရွှေကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက် ရေးဘဏ် (Shwe Bank) မှ SB Mobile Banking Application
(၁၁) ရိုးမဘဏ်လီမိတက်မှ YOMA Bank Mobile Banking Application
(၁၂) အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်လီမိ တက် (AGD)မှ One pay Application
(၁၃) မြန်မာ့ခရီးသွားဘဏ်လီမိတက်ဘဏ် (MTB Bank) မှ MTB Mobile Banking Application
(၁၄) Internet Wallet Myanmar Ltd (OKS) မှ OK$ Application
(၁၅) Myanmar Mobile Money (MMM)မှ Easy pay Application
(၁၆) Mytel Wallet International Myan-mar CO.,Ltd မှ Mytel pay Appli-cation
(၁၇) Ooredoo Myanmar Fintech Limited မှ M-pitesan Application
(၁၈) Digital Money Myanmar Ltd မှ Wave pay Application တို့ ဖြစ်ကြပါသည်။
(၂/၂၀၂၄) လအထိ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၏ Mobile Banking မှ တစ်ဆင့် Online Pay ဖြင့် မီတာဘေလ် ပေးဆောင် နိုင်သော Pay စနစ် ၁၈ ခုအထိ ရှိလာပြီဖြစ်၍ ပေးဆောင်သူ စုစုပေါင်း ၄၆၀၃၅၆ ဦးအထိ ရှိလာ နေပြီဖြစ်ပါသည်။ ထိုသို့သောပမာဏမှာ ရန်ကုန် တိုင်းဒေသကြီး၏ လက်ရှိ မီးသုံးသူဦးရေ ၁၆၅၃၃၈၆ ဦးနှင့် နှိုင်းယှဉ်မည်ဆိုပါက ၂၇ ဒသမ ၈၄ ရာခိုင် နှုန်းသာရှိသေးသဖြင့် ရာခိုင်နှုန်းများစွာ နည်းနေသေးရာ Pay စနစ်များ အသုံးပြု၍ Online မှ ပေးဆောင်ကြပါဟု အလေးအနက် တိုက်တွန်းလိုပါ သည်။ ရုံးသို့သွားရမည့်စရိတ်၊ တန်းစီရမည့်ဒုက္ခနှင့် အလုပ်အကိုင်ပျက်ခြင်းတို့မှကင်းဝေး၍ မိနစ်ပိုင်းအတွင်း လွယ်ကူလျင်မြန်စွာ လုံခြုံစိတ်ချစွာ ဖြင့် ပေးဆောင်နိုင်သဖြင့် Online စနစ်ဖြင့် ဓာတ်အားပေးဆောင် သွားကြစေလိုပါသည်။
ဖုန်းဆိုင်၊ စတိုးဆိုင်များမှတစ်ဆင့် ပေးဆောင်နိုင်
Google Play Store တွင် Application မျိုးစုံကို ရှာဖွေခြင်းဖြင့် လည်းကောင်း၊ သက်ဆိုင်ရာဘဏ် (သို့မဟုတ်)လုပ်ငန်း၏ အကူအညီကိုရယူ၍ Down-load လုပ်နိုင်ပြီး အသုံးပြုပုံကို မလုပ်တတ်သေး ပါကလည်း သက်ဆိုင်ရာ မြို့နယ်လျှပ်စစ်ရုံးသို့ ဖြစ် စေ၊ Mobile Banking (သို့မဟုတ်) Pay ဆောင်ရွက်သည့် ကုမ္ပဏီကိုဖြစ်စေ တစ်ကြိမ်ဆက်သွယ်ပြီး အသုံးပြုကြမည်ဆိုလျှင် ပြည်သူများအတွက်ရော ဌာနအတွက်ပါ အကျိုးရှိလာနိုင်စေမည့် နည်းလမ်းတစ်ခုဖြစ်ပါသည်။ ထို့ပြင် မိမိတို့အနီးအနား ပတ်ဝန်းကျင်ရှိ Mobile Banking (သို့မဟုတ်) Pay တစ်ခုခုကိုအသုံးပြု၍ ဝန်ဆောင်ခရယူပြီး မီတာဘေလ်ဆောင်ပေးသူများ (ဖုန်းဆိုင်များ၊ စတိုးဆိုင်များစသည့်) မှလည်း တစ်ဆင့်ပေးဆောင်နိုင်သည်။
ဌာနအနေဖြင့် ယခင်ကဝန်ဆောင်ခသတ်မှတ်ရယူ၍ ရပ်ကွက်များအတွင်း အိမ်တိုင်ရာရောက် ငွေကောက်ခံမှုများ ဆောင်ရွက်ပေးခဲ့သော်လည်း ယခုအခါ Mobile Banking (သို့မဟုတ်) Pay များကို ဖုန်းဖြင့်တွင်ကျယ်စွာ အသုံးပြုလာကြပြီဖြစ်၍ ဝန်ဆောင်ခယူ၍ မော်တော်ယာဉ်ဖြင့် မီတာဘေလ် ကောက်ခံသောစနစ်ကို ဖျက်သိမ်းခဲ့ပြီး ဖြစ်ပါသည်။ Online မှ မီတာဘေလ်ဆောင်ရာတွင် သတိပြုရမည့်အချက်မှာ ကြွေးကျန်မရှိရန်လိုအပ်ပြီး လစဉ်(၁၃၊၁၄၊၁၅)ရက်နေ့များတွင် Mobile Ban-king (သို့မဟုတ်) Pay များပေါ်တွင် မီတာဘေလ်များ ရောက်ရှိပြီဖြစ်ပါသဖြင့် အဆိုပါရက်များမှစ၍ Last Date မတိုင်မီ တစ်ရက်အထိ ပေးဆောင်သွားနိုင်ပြီး ကျော်လွန်ခဲ့ပါက ရက်လွန်ဒဏ်ကြေးပေးဆောင် သွားရမည်ဖြစ်ပါသည်။ ဌာနတာဝန်မှာ လျှပ်စစ်ဓာတ်အားအပြည့်အဝပေးနိုင်ရေး ဖြစ်သကဲ့သို့ လျှပ်စစ်မီးသုံးစွဲသော ပြည်သူများကလည်း နိုင်ငံကြီးသားပီသစွာ မိမိတို့သုံးစွဲသော ဓာတ်အားခများကို မှန်မှန်ကန်ကန်ပေးချေသွားရန်လိုအပ်ပြီး အချိန်ကုန်လူပန်းမဖြစ်စေနိုင်သော Online မှ ပေးဆောင်ခြင်းကို စိတ်ချယုံကြည်ရမှု ရာနှုန်းပြည့်ရှိသဖြင့် ရွေးချယ်အသုံးပြုသင့်ကြပါသည်။
အချုပ်အားဖြင့် တင်ပြလိုသည်မှာ မိမိတို့ပေးဆောင်လိုသော Mobile Banking စနစ် တစ်မျိုးမျိုးတွင် မီတာစာရွက်ပေါ်ရှိ Bar code နံပါတ်များ မှန်မှန်ကန်ကန် ဖြည့်သွင်း၍ ကိုယ်တိုင် ပေးဆောင်ခြင်းဖြင့်ဖြစ်စေ၊ နီးစပ်ရာဝန်ဆောင်ပေးသူများ အကူအညီရယူ၍ဖြစ်စေ Online မှ ဓာတ်အားခပေးဆောင်ခြင်းဖြင့် လျင်မြန်၍ လုံခြုံပြီးစိတ်ချရသဖြင့် မဖြစ်မနေကူးပြောင်းဆောင်ရွက်ကြရန် ထပ်မံတိုက်တွန်းတင်ပြလိုပါသည်။ မဝေးလှသောကာလတွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းအနေဖြင့် အောင်ဘာလေထီ ကဲ့သို့မျိုး Mebill ဟုခေါ်သော မိုဘိုင်းဖုန်းဖြင့်ကျသင့်ဘေလ်ကို တိုက်ရိုက်ဖတ်ရှုသိရှိနိုင်မည့် Application မှတစ်ဆင့် သက်ဆိုင်ရာပေးဆောင်လိုသည့် Mobile Banking (သို့မဟုတ်) Pay သို့ တိုက်ရိုက်ပေးသွင်း ဆောင်ရွက်သွားနိုင်ရန် ကြိုးပမ်းလျက်ရှိရာ Online မှ မီတာဘေလ်ဆောင်ခဲ့သည့်စနစ်သို့ ကူးပြောင်းသုံးစွဲပေးကြပါရန် အလေးအနက် တိုက်တွန်းရေးသား တင်ပြလိုက်ရပါသည်။ ။