Skip to main content

ရာသီဥတုပူပြင်းလာသည်နှင့်အမျှ မီးဘေးသတိပြုကြပါစို့

လူသားတို့ အသက်ရှင်ရပ်တည်ရေးအတွက် မရှိမဖြစ်လိုအပ်သည့်အရာများထဲတွင် “မီး သည်လည်း တစ်ခုအပါအဝင်ဖြစ်ပါသည်။ မီးသည် “သုံးတတ်လျှင် မိတ်ဆွေ၊ မသုံးတတ်လျှင် ရန်သူ ဖြစ်နိုင်ခြင်းကို အစဉ်သတိပြုသင့်ပါသည်။ “သူခိုးခိုးလျှင် အစုတ်ကျန်၊ မီးခိုးလျှင် အပြုတ်နှံဆိုသည့်အတိုင်း မီးလောင်လျှင် စည်းစိမ်ဆုံးရှုံးမှုများ ကြုံရမည်ဖြစ်သဖြင့် မီးမလောင်ခင်က ကြိုတင်ကာကွယ်မှုပြုသင့်သည်မှာ မလွဲဧကန်အမှန်ဖြစ်ပါသည်။ သို့မှသာ အသက်အိုးအိမ်စည်းစိမ်ဆုံးရှုံးမည့် မီးဘေးအန္တရာယ်ဆိုးမှ လွတ်မြောက်ချမ်းသာရမည်ဖြစ်ပေသည်။

မြန်မာနိုင်ငံတွင် မြို့ပြလူနေမှု တိုးတက်ဖြစ်ပေါ်လာသည်နှင့်အမျှ မြို့ကြီး၊ မြို့ငယ်များတွင် လူနေမှုပိုမိုထူထပ်လာပါသည်။ တိုးတက်များပြားလာသော မြို့ပြလူဦးရေအတွက် လူနေအိမ်လိုအပ်ချက်ကို ဖြည့်ဆည်းရန်အဆောက်အအုံများ၊ တိုက်ခန်းများ၊ နေအိမ်များ တိုးချဲ့ဆောက်လုပ်လျက်ရှိပါသည်။ လူနေထူထပ်ခြင်း၊ လူနေအိမ်များပြွတ်သိပ်နေခြင်း၊ လောင်စာနှင့် လျှပ်စစ်ပစ္စည်းများ ပေါ့ဆစွာသုံးစွဲခြင်းတို့ကြောင့် မီးလောင်မှုကြီးများ ဖြစ်ပေါ်စေနိုင်သည်။

မီးလောင်စေသည့် အကြောင်းရင်းများ

မြို့ရွာများတွင် မီးလောင်စေသောအဓိက အကြောင်းရင်းများသည်-

(၁)နေအိမ်များတွင် ဖြစ်ပေါ်စေသည့် မတော်တဆမှုများ (လျှပ်စစ်ပစ္စည်းများ လွဲမှားစွာအသုံးပြုခြင်း၊ မှားယွင်းစွာဆက်သွယ်မိခြင်း၊ ချောဆီမှမီးလောင်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အပူပေးသောပစ္စည်းများကို လွဲမှားစွာအသုံးပြုခြင်းသို့မဟုတ် သစ်သားပြားများကို စနစ် တကျမစွန့်ပစ်ခြင်း၊ မီးဖိုသုံးရာတွင်ပေါ့ဆခြင်း)

(၂)လုပ်ငန်းခွင်များတွင် ဖြစ်ပေါ်စေသော မတော်တဆမှုများ (အန္တရာယ်ဖြစ်နိုင် သောပစ္စည်းများမှ ဖြစ်ပေါ်မှု၊ ပေါက်ကွဲမှု၊ သယ်ယူပို့ဆောင်ရာမှ မတော်တဆမှု များ)

(၃)မသမာသူများမှရည်ရွယ်ချက်ဖြင့် မီးလောင်စေခြင်း (ရှို့မီး၊ တရားမဝင် ဖောက်ခွဲရေးပစ္စည်းများ၊ အကြမ်းဖက် တိုက်ခိုက်မှုများ)

(၄)သဘာဝအလျောက် မီးလောင်ခြင်း (မိုးကြိုးပစ်ခြင်း၊ ငလျင်ကြောင့် နောက်ဆက်တွဲ မီးလောင်မှုဖြစ်ခြင်း) စသည်တို့ဖြစ်ပါသည်။

မီးဘေးကြိုတင်ဆောင်ရွက်ချက်

နိုင်ငံတော်အဆင့် မီးဘေးဆိုင်ရာအဖွဲ့အစည်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာနလက်အောက်ရှိ မီးသတ်ဦးစီး ဌာနသည် မီးဘေးလျော့ပါးစေရေး၊ ကြိုတင် ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးတို့အတွက် အဓိကဆောင်ရွက်သည့်အဖွဲ့အစည်းဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် နိုင်ငံပိုင်အရင်းအနှီးများကိုခြိမ်းခြောက် ဖျက်ဆီးအန္တရာယ်ပြုနေသော မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်ရန်ဖြစ်ပါသည်။ ထို့ပြင် မီးသတ် တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း မီးသတ်သမားများအား လေ့ကျင့်ပေးရန်လည်း ဖြစ်ပါသည်။ အဓိကလုပ်ငန်းတာဝန်များမှာ –

မီးဘေးကြိုတင်သတိပြုစေရေး

မီးဘေးကာကွယ်တားဆီးရေး မီး ငြှိမ်းသတ်ရေး

လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းများ

အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်းမီးသတ်သမားများအား စုဖွဲ့ပြီး စွမ်းရည်မြင့်မားစေရန် လေ့ကျင့်ပေးရေး စသည်တို့ဖြစ်ပါသည်။

သဘာဝဘေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးအရပ်ရပ်တွင် ကြိုတင်ကာကွယ်မှု ထားရှိရေးသည် အထူးလိုအပ်ပါသည်။ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရာတွင် အိမ်တွင်း၊ အိမ်ပြင် သန့်ရှင်းအောင် ထားရှိရှင်းလင်းခြင်း၊ ထင်းမီးဖို၊ မီးသွေးမီးဖိုတို့ကို အကာအရံဖြင့်ထားရှိအသုံးပြု ခြင်း၊ မီးဖိုဘေးတွင် မီးအလွယ်တကူလောင်ကျွမ်း စေသောအရာများမထားခြင်း၊ ဂက်စ်မီးဖိုများ လုံခြုံ မှု ရှိ/မရှိ ပုံမှန်စစ်ဆေးခြင်း၊ လျှပ်စစ်ဝိုင်ယာကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ခြင်း၊ အိမ်စောင့်မရှိလျှင် လျှပ်စစ်မိန်းခလုတ်ချပြီးမှ ပြင်ပသို့ ထွက်ခွာခြင်း၊ မီးဖိုအသုံးပြုစဉ် လူစောင့် အမြဲ ထားရှိခြင်း၊ ခြင်ဆေးခွေ၊ ဖယောင်းတိုင်နှင့် အမွှေးတိုင်များထွန်းညှိပြီးပါက မီးငြှိမ်းသတ်မှုမပျက်မကွက်ပြုလုပ်ခြင်း၊ မီးကြွင်းမီးကျန်များအား ရေဖြင့် သေချာအောင် ငြှိမ်းသတ်ခြင်း စသည့်ကြိုတင်ကာကွယ်မှုအရပ်ရပ် အားကောင်းလျှင် အားကောင်းသလို မီးဘေးအန္တရာယ်မှ လွတ်ကင်းနိုင်မည် ဖြစ်ပေ သည်။

အထူးသဖြင့် မီးစလောင်ပါက ငြှိမ်းသတ်နိုင်ရန် မီးသတ်ဘူး၊ ရေ၊ သဲ၊ မီးချိတ်နှင့် မီးကပ်တို့အသင့် ဆောင်ထားရန်လိုအပ်ပါသည်။ မီးစတင်လောင်ကျွမ်းရာ အခြေခံအကြောင်းတရားများတွင် ပေါ့ဆမီး၊ ဝိုင်ယာရှော့မီး၊ လျှပ်စစ်ဝန်နှင့် အားမမျှ၍ အပူလွန်ကဲလောင်သောမီး၊ မီးကြွင်းမီးကျန်မှ လောင်သောမီး၊ ဂက်စ်အိုးမလုံသဖြင့် လောင်သော မီးနှင့် ဆေးလိပ်မီးတို့မှအစ တောမီးလောင်ကျွမ်းမှုအထိ အမျိုးမျိုးတို့ပါဝင်ပါသည်။ အရေးကြီးသည့် အချက်မှာ မည်သို့ပင် မီးစတင်လောင်ကျွမ်းသည် ဖြစ်စေ အတွင်းကျိတ်မငြှိမ်းသတ်ဘဲ ပတ်ဝန်းကျင်ကို ဦးစွာအသိပေးအကူအညီတောင်းနိုင်သကဲ့သို့ မီးသတ်ဦးစီးဌာနသို့ အကြောင်းကြားခြင်း ပြုရပေမည်။ သို့မှသာ မီးမကြီးမီအမြန်ဆုံးငြှိမ်းသတ်နိုင် မည်ဖြစ်ပါသည်။

အသိပညာပေးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း

မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်သောမီးလောင်မှုအများစုမှာ မီးသုံးစွဲရာတွင် ပေါ့ဆမှုကြောင့်ဖြစ်ပွားရခြင်းဖြစ်ပါသည်။ ထို့ကြောင့် ပြည်သူလူထုမှ မီးဘေးသတိအစဉ်ရှိစေရေးအတွက် လှုပ်ရှား ဆောင်ရွက်မှုများကို မီးသတ်ဦးစီးဌာနနှင့်အတူ ပြန်ကြားရေးဝန်ကြီးဌာနသည်လည်း စဉ်ဆက်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူ လူထုအား အသိပညာပေးရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ထုတ်လွှင့်ချက်များကို ရေဒီယိုနှင့်ရုပ်မြင်သံကြားတို့မှ ထုတ်လွှင့်ခြင်း၊ သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ လက်ကမ်းစာစောင်၊ ကြော်ငြာဆိုင်းဘုတ်များကိုအသုံးပြုပြီး မီးဘေးနှင့်ပတ်သက်၍ ပညာပေးလှုံ့ဆော်မှုများ ဆောင်ရွက်ခြင်းများကို ပြည်သူလူထုထံသို့ ရောက်ရှိနိုင်မည့် ထိရောက်သည့်လမ်းစဉ်အဖြစ် ဆောင်ရွက်ပေးနေပါ သည်။

ထို့အတူ ရပ်ရွာအဆင့်တွင် အထူးသဖြင့် ခြောက်သွေ့ရာသီ၌ ရပ်ရွာအခြေပြုသဘာဝဘေး စီမံခန့်ခွဲမှုအဖွဲ့အစည်းမှ ရပ်ရွာလူထုအား မီးသတိ ပြုရန်၊ မီးကို ဂရုတစိုက်သုံးစွဲရန်၊ နေအိမ်များ၌ မီးသတ်ဆေးဘူးများနှင့် မီးချိတ်၊ မီးကပ်၊ သဲပုံးနှင့် ရေပုံးများထားရှိရန် သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။

မီးသတ်စွမ်းရည်မြင့်မားစေခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်း

နိုင်ငံတော်အဆင့် ဗဟိုမီးသတ်သင်တန်းကျောင်းကို ပြင်ဦးလွင်မြို့တွင် ဖွင့်လှစ်ထားပါသည်။ သင်တန်းများတွင် သင်တန်းကာလ ခြောက်ပတ် ကြာအသက်ကယ်ဆယ်ရေးသင်တန်းမှ ၂၄ ပတ်ကြာ အရာထမ်းသင်တန်းအထိ စုစုပေါင်းသင်တန်းအမျိုးအစား ၁၁ မျိုး ပို့ချပေးလျက်ရှိပါသည်။ ရန်ကုန်ရှိ မီးသတ်သင်တန်းကျောင်းတွင် အခြေခံနှင့် အဆင့် မြင့်မီးသတ်သင်တန်း၊ မီးသတ်ကားမောင်းသင်တန်း၊ ရုံးလုပ်ငန်းသင်တန်း၊ ကယ်ဆယ်နည်းစနစ်များ သင်တန်း၊ စေတနာ့ဝန်ထမ်းများအတွက် အားသစ် လောင်းမွမ်းမံသင်တန်း၊ လေယာဉ်ဖြင့် မီးငြှိမ်းသတ်ရေးသင်တန်းနှင့် ကယ်ဆယ်ရေးလေ့ကျင့်မှု သင်တန်းများ စသည့်သင်တန်းအမျိုးအစား ၂၄ မျိုးကို ပို့ချပေးလျက်ရှိပါသည်။ ရပ်ရွာအဆင့်တွင် မီးသတ်ဦးစီးဌာန၏ နည်းပညာအကူအညီဖြင့် ရပ်ရွာအခြေပြု အလျင်အမြန်တုံ့ပြန်ဆောင်ရွက်ရေး အဖွဲ့များအတွက် အခြေခံမီးသတ်နည်းသင်တန်းများ ပို့ချပေးပါသည်။ အလွယ်တကူရရှိနိုင်သည့် သဲ၊ ရေ၊ မီးသတ်ဆေးဘူးများနှင့် မီးသတ်ပန့်များကိုသုံး၍ မီးငြှိမ်းသတ်နည်းကိုအဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းအဖွဲ့များကို ပို့ချပေးပါသည်။ ရပ်ရွာလူထုသည် မီးသတ်ဦးစီးဌာန၏ နည်းပညာပူးပေါင်းကူညီမှုဖြင့် နယ်မြေခံအာဏာပိုင်များမှ အခါအားလျော်စွာ စီစဉ်ဆောင်ရွက်သော မီးသတ်သရုပ်ပြခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်းနှင့် အစမ်းလေ့ကျင့်ခြင်း တို့တွင် တက်ကြွစွာပူးပေါင်းပါဝင်ရပေမည်။

ဝိုင်းဝန်းကာကွယ် မီးဘေးအန္တရာယ်

မီးလောင်မှုဖြစ်စဉ်တိုင်းတွင် ရပ်ကွက်နှင့် ကျေးရွာလူထု၏ စုပေါင်းငြှိမ်းသတ်နိုင်မှုသည် အရေးပါသကဲ့သို့ ကူညီကယ်ဆယ်ရေးကို အဓိကဆောင်ရွက်ပေးနေသော နယ်မြေခံမီးသတ်တပ်ဖွဲ့ဝင် များ၏စွမ်းရည်မှာ များစွာအရေးကြီးပါသည်။ မီးသတ်တပ်ဖွဲ့ဝင်များ၏ စွမ်းရည်မြင့်မားရေးအတွက် အစဉ်အမြဲလေ့ကျင့်ခြင်းများဆောင်ရွက် ခြင်း၊ မီးသတ်အထောက်အကူပြု စက်ပစ္စည်း ကိရိယာများနှင့် ခေတ်မီမီးသတ်ယာဉ်များ အလုံအလောက်ဖြည့်တင်းထားခြင်းများ ဆောင်ရွက်လျက်ရှိသည်။ သာဓကအားဖြင့် မီးလောင်မှုကြီးများဖြစ်သည့် ၂၀၁၆ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သော မင်္ဂလာဈေးမီးလောင်မှု၊ အချိုရည်ဂိုဒေါင်မီးလောင်မှု၊ ပဲဆီသန့်စက်ရုံမီးလောင်မှု၊ ကန်တော်ကြီးပဲလေ့စ် ဟိုတယ်မီးလောင်မှု၊ ဒိုင်စုကျေးရွာအနီးရှိ ဆီဂိုဒေါင် မီးလောင်မှု၊ Jewel Park ရတနာဘူးခွံစက်ရုံမီးလောင်မှု၊ ၂၀၁၈ ခုနှစ် ဧပြီလအတွင်းက လှိုင်သာယာထိန်ပင် အမှိုက်ပုံမီးလောင်မှု စသည့်မီးလောင်မှုများတွင် စွမ်းစွမ်းတမံ မီးငြှိမ်းသတ်ကြပြီး ပြည်သူများ၏ စိုးရိမ်ကြောင့်ကြမှုကို ဖြေသိမ့်ပေးနိုင်ခဲ့ကြပါသည်။ ထို့ကြောင့် မီးလောင်မှုဖြစ်စဉ်တိုင်းတွင် မီးသတ် တပ်ဖွဲ့ဝင်များကို အားကိုးအားထားပြုလျက် လိုအပ်သည့်အပိုင်းမှ ဝိုင်းဝန်းကူညီဆောင်ရွက်ရေး အထူးလိုအပ်လှပါသည်။

မီးဘေးရှောင်မလောင်ခင်တား

မီးလောင်မှုဖြစ်စဉ်တချို့တွင် လူသေဆုံးမှုများ ရှိသည်။ ညအချိန်အိပ်ပျော်နေစဉ် မီးလောင်လျှင် သော်လည်းကောင်း၊ ခိုင်ခံ့သောအခန်းနှင့် အသံလုံအခန်းများအတွင်း ရှိနေလျှင်သော်လည်းကောင်း သေဆုံးရလေ့ရှိသည်။ မီးလောင်နေစဉ် သေဆုံးရခြင်းအကြောင်းရင်းမှာ မီးခိုးမွှန်အသက်ရှူကျပ် သေဆုံးရခြင်းသာဖြစ်ပြီး သေဆုံးပြီးမှ မီးလောင်ခံရခြင်းဖြစ်သည်။ မီးလောင်သည်ကိုသိလျှင်သိချင်း တံခါးအမြန်ဖွင့်ပြီး အိမ်ပြင်ထွက်ပေါက် သို့မဟုတ် လှေကားသို့လေးဖက်ထောက်အမြန်သွားရန်လိုအပ်သည်။ မတ်တတ်သွားလျှင် မီးခိုးကြောင့် အသက်ရှူမရ ဖြစ်ကာ လဲကျသတိမေ့တတ်သည်။ ပြီးလျှင် ပြင်ပသို့ ဆောလျင်စွာထွက်တတ်ရန် လိုသည်။ သို့မှသာ အသက်ဘေးမှ လွတ်ကင်းမည်ဖြစ်သည်။

မီးလောင်မှုဖြစ်စဉ် ကြီးကြီးမားမားကြုံတွေ့ရ သောနေရာများမှာ သိုလှောင်ရုံများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဈေးများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ တရားမဝင် စက်သုံးဆီသိုလှောင်ရာနေရာများပင် ဖြစ်သည်။ ထိုနေရာများတွင် မီးလောင်ပါကမီးအားပြင်းနိုင်သဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မီးသတ်ဦးစီးဌာန၏ အကြံပြုချက်နှင့်အညီ တိတိကျကျလိုက်နာဆောင်ရွက်မှသာ မီးဘေး အန္တရာယ်ကင်းဝေးမည်ဖြစ်သည်။

လူနေရပ်ကွက်၊ လူနေအိမ်များတွင် မီးလောင်ရန် လောင်စာအများဆုံးနေရာမှာ မီးဖိုချောင်မဟုတ်၊ အိပ်ခန်းအတွင်းသာဖြစ်သည်။ အိပ်ရာအသုံးအဆောင်ပစ္စည်းသာမက အဝတ်အစားနှင့် အခြား မီးလောင်လွယ်သောပစ္စည်းများ အိပ်ခန်းအတွင်းထားတတ်သဖြင့် ပို၍ဂရုစိုက်သင့်သော နေရာဖြစ်သည်။ မိမိတို့၏နေအိမ်တွင် အရေးကြီးသည့်ပစ္စည်း၊ သာမန်ပစ္စည်းများ ခွဲခြားထားပြီး အလွယ်တကူ ရွှေ့ပြောင်းသယ်ယူရန် စီမံထားတတ်လျှင် ဆုံးရှုံးမှုသက်သာနိုင်ပါသည်။

မီးလောင်မှုသည် အချိန်ရာသီမရွေး ဖြစ်ပွားတတ်သော်လည်း ခြောက်သွေ့သောရာသီတွင် မီးလောင်လွယ်သဖြင့် ထိုအချိန်တွင် ပို၍ဂရုစိုက်ရမည်။ အမှိုက်များကို စည်းကမ်းတကျစွန့်ပစ်ခြင်း များမှာလည်း မီးဘေးကြိုတင်ကာကွယ်ခြင်းပင် ဖြစ်သည်။ သစ်တောများသည် ခြောက်သွေ့ရာသီတွင် တောမီးလောင်တတ်သဖြင့် သစ်တောအတွင်း သို့မဟုတ် သစ်တောနှင့် နီးကပ်စွာတည်ရှိသော ကျေးရွာများတွင် မီးတားလမ်းလုံလောက်စွာ ဖောက်ထားသင့်ပေသည်။

မျက်မှောက်ကာလတွင် ကမ္ဘာတစ်ဝန်း၌ သဘာဝဘေးအမျိုးမျိုးဖြစ်ပေါ်လျက်ရှိရာ တောမီးလောင်ကျွမ်းခြင်းသည်လည်း တစ်ခုအပါအဝင် ဖြစ်ပါသည်။ တောမီးများသည် သဘာဝဂေဟစနစ်ကို အကြီးအကျယ်ပျက်စီးစေပြီး စီးပွားရေးနှင့် လူမှုရေးထိခိုက်မှုများကို ဖြစ်ပေါ်စေသည်။ ဇီဝမျိုးစုံမျိုးကွဲများနှင့် မျိုးစိတ်များအတွက် ကျက်စားစရာနေရာများ ဆုံးရှုံးခြင်း၊ ပိုင်ဆိုင်မှုများ ဆုံးရှုံးခြင်းနှင့် လူတို့၏အသက်ဆုံးရှုံးခြင်း စသည့်ဆုံးရှုံးမှုများအပြင် နိုင်ငံ၏ လူမှုစီးပွားဘဝတစ်ခုလုံးကိုလည်း ထိခိုက်စေနိုင်ပါသည်။

အချုပ်အားဖြင့်ဆိုရသော် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီး တည်ဆောက်နေသည့် မျက်မှောက်ကာလ၌ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ရခြင်း အကြောင်း ရင်းများနှင့် အကျိုးဆက်များကို သိရှိနားလည်ပြီး ရပ်ရွာအဆင့်၊ မိသားစုအဆင့်နှင့် ပြည်သူတစ်ဦးချင်း အတွက် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ဆောင်ရွက် ရေးအစီအမံများကို ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံသားများအားလုံး အတူတကွပူးပေါင်းလက်တွဲ၍ သဘာဝဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင် ကျော်လွှားကာ ပိုမိုဘေးကင်းလုံခြုံသော နိုင်ငံတော်သစ်ကြီးကို တည်ဆောက်ကြရမည်ဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။          ။

ကိုးကား။       မီးဘေးအန္တရာယ်လက်စွဲ။