Skip to main content

အပြောင်းအလဲမြန်လာတဲ့ ကမ္ဘာကြီးမှာ စစ်ကိုပြင်ထားမှ တော်ကာကျမယ်

မြင့်မြတ်

အနိဋ္ဌာရုံများနှင့် ကမ္ဘာကြီးကား ငြိမ်းချမ်းသည်ဟူ၍ မရှိ။

ယနေ့ကမ္ဘာကြီးမှာ တစ်နေရာမှတစ်နေရာ စစ်ခင်းရတာ လွယ်ကူလာနေသည်။ တစ်နှစ်ပြီး တစ်နှစ်နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအခြေအနေများက ပို၍ဆိုးလာနေသည်။ ကမ္ဘာကြီးကို လွှမ်းမိုးလိုသည့် နယ်မြေလုပွဲတွေ၊ အခင်းအကျင်းအသစ်တွေနှင့် အပြောင်းအလဲများက မြန်ဆန်လာနေသည်။

ယနေ့ခေတ်ဒီမိုကရေစီအမည်ခံ ရွေးကောက်ပွဲအများစုက နေရာလုပွဲများသာ ဖြစ်လာနေသည်၊၊ အကျိုးစီးပွားအတွက်ဆို ဘာမဆိုလုပ်သည့်ခေတ်။ ကိုယ့်နိုင်ငံ၊ ကိုယ့်ဒေသ၊ ကိုယ့်လူမျိုးမချန် ချနင်းကြသည့် ခေတ်။ ကုလသမဂ္ဂလည်းမတတ်နိုင်။ UNSC ဆိုတာလည်း မြောင်းထဲမှာ။ ခွင့်မပြုလည်း ကြီးနိုင်ငယ်ညှဉ်း ဝင်တိုက်နေသည့်ခေတ်၊ ကိုယ်ကျိုးစီးပွားသာ ပထမဖြစ်လာနေကြပြီ။ ကမ္ဘာကြီးကိုစိုးမိုးဖို့၊ ဒေသတွင်း လွှမ်းမိုးနိုင်ရေးသည်သာ အဓိကဖြစ်လာကြပြီ။ ဆိုးရွားလွန်းသည့် ကမ္ဘာ့ကပ်ဘေးနှင့်အတူ ထပ်ဆင့်ပဋိပက္ခများနောက်မှာ လူသန်းပေါင်းများစွာ၏ အငတ်ဘေး၊ စစ်ဘေး၊ သဘာဝဘေးအကျပ်အတည်းများက ကပ်ပါလာသည်။ နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်းကို စစ်ရေးနည်းဖြင့် အဖြေရှာလာပြီး အကြမ်းဖက်ခြင်းက ထွက်ပေါက်တစ်ခုအဖြစ် အနိဋ္ဌာရုံ အားလုံး၏ အမြစ်သဖွယ်ဖြစ်လာနေသည်။

စစ်ခေါ်သူတွေကြောင့် စစ်ပြင်နေကြရပြီ

အင်အားကြီးလာလျှင် အားနည်းသည့် တိုင်းပြည်ကိုဖျက်ဆီးဖို့ ဝန်မလေးသည့် ခေတ်ရောက်လာပြီ။ စစ်ခေါ်သူတွေကြောင့် စစ်ကလက်တစ်ကမ်းမှာ။ နိုင်ငံရေး၊ စီးပွားရေး ချွတ်ခြုံကျမှုကို စစ်ရေးဖြင့် ခေါင်းလွှဲချင်သည့် တချို့ခေါင်းဆောင်တွေကြောင့် အပျက်အပျက်နှင့် နှာခေါင်းသွေးထွက် ရမည့်အဖြစ်ကို ဆိုက်နေသည့်ကမ္ဘာကြီး။ ယနေ့အချိန်မှာ ဒီမိုကရေစီတို့၊ လစ်ဘရယ်တို့၊ အာဏာရှင် တို့ဆိုသည့်ခေတ်က နောက်ရောက်သွားပါပြီ။ အားလုံးက ကိုယ့်အကျိုး၊ ကိုယ့်လူမျိုးအကျိုးစီးပွား သက်သက်သာဖြစ်လာသည်။ နယ်မြေစိုးမိုးနိုင်ရေးရသမျှနယ်မြေသိမ်းနိုင်ဖို့က အဓိကဖြစ်လာသည်။ စနစ်ကအရေးမကြီး၊ ဘာသာရေးက အရေးမကြီးတော့။ အမြဲတမ်းရန်သူ အမြဲတမ်း မိတ်ဆွေဟူသည် မရှိဖြစ်ကုန်ကြပြီ၊၊

အကျိုးစီးပွားချင်းတူလျှင် ကွန်မြူနစ်ကလည်း ဒီမိုကရေစီနှင့် ပေါင်းချင်ပေါင်းမည်၊ ပုလင်းတူဘူးဆို့ အကုန်ပေါင်းသည်။ တိုက်ဆိုင်တာလည်းဖြစ်မည်၊ တမင်ရည်ရွယ်ချက်ရှိရှိ လုပ်တာလည်း ဖြစ်နိုင်သည်။ အုပ်စုဖွဲ့၍ ဒေသတွင်းစစ်အုပ်စုအသစ်တွေ ထွက်ပေါ်လာသည်။ ဘာကြောင့် ဆီးရီးယားပြည်တွင်းစစ် ကြာရှည်နေရသနည်း။ ယူကရိန်းပြဿနာနှင့် ဂါဇာစစ်ပွဲများ ကြာရှည်သွားနိုင်သည့် အခြေအနေတွေကို မြင်နေရသည်။ အဓိကက ပြည်သူတွေ သတိထားဖို့ပါ။ ဒီအချိန်မှာ အားလုံးက စစ်ပြင်နေကြပြီဖြစ်ပြီး ယောက်ျား၊ မိန်းမ လူကြီးလူငယ်မရွေး၊ ကျောင်းသား၊ အလုပ်သမားအားလပ်ချိန်မှာ အားလုံးစစ်လေ့ကျင့် ရမယ့်အချိန်ရောက်လာပြီလို့ တစ်စုံတစ်ယောက်က ပြောလာခဲ့လျှင် ဒီလိုအချိန် ဒီလိုအခြေအနေမှာ လွန်အံ့မထင်ပါ။

ရုရှား- ယူကရိန်း မီးပွားတစ်စ

လက်ရှိရုရှား- ယူကရိန်းစစ်က မပြီးသေး။ ပြည်တွင်းနိုင်ငံရေးမှာ ဇောကပ်နေသော ဇာလန်စကီးနှင့် သူ့အတ္တက စစ်ကိုမပြီးဆုံးအောင်လုပ်သလို ဖြစ်နေသည်။ စစ်ကိုရပ်ချင်ပုံမရ။ ငြိမ်းချမ်းရေး ယူချင်ပုံမရသည့် သူ့အဇ္ဈတ္တသဏ္ဌာန်ကို ရုရှားပိုင်နက်ထဲ ဒုံးကျည်များဖြင့် မကြာခဏပစ်ခတ်ခြင်းက ပြသနေသည်။ ယခုလောလောဆယ်မှာတင် ရုရှားထိန်းချုပ်ထားသည့် Zaporizazhia နျူကလီးယား ဓာတ်ပေါင်းဖိုကို ဒုံးကျည်ဖြင့် သုံးကြိမ်ပစ်ခတ်လိုက်တဲ့အတွက် လူသုံးယောက် သေဆုံးသွားခဲ့ရပါပြီ။

နျူကလီးယားစက်ရုံဖြစ်သည့် နိုင်ငံခြားတိုင်းပြည်တစ်ခု၏ Infrastructure ကို တိုက်ခိုက် တာလောက် မိုက်မဲမှုမျိုးတော်ရုံတန်ရုံ ခေါင်းဆောင်က စဉ်းစားမည်မဟုတ်ပါ။ ရေဒီယိုသတ္တိကြွယိုစိမ့်မှုနှင့် အဏုမြူရောင်ခြည်သင့်နိုင်သည့် အန္တရာယ်ကို IAEA ကပင် ထုတ်ဖော်သတိပေးခဲ့ရသည့် အခြေအနေသည် အလွန်သတိထားရမည့် ကိစ္စရပ်ဖြစ်လာခဲ့ပါပြီ။ ရုရှား- ယူကရိန်းပဋိပက္ခကြောင့်ပဲ အမေရိကန်နှင့်ရုရှား၊ အနောက်အုပ်စုနှင့် ရုရှားဆက်ဆံရေးများမှာ အလွန့်အလွန် အဆိုးရွားဆုံး အနေအထားသို့ ရောက်ရှိနေရသည်။ ဒီအခြေအနေက ကမ္ဘာကြီးအတွက်တော့ ကောင်းမယ့်အလားအလာတွေ တစ်ခုမှမဟုတ်ပါ။ ဇာလန်စကီးနှင့် အနောက်အုပ်စု ပယောဂကြောင့် ရုရှားဆင်နွှဲနေသော လက်ရှိကန့်သတ်စစ်မှသည် အကန့်အသတ်မဲ့စစ်ပွဲကြီးအထိ ဦးတည်သွားနိုင်သည်ကို သတိပြုစေချင်သည်။

တစ်ကမ္ဘာလုံး ပဋိပက္ခအပြည့်နှင့် လုံးထွေးနေချိန်မှာ ငါတို့ငြိမ်းချမ်းမှုကို အန္တရာယ်အရှိဆုံး Seriously ill condition အနေအထားတစ်ရပ် ရောက်အောင် တွန်းပို့နေတာ ဘယ်သူတွေလဲ။ မြင်အောင်ကြည့်စေချင်သည်။ ရုရှားနိုင်ငံမော်စကိုမြို့က Crocus City Hall ဂီတကပွဲရုံကို ISIS အမည်ခံ အကြမ်းဖက်တွေတိုက်ခိုက်ခဲ့ကြလို့ ပြည်သူ ၁၄၅ ဦး သေဆုံးခဲ့ရသည့်ဖြစ်စဉ်က ပူပူနွေးနွေးရှိဦးမှာပါ။ ဒီလိုအချိန်မှာ ဒီလိုပြဿနာမျိုး ဖန်တီးသင့်ပါသလား။ ရုရှားက စုံစမ်းစစ်ဆေးမှုတွေအရ ယူကရိန်းလက်ချက် မကင်းသောအထောက်အထားတွေ တစ်ရစ်ချင်း ပေါ်ထွက်လာနေရာမှာ CIA , NATO နဲ့ ယူကရိန်း ထောက်လှမ်းရေးတို့ ပါဝင်ထောက်ပံ့မှုတွေကိုသာ သက်သေပြနိုင်ခဲ့လျှင် ကမ္ဘာကြီးအတွက် အခြေ အနေက လုံးဝမကောင်းနိုင်တာ တွေ့ရပါသည်။

ခပ်စိပ်စိပ်ဖြစ်လာသည့် မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ

တစ်ဖက်နှင့် တစ်ဖက်နယ်မြေချဲ့ထွင်မှုကို အကြောင်းပြ အုပ်စုအသစ်ဖွဲ့ခြင်း၊ ဖွဲ့ပြီးအုပ်စုကို ချဲ့ထွင်ခြင်းများပြုလာကြသည်။ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်မှာ အပြောင်းအလဲများရှိလာ ရာ တချို့က စစ်တိုက်ဖို့အတွက် အဖျက်သဘောဖြစ်ပြီး တချို့က ငြိမ်းချမ်းရေးအတွက် အပြုသဘော အဖြစ်မြင်လို့ရသည်။ ဩစတေးလျ - အမေရိကန်- ယူကေ သုံးပွင့်ဆိုင် AUKUS လုံခြုံရေး မဟာမိတ် အဖွဲ့မှာ ဂျပန်ကိုပါထည့်သွင်းဖို့ ကြိုးစားလာခြင်း၊ အိန္ဒိယကို အမေရိကန်နှင့် ဗြိတိန်တို့က ပိုမိုအားကိုး လာပြီး အာရေဗျပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော် ကို စိုးမိုးနိုင်ဖို့ စစ်ရေးပူးပေါင်းလေ့ကျင့်မှုများ ပြုလုပ် လာခြင်းက အင်အားကြီးထွားလာသောတရုတ်ကို အန်တုရန်ဟု ဆိုသည်။

AUKUS လိုပဲ စစ်ရေးအပါအဝင် မဟာဗျူဟာမြောက်ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ခြင်းများသည် ကမ္ဘာအနှံ့ဖြစ်လာနိုင်သည်။ လောလောဆယ်မှာကို ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် တရုတ်ခေါင်းဆောင်တို့ show of support အနေဖြင့် ဘေဂျင်းမှာ ဧပြီလ ၉ ရက်မှာ တွေ့ခဲ့ကြခြင်းသည်တစ်ဖက်မှာ ဂျပန်ဝန်ကြီးချုပ် ဝါရှင်တန်သို့သွားရောက်သည့် ခရီးစဉ်နှင့်လည်း တိုက်ဆိုင်နေသည်ကို သတိထားမိသည်။

အီရန်-အစ္စရေး စစ်ပြင်လာမှု

ထိုနည်းတူ နျူကလီးယားလက်နက်ပိုင်ရှင် အီရန်နှင့်အစ္စရေးတို့စစ်ဖြစ်ဖို့ကလည်း နီးလာတာ တွေ့ရသည်။ ယခင်လများကတည်းက ခန့်မှန်းထားသည့် ခန့်မှန်းချက်က လတ်တလော အခြေအနေများနှင့် ပိုပြီးနီးစပ်မှုရှိလာသည့် သဘောပါပဲ။ ဂါဇာစစ်က မပြီးဆုံးနိုင်သေး၊ ဆီရီးယားနိုင်ငံ ဒမတ်စကတ်မှာရှိသည့် အီရန်ကောင်စစ်ဝန်ရုံးကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်လိုက်တာကြောင့် အီရန်တော်လှန်ရေးအစောင့်တပ် ဗိုလ်ချုပ်ကြီးအပါအဝင် အရာရှိကြီးခုနစ်ဦး သေဆုံးသွားခဲ့သည့်ဖြစ်စဉ်နှင့်အတူအစ္စရေးကို လက်စားချေတုံ့ပြန်ဖို့ အီရန်တပ်ဖွဲ့များ ဆီရီးယားသို့ရောက်ရှိသွားခြင်း၏ နောက်ဆက်တွဲများဟာ အခန့်မသင့်ရင် ကမ္ဘာစစ်ကြီးအထိ သယ်ဆောင်သွားနိုင်သည်ကို တွေ့ရသည်။

ဒီနေရာမှာ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟု ရင်ဆိုင်နေရသည့် သူ့ပြည်သူတွေက သူ့အပေါ်အုံကြွ မှုဟာ ဂါဇာစစ်ကို တာရှည်စေနိုင်သလို လိုအပ်လျှင် အီရန်ကိုပါ စစ်ထဲဆွဲသွင်းမည့်အနေအထားကိုပါ တွေ့လာနေရသည်။ မီးလောင်ရာလေပင့်ဆိုသလို ဂါဇာတောင်ပိုင်းမှာရှိသည့် ပါလက်စတိုင်း မြို့တစ်မြို့ ဖြစ်သောရာဖာကို စစ်ဆင်နွှဲဖို့ နေတန်ရာဟု၏ ဆုံးဖြတ်ချက်က ဂါဇာစစ်ကို ပိုမိုကျယ်ပြန့်သွားစေသည့်အပြင် အီရန်နှင့်အစ္စရေး ထိပ်တိုက်စစ်ဖြစ်ဖို့အထိ နီးစပ်လာသည့် အခြေအနေတွေဖြစ်လာကြောင်း သုံးသပ်၍ ရနိုင်ပါသည်။ အီရန်သာ စစ်ပွဲထဲပါဝင်လာလျှင် အီရန်ကိုထောက်ခံသည့် အင်အားလေးသိန်းခန့်ရှိ ယီမင်ဟူသီတို့ကြောင့် ဒေသတွင်း စစ်ပွဲကြီးအထိ စစ်မီးတောက်လာနိုင်ကာ အစ္စရေးဘက်က အမေရိကန်နှင့်နေတိုး၊ အီရန်ဘက်က တရုတ်၊ ရုရှားတို့ပါဝင်လာမည့် တတိယကမ္ဘာစစ်အထိ အချိန်မရွေးကူးပြောင်းသွားနိုင်ပုံကို သတိထားရမည် ဖြစ်ပါသည်။

အမျိုးသားလုံခြုံရေးကို ဘယ်အရာတွေက ခြိမ်းခြောက်နေသလဲ

စစ်နှင့်အနိဋ္ဌာရုံက ဒွန်တွဲနေတာကြောင့် စစ်ဖြစ်တာကို ယဉ်ကျေးသည့် လူ့အသိုင်းအဝိုင်းက ဘယ်သူကမှ ကြိုက်မည်မထင်ပါ။ သို့သော်စစ်ကို ခေါ်လာသူ၊ ခေါ်နေသူ ဘယ်သူသေသေ ငတေမာပြီးရော လူမိုက်တွေကြောင့် စစ်ကိုရှောင်လွှဲလို့မရမည့် အခြေအနေတွေထိ ရောက်လာနိုင်သည်ကို ပြည်သူအားလုံးက သတိချပ်ရပါမည်။ ယခုကမ္ဘာကြီးမှာဖြစ်နေသည့် စစ်ပွဲတွေက တတိယကမ္ဘာစစ် WW III အဖြစ်အမည်မတွင် သေးသော်လည်း ကမ္ဘာလုံးဆိုင်ရာ ပဋိပက္ခအသွင် World Crisis အသွင်ကိုတော့ ဆောင်လာနေပါပြီ။

WW I နှင့် WW II စစ်ပွဲကြီးများထက် WW III မှာ နည်းပညာမြင့် လက်နက်ဆန်းများသုံးပြီး လူသားတွေ ပိုပြီးသေကျေကြမယ့်အရေး ထင်ရှားမြင်လာကြသည့်အတွက် တတ်နိုင်သမျှ စစ်ကိုတားဖို့ကြိုးစားနေသော်ငြား ကျွန်တော်တို့နိုင်ငံ၏ မြန်မာပြည်သူတွေ အနိုင်ကျင့်မခံရအောင်တော့ ကြိုတင်ပြင်ဆင်ထားသင့်ပါသည်၊၊ အရှေ့နှင့်အနောက်လွန်ဆွဲပွဲမှာ မဟာဗျူဟာမြောက် ခတ်ကွင်းအကျဆုံးဖြစ်နေရသည့် မိမိနိုင်ငံ၏ အမျိုးသားလုံခြုံရေးကို ဘယ်လိုအရာတွေက ခြိမ်းခြောက်လာနေသလဲဆိုတာ အချိန်ပြည့် ဆန်းစစ်ပြီး နိုင်ငံရေးဝမ်းစာပြည့်နေရမည်ဖြစ်သည်။ ယနေ့ကမ္ဘာကြီးမှာ ဖြစ်ပျက်နေသည့် ပဋိပက္ခမှန်သမျှသည် အင်အားကြီးတို့၏ ပထဝီနိုင်ငံရေးကစားပွဲ၊ ပထဝီစီးပွားရေး အကျိုးစီးပွား၊ အဂတိတရား များနှင့် ကင်းလွတ်သည်ဟူ၍မရှိပါ။ အကျိုးစီးပွားနှင့် ပဋိပက္ခဆက်စပ်နယ်ပယ်တွေကို မြင်နိုင်လျှင် ဘယ်နိုင်ငံက ကိုယ့်မိတ်ဆွေ ဘယ်သူကတော့ ဒုက္ခပေးမယ့်ရန်သူ စသည်ဖြင့် ခွဲခြားမြင်နိုင်စွမ်း ရှိလာမည်ဖြစ်သည်။ အားလုံးကဒစ်ဂျစ်တယ်ဟူ၍ ဖြစ်လာချိန်မှာ နိုင်ငံအဆင့် ဆိုက်ဘာတိုက်ခိုက်မှုများကလည်း ခြိမ်းခြောက်မှုတစ်ရပ် ဖြစ်လာနေသည်ကို လည်း မပေါ့မလျော့ သတိထားရန်လိုသည်။

သင်ခန်းစာအရ မိမိအင်အားသည်သာအဓိက

ကမ္ဘာအနှံ့စစ်ပွဲခေါ်သံတွေကြောင့် အချို့နိုင်ငံတွေမှာ တစ်နိုင်ငံလုံး စစ်လေ့ကျင့်နေကြတဲ့မြင်ကွင်းတွေကို ကြားသိနေရသည်။ မြန်မာနိုင်ငံတွင် လက်ရှိအကောင်အထည်ဖော်နေသော ပြည်သူ့စစ်မှုထမ်း အခြေအနေက အားရစရာတွေရှိနေပြီး ဒီဥပဒေကို အကောင်အထည်ဖော်ဖြစ်သွားတာ အလွန်ကောင်းသွားသည်။ တချို့သောအရာတွေက ပေးဆပ်မှု အရင်းအနှီးအများကြီးအောက်မှာ သင်ခန်းစာ ယူစရာများစွာရလိုက်ပြီလို့ ယူဆပါသည်။

ပြောင်းလဲလာသည့်နည်းပညာကို အဓိကအားကိုး၍ ရန်သူကျင့်သုံးနေသော တိုက်ပွဲပရိယာယ်ကို မိမိတို့ခံစစ်နည်းပရိယာယ်အသစ်က ဘယ်လိုတုံ့ပြန်မည်လဲ၊ ခေတ်သစ်ဒရုန်းစစ်ပွဲတွေက တန်ဖိုးကြီးလက်နက်တွေနေရာမှာ အရင်းအနှီးနည်းနည်းနှင့် ဘယ်လိုစစ်ဆင်ရမည်ဆိုသည်တွင် အတွေ့အကြုံများစွာရခဲ့ပြီဟု ယူဆနိုင်သည်။ အားနည်းချက်၊ အားသာချက်ကိုဖွေရှာပြီး ဒီအချိန်မှာ တပ်မတော်အင်အားနှင့် ပြည်သူစစ်စစ်တို့၏ အင်အားကို အားထည့်တည်ဆောက်ရပေတော့မည်။

မြန်မာ့တပ်မတော်ကို ဝန်းရံပေးဖို့ ပြည်သူ့အားကို လိုသည်။ ပြင်ပက မိတ်ဆွေစစ်စစ်များကိုလည်း ရှာဖွေထားနိုင်ရမည်။ အမြဲတမ်းမိတ်ဆွေ အမြဲတမ်းရန်သူဟူ၍မရှိမူ၍ ပြင်ပကို အများကြီးမှီခိုနေရန်လည်း မလိုပါ။ US နှင့် NATO ကို ယုံကြည်မှီခိုလွန်းပြီး စစ်တိုက်ခဲ့သည့် ဇာလန်စကီး၏ ရေရှည်မလွယ်သော အဖြစ်မျိုးကိုလည်း သင်ခန်းစာယူနိုင်ရမည်။ ထို့ကြောင့် ကိုယ့်ပြည်တွင်းအားသည်သာ အဓိကကိုယ့်အင်အားသည် ကိုယ့်ပြည်တွင်းမှာသာရှိသည် ဟူသော အမြဲမှန်သောအယူအဆကိုသာ ကိုင်စွဲရမည် ဖြစ်သည်။ သူများစစ်ပြင်ချိန်မှာ ကိုယ်ကမပြင်ဆင် နိုင်လျှင် တစ်ပန်းရှုံးမည်ဖြစ်ပြီး ရန်သူကို ပြင်ဆင်ချိန်မပေးခြင်းက စစ်ကိုအောင်နိုင်ရာဖြစ်ပါမည်။ အကန့်အသတ်မဲ့စစ်ပွဲကြီးများ အသံပေးလာချိန် အမေကျော် ဒွေးတော်လွမ်း အကြောက်လွန်သူများ ဘယ်နိုင်ငံပြေးပြေး လွတ်မည်မထင်ပါ။

တစ်ခုပဲရှိသည်။ စုပေါင်းအင်အားတည်ဆောက်ဖို့ရန် ကိုယ့်လူမျိုး၊ ကိုယ့်ဒေသ၊ ကိုယ့်နိုင်ငံကိုယ် ကာကွယ်လိုစိတ်များ ပေါ်ပေါက်နေရမည်၊၊ အမျိုးချစ်စိတ် နိုင်ငံချစ်စိတ်ဆိုပါတော့၊ ဒီမြေ၊ ဒီပြည်ကို ဒို့သာပိုင်ရမည်ဆိုသည့် စိတ်ဓာတ်မျိုးဖြစ်သည်။ သို့သော်စုပေါင်းအားကို ကျိုးပျက်စေသည့် ကိုယ်ကျိုးကြည့်မစ္ဆရိယစိတ် ရန်လိုမှုနှင့် သံသယတွေကိုတော့ အတ္တကင်းကင်းဖြင့် ပယ်ဖျောက်နိုင် အောင် ကြိုးစားကြရဦးမည်။

အတွင်းအပြင်ပဋိပက္ခများနှင့် တိုင်းပြည်၏ ကံကြမ္မာအရေးကြီးနေချိန်မှာ ခွင့်လွှတ်နိုင်လျှင်၊ နားလည်ပေးနိုင်လျှင်၊ မေတ္တာထားနိုင်ကြလျှင်တော့ အကောင်းဆုံးပါပဲ။ ငြိမ်းချမ်းသော ကမ္ဘာကြီးဖြစ်ဖို့ သွေးနှင့်နှီးမယ့်လူတွေကသာ အဓိကမဟုတ်ပါလား။ လောလောဆယ်တော့ ကမ္ဘာဖျက်မယ့်အကြံအစည်တွေကြောင့် မိမိကိုယ်မိမိ၊ မိမိလူ့အဖွဲ့အစည်း၊ မိမိနိုင်ငံ မပျောက်ပျက်အောင် စစ်ကိုသာပြင်ထားကြရဦးတော့မည်။