Skip to main content

ဒို့ကျေးရွာများဖွံ့ဖြိုးရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေး

ဒေါက်တာကီး(ဇလပ်မြေ)

ကမ္ဘာကြီးသည် ရှိသမျှသော ဂြိုဟ်ကြီးများအနက် လူသားတို့နေထိုင်ရန်အတွက် အကောင်းဆုံးသော နေရာဖြစ်ပြီး လူသားအားလုံးသည် မိမိတို့နေထိုင်ရာ ကမ္ဘာကြီးကို ပိုမိုတိုးတက်ကောင်းမွန်စေချင်ကြသည်။ သို့ဖြစ်ရာ သက်ဆိုင်ရာနိုင်ငံအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကာလတို၊ ကာလလတ်၊ ကာလရှည် စီမံချက်/စီမံကိန်းများ ရေးဆွဲချမှတ်၍ သူ့ထက်ငါအပြိုင် ကဏ္ဍနှင့်ဒေသအလိုက် ဖွံ့ဖြိုးရေးဆောင်ရွက်နေကြသည်ကို တွေ့မြင်ရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာ၌ အခြေအနေနှင့် အချိန်အခါအပေါ်မူတည်၍ Top Down (အထက်မှမူဝါဒချမှတ်၍ တိုက်ရိုက်စီမံခန့်ခွဲသည့်စနစ်) နှင့် Bottom Up (အောက်ခြေမှ အဆင့်ဆင့် တင်ပြဆောင်ရွက်သည့်စနစ်) ကို လိုအပ်သလို ကျင့်သုံးလျက်ရှိကြောင်း တွေ့ရှိရသည်။

မိမိတို့နိုင်ငံသည်လည်း ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်သည်နှင့်အညီ ဘက်စုံဖွံ့ဖြိုးရေးဆောင်ရွက်ရာ၌ အထက်ပါနည်းလမ်းနှစ်မျိုးဖြင့် ဆောင်ရွက်လျက် ရှိပြီး အဓိကအားဖြင့် မြို့ပြနှင့်ကျေးလက်ဖွံ့ဖြိုးရေး နှစ်ပိုင်းခွဲ၍ ဆောင်ရွက်လျက်ရှိသည်။ ကျေးလက်ဒေသဖွံ့ဖြိုးရေးကဏ္ဍတွင် (Focal Department) ဖြစ်သည့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အဓိကတာဝန်ယူဆောင်ရွက်လျက်ရှိသည်။

မြန်မာနိုင်ငံတွင် ကျေးရွာပေါင်း ၆၄၀၀၀ ခန့်ရှိပြီး နိုင်ငံ့လူဦးရေ၏ ၇၀ ရာခိုင်နှုန်းသည် ကျေးလက်ဒေသများ၌ နေထိုင်ကြသည်။ ကျေးလက်နေ ပြည်သူများ၏ လူနေမှုဘဝ တိုးတက်မြင့်မားလာ စေရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက် ဒေသဖွံ့ဖြိုးရေး မဟာဗျူဟာမူဘောင်ကို သက်ဆိုင်သူအားလုံးပါဝင်၍ ရေးဆွဲခဲ့ပြီး အဆိုပါမူဘောင်အရ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း Village Development Plan (VDP) အား (၂၀၁၅) ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့သည်။

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဆိုတာ

ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်းအား ကျေးလက်နေပြည်သူများကိုယ်တိုင် ကျေးရွာ၏ ပကတိလိုအပ်ချက်များကိုဖော်ထုတ်ပြီး ဦးစားပေးအစီအစဉ်အလိုက် စီမံချက်များရေးဆွဲ ဖော်ထုတ်နိုင်စေရန်၊ ကျေးရွာများ၏ ဦးစားပေးစီမံချက်အပေါ် အခြေခံ၍ နှစ်စဉ်ရန်ပုံငွေများ လျာထားပြီး စီမံချက်လုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်စေရန်၊ ကျေးရွာမှ ထွက်ပေါ်လာသော စီမံချက်လုပ်ငန်းများအား မြို့နယ်အဆင့်ဦးစီးဌာနအသီးသီး၏ ဖွံ့ဖြိုးရေးအစီအစဉ်များနှင့် ချိတ်ဆက်နိုင်စေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည်။

စီမံကိန်းဆောင်ရွက်မည့် ကျေးရွာရွေးချယ်ရာ၌ ဦးစီးဌာနရန်ပုံငွေအပြင် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရရန်ပုံငွေနှင့် ကျေးရွာမှ ထည့်ဝင်ငွေများဖြင့် ပေါင်းစပ်ဆောင်ရွက်လိုသည့် ကျေးရွာ၊ လမ်းပန်း ဆက်သွယ်ရေး လွယ်ကူချောမွေ့မှုနှင့် နယ်မြေလုံခြုံ တည်ငြိမ်အေးချမ်းမှုရှိသည့် ကျေးရွာများ၊ ရွာသူ ရွာသားများ၏ စိတ်ပါဝင်စားမှု၊ စည်းလုံးညီညွတ်မှု၊ စိတ်အားထက်သန်မှုရှိသောကျေးရွာများ၊ ဖွံ့ဖြိုးရေး အမှန်တကယ်ဆောင်ရွက်ရန် လိုအပ်သည့်ကျေးရွာများ၊ မိမိမြို့နယ်အတွင်း အကျိုးခံစားရမည့် အိမ်ထောင်စုများသော ကျေးရွာများကို ဦးစားပေးရွေးချယ်ပြီး ကျေးရွာမှ ဖော်ထုတ်ရရှိလာသော စီမံချက်ပါ ဦးစားပေးဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ စီမံကိန်းရန်ပုံငွေအား ကျေးရွာတစ်ရွာလျှင် ငွေကျပ် ၁၀ ဒသမ ၀၀ သန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အထိ ထောက်ပံ့ခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှစ၍ ကျေးရွာတစ်ရွာလျှင် ငွေကျပ် ၁၅ သန်း တိုးမြှင့်ထောက်ပံ့ပေးလျက်ရှိသည်။

စီမံကိန်းလုပ်ငန်းစဉ်တွင်ပါဝင်သည့် နည်းစနစ်များ

စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်သည့် လုပ်ငန်းစဉ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်မူဘောင် (၅နှစ်တာ၊ ကာလလတ် စီမံချက်)နှင့် နှစ်အလိုက် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှုအစီအစဉ် (Annual Village Investment Programme-AVIP) ဟူ၍ အဓိက နည်းစနစ်နှစ်ခု ပါဝင်သည်။ ကျေးရွာဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်း စီမံချက်မူဘောင် (၅ နှစ်တာ၊ ကာလလတ်စီမံချက်) ဟု ဆိုရာ၌ ကျေးလက်လူထု ပါဝင် လုပ်ဆောင်သည့် ကျေးရွာလူထု၏ လူမှုစီးပွားဘဝ အခြေအနေမှန်ကို ဆန်းစစ်နည်း (Participatory Rural Appriasals-PRA) နည်းလမ်းကို အသုံးပြု၍ ကျေးလက်လူထု၏ လက်ရှိလူမှုစီးပွားအခြေအနေ၊ သဘာဝပတ်ဝန်းကျင်နှင့် အခြားဖွံ့ဖြိုးရေးအခြေ အနေများ၊ ဖွံ့ဖြိုးရေးကို အထောက်အကူပြုစေသော အကြောင်းများနှင့် အဟန့်အတားစိန်ခေါ်မှုများကို ဖော်ထုတ်ပြီး ရရှိလာသည့် အချက်အလက်များ အပေါ်အခြေခံ၍ ငါးနှစ်တာကာလအတွက် ကျေးရွာ၏ ဦးစားပေးလုပ်ငန်းလိုအပ်ချက်များ အနက်မှ လုပ်ငန်းကဏ္ဍအလိုက် ဘဏ္ဍာငွေခွဲဝေပေးရာတွင် လမ်းညွှန်အဖြစ် အသုံးပြုနိုင်စေရန် စီမံချက် စာအုပ်ပြုစုရေးဆွဲခြင်းဖြစ်သည်။

ထွက်ရှိလာသည့် အဆိုပါစီမံချက်စာအုပ်ပေါ် အခြေခံ၍ နှစ်အလိုက် ကျေးရွာဖွံ့ဖြိုးရေးရန်ပုံငွေ အစီအစဉ် ရေးဆွဲပြင်ဆင်ခြင်းလုပ်ငန်းအား နိုင်ငံတော်၏ ဘတ်ဂျက်ပြင်ဆင်သည့် စက်ဝန်း အတိုင်း ဆောင်ရွက်လျက်ရှိပြီး ဘဏ္ဍာနှစ်အလိုက် ကျေးရွာများမှ ဘဏ္ဍာငွေရရှိနိုင်စေရန် ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျေးရွာ၏လိုအပ်ချက်များသည် များပြားသည့်အတွက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်ပေးနိုင်မည့်လုပ်ငန်းများအား ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဘဏ္ဍာနှစ်အလိုက် ထည့်သွင်းလျာထားပေးလျက်ရှိပြီး ဦးစီးဌာန၏ လုပ်ငန်းတာဝန် (Mandate)တွင် ပါဝင်မှုမရှိသည့် အခြားလုပ်ငန်းများကိုလည်း မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ဘတ်ဂျက်တွင် ထည့်သွင်းလျာထား ပေးနိုင်ရန် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါသည်။

မအူပင်မြို့နယ်အတွင်း (VDP)စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့မှု

မအူပင်မြို့နယ်သည် ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်အတွင်းတည်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး တွံ့တေးမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်လျက်ရှိသည်။ မအူပင်မြို့နယ်ကို မြို့ပေါ်ရပ်ကွက် ၁၂ ရပ်ကွက်၊ ကျေးရွာအုပ်စု ၇၆ အုပ်စု၊ ကျေးရွာ ၄၄၂ ရွာဖြင့် ဖွဲ့စည်းထားသည်။ မအူပင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ကျေးရွာပေါင်း ၈၆ ရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်း ၆၂ ခု၊ မြေသားလမ်း နှစ်ခု၊ ကျေးလက်ဆေးပေးခန်း တစ်ခု၊ တံတား ကိုးစင်း၊ ကွန်ကရစ်ဘီးလမ်း ကိုးခု၊ ကျေးလက်ရေပေးရေး သုံးခုနှင့် Mobile Solar ရေသန့်စင်စနစ် ၁၀ ခု စုစုပေါင်း လုပ်ငန်း ၉၆ ခု ဆောင်ရွက်ပေးနိုင်ခဲ့ပြီး စီမံကိန်းလွှမ်းခြုံမှုမှာ ၁၉ ဒသမ ၆ ရာခိုင်နှုန်း ဖြစ်ပါသည်။

ထို့အပြင် (VDP)စီမံကိန်းပုံစံအတိုင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ မအူပင်မြို့နယ် ဒေသ ဖွံ့ဖြိုးရေးအတွက် ပံ့ပိုးပေးသည့် ရန်ပုံငွေကျပ်သန်း ၉၀ ဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကျေးရွာ ငါးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းများကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဥက္ကဋ္ဌ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အတွင်းရေးမှူးအဖြစ် တာဝန်ယူ၍ အခြားဌာန ဆိုင်ရာများ ပါဝင်ဖွဲ့စည်းသည့် မြို့နယ်အဆင့် ကော်မတီအဖွဲ့ဖြင့် စနစ်တကျဆောင်ရွက်ပေးနိုင်ခဲ့ ပါသည်။

ဖွံ့ဖြိုးရေးလိုအပ်ချက်အား ဖော်ထုတ်ခြင်း

မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာများ ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် အလေးထားဆောင်ရွက်လျက်ရှိရာ မြစိမ်းရောင် ကျေးရွာစီမံကိန်း၊ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း (VRFP)၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း (VDP)၊ ကျေးလက်ရေရရှိရေး၊ ကျေးလက်မီးလင်းရေးနှင့် ကျေးလက်ကုန်ထုတ်လမ်း/ တံတားများအပြင် စိုက်ပျိုးရေအခက်အခဲဖြစ်ပေါ်နေသော တောင်သူများအတွက် ဆိုလာရေတင်စနစ်ဖြင့် ရေပေးဝေခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။ သို့ရာတွင် ကျေးရွာများ၏ ကဏ္ဍအလိုက် ဖွံ့ဖြိုးရေးလိုအပ်ချက်များသည် အလွန်များပြား လျက်ရှိနေသေးသည်။

ထိုသို့ ကျေးရွာများဖွံ့ဖြိုးရန် လိုအပ်ချက်များစွာ ရှိသည့်အနက် ကျေးရွာတွင်းလမ်းများ ပြုပြင်ရန်နှင့် အဆင့်မြှင့်တင်ရန် လိုအပ်နေမှုအခြေအနေအား နမူနာအနေဖြင့် မီးမောင်းထိုးပြလိုပါသည်။ မအူပင် မြို့နယ်ရှိ ကျေးရွာ ၄၄၂ ရွာတွင် ကျေးရွာတွင်းလမ်း ခန့်မှန်းမိုင် ၂၄၀ ဒသမ ၅၄၁ မိုင်ရှိသည့်အနက် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် မြစိမ်းရောင်ကျေးရွာ စီမံကိန်းအတိုးရငွေဖြင့် (၅ ဒသမ ၃၇၃)မိုင်၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် (၂၃ ဒသမ ၂၇၂) မိုင်၊ ဆယ်မားအွန်ဒုံစီမံကိန်းဖြင့် (၀ ဒသမ ၃၂၂)မိုင်၊ ကျေးရွာမှ ကိုယ်ထူကိုယ်ထစနစ် ဖြင့် (၈၂ ဒသမ ၁၃၈)မိုင် စုစုပေါင်း (၁၁၁ ဒသမ ၁၀၅)မိုင် ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် ဆောင်ရွက်ရန် ကျန်ရှိသည့် မြေသားလမ်း လမ်းအရှည်မှာ (၁၂၉ ဒသမ ၄၃၆)မိုင် ဖြစ်ပါသည်။ ထိုကျေးရွာတွင်းလမ်း များ ကောင်းမွန်ရန်အတွက် ငါးနှစ်စီမံကိန်းဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက် မည်ဆိုပါက တစ်နှစ်လျှင် ပျမ်းမျှအားဖြင့် (၂၅ ဒသမ ၈၈၇)မိုင် ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်သဖြင့် ကဏ္ဍတစ်ခုတည်း၌ပင် ရန်ပုံငွေများစွာ လိုအပ်မည် ဖြစ်ပါသည်။

ဒို့ကျေးရွာများဖွံ့ဖြိုးဖို့ ပူးပေါင်းပါဝင်ဆောင်ရွက်စို့

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသဖွံ့ဖြိုးရေးသည် လွန်စွာအရေးကြီးသည်။ ကျေးရွာများဖွံ့ဖြိုးတိုးတက်မှသာလျှင် ကျေးရွာအုပ်စုအဆင့်၊ မြို့နယ်အဆင့်၊ ခရိုင်အဆင့်၊ တိုင်းဒေသကြီး/ပြည်နယ်အဆင့်နှင့် ပြည်ထောင်စုအဆင့် စသည်ဖြင့် အဆင့်ဆင့်ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ပြည်သူဗဟိုပြုစနစ်ဖြင့် ဆောင်ရွက်လျက်ရှိပြီး တစ်နည်းအားဖြင့် Bottom Up စနစ်ပင် ဖြစ်ပါသည်။

နမူနာအားဖြင့်ဆိုရလျှင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ စီမံကိန်းဆောင်ရွက်ခွင့်ရသည့် ကျေးရွာနေပြည်သူများမှ ကျေးရွာပကတိ လိုအပ် ချက်များကို ဖော်ထုတ်၍ နှစ်အလိုက် ဆောင်ရွက်လိုသည့် ဦးစားပေးလုပ်ငန်းများပါရှိသည့် စီမံချက် စာအုပ်ကို ပြုစုရေးဆွဲခြင်း၊ ဦးစားပေးလုပ်ငန်းအလိုက် (AVIP) အစီအစဉ်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ထောက်ပံ့သည့် စီမံကိန်းရန်ပုံငွေကျပ် ၁၅ ဒသမ ၀၀ သန်းအပြင် ပြည်သူထည့်ဝင်ငွေများ စုပေါင်း၍ ဌာန၏ကြီးကြပ်မှုနှင့် နည်းပညာပံ့ပိုးပေးမှုဖြင့် ကျေးရွာလူထုကိုယ်တိုင်အကောင်အထည်ဖော်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။

ထိုသို့ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ပြုစုထားသည့် စီမံချက်စာအုပ်သည် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနကသာ အသုံးပြုရန်ရည်ရွယ်၍ ပြုစုထားခြင်းမဟုတ်ဘဲ ကဏ္ဍအလိုက် သက်ဆိုင်ရာဌာနများ၊ အလှူရှင်များ၊ NGO ၊ INGO များအနေဖြင့်လည်း လိုအပ်သလို ကျေးရွာလမ်းညွှန်အဖြစ် အသုံးပြုနိုင်စေရန် ဖြစ်ပါသည်။

သို့ဖြစ်၍ ကျေးရွာမှလိုအပ်ချက်အရ ဖော်ထုတ် တင်ပြလာသည့် စီမံချက်စာအုပ်ပါ ဦးစားပေး လုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအပြင် ဆက်စပ်ဌာနများနှင့် သက်ဆိုင် သည့် လုပ်ငန်းများကိုလည်း ထည့်သွင်းလျာထားပေး နိုင်ရေးကို ညှိနှိုင်းဆောင်ရွက်လျက်ရှိပြီး ဌာနများ၏ စံနှုန်းသတ်မှတ်ချက် (Criteria) နှင့် ကိုက်ညီမှုမရှိခြင်းကြောင့်သော်လည်းကောင်း၊ သတ်မှတ်ချက်နှင့် ကိုက်ညီသော်လည်း ဘတ်ဂျက်ကန့်သတ်ချက်ကြောင့်သော်လည်းကောင်း လျာထားဆောင်ရွက်ပေးနိုင်မှု အလွန်နည်းပါးနေသေးသည်ကို တွေ့ရှိရသည်။

ကျေးလက်ဒေသဖွံ့ဖြိုးရေးဟုဆိုရာ၌ နယ်ပယ်အလွန်ကျယ်ပြန့်၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနမှရရှိသည့် ရန်ပုံငွေတစ်ခုတည်းဖြင့် ဆောင်ရွက်၍ မလုံလောက်နိုင်သဖြင့် ကျေးရွာ ပြည်သူလူထုမှ တတ်နိုင်သမျှထည့်ဝင်ခြင်း၊ အခြားဆက်စပ်ဌာနများမှလည်း သက်ဆိုင်ရာကဏ္ဍ အလိုက် ရန်ပုံငွေထည့်သွင်းလျာထားခြင်းတို့ ဆောင်ရွက်ပေးမှသာလျှင် ကျေးရွာများအရှိန် အဟုန်ဖြင့် ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။

ထို့အပြင် ကဏ္ဍအလိုက် သတ်မှတ်ချက်/ကန့်သတ်ချက်များကိုလည်း တတ်နိုင်သမျှ ဖြေလျှော့ပေးမှသာလျှင် ကျေးရွာများ၏ ပကတိလိုအပ်ချက်များကို လျင်မြန်စွာ ဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါ၍ သက်ဆိုင်သူ အားလုံးဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ဒို့ကျေးရွာများ၏ဖွံ့ဖြိုးရေးကို ဆောင်ကြဉ်းပေးနိုင်မည်ဖြစ်ပါကြောင်း အကြံပြုတိုက်တွန်း နှိုးဆော် လိုက်ရပါသည်။ ။