ပွင့်သောပန်းတိုင်းမွှေးစေဖို့ ကျောင်းအပ်နှံကြပါစို့
မေတ္တာမိုးနှင်း(ပဲခူး)
တိမ်စိုင်တိမ်လိပ်များ အုံ့မှိုင်းနေသကဲ့သို့ စိန်ပန်းနီနီများလည်း ဝေဆာပွင့်ဖူးနေချေပြီ။ သဘာဝတရားကို သိမြင်လိုက်ကတည်းက ရာသီစက်ဝန်းတစ်ပတ်လည်၍ အခြေခံပညာကျောင်းများ ဖွင့်တော့မည်ကို မိဘ၊ ဆရာနှင့် ကျောင်းသား ကျောင်းသူများ သိကြလေသည်။ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများကို ၂၀၂၄ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် စတင်ဖွင့်လှစ်တော့မည် ဖြစ်သည်။ နိုင်ငံတော်က မေလ ၂၃ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အထိ ကျောင်းအပ်နှံရေး ရက်သတ္တပတ်အဖြစ် သတ်မှတ်ပေးထားပြီးဖြစ်သည်။ ယခုနှစ် ပညာသင်နှစ်အတွက်လည်း ပညာရေးဝန်ကြီးဌာနက ပညာရေးဝန်ထမ်းများ၊ ကျောင်းအုပ်များ၊ မြို့နယ်ပညာရေးမှူးများ၊ သင်ကြားရေးဝန်ထမ်းများကို သင်ကြားရေးဆိုင်ရာနှင့် အုပ်ချုပ်ရေးဆိုင်ရာ စွမ်းရည်မြှင့်သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်သင်ကြားပေးပြီးဖြစ်သည်။ စာသင်ကျောင်း များအတွက် လိုအပ်သောအဆောက်အအုံများ၊ သင်ထောက်ကူပစ္စည်းများ၊ ကျောင်းသုံးစာအုပ်များ၊ ကျောင်းဝတ်စုံများ၊ ကျောင်းဖွံ့ဖြိုးမှု၊ ကျောင်းကျန်းမာရေး စသည့်လိုအပ်ချက်များကိုလည်း ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် စီစဉ်ထားပြီး ဖြစ်သည်။
ပညာ
ပညာနှင့်ပတ်သက်၍ အဓိပ္ပာယ်ဖွင့်ဆိုချက် အမျိုးမျိုးရှိသည်။ ပညာဟူသည့် ဝေါဟာရနှင့် စပ်လျဉ်း၍ “ပ” ကို အထူးထူးအပြားပြား၊ “ညာ” ကို သိခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုချက်လည်းရှိသည်။ စာပေကျမ်းဂန်လာအတိုင်း ဝိဇ္ဇာပညာ၊ သိပ္ပံနှင့် နည်းပညာ၊ အဆင့်မြင့်ပညာ၊ အသက်မွေး ဝမ်းကျောင်းပညာ၊ လက်မှုပညာ၊ စာပေ၊ ဂီတ၊ ရုပ်ရှင် စသည့်အနုသုခုမပညာ စသည်ဖြင့်ဘာသာရပ် ဆိုင်ရာပညာရပ်များက မရေမတွက်နိုင်အောင် များပြားလှသည်။ ခြုံငုံဆိုရသော် အသိပညာ၊ အတတ်ပညာနှင့် လောကီ၊ လောကုတ္တရာပညာတို့ဟုသာ ဆိုရပါမည်။ ပညာဆိုသည်မှာ ပြုလုပ်သင့်၊ မပြုလုပ်သင့်သည်ကို ခွဲခြားသိခြင်း၊ အကြောင်းအကျိုး၊ အကောင်းအဆိုး ခွဲခြားသိမြင်ခြင်း၊ အခွင့်ကောင်းကြုံသည်၊ မကြုံသည်ရှိရာ၌ အခွင့်ကောင်းရှိလျှင် ဘာလုပ်သင့်သလဲ ဟူသောအသိရှိသည့် ပညာသည်သာလျှင် တကယ့်ရတနာအစစ်ဖြစ်ကြောင်း ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသက ဟောကြားထားပါသည်။ ထို့ကြောင့် “မြတ်စွာဘုရားက ရတနာအစစ်ဆိုသည်မှာ စိန်တွေ၊ ရွှေတွေ၊ ပတ္တမြားတွေမဟုတ်ဘဲ “ပညာ နရာနံ ရတနံ”၊ “အသိပညာသည်သာ လူရဲ့ရတနာ” လို့ ဆိုတယ်” ဟူ၍ ဟောကြားတော်မူခဲ့သည်။
ပညာဖြင့် အသက်မွေးသောသူသည် မြတ်သော အသက်မွေးခြင်းဖြစ်သည်။ ပညာသည် အကျိုးအပြစ်ကို ခွဲခြားနိုင်သည်ဟု ရှင်မဟာရဋ္ဌသာရ၏ ဆုံးမစာတွင် ဖော်ပြထားပေသည်။ ပညာမဲ့သောသူသည် အကျိုးအပြစ်ကို ခွဲခြားမသိသကဲ့သို့ စီးပွားဥစ္စာရှာဖွေသော်လည်း လိုသလောက်မအောင်မြင်ဘဲ မျက်ကန်းတစ်ယောက်သို့သာ ဖြစ်နေပေလိမ့်မည်။ ပညာသည် လူသားတို့၏ ဘဝခရီးလမ်းအတွက် ပဲ့ကိုင်ရှင်တစ်ဦးပင်ဖြစ်သည်။ ငွေကြေးကြွယ်ဝမှု၊ ရုပ်ရည်လှပမှုတို့သည် ပတ်ဝန်းကျင်နှင့် သဟဇာတ ဖြစ်ခဲ့လျှင်လည်း အပြည့်အဝစိတ်ချမ်းသာမည် မဟုတ်ပါ။ ပညာဖြင့်ပြည့်စုံမှသာ လူသားတိုင်းနှင့် သဟဇာတဖြစ်၍ စိတ်ချမ်းသာမှု အပြည့်အဝရရှိမည်သာဖြစ်ပေသည်။ ထို့ကြောင့် ပညာကို လူသားတိုင်း တတ်မြောက်အောင် သင်ယူလေ့လာကြရပေမည်။
ယနေ့ပညာရေး
ပညာရေးလောကတွင် “ကျောင်းနေပျော်၍ စာတော်ရမည်” ဟူသောအချက်သည် အဓိကကျပါ သည်၊၊ စာသင်၊ စာကျက်၊ စာဖတ်၊ စာရေးဟူသည်နှင့် စိတ်ပါဝင်စားမှုမရှိဘဲ ပညာသင်ယူနေပါက ထူးခြား သောအကျိုး ရရှိမည်မဟုတ်ပေ။ ပညာတစ်ခုတည်း ကိုသာ သင်အံနေလျှင်လည်း ဗလငါးတန် ဖွံ့ဖြိုးမည်မဟုတ်ပေ။ ဗလငါးတန်ပြည့်စုံသော ကျောင်းသား ကျောင်းသူများဖြစ်မှသာလျှင် အနာဂတ်နိုင်ငံတော်သစ်ကြီး သာယာဝပြောပေလိမ့်မည်။ လူငယ်များသည် အနာဂတ်၏ ဦးဆောင်သူ များဖြစ်သည်။ ခေတ်မီဖွံ့ဖြိုးခြင်းသည် လူငယ်များအပေါ်တွင် မူတည်ပေသည်။ ထို့ကြောင့်ပင် လူငယ်များကို ပြုစုပျိုးထောင်ရေး၌ နိုင်ငံတော်အစိုးရက တစ်တပ်တစ်အား ကူညီဆောင်ရွက်နှိုးဆော်လျက် ရှိနေခြင်းဖြစ်သည်။ ပညာရေးကဏ္ဍတွင်လည်း ကျောင်းနေပျော်၍ စာတော်သောသူများဖြစ်စေရန်နှင့် ဗလငါးတန်ပြည့်စုံကြစေရန် သင်ကြားမှု၊ သင်ယူမှုများကို အကောင်းဆုံးပြုပြင်ပြောင်းလဲ စီမံထားရှိပေသည်။
စနစ်သစ်အခြေခံပညာရေးသင်ခန်းစာများကို အတွေးအခေါ်ပိုင်း၊ အတတ်ပညာပိုင်း ဦးစားပေးစနစ်ဖြင့် ဆွေးနွေးသင်ကြားစစ်ဆေးသွားမည် ဖြစ်သည်။ အနာဂတ်လူငယ်များ ဆက်လက် လျှောက်လှမ်းရမည့်ဘဝခရီးနှင့် အလုပ်ခွင်အတွက် ၂၁ ရာစုကျွမ်းကျင်မှုများ (21st Century Skills) နှင့် ကိုယ်ရည်ကိုယ်သွေးကျွမ်းကျင်မှုများ (Soft Skills) လိုအပ်ပါသည်။ သင်ယူမှုအတွက် လိုအပ်သော ကျွမ်းကျင်မှုများကို C - ၅ လုံး (5 C’s) ဟု သတ်မှတ်ထားပါသည်။ ယင်း C- ၅ လုံးမှာ ပူးပေါင်းဆောင်ရွက်ခြင်း/ အုပ်စုဖြင့် လုပ်ငန်းဆောင်ရွက်ခြင်း (Collaboration/ Group Work)၊ ဆက်သွယ်ပြောဆိုခြင်း (Communication)၊ လေးနက်စွာ ဆန်းစစ်ဝေဖန်ခြင်းနှင့် ပြဿနာဖြေရှင်းခြင်း (Critical Thinking and Problem Solving)၊ တီထွင်ဖန်တီးခြင်း (Creativity and Inovation)၊ နိုင်ငံသား ကောင်းစိတ်ဓာတ်ရှိခြင်း (Citizenship) တို့ဖြစ်သည်။ ထို C - ၅ လုံးကျွမ်းကျင်မှုများရရှိအောင် သင်ကြားပေးခြင်းဖြင့် ကျောင်းသားလူငယ်များကို အုပ်စုဖြင့် လုပ်ငန်းပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်တတ်ပြီး အတွေးအခေါ်များ မျှဝေခြင်းနှင့် အဖြေရအောင် ညှိနှိုင်းရှာဖွေတတ်ခြင်း၊ အတွေးအခေါ် အယူအဆသစ်များရှာဖွေခြင်း (self control) နှင့် သင်ခန်းစာများကို ကိုယ်တိုင်တွေးခေါ်နိုင်ခြင်း (self education) ကျွမ်းကျင်မှုများ ရရှိမည်ဖြစ်သည်။
နိုင်ငံဖွံ့ဖြိုးမှုအတွက်ပညာအုတ်မြစ်
နိုင်ငံအားလုံးသည် ပညာအုတ်မြစ်အခြေခံနှင့် ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နေကြရသည်။ တိုးတက်သည့်နိုင်ငံအားလုံး၌ ပညာရေးရေချိန် ပိုမိုမြင့်မားလာသည်ကို တွေ့ကြရသည်။ ပညာရေး အားနည်းမှုနှင့်အတူ ဆင်းရဲမွဲတေမှု၊ ရောဂါဘယ ထူပြောမှု၊ အကြမ်းဖက်မှု၊ ပြည်တွင်းစစ်၊ မငြိမ်းချမ်း မတည်ငြိမ်မှု စသည်တို့မှာ အနည်းနှင့်အများ ဆက်စပ်နေသည်။
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးအနေအထား၊ စီးပွားရေး၊ ကျန်းမာရေး စသည့်အခြေအနေများ ကြားထဲမှ ပညာသင်ကြားခွင့်ရှိသူတိုင်း ပညာသင်ကြားခွင့်ရရှိနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက တိုက်တွန်းလှုံ့ဆော်လျက်ရှိသည်။ ခြိမ်းခြောက်မှု၊ စိန်ခေါ်မှုများစွာကိုရင်ဆိုင်ပြီး ပညာရည်မြင့်မား စေရန် အင်တိုက်အားတိုက် ဆောင်ရွက်နေကြပေသည်။ ယနေ့မျက်မှောက်ကာလသည် နည်းပညာ များ အရှိန်အဟုန်ဖြင့်တိုးတက်လာနေပြီ ဖြစ်သည်။ ထိုနည်းပညာခေတ်ကို အမီလိုက်နိုင်ရန်အတွက် ပညာတတ်မြောက်အောင် သင်ယူကြရမည်ဖြစ်သည်။ ပညာမရှိလျှင် ခေတ်နောက်ကျ ကျန်မည်မှာ သေချာပါသည်။ ခေတ်နောက်ကျ ကျန်နေသည့် လူဦးရေ များပြားလာသည်နှင့်အမျှ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှုသည်လည်း နောက်ကျမည်မှာ မလွဲဧကန်ပင်ဖြစ်ပေသည်။ ပညာခေတ်တွင် ပညာတတ် များများရှိမှသာလျှင် ခေတ်မီတိုးတက်သော နိုင်ငံ တော်သစ်ဆီသို့ အမြန်ရောက်ရှိမည် ဖြစ်ပေသည်။
ကျောင်းအပ်နှံကြစို့
လူ့လောကတွင် လူသားတိုင်းသည် ဝမ်းစာရေးအတွက် အသက်မွေးဝမ်းကျောင်းပြုကြရသည်။ ကာယလုပ်သားနှင့် ဉာဏလုပ်သားဟူ၍ နှစ်မျိုးနှစ်စားဖြင့် ကွဲပြားစွာလုပ်ကိုင်ကြရသည်။ မည်သို့ပင်ဆိုစေကာမူ လုပ်သားတိုင်းတွင် ပညာတတ်သူကသာ ပင်ပန်းဆင်းရဲမှု သက်သာပေလိမ့် မည်။ “ပညာဟူသည် မြတ်ရွှေအိုး” ဟု ဆိုရခြင်းမှာ အတတ်ပညာ၊ အသိပညာများနှင့် ပြည့်စုံပါက တစ်သက်တာအတွက် စိုးရိမ်ကြောင့်ကြမှုနည်းပါးစွာဖြင့် ပင်ပန်းဆင်းရဲမှုမရှိဘဲ လုပ်ကိုင်စားသောက် နိုင်ခြင်းကို ဆိုလိုပေသည်။ အသိပညာရှိမှသာလျှင် အတတ်ပညာကို လေ့လာနိုင်စွမ်းရှိမည်။ အသိပညာ၊ အတတ်ပညာ ပြည့်စုံမှသာလျှင် အရာရာကို စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိပြီး မိမိသာမက မိမိ ပတ်ဝန်းကျင်ကိုလည်း အလှဆင်နိုင်ပေလိမ့်မည်၊၊ လောကီ၊ လောကုတ္တရာနှစ်ဖြာအတွက်လည်း စိတ်ချမ်းသာမှုရနိုင်ပေလိမ့်မည်။
ယနေ့နိုင်ငံတော်က လူငယ်များကို အလေးထား၍ ပြုစုပျိုးထောင်ပေးလျက်ရှိသည်။ ကျောင်းနေ ပျော်၍ စာတော်သောသူများဖြစ်စေရန် ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးလျက်ရှိနေပေသည်။ မိဘများ ကလည်း မိမိတို့၏ သားသမီးများအား ယဉ်ကျေး လိမ္မာ၍ ထူးချွန်ထက်မြက်သော လူတော်လူကောင်း များဖြစ်စေရန် ပညာသင်ကြားနိုင်အောင်ဆိုဆုံးမ၍ တိုက်တွန်းကြရမည်။ မိမိကိုယ်ပိုင်အသိဉာဏ်ဖြင့် အကောင်းအဆိုး ဝေဖန်ပိုင်းခြားနိုင်ရန် အတတ်ပညာ၊ အသိပညာများကိုသင်ယူရန် နည်းလမ်းပြကြရမည်။ အနာဂတ်၏ အောင်မြင်သူတစ်ယောက်ဖြစ်စေရန် ပညာရေးကို ဦးစားပေးကြရမည်။ စာအုပ်စာပေ၌ ချစ်ခင်မြတ်နိုးတတ်စေရန် လမ်းညွှန်မှုပေး၍ ပညာသင်ချင်စိတ် ဖြစ်ပေါ်ရန် သွန်သင်ကြရမည်။ သာယာသော အနာဂတ်လူ့ဘောင်တစ်ခု၊ ခေတ်မီနိုင်ငံတော်သစ် တစ်ခု တည်ဆောက်ရန်အတွက် အနာဂတ်သားကောင်း သမီးကောင်းရတနာများကို မြေတောင်မြှောက်၍ မွေးထုတ်ကြရမည်ဖြစ်သည်။ ပွင့်သောပန်းတိုင်းလှ၍ လှသောပန်းတိုင်း မွှေးစေချင်ပါသည်။ မွှေးသောပန်းရနံ့တို့ ဤကမ္ဘာမြေပေါ် လွှမ်းခြုံနိုင်ရန် မိမိတို့၏ မျိုးဆက်သစ်များကို ကျောင်းအပ်နှံကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။ ။
ကိုးကား -
မြန်မာ့စွယ်စုံကျမ်း အတွဲ(၁၃)
ကျောင်းအပ်နှံရေးစီမံချက်များ