လင်းလက်ကြယ်များ တောက်ပဖို့ စာကြည့်တိုက်ဆီ သွားကြစို့
လင်းနိုင်
တနင်္ဂနွေရုံးပိတ်ရက်ဖြစ်တာကြောင့် နံနက်စောစောခြံထဲမှ သစ်ရွက်အမှိုက်များ လှဲကျင်းပြီး ပန်းပင်သီးပင်များ ရေလောင်းနေစဉ်သတင်းစာလာပို့သည့် ဆိုင်ကယ်သံကြားလိုက်သည်နှင့် ကိုယ်တိုင်ပင်ခြံဝထွက်ကာ သတင်းစာယူလိုက်ပါသည်။ အခြားနေ့တွေကတော့ သတင်းစာထည့်မည့် ပလတ်စတစ်ဘူးလေးထဲ ထည့်ခဲ့ခြင်းကြောင့် သတင်းစာဖတ်ဖို့ယူလိုက်တိုင်း သတင်းစာအလိပ်ကလေးကို ဆန့်အောင်အတော်ဖြန့်ရသည်။ ဒီနေ့တော့ သတင်းစာကို ပျော့ပျော့ပြောင်းပြောင်း ကိုင်ဖတ်ရတာကြောင့် ကိုင်ရဖတ်ရအတော်ကို အဆင်ပြေသည်။
နွေနေ့ရက်များ၏ ဒီရက်ပိုင်းအပူချိန်က မြန်မာနိုင်ငံ၏ မြို့ကြီးအတော်များများမှာ သိသိသာသာကို အပူချိန်တိုးလို့နေသည်။ မိုးလေဝသသတင်းတိုလေးတွေကို ရှာဖတ်ကြည့်လိုက်တော့ အချိန်အခါမဟုတ် မိုးရွာမယ်ဆိုပြီး High Light ထုတ်ဖော်ပြထားတာလေးတွေ့မိသည်။ ရွာတာ မရွာတာ အသာထားဦး ဖတ်ရှုလိုက်မိသည်နှင့် အပူချိန်တွေ လျော့သွားသလားပင် ထင်လိုက်ရသည်။ နောက်ထပ်သတိထားမိတဲ့ သတင်းက ၂၀၂၃-၂၀၂၄ လူရည်ချွန်မောင်မယ်များ၏ ပုဂံ၊ တောင်ကြီး၊ ငွေဆောင်နှင့် ချောင်းသာ လူရည်ချွန်စခန်းများကို ရောက်ရှိကာ စခန်းချနေထိုင်ပြီး ဒေသန္တရဗဟုသုတများ လေ့လာခြင်း၊ အပန်းဖြေခြင်းတို့ကို ပြုလုပ်လျက်ရှိသလို သက်ဆိုင်ရာဒေသအသီးသီးမှာ တာဝန်ရှိသူများကလည်း အနီးကပ်ကြီးကြပ်ပြီး ခရီးစဉ်ချောမွေ့အဆင်ပြေဖို့ ဆောင်ရွက်ပေးနေသည်ကို ဖတ်ရှုလိုက်ရသည်။ ဖတ်ရှုရသည့် မိမိကိုယ်တိုင်ကလေးတွေအတွက် ဂုဏ်ယူစွာ ပီတိဖြစ်ရသလို လူရည်ချွန်မောင်မယ်များကိုယ်တိုင်ရော၊ မိဘများရော၊ ဒီကလေးများကို သင်ကြားပြသပေးနေသည့် ဆရာ ဆရာမများအပြင် ဆွေရော မျိုးရော မိတ်ဆွေပါမကျန် ဂုဏ်ယူမဆုံးတပြုံးပြုံး ဖြစ်နေကြမည်ဟုလည်း ယုံကြည်မိသည်။
စာပေရေသောက်မြစ်ကို ဆောင်ကြဉ်းပေး
နွေနေပူမှာ မိုးရွာမည့် သတင်းက အေးချမ်းခြင်းကို ဆောင်ကြဉ်းပေးသကဲ့သို့ ဧပြီ ၂၂ ရက်က ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၄/၂၀၂၄) တွင် “စာကြည့်တိုက်လုပ်ငန်းများ စဉ်ဆက်မပြတ်လည်ပတ်မှုရှိစေရေး၊ စာကြည့်တိုက်များတွင် ရှိသင့်ရှိထိုက်သည့် စာအုပ်စာပေများ စုံစုံလင်လင်ထားရှိနိုင်ရေး၊ ကျေးလက်နေပြည်သူများ အသိပညာတိုးပွားနိုင်ပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို အဓိကအထောက်အကူပြုပေးနိုင်သည့် စာအုပ်စာပေများ ထားရှိနိုင်ရေးစဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်သွားရန်လိုကြောင်း” နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ အမှာစကားကလည်း လူငယ်လူရွယ်များအတွက် စာပေရေသောက်မြစ်ကို ရှင်သန်အားကောင်းစေမည့် အားဆေးတစ်ခွက်အဖြစ် ဆောင်ကြဉ်းပေးစေပြန်သည်။
၂၁ ရာစုခေတ်မှာ လူငယ်လူရွယ်များ စာအုပ်စာစောင်နှင့် အလှမ်းဝေးကွာလာပြီး ဖုန်းကိုယ်စီနှင့် အင်တာနက် ဖေ့စ်ဘွတ်တွင် ဦးဝတ်ခေါင်းငုံ့ အလုပ်ရှုပ်နေကြခြင်းကို နိုင်ငံတော်ဝန်ကြီးချုပ်ကြီးက သိနေလို့လားပင်မသိ၊ စာအုပ်စာပေများ ဖတ်ရှုဖို့၊ စာကြည့်တိုက်လုပ်ငန်းစဉ်တွေကို အားထည့်လုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်ခြင်း ဖြစ်ဟန်တူသည်။
စာပေလောကကို အတုယူနိုင်မှာဖြစ်
စာဖတ်ဖို့ဆိုရာမှာ ဝါသနာကြောင့် ဖတ်တာမျိုးထက် မသိတာတွေသင်ယူတာမျိုး၊ တစ်ကိုယ်ရေစာ တိုးတက်တာမျိုးအတွက်ပါ ဖတ်ရှုသင့်သည်။ သုတ၊ ရသစာပေမျိုးစုံအနက်မှ အတ္ထုပ္ပတ္တိစာပေကို ဖတ်ရှုသည့်အခါ ကမ္ဘာလောကအပေါ် အမြင်အသစ်ဖြစ် စေသကဲ့သို့ပင်ကို စူးစမ်းလေ့လာစိတ်ကို အထောက်အကူပြုစေပြီး ယဉ်ကျေးမှုဓလေ့များကို သိရှိနိုင်ကာ ကမ္ဘာလောကက အခြားသူများ၏ အောင်မြင်မှု၊ ကျရှုံးမှုများကိုလည်း လေ့လာအတုယူနိုင်မှာ ဖြစ်သည်။ မိမိကတော့ ခရီးသွားစာပေ ဖတ်ရတာကို ပိုမိုနှစ်ခြိုက်မိသည်။
ခရီးသွား စာပေနှင့်ပတ်သက်ပြီး “ခရီးသွား စာပေဟာ နိုင်ငံသမိုင်းပညာ၊ ပထဝီပညာ၊ သိပ္ပံပညာ အစရှိတဲ့ ပညာပဒေသာ စာမျိုးဖြစ်ကြောင်း၊ ခရီးသွားရင်း ရောက်ရာအရပ်မှာ မြင်ခဲ့ကြားခဲ့ ကြုံခဲ့ပြီး မှတ်တမ်းရေးခဲ့ကြတဲ့ ခေတ်အဆက်ဆက် လူ့အဖြစ်အပျက်တွေ လူ့အမူအရာတွေ၊ သဘာဝမြင်ကွင်း၊ မြင်ကွက်တွေဟာ နိုင်ငံသမိုင်းပြုစုရာမှာဖြစ်စေ၊ သုတေသပြုရာမှာဖြစ်စေ၊ အထောက်အပံ့ဖြစ်တယ်ဆိုတာဟာ အထင်အရှားပဲဖြစ်ကြောင်း၊ အများပရိသတ်အတွက်ဆိုရင်လည်း ခရီးသွားစာပေဖတ်ရှုခြင်းဟာ ကျဉ်းမြောင်းတဲ့ ကိုယ့်ပတ်ဝန်းကျင်ကိုကျော်ပြီး ကျယ်ပြန့်တဲ့ သက်ရှိသက်မဲ့ကမ္ဘာ လောကမှာစိတ်ဝင်စားလာ ချင်အောင် မျက်စိဖွင့်ကြည့်ချင်လာကြအောင်၊ တိုးတက်ကြံဆမှု ရှိချင်လာကြအောင် မျှမျှတတချိန်ဆသုံးသပ်မှု ရှိချင်လာကြအောင် ပြုနိုင်စွမ်းရှိတယ်လို့ ယူဆချင်ကြောင်း” ဆရာဇော်ဂျီက ၁၉၇၉ ခုနှစ် မတ်လက ရန်ကုန်မြို့ ဂျူဗလီခန်းမ (ယခု တပ်မတော်စစ်သမိုင်းပြတိုက်နေရာ)မှာ ပြုလုပ်သည့် ခရီးသွားစာပေ စာတမ်းဖတ်ပွဲ၌ သဘာပတိမိတ်ဆက်နိဒါန်းစကားဆိုခဲ့တာကိုလည်း မှတ်သားဖူးသည်။
မျက်မှောက်ကာလတွင် စာဖတ်မှုစွမ်းအားများ နည်းပါးလာ
“အလိမ္မာ စာမှာရှိ၊ စာအုပ်စာပေ လူ့မိတ်ဆွေ” ဆိုရိုးစကားအတိုင်း လူမှန်လျှင် စာဖတ်ဖို့လိုသည်။ စာတတ်ပါလျက် စာမဖတ်လျှင် မတ်တတ်ခြောက်သည့် သစ်ခြောက်ပင်နှင့် တူစွဟု ဆိုရိုးရှိသလို မန်လည်ဆရာတော်ကလည်း “မရှိပညာ၊ ဤလူ့ရွာ၌ ကျမ်း စာနီတိ၊ တတ်မသိက မျက်စိစုံကန်း၊ လူဖြစ်ဆန်းမျှပေါက်ပန်းပမာ၊ မှတ်တို့ရာ၏” ဟု ရေးဖွဲ့ထားပါသေးသည်။ မျက်မှောက်ကာလတွင် စာဖတ်မှုစွမ်းအားများ နည်းပါးလာကြခြင်းကြောင့် ကျေးဇူးတရားသိတတ်မှု နည်းပါးလာခြင်း၊ လိမ္မာယဉ်ကျေးခြင်းတို့ ပါးလျားလာခြင်းတို့ကို မြင်တွေ့လာရသည်။
ထို့ကြောင့် စာအုပ်စာပေများကို ဖတ်ကြမှတ်ကြပါဟု တိုက်တွန်းလိုသည်။ စာဖတ်ခြင်း အလေ့အထပါးလျားလာခြင်း၏ အကျိုးဆက်အနေဖြင့် ယဉ်ကျေးလိမ္မာခြင်းနှင့် အသိပညာဗဟုသုတများခြင်းတို့ လျော့နည်းလာကာ အသိအလိမ္မာနှင့် ဆင်ခြင်တုံတရားနည်းပါးပြီး မဖြစ်သင့်သည်များနှင့် စိတ်မချမ်းမြေ့ဖွယ်ရာများ ပေါ်ပေါက်လာခြင်းကို လက်ရှိမြန်မာနိုင်ငံ၏ အခင်းအကျင်းတချို့၌ တွေ့နေမြင်နေကြားနေရသည်။ စာပေသည် ဘဝတိုင်းကို ဧကန်မုချ မြှင့်တင်ပေးနိုင်ခြင်းကြောင့် မိမိတို့၏ လက်ကိုင်ဖုန်းမှတစ်ဆင့် လေ့လာခြင်းအပြင် စာအုပ်စာပေများကို အချိန်ပေး၍ လေ့လာဖတ်ရှုကြရန်လည်း တိုက်တွန်းလိုသည်။
တချို့က ထွက်သမျှ ကောင်းပေ့ဆိုသည့် စာအုပ်များကို ဝယ်ယူစုဆောင်းလေ့ရှိသော်လည်း ဝယ်သမျှအကုန်မဖတ်ဖြစ်တာလည်းရှိတတ်ကြသည်။ စာအုပ်စာပေစုဆောင်းမမှာ တစ်ဦးချင်းအနေဖြင့် မိမိအတွက်သာ အကျိုးများပီး အများအနေဖြင့် အကျိုးများစေရန် အများပြည်သူ ဖတ်နိုင်သော စာကည့်တိုက်များ တိုးပွားအောင်ကြိုးပမ်းအားထုတ်ကဖို့လိုသည်။ ရှိပြီးစာကြည့်တိုက်များ ရေရှည်ရှင်သန်ဖို့အတွက် ကိုယ်တတ်နိုင်သလောက် စာအုပ်စာပေများ လှူဒါန်းထောက်ပံ့ခြင်းကို ပြုလုပ် ကြဖို့လည်းလိုသည်။ စာပေကို စာစောင့်နှင့် စာမွဲနှစ်မျိုးခွဲ၍ သိထားဖို့လိုသည်။ စာစောင့်ဆိုသည်မှာ စာအုပ်စာပေများကို စုဆောင်းထားသော်လည်း မသုံးရက်မစွဲရက်ဘဲ ဥစ္စာစောင့်ကဲ့သို သော့ခတ် သိမ်းဆည်းထားသော စာထောင်ကို ဆိုလိုခြင်း ဖြစ်ပြီး စာမွဲဆိုသည်မှာ စုဆောင်းမပြခြင်းကိုလည်း အားမပေး၊ ကိုယ်တိုင်လည်း အလေ့အလာနည်း သည့် စာမဖတ်သူကို ဆိုလိုခြင်းဖြစ်သည်။
အားလပ်ချိန်တိုင်း စာကြည့်တိုက်သို့ သွားရောက်ဖို့လို
မျက်မှောက်ကာလတွင် နိုင်ငံတော်အစိုးရ၏ အားပေးမ၊ ပြန်ကားရေးဝန်ကီးဌာန၏ ကြိုးပမ်းအားထုတ်မများကြောင့် စာကည့်တိုက်ယဉ်ကျေးမှုများ ပြန်လည်ထွန်းကားလာသည်ကို နေရာတော်တော်များတွင် တွေ့နိုင်သည်။ ထို့အတူ အမျိုးသားစာကြည့်တိုက် (နေပြည်တော်)၊ အမျိုးသားစာကြည့်တိုက်(ရန်ကုန်)၊ စာပေဗိမာန်၊ ပြည်သူ့စာကြည့်တိုက်တို့၌လည်း စာအုပ်စာပေ စာစောင်များအပြင် Digital Library တို့မှာပါ သုတ ရသဗဟုသုတအဖုံဖုံကို လွယ်လင့်တကူ ဖတ်ရှုလေ့လာနိုင်သောကြောင့် နီးစပ်ရာစာကြည့်တိုက်များသို့ အားလပ်ချိန်တိုင်း သွားရောက်ဖို့လိုသည်။
စာကြည့်တိုက်ကို ပျော်ရွှင်နှစ်လိုဖွယ်နေရာ၊ ထူးဆန်းအံ့ဩဖွယ်ကောင်းသည့် ဝန်းကျင်ဟု ဖွင့်ဆိုထားပြီး လူတန်းစားမရွေး၊ အသက်ကြီးငယ်မရွေး၊ ဗဟုသုတ ရှာမှီးလိုသူတိုင်း မည်သူမဆို စာကြည့်တိုက်သို့ သွားရောက်ကာ စာအုပ်စာပေများ ဖတ်ရှုခြင်းဖြင့် တွေးခေါ်မြော်မြင်မှုများ၊ မျှော်လင့်ချက်များနှင့် စိတ်ကူးများကို ပိုမိုအားကောင်း လာနိုင်စေမှာဖြစ်သကဲ့သို့ အနာဂတ်မျိုးဆက် ကျောင်းသား ကျောင်းသူလူငယ်များ၊ ဘဝတစ်သက်တာ ပညာရှာမှီးလိုသူများ အားလုံးအနေဖြင့်လည်း ကျောင်းစာကြည့်တိုက်များ၊ ပြည်သူ့ စာကြည့်တိုက်များ၊ အမျိုးသား စာကြည့်တိုက်များဆီ အရောက်သွားကာ စာဖတ်ခြင်းဖြင့် ပညာပြည့်ဝ နှလုံးလှကာကောင်းကင်၌ လင်းလက်တောက်ပသည့်ကြယ်များ ဖြစ်ကြပါစေကြောင်း ဆန္ဒပြုရေးသားလိုက်ရပါသည်။ ။