သတိပြုဖွယ် အပူဒဏ်အန္တရာယ်
ဒေါက်တာဇေယျာဝင်း
မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့အပူပိုင်းဇုန်တွင် တည်ရှိသည့်အားလျော်စွာ နေရာဒေသအတော်များများသည် နွေရာသီတွင် အပူဒဏ်ခံစားရသည်မှာ နှစ်စဉ်နှစ်တိုင်းပင်ဖြစ်ပါသည်။ ကမ္ဘာ့ရာသီဥတုအခြေအနေအရလည်း ပူပြင်းခြောက်သွေ့သော အယ်နီညိုရာသီဥတုအမျိုးအစားသို့ ချဉ်းနင်းဝင်ရောက်နေကြောင်း သိရှိရပါသည်။ ထို့ကြောင့် ယခုနှစ်တွင် မြန်မာနိုင်ငံအနေဖြင့် ရာသီဥတုပူပြင်းမှုဒဏ်ကို ယခင်နှစ်များထက် ပိုမို ခံစားရပါသည်။
အဓိကအချက်များ
ကမ္ဘာကြီးအနေဖြင့် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုများကြောင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုပူနွေးလာလျက်ရှိပါသည်။ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၆ ခုနှစ်အတွင်း အပူလှိုင်းဒဏ်ခံစားရသော လူဦးရေမှာ ၁၂၅ သန်းခန့်အထိ တိုးတက်လာကြောင်းသိရပါသည်။ မြင့်မားသည့်အပူချိန်ကို ကာလတစ်ခု ခံစားနေရပါက လူ့ခန္ဓာကိုယ်အနေဖြင့် ပြောင်းလဲမှုများဖြစ်ကာ အရွယ်မတိုင်မီသေဆုံးခြင်းအပါအဝင် ကျန်းမာရေးပြဿနာများ ရင်ဆိုင်ရနိုင်ပါသည်။
ကမ္ဘာလုံးဆိုင်ရာ အပူချိန်တိုးမြင့်လာမှုသည် ၂၁ ရာစုတွင် လျင်လျင်မြန်မြန် ဖြစ်ပွားလာနေပါသည်။ လူသားများအနေဖြင့် အပူချိန်တိုးလာမှုကြောင့် ခန္ဓာကိုယ်ဇီဝဖြစ်စဉ်များအပေါ် ဆိုးရွားစွာ ထိခိုက်မှုများခံစားကြရပါသည်။ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများ၊ နှလုံး၊ သွေးတိုး၊ ဆီးချိုနှင့် ကျောက်ကပ်ရောဂါများအပြင် အရွယ်မတိုင်မီ သေဆုံးခြင်းများသည်လည်း အပူချိန်တိုးမြင့်လာမှုကို ကာလရှည်ခံစားနေရမှုများနှင့် သက်ဆိုင်နေကြောင်း တွေ့ရှိရပါသည်။ ထို့အပြင် ပြင်းထန်သည့်အပူလှိုင်းများသည် အချိန်တိုအတွင်း ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေများဖြစ်သည့် အပူလျှပ်ခြင်း၊ သတိလစ်မေ့မြောခြင်းနှင့် ရုတ်တရက်သေဆုံးခြင်းများအထိ ခံစားရနိုင်ပါသည်။ လူအစုလိုက်အပြုံလိုက် အပူလှိုင်းဒဏ်ခံစားရပါက ကျန်းမာရေးစောင့်ရှောက်မှု စနစ်ကို ဝန်ထုပ်ဝန်ပိုးဖြစ်ကာ မနိုင်ဝန်ထမ်းရခြင်းများ ဖြစ်စေနိုင်ပါသည်။
အပူဒဏ်အန္တရာယ်နှင့်ပတ်သက်၍ ပြည်သူလူထုအကြား အသိရှိမှုမှာ တစ်ကမ္ဘာလုံးအတိုင်းအတာအားဖြင့် လုံလောက်မှုမရှိသေးကြောင်း သိရပါသည်။ အပူဒဏ်ဆိုင်ရာ အသိပညာပေးမှုနှင့် အသိပညာကျယ်ကျယ်ပြန့်ပြန့် ဖြစ်စေရေးစီမံချက်များသည် လက်တွေ့ကျပြီး ထိရောက်မှုရှိကာ ကုန်ကျစရိတ်သက်သာမည့် နည်းလမ်းများကို ရှာဖွေ၍ အများပြည်သူအကြား၊ လူတစ်ဦးချင်းစီအကြား၊ လူမှုအဖွဲ့အစည်းများအကြား ထိထိရောက်ရောက်ရှိစေရန် စီမံဆောင်ရွက်ခြင်းဖြင့် လူ့အသက်များစွာကို ကယ်တင်နိုင်မည်ဖြစ်ပါသည်။
မည်သူတွေထိခိုက်နိုင်သလဲ
ကမ္ဘာကြီး ပူနွေးလာမှုနှင့်အတူ လူသားတိုင်းသည် အပူဒဏ်ကို ခံစားရနိုင်ပါသည်။ သို့ရာတွင် တချို့သောသူများတွင် ၎င်းတို့၏ ရုပ်ပိုင်းဆိုင်ရာနှင့် လူမှုစီးပွားဘဝဆိုင်ရာ အခြေအနေများကြောင့် တခြားသူများထက် အပူဒဏ် ပိုမိုခံစားရနိုင်ပါသည်။ အသက်ကြီးသူများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်များ၊ နေပူထဲတွင် အလုပ်လုပ်ရသူများ၊ ကာယလုပ်သားများနှင့် အားကစားသမားများသည် ပိုမိုထိခိုက်ခံစားရနိုင်ပါသည်။
ကျန်းမာရေးအပေါ် အပူဒဏ်သည် မည်သို့သက်ရောက်ပါသလဲ
ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသော ပြင်ပအပူများသည် ခန္ဓာကိုယ်မှ ထိန်းညှိနိုင်သည့်ပမာဏထက် ကျော်လွန်လာပါက အပူကြောင့် ကြွက်တက်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ ဖောရောင်ခြင်း၊ မိတ်နှင့်ယားဖုများထွက်ခြင်း၊ မူးမေ့လဲကျခြင်း၊ သတိလစ်ခြင်း၊ ရုတ်တရက်သေဆုံးခြင်းစသည့် လက္ခဏာများ ခံစားရနိုင်ပါသည်။ ထိုသို့ ချက်ချင်းလက်ငင်း ခံစားရသည့် လက္ခဏာများအပြင် အပူဒဏ်ခံစားရပြီးနောက် ရက်အတန်ကြာ၌လည်း နောက်ဆက်တွဲဆိုးကျိုးများ ခံစားရစေနိုင်ပါသည်။ ထို့အပြင် ရာသီအလိုက် အပူချိန်မြင့်မားမှုကို ခံစားနေရသူများအနက် နာတာရှည်ရောဂါအခံ ရှိသူများအနေဖြင့် ရောဂါများ ပိုမိုဆိုးရွားစွာ ခံစားရစေနိုင်ပါသည်။
ထိုသို့အပူကြောင့် တိုက်ရိုက်ထိခိုက်မှုများအပြင် သွယ်ဝိုက်၍လည်း ကျန်းမာရေးကို ထိခိုက်နိုင်ပါသေးသည်။ အပူဒဏ်ကြောင့် အမူအကျင့်များပြောင်းလဲခြင်း၊ ကူးစက်ရောဂါများပြန့်ပွားခြင်း၊ အခြေခံလူမှုအဆောက်အဦများဖြစ်သည့် လေထုအရည်အသွေး၊ စွမ်းအင်၊ ရေနှင့် သယ်ယူပို့ဆောင်ရေး စသည်တို့အပေါ်တွင်လည်း ရေရှည်တွင် ထိခိုက်နိုင်ကြောင်း တွေ့ရှိ ရပါသည်။
အပူဒဏ်ကြောင့် ဖြစ်ပွားတတ်သည့် လက္ခဏာများ
အပူဒဏ်ကြောင့် ခံစားရနိုင်သည့်လက္ခဏာများမှာ အပူမိသဖြင့် ကြွက်သားများနာကျင်ခြင်း၊ အပူကြောင့် သတိလက်လွတ်ဖြစ်ခြင်း၊ မြင့်မားသည့် အပူချိန်နှင့် ကြာရှည်ထိတွေ့လာသည် နှင့်အမျှ ရေနှင့်ဓာတ်ဆားများ ခန်းခြောက်လာခြင်း၊ ၎င်းမှတစ်ဆင့် ကိုယ်ခန္ဓာ၏ အပူချိန်ထိန်းသည့်စနစ်ကို ထိခိုက်ပျက်စီး စေနိုင်ခြင်းနှင့် ဗဟိုအာရုံကြောစနစ်ကို ထိခိုက်လာခြင်းတို့ ဖြစ်စေတတ်ပါသည်။ ပျို့ချင်အန်ချင်ဖြစ်ခြင်း၊ ခေါင်းထိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ ပူနေသော်ငြား ချွေးမထွက်ခြင်း၊ အရေပြားနီရဲနေခြင်း၊ ကြွက်သားအားနည်းခြင်း၊ ကြွက်တက်ခြင်း၊ နှလုံးခုန်မြန်ခြင်း၊ အသက်ရှူတိမ်ပြီးမြန်ခြင်း၊ စိတ်ရှုပ်ထွေးနောက်ကျိလာခြင်း၊ ရောက်နေသည့်နေရာကို မသိဖြစ်လာကာ လှုပ်ရှားမှုနှေးကွေးလေးလံလာခြင်းနှင့် သတိလက်လွတ်ဖြစ်လာခြင်းစသည်တို့ ခံစားရတတ်ပါသည်။
ရှေးဦးပြုစုခြင်း
အကယ်၍ သင်နှင့် သင့်ပတ်ဝန်းကျင်တွင် အပူဒဏ်ကြောင့် ရောဂါလက္ခဏာများ ခံစားနေရသူများရှိပါက အရိပ်ရအေးမြသောနေရာသို့ ရွှေ့ပြောင်းထားပြီး ပန်ကာနှင့် အဲကွန်းများဖွင့်ပေးခြင်း၊ မရှိပါက ယပ်ခတ်ပေးခြင်း၊ ခြေထောက်ဘက်ကို မြှင့်ပေးကာ ပက်လက်အနေအထားတွင် ထားရှိခြင်း၊ အဝတ်များချွတ်ပြီး လည်ပင်း၊ ချိုင်းနှင့် ပေါင်ခြံတို့ ကိုရေဖတ်တိုက်ပေးခြင်း၊ သတိရှိနေပါက ရေအေး/ဓာတ်ဆားရည်တို့ကို ဝင်နိုင်သမျှ တိုက်ပေးခြင်းနှင့် ဆေးရုံ၊ ဆေးခန်းသို့ ချက်ချင်းပို့ဆောင်ပေးခြင်းတို့ကို အချိန်မဆိုင်းဘဲ ပြုလုပ်ပေးရန် လိုအပ်ပါသည်။
အပူဒဏ်ကာကွယ်ရေးလိုက်နာရန် အချက်များ
- မိမိနေအိမ်ကို အေးမြအောင် ဆောင်ရွက်ပါ။
- နေ့လယ်နေ့ခင်းအချိန်တွင် အရိပ်ရ အေးမြ၍ လေဝင်လေထွက်ကောင်း သော နေရာတွင် နားနေပါ။
- ပူပြင်းသော နေရောင်အောက်တွင် အလုပ်လုပ်ခြင်းနဲ့ သွားလာလှုပ်ရှားခြင်းတို့ကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။ မဖြစ်မနေသွားလာ လုပ်ကိုင်ရမည်ဆိုပါက အရိပ်လုံလောက်စွာရရှိသည့် ထီး၊ ဦးထုပ်ဆောင်းပါ။
- အဖြူရောင်(သို့) အရောင်ခပ်ဖျော့ဖျော့ ချည်ထည်ပွပွများ ဝတ်ဆင်ပါ။
- အရက်သေစာ သောက်စားခြင်းဖြင့် အပူဒဏ်ကို ပိုမိုခံစားရစေနိုင်သဖြင့် ရှောင်ကြဉ်ပါ။
- ခန္ဓာကိုယ်တွင် ရေနှင့် ဓာတ်ဆားဆုံးရှုံးမှုမဖြစ်ပေါ်စေရန် ရေနှင့် ဓာတ်ဆားရည်ကို လုံလောက်စွာ သောက်သုံးပါ။
- နံနက် ၁၀ နာရီမှ ညနေ ၄နာရီ အတွင်း နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့ခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။
- နေပူထဲမှပြန်ရောက်ပါက ချက်ချင်း ရေမချိုးပါနှင့်။ ခေတ္တနားနေပြီးမှသာ ရေချိုးပါ။
- ပူပြင်းသော နေရောင်အောက်မှ အလွန်အေးသောအခန်းနှင့် ကားအတွင်းသို့ ချက်ချင်းဝင်ရောက်ခြင်း၊ အလွန်အေးသောအခန်းနှင့် ကားအတွင်းမှ ပူပြင်းသော နေရောင်ထဲ သို့ ချက်ချင်းထွက်ခြင်းများ ရှောင်ကြဉ်ပါ။
- အပူဒဏ်ကြောင့် သတိလစ်ခြင်း ဖြစ်ပွားမည့်လက္ခဏာများ ဖြစ်ပေါ်လာပါက အသက်အန္တရာယ် ထိခိုက်နိုင်သဖြင့် နီးစပ်ရာ ဆေးရုံ/ဆေးခန်းများသို့ ချက်ချင်းပို့ဆောင်ပါ။
ရာသီဥတုပူပြင်းလာသည်နှင့်အမျှ သင့်ကျန်းမာရေးကို ပိုမိုဂရုစိုက်ဖို့လိုအပ်ပါသည်။ မြင့်မားလွန်းသည့်အပူချိန်သည် ချွေးထွက်လွန်ပြီး ခန္ဓာကိုယ်မှ ရေနှင့်ဓာတ်ဆားဓာတ်များ ဆုံးရှုံးကာ အချိန်မီဆေးကုသမှုမခံယူလျှင် အသက်ဆုံးရှုံးသည်အထိ ဖြစ်စေနိုင်ပါသည်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်နှိုးဆော်ထားသည့် အပူဒဏ်ဆိုင်ရာ ကာကွယ်ရေးနှိုးဆော်ချက်များကို တိကျစွာ လိုက်နာသင့်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။ ။