Skip to main content

ချိန်ခါမရွေး မီးဘေးအန္တရာယ် သတိရှိကြစေချင်

တင်ထက်ထက်ဇော်

ပူပြင်းခြောက်သွေ့သော နွေရာသီကမီးလောင်လွယ်သည်။ မိုးရေထဲတွင်ပါရှိသော သဘာဝအက်စစ်ဓာတ်က မီးလောင်ခြင်းကိုအားပေးသည်။ မြောက်ပြန် လေညင်းဆောင်းဥတုက မီးလောင်မှုကိုပို၍ တွန်းအားဖြစ်စေသည်။ ထို့ကြောင့် နွေ၊ မိုး၊ ဆောင်း ချိန်ခါမရွေး၊ နေရာမရွေး လောင်တတ်သည့် မီးဘေးအန္တရာယ်ကို လူတိုင်းဂရုပြုသင့်ပါသည်။ မီးဆိုသည်မှာ သုံးတတ်လျှင် လူသားတို့အတွက် အကျိုးရှိဖြစ်ထွန်းစေသော်လည်း စည်းစနစ်တကျ မသုံးတတ်ပါက ဘေးဒုက္ခအန္တရာယ်ပေးနိုင်သော ရန်သူအသွင် ရောက်ရှိသွားခြင်းကို မီးလောင်မှုများကနေ မျက်ဝါးထင်ထင် မြင်တွေ့နေကြရပြီဖြစ်ရာ ရန်သူမျိုး ငါးပါးထဲမှာ တစ်ပါးပါသော မီးဘေးအန္တရာယ်ကို အိမ်ထောင်တစ်စုမှသည် ပြည်သူလူထုတစ်ရပ်လုံး စုပေါင်းကြိုတင်ကာကွယ်ထားသင့်ပါသည်။

မီးလောင်ခြင်းဆိုသည်မှာ အပူနှင့်အလင်းထွက်ပေါ်လာသည့် ဓာတ်ပြုမှုဖြစ်သည်။ မီးလောင်မှု ဖြစ်ပွားနိုင်သော အခြေခံအချက်သုံးချက်ဖြစ်သည့် လောင်စာ၊ အောက်ဆီဂျင်နှင့် အပူရှိန်တို့အနက်မှ တစ်ခုခုကိုဖယ်ရှားလိုက်လျှင် မီးလောင်မှုရပ်ဆိုင်း သွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံအနှံ့အပြား နှစ်စဉ်မီးလောင်မှုဖြစ်ပွားလေ့ရှိပြီး (က)မြန်မြန်ဆန်ဆန် မီးငြှိမ်းသတ်နိုင်မှု၊ (ခ)အဆောက်အအုံများ၏ မီးလောင်နိုင်မှုအခြေအနေ၊ (ဂ)မီးလောင်သည့်နေရာ၊ (ဃ)လူနေအိမ်အစိပ်အကျဲ စသည့်အခြေအနေပေါ်မူတည်၍ ဆုံးရှုံးမှုမှာလည်း အနည်းအများရှိတတ်ပါသည်။

မီးနှင့်ရေ

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိအင်းအိုင်များတွင် ရေခန်းခြောက်ခြင်း သဘာဝဘေးအန္တရာယ်ကို ကြုံတွေ့ကြရမြဲဖြစ်သည်။ ရာသီဥတုပူပြင်းခြောက်သွေ့ခြင်းက ရေခန်းခြောက်စေသည်။ ရာသီဥတုပူပြင်းမှုကြောင့် အလွယ်တကူ မီးလောင်နိုင်သည်။ ရေမရှိလျှင် မီးငြှိမ်းသတ်ရန်မစွမ်းနိုင်ပေ။ ထို့ကြောင့် ရေကို စနစ်တကျ ချွေတာသုံးစွဲတတ်ရန်လိုပါသည်။ အလဟဿဖြုန်းတီးမပစ်သင့်ပေ။

၂၀၂၃ ခုနှစ် မီးလောင်မှုအခြေအနေ

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံတစ်ဝန်း မီးလောင်မှုအကြိမ်ရေ ၁၇၀၀ နီးပါးဖြစ်ပွားခဲ့ပြီး မီးလောင်မှုကြောင့် ငွေကျပ်သန်းပေါင်း ၃၅ ဘီလီယံကျော်ဆုံးရှုံးကြောင်း၊ သေဆုံးသူ ၇၇ ဦးနှင့် ဒဏ်ရာရရှိသူ ၁၉၃ ဦးရှိကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။ မီးလောင်မှုအများဆုံးအနေဖြင့် ရန်ကုန်တိုင်းဒေသကြီးတွင် ၂၃၂ ကြိမ်၊ ဒုတိယအများဆုံးအနေဖြင့် ရှမ်းပြည်နယ်တွင် ၁၈၃ ကြိမ်နှင့် တတိယအများဆုံးအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ၁၇၅ ကြိမ်ဖြစ်ပွားခဲ့သည်။ ယင်းတို့အနက် လျှပ်စစ်မီးကြောင့် ၄၅၆ ကြိမ်၊ ပေါ့ဆမှုကြောင့် ၃၉၃ ကြိမ် အများဆုံးပါဝင်သည်။ ၂၀၂၂ ခုနှစ်နှင့် နှိုင်းယှဉ်ပါကဖြစ်ပွားသည့် မီးလောင်မှုအကြိမ်ရေ လျော့ကျခဲ့သော်လည်း ဆုံးရှုံးမှုတန်ဖိုးပိုများခဲ့ကြောင်း သိရသည်။

မီးဘေးအန္တရာယ်

မီးလောင်ရသည့်အကြောင်းများမှာ ပေါ့ဆမီးကြောင့် အများဆုံးဖြစ်ပြီး မီးဖိုမီး၊ အလိုအလျောက် လောင်သည့်မီး၊ လျှပ်စစ်မီး၊ တောမီး၊ မသမာသူရှို့မီး စသည်တို့ကြောင့် မီးလောင်မှုဖြစ်ပွားရသည်။

မီးဖိုမီး စတင်ဖြစ်ပွားရသည့်အချက်များမှာ မီးဖိုတွင်မီးကြွင်းမီးကျန်ရှိခြင်း၊ မီးဖိုမီးကိုလိုသည်ထက် ပို၍သုံးစွဲခြင်း၊ မီးဖိုအသုံးပြုစဉ် အစောင့်မရှိခြင်း၊ ထင်းကျပ်တင်ခြင်း၊ ကျပ်ခိုးများသို့ မီးစွဲခြင်း၊ ဆီအိုးအပူလွန်ကဲခြင်း၊ မီးဖိုနှင့် ထရံအကာ နီးကပ်နေခြင်း၊ ဓာတ်ဆီ၊ ရေနံဆီနှင့် မီးမွှေးခြင်း၊ မီးလောင် လွယ်သောပစ္စည်းများ၊ လောင်စာဆီများကို မီးဖိုအနီးထားရှိခြင်း၊ အသက်အရွယ်ကြီး ရင့်သူ၊ မသန်စွမ်းသူနှင့် ကလေးသူငယ်များက ချက်ပြုတ်ကြော်လှော်ခြင်း စသည်တို့ကြောင့် ဖြစ်ပါသည်။

ပေါ့ဆမီးဆိုသည်မှာ ကိုင်တွယ်သုံးစွဲသူ၏ သတိမေ့လျော့မှု၊ ဆေးလိပ်သောက်ပြီး မငြှိမ်းသတ်ခဲ့ခြင်း၊ ဘုရားမီးပူဇော်ပြီး စောင့်မကြည့်ခြင်း၊ လူမရှိဘဲဖယောင်းတိုင်၊ မီးခွက်ထွန်းထားခြင်း၊ ဖုန်းဘက်ထရီအား ကို တစ်ညလုံးသွင်းထားခြင်း၊ ခြင်ဆေးခွေကို အောက်ခံမပါဘဲ သုံးစွဲခြင်း၊ ကလေးသူငယ်များက မီးခြစ်များ အလွယ်တကူယူဆော့ခြင်း၊ ဈေးဆိုင်ခန်းများ ပိတ်သိမ်းရာတွင် လျှပ်စစ်မီးခလုတ်များ ဖွင့်ထားခဲ့မိ ခြင်း၊ လျှပ်စစ်သွယ်တန်း ဝိုင်ယာကြိုးများဟောင်းလွန်း၍ ပေါက်ပြဲနိုင်ခြင်းအခြေအနေကို စစ်ဆေးရမည့် ဗဟုသုတအမြင်မရှိခြင်း၊ အရက်သေစာမူးယစ်၍ ဒေါသအလျောက်ရမ်းကားခြင်း စသည်တို့ကြောင့် ဖြစ်ပါသည်။

အထက်ဖော်ပြပါ မီးဘေးအန္တရာယ်များအတွက် ဆောင်ရန်အချက်များမှာ မီးဖိုနံဘေးတွင် လုံလောက်သောအကာအရံများထားရှိရန်၊ အိမ်တိုင်းတွင် မီးသတ်ဆေးဘူး၊ မီးကပ်၊ မီးချိတ်၊ ရေပုံး၊ သဲပုံးများ အသင့်ထားရှိရန်၊ မီးကင်းစောင့်ခြင်း၊ လှည့်လည်သတိပေးခြင်းများ စီစဉ်ဆောင်ရွက်ထားရန်၊ လျှပ်စစ်မီးကြိုး အပေါက်အပြဲများကို ကျွမ်းကျင်သူများနှင့် ပြင်ဆင်ရန်၊ ဂက်စ်မီးဖိုအသုံးပြုရာတွင် လေဝင်/လေထွက် ကောင်းစေရန်အတွက် ပြတင်းပေါက်များ ဖွင့်ထားရန် စသည်တို့ ဖြစ်ကြသည်။

ပူပြင်းခြောက်သွေ့သောနွေရာသီတွင် တောမီးလောင်ခြင်းများလည်း မကြာခဏဖြစ်တတ်ပါသည်။ ထူးခြားဖြစ်စဉ်အဖြစ် လွန်ခဲ့သောလေးနှစ်ကျော်က မြန်မာပြည်တစ်ဝန်း အလေးထားစရာနေရာကြီး သုံးနေရာတွင် တောမီးလောင်ကျွမ်းခဲ့သည်။ ၎င်းတို့မှာ ဇွဲကပင်တောင်တောမီး၊ တောင်ကြီးမြို့တောမီးနှင့် နတ်တလင်းတောင် ကြိုးဝိုင်းတောင်ပေါ်တောမီးတို့ ဖြစ်ကြသည်။ တောမီးလောင်၍တောတောင် များပြုန်းလျှင် ရာသီဥတုဒဏ်ကို တိုက်ရိုက်ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့်နောင်လာ နောက်သားများအတွက် ယခုအချိန်မှစ၍ လူတစ်ဦးသည် တစ်နှစ်လျှင် အနည်းဆုံးသစ်ပင်တစ်ပင်စီ ပုံမှန်စိုက်ပျိုးသော အလေ့အထကို ကြိုးစားပြုမူသင့်ပေသည်။ အလေ့အကျင့်ကောင်းဖြစ်စေရန်အတွက် ကျောင်းနေအရွယ်ကလေးများမှစ၍ သစ်တောနှင့်သစ်ပင်ကို ချစ်ခင်တန်ဖိုးထားတတ်လာအောင် ကျောင်းတွင်း၊ အိမ်တွင်း သစ်ပင်စိုက်ပျိုးသော အလေ့အကျင့်ကောင်းများကိုလည်း သင်ကြားပေးသင့်ပါသည်။

မီးလောင်သောအခါ

မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်သည့်အနေဖြင့် မိမိပယောဂကြောင့် အထက်ပါပေါ့ဆမီး များမဖြစ်ရအောင် သတိရှိစွာဆင်ခြင်ပါ။ “လူခိုးရင် အစုတ်ကျန်၊ မီးခိုးရင်အပြုတ်နှံ” ဆိုသည့်အတိုင်း အသက်၊ အိုးအိမ်၊ စည်းစိမ်အလုံးစုံအနိဋ္ဌာရုံဘေးများမှ လွတ်မြောက်ရန်အတွက် မိမိကိုယ်ကိုနှင့် မိမိပတ်ဝန်းကျင် နေ့စဉ်လူနေမှုဘဝကို သတိရှိစွာဖြင့် မီးဘေးကို အလေးထားဆင်ခြင်သုံးတတ်ဖို့ လိုပါသည်။

အကယ်၍ မီးလောင်မှုဖြစ်ပါက အချက်ပေးခေါင်းလောင်းသံခေါက်ပါ။ ထွက်မပြေးပါနှင့်။ ကျိတ်၍မငြှိမ်းပါနှင့်။ ပတ်ဝန်းကျင်သို့အကူအညီတောင်းပါ။ မိမိနေအိမ်တိုက်တာ အဆောက်အအုံများတွင် မီးငြှိမ်းသတ် ဆေးဘူးအနည်းဆုံးတစ်ဘူးကို အရန်သင့်ထားရှိပါ။ ရုတ်တရက် မီးလောင်မှုဖြစ်ပွားပါက နေအိမ်တွင်အသင့်ရှိသော မီးငြှိမ်းသတ်ဆေးဘူးဖြင့် လက်ဦးမှုရယူပါ။ အိမ်တိုင်းတွင် မီးသတ်ဆေးဘူးအပြင် မီးချိတ်၊ မီးကပ်၊ ရေအိတ်၊ သဲအိတ်များ ကြိုတင်ဆောင်ထားသင့်ပါသည်။ မီးလောင်သောအခါ ၎င်းပစ္စည်းများကိုသုံး၍ အမြန်ငြှိမ်းသတ်နိုင်ပေလိမ့်မည်။ နီးစပ်ရာမီးသတ်စခန်းကို အမြန်ဆုံးအကြောင်းကြားပါ။ (မိမိနေထိုင်ရာ မြို့နယ်မီးသတ်စခန်း၏ ဖုန်းနံပါတ်များကို နေအိမ်အတွင်း အလွယ်တကူ မြင်သာထင်သာရှိမည့်နေရာတွင် ရေးမှတ်ထားပါ။) မီးသတ်ကားများ ဝင်လမ်း၊ ထွက်လမ်း၊ ပိတ်ဆို့မှုမရှိစေရေးကူညီပါ။ လျှပ်စစ်ဝိုင်ယာရှော့ဖြစ်လျှင် ပင်မခလုတ်ကိုပိတ်ပြီး ခြောက်သွေ့သောအဝတ်ဖြင့် ရိုက်ပုတ်ငြှိမ်းသတ်ပါ။

မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ်ကြုံတွေ့ရလျှင် စိတ်ကိုတည်ငြိမ်စွာထိန်း၍ ကြမ်းပြင်ပေါ်သို့ မှောက်ချပါ။ မိသားစုဝင်အားလုံး သိရှိနိုင်အောင် အော်ဟစ်အကြောင်းကြားပါ။ တံခါးပေါက်ရှိရာသို့ လေးဖက်ထောက် သို့မဟုတ် မိချောင်းတက်အနေအထားဖြင့် အမြန်ထွက်ခွာပါ။ မိသားစုအားလုံးအပြင် သို့ရောက်လျှင် တံခါးပြန်ပိတ်ပါ။ လွတ်မြောက်နေရာသို့ အမြန်ဆုံးထွက်ခွာရင်း ပတ်ဝန်းကျင်မှသိရှိအောင် အော်ဟစ်အကူအညီတောင်းပါ။ မီးသတ်တပ်ဖွဲ့သို့ အမြန်ဆုံးအကြောင်းကြားပါ။ အသက်ရှူကိရိယာမရှိပါက လက်ကိုင်ပဝါ သို့မဟုတ် အဝတ်ကိုရေစွတ်ပြီး နှာခေါင်းကိုပိတ်၍စည်းထားပါ။ အထပ်မြင့်အဆောက်အအုံပေါ်မှ မီးဘေးလွတ်မြောက်ရန် ခုန်ချခြင်းမပြုလုပ်ပါနှင့်။

ပူးပေါင်းပါဝင်ရန် သတိပေးနှိုးဆော်ချက်

“အမှိုက်ကစ ပြာသာဒ်မီးလောင်” မဖြစ်ရစေရန်အတွက် အောက်ပါအတိုင်း ပူးပေါင်းပါဝင် ကူညီပေးသင့်ပါသည်။ မီးလောင်မှုဖြစ်သောအခါ သက်ဆိုင်ရာ မြို့နယ်မီးသတ်ဌာနသို့ အမြန်ဆုံး သတင်းပို့ပါ။ မီးလောင်သည့်နေရာသို့ အတိအကျသတင်းပို့ပါ။

မိမိအိမ်နေရာနှင့် ဝေးနေသေးတာပဲဟူ၍ ပွဲကြည့်ပရိသတ်အဖြစ် လက်ပိုက်၍ကြည့်ရှုမနေသင့်ပေ။ တတ်သိနားလည်သော မီးသတ်ဝန်ထမ်းများ ရောက်မလာသေးမည်အထိ မီးညွန့်ကျိုးသွားအောင် တတ်စွမ်းသမျှ ကူညီဖြေရှင်းပေးပါ။

မီးသတ်ကားများ လွယ်ကူလျင်မြန်စွာ အဝင်/အထွက်ပြု၍ မီးငြှိမ်းသတ်နိုင်ရန်အတွက် ပြည်သူအားလုံး အသိစိတ်ဓာတ်ဖြင့် လမ်းရှင်းပေးထားရန်လိုပါသည်။ မီးသတ်ယာဉ်/ စက်များရောက်ရှိလာလျှင် မီးလောင် မှုနှင့် အနီးစပ်ဆုံးနေရာသို့ ညွှန်ပြပေးပါ။ မလိုအပ်ဘဲ ဝိုင်းအုံလျက်ကြည့်မနေဘဲ ဖယ်ရှားပေးခြင်းဖြင့် ကူညီပါ။ မီးမလောင်သေးသည့် မိမိ၏နေအိမ်များရှိရာသို့ မီးသတ်ယာဉ်များကို ညွှန်ပြခြင်း၊ အတင်း အဓမ္မခြိမ်းခြောက်ခေါ်ယူခြင်း၊ အတ္တဆန်စွာအနှောင့်အယှက်ပြုခြင်းများကို ရှောင်ကြဉ်ပါ။ မီးသတ် ယာဉ်တစ်စီး၏ ရေဂါလန် ၈၀၀ ပါဝင်မှုသည် အချိန် သုံးမိနစ်မှ ငါးမိနစ်အထိသာ ပက်ဖျန်းနိုင်သည့်အတွက် ရပ်ကွက်တိုင်း၊ ကျေးရွာတိုင်းမှာရေငုတ်များ၊ မီးသတ်ရေလှောင်ကန်များ ထားရှိပေးနိုင်ရန် လိုပါသည်။ မီးသတ်ကားများကို နိုင်ငံတော်အစိုးရအနေဖြင့် ဖြည့်တင်းပေးထား၍ ထိုက်သင့်သော မီးသတ်ယာဉ်အရေအတွက် ရှိနေသော်လည်း ပြည့်စုံလုံလောက်မှု အားနည်းနေပါသေးသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ဝိုင်းဝန်းဖြည့်တင်းလှူဒါန်းခြင်းများ ပြုလုပ်နိုင်လျှင် ပြုလုပ်ပေးကြပါ။

သူနာပြုအရေးပေါ်ကားမလာမီ မီးလောင်ခံရသူကို ရှေးဦးပြုစုနည်း

မီးခိုးမွှန်ခြင်းအတွက် အကောင်းဆုံးသော ရှေးဦးသူနာပြုနည်းမှာ ဦးစွာပထမ လေကောင်းလေသန့် ရရှိသောနေရာသို့ လူနာကိုရွှေ့ပေးပါ။ ပြီးနောက်အဝတ်ကို ရေစွတ်၍ ရှူပေးခိုင်းပါ။ မီးလောင်ထားသော အဝတ်ကို အတင်းဆွဲမချွတ်ပါနှင့် (ကိုယ်အရေပြားနှင့် အသားစများ အဝတ်အထည်တွင် ကပ်ငြိပါသွားစေသဖြင့် နောက်ဆက်တွဲဒဏ်ရာများ ဖြစ်လာနိုင်သည်) လူနာဝတ်ဆင်ထားသောအဝတ် အစားများပေါ်တွင် မီးစမီးတောက် မမြင်တွေ့သော် ငြားအတွင်းလှိုက်၍ တဖြည်းဖြည်း လောင်ကျွမ်း နေခြင်း ရှိ/မရှိ သေချာစစ်ဆေးပေးပါ။ ပြင်းပြင်းထန်ထန် လောင်ကျွမ်းနေသောဒဏ်ရာကို ရေစိမ်/ ရေလောင်းခြင်းမပြုပါနှင့်။ ရုတ်တရက် ရေအေးလောင်းလိုက်သောအခါ ဖြစ်ရိုးဖြစ်စဉ်မဟုတ်ဘဲ တစ်မုဟုတ်ချင်း ကျဆင်းသွားသော ကိုယ်အပူချိန်နှင့် သွေးဖိအားတို့ ရုတ်တရက်တွန်းကန်မှုကြောင့် လူနာကို သတိလစ်မေ့မြောစေတတ်သည်။ အသက်ရှူခြင်း၊ ချောင်းဆိုးခြင်း၊ ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုခုလှုပ်ရှားခြင်း ရှိ/မရှိစစ်ဆေးပါ။ အကယ်၍ လုံးဝလှုပ်ရှားမှုမရှိ ငြိမ်သက်နေပါက Cardio Pulmonary Resuscitation (CPR)(ခေါ်) နှလုံး၊ အဆုတ်တို့ကို ပြန်လည်အလုပ်လုပ်စေသော ရှေးဦး သူနာပြုနည်းများဖြစ်ကြသည့် ပါးစပ်ချင်းတေ့၍ လေမှုတ်သွင်းပေးနည်း၊ လက်ဝဲဘက်ရင်အုံပေါ်သို့ လက်ဖြင့် ဖိလိုက်ကြွလိုက်လုပ်၍ နှလုံးခုန်စေသောနည်း စသည်တို့ဖြင့် ပြုစုပေးပါ။ သွေးလည်ပတ်မှု ကောင်းစေရန်အတွက် မီးလောင်ခံရသောဒဏ်ရာကို နှလုံးထက်မြင့်သော ကိုယ်ဟန်အနေအထားဖြင့် အပေါ်သို့မတင်ပေးထားပါ။ မီးလောင်ကျွမ်းခံရသော ဒဏ်ရာပေါ်မှာ သန့်စင်သောအဝတ်စကို ရေစွတ်ပြီး အသာအယာတင်ထားပေးပါ။ ဆေးရုံရောက်သောအခါ ဒဏ်ရာများအတွက် မေးခိုင်ရောဂါကာကွယ်ဆေးထိုးခိုင်းရန် မမေ့ပါနှင့်။

အခြေခံမီးသတ်သင်တန်းများ

ယနေ့မြန်မာနိုင်ငံတွင် မီးဘေးအန္တရာယ်မှ ကြိုတင်ကာကွယ်သည့်အနေဖြင့် မြို့နယ်၊ ကျေးရွာ၊ ခရိုင်များတွင် သက်ဆိုင်ရာ မီးသတ်ဦးစီးဌာနနှင့်ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲများနှင့်တကွ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြ လေ့ကျင့်ခန်းများကိုပြုလုပ်၍ ပညာပေးနှိုးဆော်နေကြသည်။ နိုင်ငံတော်၏လမ်းညွှန်မှုဖြင့် မီးသတ်တပ်ဖွဲ့များမှာ လူအသင့်၊ ယာဉ်အသင့်၊ ရေအသင့်၊ ဆီအသင့်ဟူ၍ သင့်လေးသင့်ရှိစေရန် အစီအစဉ်များချမှတ်လုပ်ကိုင်လျက်ရှိကြသည်။ မီးသတ်ဦးစီးဌာနက ခေတ်မီမီးငြှိမ်းသတ်နည်းများ၊ အထပ်မြင့် အဆောက်အအုံတိုက်ခန်းများတွင် မီးငြှိမ်းသတ်နည်းများနှင့် ယင်းတိုက်ခန်းများတွင် နေထိုင်သူများအား ကယ်တင်ခြင်းတို့ကိုလည်းသင်ကြားပေး၍ လေ့ကျင့်နေကြပြီဖြစ်သည်။ မီးလောင်မှုဖြစ်ပွားခြင်းကို ကြိုတင်ကာကွယ်နိုင်ရန်၊ ကြိုတင်ကာကွယ်ရေးနည်းလမ်းများသိရှိနိုင်စေရန်၊ မီးလောင်မှုဖြစ်ပွားလာပါက စနစ်တကျ မီးငြှိမ်းသတ်နိုင်ရန်နှင့် ဆုံးရှုံးမှုများနည်းပါးစေရန် ရည်ရွယ်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် သက်ဆိုင်ရာမြို့နယ်မီးသတ်ဦးစီးဌာနတို့မှ အကြို အခြေခံမီးသတ်သင်တန်းများ ပြုလုပ်ပေးလျက်ရှိသည်။ သင်တန်းသား သင်တန်းသူများအဖြစ် စက်သုံးဆီဆိုင်များမှ ဝန်ထမ်းများကို အထူးအလေးပေးခေါ်ယူသင်တန်းပေးကြောင်း သိရသည်။

ယခုနှစ် မေလ ၅ ရက်နေ့သည် (၇၈)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် မီးသတ်တပ်ဖွဲ့သည် မီးငြှိမ်းသတ်ရေး၊ သဘာဝဘေးအန္တရာယ်ဖြစ်ပွားပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် ခေတ်မီယာဉ်ကြီးများ၊ ခေတ်မီနည်းပညာများဖြင့် မြန်မြန်သိ၊ မြန်မြန် သွား၊ မြန်မြန်ငြှိမ်းသတ်လျက်ရှိရာ ပြည်သူများအနေဖြင့် မီးလောင်မှုနှင့် သဘာဝဘေးအန္တရာယ်များ ကြုံတွေ့လာပါက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ Hot Line နံပါတ် (၁၉၁)သို့ အမြန်ဆုံးအကြောင်းကြားကြရန်နှင့် ပါဝင်ကူညီကြရန် နှိုးဆော်ထားကြောင်း သိရသည်။

အချုပ်အားဖြင့်ဆိုသော် မိမိနေထိုင်ရာအိမ်ရာ၊ ရပ်ကွက်မှသည် တစ်နိုင်ငံလုံးအတိုင်းအတာအထိ မီးဘေးအန္တရာယ်ကင်းဝေးစေရန် ပြည်သူတစ်ဦးချင်းစီက စည်းကမ်းရှိစွာဖြင့် သတိရှိကြမည်ဆိုပါလျှင် ရန်သူမီးဝါးမြိုခြင်း အန္တရာယ်မှကင်းဝေးနိုင်မည်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။    ။