Skip to main content

မိုးကြိုးအန္တရာယ် လူတိုင်းအသိသတိပြုကာကွယ်

အောင်ထက်လင်း (ကြိမ်ချောင်း)

ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ဘေးအန္တရာယ်မျိုးစုံ ဖြစ်ပေါ်လျက်ရှိသည်ကို သတင်းမီဒီယာအစုံမှ သိရှိတွေ့မြင်နေကြရသည်။ ကမ္ဘာမြေပေါ်တွင် ငလျင်လှုပ်ခြင်း၊ မီးတောင်ပေါက်ကွဲခြင်း၊ မြေပြိုခြင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးခေါင်ခြင်း၊ တိရစ္ဆာန်များ သေကျေပျက်စီးခြင်းစသည်တို့ ဖြစ်ပေါ်လျက်ရှိသကဲ့သို့ မိုးသည်းထန်ခြင်း၊ ရေကြီးခြင်း၊ ဆူနာမီရေလှိုင်းရိုက်ခတ်ခြင်း၊ ရေခဲတောင်များ အရည်ပျော်ခြင်းကြောင့် ပင်လယ်ရေမြင့်တက်ခြင်း၊ ရေနေသတ္တဝါများ သေကျေပျက်စီးခြင်းများ ဖြစ်ပေါ်လျက်ရှိသည်။ လေမုန်တိုင်းများ အရှိန်ပြင်းစွာ မကြာခဏတိုက်ခတ်မှုကြောင့် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဘေးဒုက္ခကြုံတွေ့နေရသည်။ အလွန်ပူပြင်းသောအခါ လေထုမငြိမ်မသက်ဖြစ်ခြင်း၊ မုတ်သုံလေမဝင်ရောက်မီကာလအတွင်း အရှေ့မြောက်မှလာသည့်လေတို့သည် မျက်နှာချင်းဆိုင်တိုက်ခတ်မှုကြောင့် လေကြောင်းနှစ်ခုဆုံတွေ့သည့် နေရာအနီးတစ်ဝိုက်တွင် လေထုမငြိမ်မသက်ဖြစ်ခြင်းကြောင့် လေများအပေါ်သို့ ထိုးတက်ရာမှ မိုးတိမ်တောင်ကြီးများ တန်းစီဖြစ်ပေါ်ပြီး တိမ်တိုက်ကြီးများအတွင်း လေထုနှင့် မိုးရေပေါက်တို့ ပွတ်တိုက်မှုများဖြစ်ပေါ်ကာ တည်ငြိမ်လျှပ်စီးများ ဖြစ်ပေါ်လာသည်။

တည်ငြိမ်လျှပ်စီးကြောင့် တိမ်ထုအတွင်း လျှပ်စစ်အဖို၊ လျှပ်စစ်အမများစုမိကြပြီး လျှပ်စစ်စီးဆင်းကာ ကြီးမားသည့်အပူဖြစ်ပေါ်ရာမှ တောက်ပသည့် လျှပ်စီးလက်ခြင်း၊ အပူရှိန်မြင့်မား ခြင်းကြောင့် လေထုပွကာ ဆူညံသည့်အသံလှိုင်းများ ဖြစ်ပေါ်ပြီး မိုးချုန်းသည့်အသံများ ကြားရခြင်းဖြစ်သည်။ မိုးကြိုးပစ်ခြင်းမှာ ရွေ့လျားနေသည့် တိမ်တိုက်ကြီးများအတွင်း၌ လျှပ်စစ်အဖိုများသည် တိမ်တိုက်အချင်းချင်းသော်လည်းကောင်း၊ မြေပြင်ရှိ အဆောက်အအုံများဆီသို့သော်လည်းကောင်း ကြီးမားသောလျှပ်စစ်စီးဆင်းခြင်းကို မိုးကြိုးပစ်ခြင်းဟု ခေါ်ကြသည်။ ကမ္ဘာအထက် မိုးကောင်းကင်မှ မြေကြီးပေါ်သို့ မိုးကြိုးပစ်ရန် တာစူနေသော လျှပ်စစ်မုန်တိုင်းပေါင်း တစ်နေ့လျှင် ၁၈ဝဝ ခန့် ရှိသည်။ တစ်စက္ကန့်တွင်ပစ်သော မိုးကြိုး အရေအတွက်မှာ ၆၀၀ ခန့်ရှိပြီး မြေကြီးပေါ်သို့ ကျရောက်သောအရေအတွက်မှာ ၁ဝဝ ခန့် ရှိသည်။ ၂၄ နာရီအတွင်း ကမ္ဘာမြေကြီးပေါ်သို့ မိုးကြိုးအကြိမ် ပေါင်း ၈ ဒသမ ၅ ကြိမ်ခန့် ပစ်သည်။ မိုးကြိုး၏အပူချိန်မှာ ၃ဝဝဝဝ မှ ၅ဝဝဝဝ ဒီဂရီဖာရင်ဟိုက်ရှိရာ နေမျက်နှာပြင်အပူရှိန်၏ သုံးဆမှ ငါးဆအထိ ဖြစ်သည်။

မြန်မာနိုင်ငံ မုတ်သုံရာသီ အကြိုကာလများ

ရာသီဥတု ဖောက်ပြန်မှုအပေါ်မူတည်ပြီး လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်းများ ဖြစ်ပေါ်လေ့ရှိသည်။ မြန်မာနိုင်ငံ၌ မုတ်သုံရာသီအကြိုကာလများတွင် နေ့အပူချိန်မြင့်တက်လာသည့်အခါ လေအပူများက အထက်အမြင့်သို့ တက်ကုန်ကြသည်။ ထိုလေအပူများ အထက်သို့တက်သွားသောနေရာသို့ ပတ်ဝန်းကျင်လေထုက အစားထိုး တိုက်ခတ်ဝင်ရောက်လာကြသည်။ ထိုအစားထိုးဝင်ရောက်တိုက်ခတ်လာသောလေများက တိမ်တောင်များကို သယ်ဆောင်လာခဲ့ကြသည်။ ထိုတိမ်တောင်များသည် မြန်မာနိုင်ငံ၏ အနောက်တောင်ဘက်ရှိ ပင်လယ်သမုဒ္ဒရာများမှ ဖြတ်သန်းလာခဲ့ရသောကြောင့် ရေခိုးရေငွေ့များ ဖွဲ့စည်းပါဝင်လာခဲ့ကြသည်။ ထိုအပူချိန်ကွာခြားမှုနှင့် တိမ်တောင်များ ရွေ့လျားမှုအပေါ်တွင်အခြေခံပြီး ထိုတိမ်တောင်များထဲတွင် တည်ငြိမ်လျှပ်စစ်အဖိုနှင့် အမဓာတ်များ ဖြစ်ပေါ်လာသည်။ ထိုတည်ငြိမ်လျှပ်စစ်ဓာတ်အားများသည် မျိုးတူချင်း စုစည်းလာကြရာမှ အင်အားပမာဏ ဗို့အားသန်းချီပြီး ကြီးထွားလာသည်နှင့် တစ်ပြိုင်နက် ဆန့်ကျင်ဘက်ရှိရာအရပ်သို့ ခုန်ကူးကြလေ့ရှိသည်။ အဖိုဓာတ်စုနေသော တိမ်တိုက်က အမဓာတ်စုနေသော တိမ်တိုက်ဘက်သို့ ခုန်ကူးကြသကဲ့သို့ မူလကတည်းက အမဓာတ် ဖြစ်နေသော မြေကြီးသို့လည်း ခုန်ကူးကြသည်။ ခုန်ကူးသည့်သဘောမှာ လျှပ်စစ်စီးဆင်းခြင်းပင် ဖြစ်သည်။

တိမ်တိုက်တစ်ခုနှင့်တစ်ခုအကြား၊ တိမ်တိုက်နှင့် မြေပြင်အကြား ကြားခံထားသော လေထုသည် သာမန်အချိန်တွင် လျှပ်စစ်ဓာတ်အား မဖြတ်နိုင်သော်လည်း တည်ငြိမ်လျှပ်စစ် စုစည်းမှုပမာဏ များပြားလာချိန်နှင့် လေထုအတွင်း ရေငွေ့ပါဝင်မှုများပြားလာချိန်တွင်မူ ဖွဲ့စည်းမှုပျက်စီးသွားပြီး လျှပ်စစ်စီးဆင်းရန် လမ်းကြောင်းပွင့်သွားခဲ့သည်။ လျှပ်စစ်စီးဆင်းမှုသဘာဝအရ စီးဆင်းလိုသောအရပ်သို့ အတိုဆုံးလမ်းကြောင်းမှသာ စီးဆင်းလေ့ရှိရာ မြင့်မားလွန်းသော သစ်ပင်ကြီးများ၊ အဆောက်အအုံများ၊ လျှပ်စစ်နှင့် ဆက်သွယ်ရေးတာဝါတိုင်များ၊ ကြားခံမရှိသော လွင်တီးခေါင်ခေါင် ကွင်းပြောင်ပြောင်နှင့် လယ်ကွင်းပြင်များသည် မိုးကြိုးစက်ကွင်းမလွတ်ကင်းနိုင်သော ပစ်ကွင်းပစ်မှတ်များ ဖြစ်နေကြသည်။ မိုးကြိုးအန္တရာယ်သည် လျှပ်စစ်ဓာတ်လိုက်သကဲ့သို့ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည်။ မည်ရွေ့မည်မျှပင် ခေတ်မီတိုးတက်နေကြစေကာမူ မိုးကြိုးအန္တရာယ်ကို ကြိုတင်ကာကွယ်နည်းများမှလွဲ၍ မိုးကြိုးဘေးမှ ကင်းဝေးအောင် မည်သူမျှမလုပ်ဆောင်နိုင်ကြသေးပေ။ မိုးကြိုးပစ်ခြင်းကိုလွဲအောင် မိုးကြိုးလွှဲဖြင့် ကာကွယ်နေကြရုံသာ တတ်နိုင်ကြသည်။

မိုးကြိုကာလနှင့် မိုးနှောင်းကာလမိုးကြိုးအန္တရာယ်

မြန်မာနိုင်ငံတွင် မိုးကြိုးဘေးအန္တရာယ်သည် လွန်ခဲ့သည့်ဆယ်စုနှစ်တစ်ခုကျော်ခန့်မှစ၍ ပိုမို များပြားလာခဲ့ရာ ပဲခူးတိုင်းဒေသကြီးသည် မိုးကြိုးဘေးအန္တရာယ် အများဆုံးကြုံတွေ့ခဲ့ရပြီး ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ငါးနှစ်တာကာလအတွင်း မိုးကြိုးကြောင့် ဒေသတွင်းနေ လူ ၁၅ဝ ကျော် သေဆုံးခဲ့ရသည်ဟု သိရသည်။ မိုးကြိုးအန္တရာယ်ကို မိုးကြိုကာလ၊ မိုးတွင်းကာလနှင့် ရုတ်တရက် ရာသီဥတုဖောက်ပြန်သည့်အချိန်တို့တွင် သတိပြုကြရန် ပညာရှင်တို့က သတိပေးထားသည်။ မြန်မာနိုင်ငံတွင် မိုးကြိုးအများဆုံးပစ်သည့်အချိန်သည် မိုးကြိုကာလဖြစ်သော ဧပြီနှင့် မေလ၊ မိုးနှောင်းကာလဖြစ်သော အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင်ဖြစ်ပြီး တစ်နေ့တာအတွင်း မွန်းတည့်ချိန်မှစ၍ ညနေ ၆ နာရီခန့်အတွင်း မိုးကြိုးအပစ်များသည်ဟုလည်းဆိုသည်။ လယ်ယာလုပ်ငန်းခွင် လုပ်ကိုင်ကြသည့် ကျေးလက်ပြည်သူများသည် ယခုကဲ့သို့ မိုးကြိုကာလနှင့် မိုးနှောင်းကာလတို့တွင် မိုးကြိုး အန္တရာယ်ကို သတိပြုကြရမည်ဖြစ်သည်။

မြန်မာနိုင်ငံ၏ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် မိုးကြိုးပစ်မှုများကြောင့် နှစ်နာရီအတွင်း လူကိုးဦး သေဆုံးခဲ့ကြောင်း၊ သေဆုံးသူအများစုမှာ လယ်ယာလုပ်ငန်းလုပ်ကိုင်နေကြသည့် ကျေးလက်ပြည်သူများဖြစ်ကြောင်း နိုင်ငံတကာသတင်းတစ်ပုဒ်တွင် ဖတ်ရှုရသည်။ မြန်မာနိုင်ငံတွင်လည်း မိုးကြိုးပစ်မှုကြောင့် နှစ်စဉ်လူနှင့် ကျွဲ၊ နွား သေဆုံးမှု များရှိခဲ့ရာ ယခု ၂၀၂၃ ခုနှစ်တွင်လည်း လူသေဆုံးမှု များရှိခဲ့ပြီ ဖြစ်သည်။

မိုးကြိုးပစ်ခံရမှုကြောင့် လူနှင့်တိရစ္ဆာန် သေဆုံးမှုများ နှစ်စဉ်မြင့်တက်

အိန္ဒိယနိုင်ငံအရှေ့ပိုင်းရှိ အနောက်ဘန်ဂေါပြည်နယ်တွင် မိုးကြိုးပစ်မှုကြောင့် လူ ၁၅ ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရရှိသူများလည်းရှိကြောင်း အာဏာပိုင်များက ပြောသည်။ ၂၄ နာရီ အတွင်း တောင်ပိုင်းခရိုင်များတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် မိုးကြိုးပစ်မှုများကြုံတွေ့ခဲ့ရသည်။ သေဆုံးသူအများစုမှာ မိုးကြိုးပစ်မှုများ ဖြစ်ပွားနေစဉ် လယ်ကွင်းအတွင်း အလုပ်လုပ်ကိုင်နေသည့် လယ်သမားများဖြစ်ကြသည်ဟု အာဏာပိုင်များက ပြောသည်။ ၂ဝ၂၂ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံတွင် မိုးကြိုးပစ်မှုကြောင့် ၉ဝ၇ ဦး သေဆုံးခဲ့ရသည်ဟု တရားဝင်အချက်အလက်များအရ သိရသည်။ မိုးရာသီ၌ ရေကြီးရေလျှံခြင်း၊ မြေပြိုခြင်း စသည့် ဘေးဒုက္ခအန္တရာယ်များကို တစ်နေရာမဟုတ် တစ်နေရာ၌ အမြဲတစေ ရင်ဆိုင်ကြုံတွေ့ရသကဲ့သို့ မိုးကြိုးအန္တရာယ်ကိုလည်း အချိန်မရွေး ကြုံတွေ့ရနိုင်သည်။ မိုးကြိုးအန္တရာယ်သည် မိုးရာသီ၏ ကြီးမားလှသော အန္တရာယ်တစ်ခုဖြစ်သည်။ ကမ္ဘာကြီးပေါ်၌ တစ်စက္ကန့်လျှင် မိုးကြိုးအကြိမ် ၁ဝဝ ခန့် ပစ်နေသည်ဟု သိရသည်။ မိုးကြိုးပစ်ခံရမှုကြောင့် လူနှင့် တိရစ္ဆာန် သေဆုံးမှုများ နှစ်စဉ် မြင့်တက်လျက်ရှိသည်။

မိုးကြိုးပစ်သည့်အချိန်တွင် လျှပ်စီးအင်အားမှာ အမ်ပီယာသုံးသောင်းခန့်မှ နှစ်သိန်းခန့်အထိ ဖြစ်ပေါ်နိုင်သည်ဟုဆိုရာ အလွန်ကြောက်မက်ဖွယ်ကောင်းသော လျှပ်စီးအားဖြစ်သည်။ မိုးကြိုးပစ်ခံရသည့် အခြေအနေများတွင် အဆောက်အအုံများ၏ ပြင်ပ၌ ၉၉ ရာခိုင်နှုန်းဖြစ်ပြီး အဆောက်အအုံများ အတွင်း၌ တစ်ရာခိုင်နှုန်းသာရှိသည်ဟု ဆိုသည်။ ကွင်းပြင်အနေအထား၌ ရောက်ရှိနေပါက မိုးကြိုးပစ်ခံရနိုင်ခြေအများဆုံးဖြစ်ပြီး ၄၅ ရာခိုင်နှုန်း ရှိသည်။ သစ်ပင်အောက်တွင်ရှိနေပါက ဒုတိယအများဆုံးဖြစ်ပြီး ၂၃ ရာခိုင်နှုန်း၊ ရေကန်၊ မြစ်ချောင်း၊ အင်းအိုင်စသည့် ရေနှင့်ထိစပ်မှုရှိနေသောနေရာများ၌ ရှိနေချိန်တွင် တတိယအများဆုံး မိုးကြိုးပစ်ခံရနိုင်ခြေရှိပြီး ၃ ဒသမ ၆ ရာခိုင်နှုန်းရှိသည်။ သေဆုံးဒဏ်ရာရသူများကို လေ့လာကြည့်ပါက ကွင်းပြင်တွင် လမ်းလျှောက်နေချိန်၌ ဖြစ်ပွားမှု ၂၂ ရာခိုင်နှုန်း အများဆုံးဖြစ်ပြီး အကြောင်းအရာမဖော်ပြနိုင်သော အခြေအနေအရဖြစ်ပွားမှု ဒုတိယအများဆုံး ၁၄ ရာခိုင်နှုန်း ဖြစ်သည်။ သစ်ပင်အနီးတွင် ဖြစ်ပွားမှုက ၁ဝ ရာခိုင်နှုန်းဖြင့် တတိယအများဆုံး ဖြစ်သည်။ အဆောက်အအုံများဆောက်လုပ်နေစဉ် အဆောက်အအုံပေါ်၌ ပစ်ခံရမှုမှာ ကိုးရာခိုင်နှုန်းရှိပြီး ယာဉ်ပေါ်နှင့် ထွန်စက်ပေါ်၌ ပစ်ခံရမှုက ခုနစ်ရာခိုင်နှုန်းရှိသည်ဟု လေ့လာမှုစစ်တမ်းများက ဖော်ပြထား သည်။

အဆောက်အအုံအမြင့်များ၊ တောင်ကုန်းမြင့်များ၊ ကွင်းပြင်ရှိသစ်ပင်များ၊ တာဝါတိုင်များ၊ ချွန်ထက်သောအဆောက်အအုံများနှင့် လယ်ကွင်း၊ မြစ်ချောင်း၊ အင်းအိုင်နှင့် လွင်တီးခေါင်ကွင်းပြင်များစသည်တို့သည် မိုးကြိုးပစ်ခံရနိုင်ခြေအများဆုံးနေရာများ ဖြစ်သည်ကို သိထားကြရမည်။ ကွင်းပြင်၌ ရောက်ရှိနေချိန် ဆံပင်များအပေါ်သို့ ထောင်လာခြင်း၊ ခန္ဓာကိုယ်၌ ကြက်သီးမွေးညင်းများထလာပါက မိမိရောက်ရှိနေသည့် နေရာဝန်းကျင်အနီး မိုးကြိုး ပစ်မည်ဆိုသည်ကို သတိပြုကြရမည်ဖြစ်သည်။ မိုးကြိုးအန္တရာယ်ကို ဆိုင်ကယ်စီးသူ၊ ကားစီးသူ၊ ဆိုက်ကားနှင့် မြင်းလှည်းစီးသူများလည်း ခံကြရသည်။

မိုးကြိုးအန္တရာယ်မှ ဆောင်ရန်/ရှောင်ရန်များ

အဆောက်အအုံများတွင် မိုးကြိုးလွှဲများ တပ်ဆင်ထားကြပါ။ လျှပ်စီးပြက်၊ လျှပ်စီးလက်လာချိန် ကွင်းပြင်တွင်ရောက်ရှိနေပါက မြေပြင်တွင် ဝပ်ချပါ။ မုတ်သုံအကြိုကာလ၊ မိုးဦးလေဦးကျချိန်တွင် လယ်ယာလုပ်ငန်းခွင်သို့ ဝင်ကြလေ့ရှိသော တောင်သူလယ်သမားများအနေဖြင့် လျှပ်စီးလက်၊ မိုးထစ်ချုန်းသည်နှင့်တစ်ပြိုင်နက် ထီးတည်းမတ်တတ်ရပ်ပြီး အလုပ်လုပ်ကိုင်နေခြင်းကို ရပ်လိုက်ကြပါ။ ရောက်သည့်နေရာ၌ပင် ဝမ်းလျား မှောက်နေကြပါ။ ကွင်းပြင်လယ်တဲများမှာနေကြသူများ အထူးသတိပြုနေကြပါ။ ကွင်းပြင်ကျယ်တွင် လူစုလူဝေးဖြစ်နေပါက အမြန်ဆုံးလူစုခွဲပါ။ စက်ဘီး/ ဆိုင်ကယ်ပေါ်တွင် ရောက်ရှိနေပါက အမြန်ဆုံးဆင်းပါ။ လျှပ်စီးလက်ခြင်း၊ မိုးထစ်ချုန်းခြင်း ငြိမ်သက်ရပ်ဆိုင်းသွားပြီး နာရီဝက်အကြာမှ လုပ်ငန်းပြန်လည်လုပ်ကိုင်ပါ။ မြင့်မားသောအဆောက် အအုံများနှင့် မြင့်မားသောသစ်ပင်များအောက်တွင် မိုးခိုခြင်းကို ရှောင်ကြဉ်ကြပါ။ လျှပ်စီးလက် မိုးထစ်ချုန်းနေချိန် သမံတလင်းပေါ်တွင်ထိုင်နေခြင်း၊ အလုပ်လုပ်နေခြင်း၊ နေအိမ်သံပန်းတံခါးများကိုင်ထားခြင်း၊ သံရေပိုက်များကိုင်ထားခြင်း၊ ထိကပ်နေခြင်း၊ သွပ်နန်းကြိုးတွင် အဝတ်လှန်းခြင်း၊ အဝတ်ရုပ်ခြင်း မပြုလုပ်ကြပါနှင့်။ သွပ်ဆူးကြိုးကာထားသော ခြံစည်းရိုး၊ သံထည်ပစ္စည်း၊ သံလမ်းများအနီးတွင် မနေပါနှင့်။ လျှပ်စီးလက်/ပြက်၊ မိုးထစ်ချုန်းနေချိန်တွင် တီဗွီကြည့်ခြင်း ရှောင်ကြဉ်ပါ။ လျှပ်စစ်နှင့် ဆက်သွယ်ရေးတာဝါတိုင်များအနီးတွင် ရောက်ရှိနားခိုခြင်းမပြုကြပါနှင့်။ နေအိမ်များနှင့် ရုံးဌာန အဆောက်အအုံများတွင် ရေစိုနေသောဝါးများ၊ သစ်သားတိုင်များကို စိုက်ထူမထားကြပါနှင့်။ တီဗွီနှင့် ရေဒီယိုမှကြေညာသော မိုးလေဝသသတင်း အထူးကြေညာချက်များကို ဂရုစိုက်နားထောင်ကြပါ။ နေ့စဉ်ထုတ်သတင်းစာများတွင် ဖော်ပြထားသော မိုးလေဝသသတင်းများကို အလေးထားဖတ်ရှု မှတ်သားလိုက်နာကြရန် လိုအပ်ပါသည်။

မိုးကြိုးပစ်ခံရသူများ၏ သုံးပုံနှစ်ပုံမှာ အိမ်အပြင်တွင် ပစ်ခံရခြင်းဖြစ်ပြီး မိုးကြိုးပစ်ခံရသူ သုံးဦးတွင် နှစ်ဦးသာရှင်သည်။ သေဆုံးသူများ၏ ၈၅ ရာခိုင်နှုန်းမှာ လူငယ်လူရွယ် ယောက်ျားလေးများ ဖြစ်သည်။ မိုးကြိုးပစ်ခံရသူများကိုကြည့်လျှင် လယ်ယာလုပ်ငန်းလုပ်ကိုင်ကြသည့် ကျေးလက်နေပြည်သူများ အများဆုံးဖြစ်ကြောင်း သိရသည်။ ရာသီဥတုဖောက်ပြန်မှုကြောင့် လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ သစ်ပင်များပြိုလဲကာ နေအိမ်အဆောက်အအုံများပျက်စီးခြင်း ဖြစ်ပေါ်လျက်ရှိသည်။ ကျေးလက်နေပြည်သူများဖြစ်ကြသည့် တောင်သူလယ်သမားများမှာ ရာခိုင်နှုန်းအများဆုံး မိုးကြိုးအန္တရာယ် ဖြစ်ပွားနိုင်သဖြင့် မိုးကြိုးအန္တရာယ်နှင့်ပတ်သက်သော အသိပညာပေးမှုများ အများဆုံးလိုအပ်သည်။ ထို့ကြောင့် ကျေးလက်နေပြည်သူများသာမက ပြည်သူအားလုံးက မိုးကြိုးအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ရန် သက်ဆိုင်ရာမှ သတိပေးထုတ်ပြန်ချက်များကို အထူးဂရုပြု လိုက်နာသင့်ပါကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။ ။