သစ်တောများ စိမ်းလန်းစိုပြည်ပြီး စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်သော ဒေသကြီးများဖြစ်လာစေဖို့ သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြပါစို့
သစ်တောမောင်
ကမ္ဘာ့ပတ်ဝန်းကျင်ပျက်စီးယိုယွင်းလာခြင်း
လူသားများ ရှင်သန်ရပ်တည်နိုင်ရန်အတွက် ပတ်ဝန်းကျင် ရေရှည်တည်တံ့ကောင်းမွန်ရန် လိုအပ်ပါသည်။ ကမ္ဘာတစ်ဝန်းတွင် လက်ရှိကြုံတွေ့နေရသော ဖြစ်စဉ်များကိုလေ့လာကြည့်ပါက သစ်တောများ ပြုန်းတီးပျက်စီးခြင်း၊ တောရိုင်းတိရစ္ဆာန်များ နေထိုင်ရာဒေသများဖြစ်သည့် ရေ၊ မြေ၊ တော၊ တောင် ဂေဟစနစ်အမျိုးမျိုးပျက်စီးခြင်း၊ သစ်တောဖုံးလွှမ်းသောဧရိယာများတွင် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများနှင့် စိုက်ပျိုးမြေများ အလွန်အကျွံ ချဲ့ထွင်ခြင်းအပါအဝင် အကြောင်းအမျိုးမျိုးဖြင့် မြေအသုံးချမှု ပြောင်းလဲခြင်း၊ ရေနေသတ္တဝါများ အလွန်အကျွံဖမ်းဆီးခြင်း၊ တောမီးလောင်ကျွမ်းခြင်းနှင့် ကာဗွန်ထုတ်လွှတ်မှုများပြားသော စက်မှုဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ရုပ်ကြွင်းလောင်စာအခြေခံသည့် စွမ်းအင်ထုတ်လုပ်မှုလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်ခြင်း စသည်တို့ကြောင့် သဘာဝပတ်ဝန်းကျင် တစ်နေ့ထက်တစ်နေ့ ပျက်စီးလာသည်ကို ထင်ထင်ရှားရှားတွေ့မြင်ကြရမည်ဖြစ်သည်။ သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှုနှင့်အတူ နောက်ဆက်တွဲ သဘာဝဘေးအန္တရာယ်များအပါအဝင် နောက်ဆက်တွဲ ဆိုးကျိုးများကို ရင်ဆိုင်ကြရလျက်ရှိပါသည်။
ကုလသမဂ္ဂပတ်ဝန်းကျင်အစီအစဉ်(UNEP)၏ လေ့လာမှုများအရ ရုပ်ကြွင်းလောင်စာများ လောင်ကျွမ်းခြင်းကြောင့် လေထုညစ်ညမ်းမှုများဖြစ်ပေါ်ပြီး ကမ္ဘာတစ်ဝန်း အရွယ်မရောက်သေးသော ကလေးငယ်ပေါင်း နှစ်စဉ်ခုနစ်သန်းကျော် အသက်ဆုံးရှုံးရလျက်ရှိသည်။ ကမ္ဘာတစ်ဝန်းတွင် နှစ်စဉ်စွန့်ပစ်ပစ္စည်း ပမာဏတန်ချိန် ၁၁ ဒသမ ၂ ဘီလီယံခန့် စွန့်ပစ်နေကြပြီး ယင်းအထဲမှ ပလတ်စတစ်စွန့်ပစ်ပစ္စည်း တန်ချိန်ရှစ်သန်းခန့်သည် နှစ်စဉ်ပင်လယ်၊ သမုဒ္ဒရာများအတွင်းသို့ရောက်ရှိကာ ညစ်ညမ်းမှုများဖြစ်ပေါ်လျက်ရှိပါသည်။ UNEP ၏ ခန့်မှန်းချက်အရ လက်ရှိအချိန်တွင် ပင်လယ်၊ သမုဒ္ဒရာအတွင်းသို့ ရောက်ရှိနေသော ပလတ်စတစ်ပမာဏသည် တန်ချိန် ၇၅ သန်းမှ ၁၉၉ သန်း ထိရှိနိုင်ပြီး ပင်လယ်၊ သမုဒ္ဒရာများအတွင်းသို့ရောက်ရှိသော ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းသည် ကုန်းမြေမှရောက်ရှိခြင်းဖြစ်ပြီး ရေနေသတ္တဝါများနှင့် အဏ္ဏဝါဂေဟစနစ်ကို ထိခိုက်လျက်ရှိကြောင်း သိရပါသည်။
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် ဓာတုပစ္စည်းများ အလွန်အကျွံသုံးစွဲခြင်း၊ မြေဆီလွှာတိုက်စားခြင်းမှ နုန်းပို့ချခြင်း၊ စွန့်ပစ်ပလတ်စတစ်များ မြစ်၊ ချောင်းများနှင့် ပင်လယ်ကမ်းရိုးတန်းရေထုအတွင်း တစ်နေ့တခြားများပြားလာခြင်းများသည် လေထု၊ မြေထုနှင့် ရေထုညစ်ညမ်းမှုများဖြစ်ပေါ်ပြီး သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးလျက်ရှိပါသည်။ ထို့ပြင် ကမ္ဘာတစ်ဝန်းတွင် လူသားများ အသုံးပြုနေသော ဓာတုပစ္စည်းများနှင့် ဒြပ်ပေါင်းအမျိုးအစားစုစုပေါင်း တစ်သိန်းကျော်ရှိပြီး စနစ်တကျ စီမံခန့်ခွဲမှုမရှိပါက ပတ်ဝန်းကျင်ညစ်ညမ်းမှုများဖြစ်ပေါ်ပြီး လူသားများ၏ ကျန်းမာရေးအပေါ် ဆိုးရွားစွာထိခိုက်နိုင်မည်ဖြစ်ပါသည်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့
ပျက်စီးယိုယွင်းလာလျက်ရှိသော ကမ္ဘာ့ပတ်ဝန်းကျင်ကို ပြန်လည်ထိန်းသိမ်းနိုင်ရန်အတွက် ၁၉၇၂ ခုနှစ်တွင် ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက ဇွန်လ ၅ ရက်နေ့ကို ကမ္ဘာ့ပတ်ဝန်းကျင်ထိန်း သိမ်းရေးနေ့အဖြစ် သတ်မှတ်ခဲ့ပြီး ၁၉၇၃ ခုနှစ်မှစတင်ကာ ကမ္ဘာ့နိုင်ငံအသီးသီးတွင် နှစ်စဉ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပလာခဲ့ကြပါသည်။ ပတ်ဝန်းကျင်ကာကွယ်ထိန်းသိမ်းခြင်းအတွက် လှုပ်ရှားမှုများသည် တစ်ကမ္ဘာလုံးမှ ဂရုပြုပါဝင်လာစေရန် တွန်းအားပေးသည့် အရေးပါသော လုပ်ငန်းစဉ်တစ်ခုဖြစ်ပါသည်။
ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များကို သတိမူလာစေရန် လှုံ့ဆော်ပေးရာတွင် အထင်ကရနေ့ တစ်နေ့လည်းဖြစ်ပါသည်။ လူသားအားလုံး အတူတကွ နေထိုင်လျက်ရှိသည့် တစ်ခုတည်းသော ကမ္ဘာမြေကြီးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဘက်စုံကဏ္ဍစုံ ပြုပြင်ပြောင်းလဲမှုများ စနစ်တကျဆောင်ရွက်ခြင်းဖြင့် သဘာဝပတ်ဝန်းကျင် တည်ငြိမ်ပြီး ဟန်ချက်ညီစေရေး၊ လူသားများနှင့် သဘာဝပတ်ဝန်းကျင်သဟဇာတဖြစ်စေရေး ကြိုးပမ်းမှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရန်အတွက်လည်း ရည်ရွယ်ကာ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားများကို ကျင်းပဆောင်ရွက်ကြခြင်းဖြစ်ပါသည်။
ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး” (Land Restoration, desertification and drought resilience)ဖြစ်ပါသည်။ ယခုနှစ်ဆောင်ပုဒ်၏ ရည်ရွယ်ချက်မှာ ကမ္ဘာတစ်ဝန်းလုံးရှိ လူသားတို့၏ ပြုမူဆောင်ရွက်ချက်များနှင့် သဘာဝဖြစ်စဉ်များကြောင့်ဖြစ်ပေါ်လာသည့် သဲကန္တာရဖြစ်ထွန်းမှုများ၊ မိုးခေါင်ရေရှားမှုပြဿနာများ၊ ပူပြင်းခြောက်သွေ့မှုနှင့် ရာသီဥတုပြောင်းလဲမှု အကျိုးဆက်များကို ကြံ့ကြံ့ခံနိုင်ရန်နှင့် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများ ထိန်းသိမ်းခြင်းဖြင့် ထုတ်လုပ်မှုကောင်းမွန်သော မြေယာများပြန်လည်ဖြစ်လာစေရန်၊ ပတ်ဝန်းကျင်စိမ်းလမ်းစိုပြည်သာယာလာစေရန်၊ သစ်ပင်သစ်တောများ ပြန်လည်စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရာသီဥတုမျှတကောင်းမွန်လာစေရန် ရည်ရွယ်ခြင်းဖြစ်ပါသည်။
သဲကန္တာရဖြစ်ထွန်းမှုများ
သဲကန္တာရဖြစ်ထွန်းမှုဆိုသည်မှာ သဘာဝဖြစ်စဉ်များနှင့် လူတို့၏လုပ်ဆောင်မှုများကြောင့် မြေသြဇာကောင်းမွန်သော မြေများမှ စိုက်ပျိုးရန်မဖြစ်ထွန်းနိုင်သည့် ခြောက်သွေ့သောမြေများ၊ သစ်ပင်များ ပေါက်ရောက်နိုင်မှု မရှိနိုင်တော့သောမြေများ၊ အောက်ခံကျောက်သားများသာ တွေ့မြင်ရနိုင်သည့် ကျောက်တောင်၊ ကျောက်ကုန်းများအဖြစ် ပြောင်းလဲသွားသည့် ဖြစ်စဉ်ဖြစ်ပါသည်။ သဲကန္တာရအဖြစ်သို့ တစ်မုဟုတ်ချင်း ပြောင်းလဲသွားသည်မဟုတ်ဘဲ သစ်ပင်သစ်တောများ ပျက်စီးပြုန်းတီးမှု၊ ဂေဟစနစ်များ ပျက်စီးမှုများမှတစ်ဆင့်အပင်များ ပေါက်ရောက်နိုင်မှုမရှိဘဲ တစ်စတစ်စ လျော့နည်းပျောက်ကွယ်သွားသည့် ဖြစ်စဉ်လည်းဖြစ်ပါသည်။ သဲကန္တာရဖြစ်ထွန်းမှုများသည် ရာသီဥတုပြောင်းလဲမှု၊ ဇီဝမျိုးစုံမျိုးကွဲဆုံးရှုံး ပျောက်ကွယ်ခြင်းများကဲ့သို့ နိုင်ငံတစ်နိုင်ငံ၏ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်နှောင့်နှေး စေနိုင်သည့်အတွက် အကြီးမားဆုံးသော စိန်ခေါ်မှုတစ်ခုလည်းဖြစ်ပါသည်။
သဲကန္တာရဖြစ်ထွန်းမှုဝိသေသလက္ခဏာများ
ကုလသမဂ္ဂသဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း (United Nations Convention to Combat Desertification-UNCCD) အဖွဲ့က သဲကန္တာရဖြစ်ထွန်းလာမှု ဝိသေသလက္ခဏာများကို အောက်ပါအတိုင်း သတ်မှတ်ထားပါသည်-
မိုးရွာသွန်းမှုပုံစံမမှန်ခြင်း၊ မိုးရွာသွန်းမှု အကြိမ်ရေနည်းပါးခြင်း၊ မိုးခေါင်ရေရှားခြင်း၊ ပူပြင်းခြောက်သွေ့ခြင်း၊
လေထုနှင့် မြေထု အပူချိန်မြင့်မားမှုဒဏ်ကြာရှည်စွာ ခံစားရခြင်း၊
အပူချိန် အတက်အကျလွန်ကဲခြင်း၊
မြေဆီလွှာ ရေငွေ့ပြန်မှုနှုန်းမြင့်မားခြင်း၊
စိုထိုင်းဆနိမ့်ခြင်း၊
မြေဆီခြောက်ခန်းခြင်းနှင့် မြေအရည်အသွေး အဆင့်အတန်းနိမ့်ကျခြင်း၊
ရေနှင့်လေတိုက်စားမှုကြောင့် အပေါ်ယံမြေဆီလွှာတိုက်စားမှုများခြင်း။
ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေးကွန်ဗင်းရှင်း (UNCCD) ၏ အဓိက သတင်းစကား (Key Message) တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်-
ကျန်းမာသော၊ မြေဆီဩဇာကောင်းမွန်သောမြေသည် စားနပ်ရိက္ခာ၏ ၉၅ ရာခိုင်နှုန်းနီးပါးကို ထောက်ပံ့ပေးရုံသာမက အဝတ်အစားနှင့် အမိုးအကာများ၊ အလုပ်အကိုင်နှင့် အသက်မွေးဝမ်းကျောင်းများကို အထောက်အပံ့ပြုပေးသည့်အပြင် မိုးခေါင်မှု၊ ရေကြီးမှုနှင့် တောမီးလောင်ကျွမ်းမှုတို့မှကျွန်ုပ်တို့ကို ကာကွယ်ပေးပါသည်။
သို့သော်လည်း စက္ကန့်တိုင်းတွင် ဘောလုံးကွင်းလေးကွင်းနှင့်ညီမျှသော ဧရိယာရှိသည့် ကျန်းမာသောမြေ၊ မြေဆီဩဇာ ကောင်းမွန်သောမြေတို့သည် အဆင့်နိမ့်ကျလာလျက်ရှိပြီး နှစ်စဉ်စုစုပေါင်းဟက်တာ သန်း ၁၀၀ ခန့်အထိ ပျက်စီးလာလျက်ရှိပါသည်။
စနစ်မကျသော ထုတ်လုပ်မှုနှင့် သုံးစွဲမှုပုံစံများနှင့်အတူ လူဦးရေ တိုးပွားလာမှု၊ သဘာဝအရင်းအမြစ်များ အလွန်အကျွံ ထုတ်ယူသုံးစွဲမှု၊ လောင်စာဆီလိုအပ်ချက် မြင့်မားလာမှု၊ မြေယာလိုအပ်ချက်များပြားလာမှုနှင့် အလွန်အကျွံအသုံးပြုမှုစသည်တို့ကြောင့် မြေအဆင့်အတန်းများ ကျဆင်းလာလျက်ရှိပါသည်။
ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေးကွန်ဗင်းရှင်းအရ ယနေ့အချိန်တွင် သဲကန္တာရဖြစ်ထွန်းလာသော ဝိသေသလက္ခဏာများကြောင့် ကမ္ဘာတစ်ဝန်းစိုက်ပျိုးနိုင်သော မြေဧရိယာ၏ ၃၀ ရာခိုင်နှုန်းမှ ၃၅ ရာခိုင်နှုန်းခန့်အထိ အရည်အသွေးကျဆင်းခဲ့ကြောင်း သိရပါသည်။
ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း၏ ထုတ်ပြန်မှုများအရ ပူပြင်းခြောက်သွေ့ခြင်း၊ မိုးခေါင်ခြင်းနှင့် သဲကန္တာရဖြစ်ထွန်းနိုင်သော အခြေအနေများကြောင့် နောင် ၁၀ နှစ်အတွင်း လူသန်းပေါင်း ၅၀ ကျော် အပူပိုင်းဒေသနေရပ်ဒေသမှ အခြားဒေသများသို့ ပြောင်းရွှေ့ကြရမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။
ပျက်စီးသွားသော မြေဧရိယာဟက်တာ နှစ်ဘီလီယံကျော်၏ ကုန်ထုတ်စွမ်းအားကို ပြန်လည်ရယူနိုင်ခြင်းဖြင့် ကမ္ဘာတစ်ဝန်းရှိ လူဦးရေ ၁ ဒသမ ၃ ဘီလီယံကျော်၏ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို မြှင့်တင်နိုင်ပါသည်။
၂၀၅၀ ပြည့်နှစ်တွင် မိုးခေါင်မှုနှင့် ပူပြင်းခြောက်သွေ့မှု အကျိုးဆက်များသည် ကမ္ဘာ့လူဦးရေ၏ လေးပုံသုံးပုံအပေါ် သက်ရောက်နိုင်မည်ဟုလည်း ခန့်မှန်းထားပါသည်။
၂၀၀၀ ပြည့်နှစ်မှစတင်ပြီး မိုးခေါင်မှုကာလနှင့် အကြိမ်အရေအတွက်သည် ၂၉ ရာခိုင်နှုန်းတိုးလာခဲ့ပြီး လူပေါင်း ၅၅ သန်းသည် မိုးခေါင်မှုဒဏ်ကို နှစ်စဉ်ခံစားရမည်ဖြစ်ကြောင်း၊ ၂၀၄၀ ပြည့်နှစ်တွင် ကလေးလေးဦးလျှင် တစ်ဦးနှုန်းရေပြတ်လပ်မှု ဒဏ်ခံစားရမည်ဖြစ်ကြောင်း၊ ၁၉၀၀ ပြည့်နှစ်မှ ၂၀၁၉ ခုနှစ်အတွင်း မိုးခေါင်မှု၊ ပူပြင်းခြောက်သွေ့မှုကြောင့် လူပေါင်း ၂ ဒသမ ၇ သန်းအပေါ် သက်ရောက်ခဲ့ပြီး ၁၁ ဒသမ ၇ သန်း အသက်ဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားပါသည်။
ကမ္ဘာပေါ်တွင် နေထိုင်သူ ရှစ်ဘီလီယံရှိသည့်အနက် အသက် ၂၅ နှစ်အောက် လူငယ်တစ်ဘီလီယံကျော်သည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် နေထိုင်ကြပြီး အထူးသဖြင့် မြေယာနှင့်သဘာဝအရင်းအမြစ်များကို တိုက်ရိုက်မှီခိုနေရသည့် ဒေသများတွင်နေထိုင်ကြပါသည်။ မြေဆီဩဇာကောင်းမွန်သော စိုက်ပျိုးမြေများ၊ ကောင်းမွန်သော မြေဧရိယာများဆုံးရှုံးခြင်းသည် လိုအပ်ချက် မြင့်မားလာသောကုန်စည်နှင့် ဝန်ဆောင်မှုများအတွက် မြေယာရလိုမှုပြိုင်ဆိုင်မှုကို ဖန်တီးပေးလျက်ရှိပြီး ပဋိပက္ခများကို ဖြစ်ပေါ်စေနိုင်ပါသည်။
သဲကန္တာရဖြစ်ထွန်းမှု တိုက်ဖျက်ရေး
သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ရေးအတွက် ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိကို ကုလသမဂ္ဂသဲကန္တာရနှင့် သဲကန္တာရတိုက်ဖျက်ရေးဆယ်စုနှစ်အဖြစ် သတ်မှတ်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှ ၂၀၃၀ ပြည့်နှစ်အထိကို ကုလသမဂ္ဂဂေဟစနစ် ပြန်လည်တည်ထောင်ရေးဆယ်စုနှစ် (UN Decade on Ecosystem Restoration 2021-2030) အဖြစ် သတ်မှတ်ခဲ့ကာ သစ်တောဂေဟစနစ်များ ပြန်လည်တည်ထောင် ရေးအတွက် တွန်းအားပေးဆောင်ရွက်လျက်ရှိပါသည်။ သဲကန္တာရဖြစ်ထွန်းမှုနှင့် မိုးခေါင်မှုတိုက်ဖျက်ရေးအတွက် “ကုလသမဂ္ဂ သဲကန္တာရတိုက်ဖျက်ရေးကွန်ဗင်းရှင်း”က အောက်ပါလုပ်ငန်းများ ဆောင်ရွက်ရန် တိုက်တွန်းထားပါသည်-
သစ်တောများ ပြန်လည်တည်ထောင်ခြင်း၊ သဘာဝတောများ ထိန်းသိမ်းခြင်း၊ ဓမ္မတာမျိုးဆက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
ရေများကို ချွေတာသုံးစွဲခြင်း၊ သန့်စင်ပြီးပြန်လည်သုံးစွဲခြင်း၊ မိုးရေကို စနစ်တကျစုဆောင်းအသုံးပြုခြင်းများ အပါအဝင် ရေသယံဇာတများထိန်းသိမ်းခြင်းနှင့် စနစ်တကျစီမံခန့်ခွဲခြင်း၊
လေတိုက်စားမှု၊ ရေတိုက်စားမှုများကာကွယ်ရန်အတွက် မြေဆီလွှာအကာအကွယ်အဖြစ် ရှင်သန်နိုင်မည့် ဒေသမျိုးရင်းအပင်များ၊ ကြီးမြန်သစ်ပင်များ၊ အပူဒဏ်ခံနိုင်သောအပင်များ စိုက်ပျိုးခြင်း၊
လယ်၊ ယာ အစပ်များတွင် သစ်ပင်များစိုက်ပျိုးခြင်း၊ အိမ်ခြံဝင်းအတွင်း Home Garden ကဲ့သို့ သစ်ပင်မျိုးစုံ တစ်နိုင်တစ်ပိုင်စိုက်ပျိုးခြင်း၊ တစ်အုပ်တစ်မစိုက်ခင်းများ တည်ထောင်ခြင်း၊ ကျေးရွာသုံးထင်းစိုက်ခင်းများ တည်ထောင်ခြင်း၊
သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်းနှင့် ကိုင်းချိုင်ခြင်းမှရရှိလာသော သစ်ရွက်၊ သစ်ကိုင်းများကို အပင်ခြေတွင်စုပုံပြီး မြေဆီလွှာအား အကာအကွယ်ပေးခြင်း။
မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့၏ အပူပိုင်းဇုန်အတွင်း ကျရောက်သော မြို့နယ်များသည် မိုးရေချိန် လက်မ ၄၀ အောက်သာရရှိ ပြီး အပူချိန် ၄၇ ဒသမ ၂ ဒီဂရီဆဲလ်စီးယပ်အထိမြင့်မားပြီး ခြောက်သွေ့ကာလမှာလည်း နိုဝင်ဘာလမှ မေလအထိတိုင် ကြာရှည်ပါသည်။၂၀၂၄ ဧပြီလအတွင်းတွင် အပူလှိုင်းဖြတ်သန်းမှုကြောင့် နေ့အပူချိန်များ မြင့်မားခဲ့သဖြင့် မြန်မာနိုင်ငံအလယ်ပိုင်း ချောက်မြို့သည် ကမ္ဘာ့အပူချိန် အမြင့်မားဆုံးမြို့အဖြစ် ပါဝင်ခဲ့ပြီး မကွေးမြို့၊ မင်းဘူး၊ ညောင်ဦးနှင့် စစ်ကိုင်းမြို့တို့သည်လည်း ကမ္ဘာ့အပူဆုံးမြို့ ၁၅ မြို့စာရင်း မှာ ပါဝင်ခဲ့ပါသည်။ အဆိုပါ အပူပိုင်းဒေသတွင် မြေတိုက်စားမှုများပြီး အပေါ်ယံမြေဆီလွှာကုန်ခန်းပြီး အပင်များ သဘာဝမျိုးဆက်ရန်ပင် ခက်ခဲလှပါသည်။ သစ်ပင်သစ်တောများ နည်းပါးခြင်းကြောင့် အပူချိန်လွန်ကဲခြင်း၊ မိုးခေါင်ခြင်း၊ မြေဆီလွှာပျက်စီးပြီး သဲကန္တာရဖြစ် ထွန်းနိုင်သည့်အခြေအနေများ (desert-like formation) ကို တွေ့မြင်နိုင်ပါသည်။
ထို့ကြောင့်လည်း မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ် ဇန်နဝါရီလတွင် ကုလသမဂ္ဂသဲကန္တာရ တိုက်ဖျက်ရေးကွန်ဗင်းရှင်း(UNCCD)အဖွဲ့ဝင် နိုင်ငံအဖြစ်ပါဝင်ခဲ့ပါသည်။ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့သည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်း ဒေသစိမ်းလန်းစိုပြည်ရေး၊ သစ်တောဖုံးလွှမ်းမှုတိုးပွားလာစေရေးအတွက် နည်းလမ်းမျိုးစုံဖြင့် သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ သဘာဝတောကျန်များ ပြုစုထိန်းသိမ်းကာကွယ်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနအနေဖြင့် နှစ် ၃၀ အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဘက်စုံစီမံကိန်း (၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ) ရေးဆွဲပြီး သစ်တောစိုက်ခင်းများတည်ထောင်ခြင်း၊ သဘာဝတောကျန်များ ထိန်းသိမ်းကာကွယ်ခြင်း၊ ထင်းအစားအခြားလောင်စာများ တိုးမြှင့်သုံးစွဲခြင်းနှင့် ရေရရှိရေး အကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် အထူးစိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ၊ အပူပိုင်းဒေသတောင်စဉ်တောင်တန်းများ စိမ်းလန်းစိုပြည်ရေး သစ်ပင်စိုက်ပျိုးခြင်းလုပ်ငန်းများ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သစ်တောထိန်းသိမ်းရေး အသိပညာပေးရေး၊ တိုးချဲ့ပညာပေးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
သစ်တောဦးစီးဌာနအနေဖြင့် နှစ် ၃၀ အမျိုးသားသစ်တောကဏ္ဍပင်မစီမံကိန်း (၂၀၀၁-၂၀၀၂ မှ ၂၀၃၀-၂၀၃၁ ခုနှစ်အထိ)၊ ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်း (၂၀၁၆-၂၀၁၇ မှ ၂၀၂၅-၂၀၂၆ ခုနှစ် အထိ)၊ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း (၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ) ရေးဆွဲလျက် အပူပိုင်းဒေသအပါအဝင် ဂေဟစနစ်အမျိုးမျိုးရှိ တောနိမ့်၊ တောပျက်များတွင် စီးပွားရေးစိုက်ခင်းများ၊ ရေဝေရေလဲထိန်းသိမ်းရေး စိုက်ခင်းများ၊ ကျေးရွာထင်းစိုက်ခင်းများ၊ စက်မှုကုန်ကြမ်းစိုက်ခင်းများ၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ၊ သီးနှံသစ်တောရောနှော စိုက်ခင်းများ၊ မြို့ပြသစ်တောများတည်ထောင်ခြင်း၊ သစ်တောဥယျာဉ်များတည်ထောင်ခြင်း၊ မြစ်ချောင်းအင်းအိုင် ပတ်ဝန်းကျင်နှင့် ကမ်းရိုးတစ်လျှောက် သဘာဝသစ်ပင်သစ်တော ဂေဟစနစ်များထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်ခြင်းဖြင့် အပူပိုင်းဂေဟစနစ်ပြန်လည်တည်ထောင်ရေး အရှိန်အဟုန်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။
ထို့ပြင် အပူပိုင်းဒေသ၏ သဘာဝတောကျန်များကို သစ်တောဥပဒေ၊ ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေများနှင့်အညီ စနစ်တကျ စီမံအုပ်ချုပ်နိုင်ရန် သစ်တောကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တောများနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများအဖြစ် တိုးချဲ့ဖွဲ့စည်းပြီး သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက် သဲကန္တာရဖြစ်ထွန်းမှု၊ ပူပြင်းခြောက်သွေ့မှုနှင့် မိုးခေါင်ရေရှားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
အထူးသဖြင့် ယခုနှစ် မိုးရာသီတွင် နှစ်တို၊ နှစ်ရှည်စီမံချက်များအရ စိုက်ပျိုးခြင်းအပြင် အပူပိုင်းဒေသ ၁၃ ခရိုင်အတွင်းကျေးရွာများ အပူဒဏ်လျော့ပါးသက်သာစေရန်၊ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေး အထောက်အကူပြုရန်နှင့် သစ်ပင်သစ်တောများ စိုက်ပျိုးထိန်းသိမ်းခြင်းဖြင့် ရာသီဥတုသာယာကောင်းမွန်လာစေရန်ရည်ရွယ်ပြီး သစ်တောဦးစီးဌာနနှင့် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေးဦးစီးဌာနတို့မှ တစ်ရွာနှစ်ဧက စိုက်ခင်းပေါင်း ၃၀၇ ဒသမ ၄၁ ဧက (အပင်ပေါင်း ၉၂၂၂၃ ပင်)၊ ဘက်စုံသုံးစိုက်ခင်းပေါင်း ၁၃၉၃ ဒသမ ၇၉ ဧက (အပင်ပေါင်း ၄၄၅၅၂၄ ပင်)၊ ကျေးရွာထင်းစိုက်ခင်းပေါင်း ဧက ၁၈၅၀ (အပင်ပေါင်း ၁၅၅၅၁၀၀)၊ ကျေးရွာစုစုပေါင်း ၈၀၉ ရွာတွင် စုစုပေါင်းဧက ၃၅၅၁ ဒသမ ၂ စုစုပေါင်းအပင် ၂၀၉၂၈၄၇ ပင် စိုက်ပျိုးတည်ထောင်ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်သာယာစေရေး အထောက်အကူပြုရန်နှင့် ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများ အရိပ်ခိုနားနေနိုင်ရန် လမ်းဘေးဝဲ၊ ယာ အရိပ်ရအပင်များ စိုက်ပျိုးခြင်း၊ တစ်အုပ်တစ်မစိုက်ပျိုးခြင်းများကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
သစ်တောဦးစီးဌာန အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းတို့အနေဖြင့် ဂေဟစနစ်အမျိုးမျိုးတွင် သစ်တောများ ပြန်လည်တည်ထောင်ရန်နှင့် သစ်တောဖုံးလွှမ်းမှုတိုးပွားလာစေရန် နှစ်စဉ်သစ်တောစိုက်ခင်းများတည်ထောင်ခြင်းနှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ်မိုးရာသီတွင် နိုင်ငံနှင့်အဝန်း စီးပွားရေး စိုက်ခင်း ၈၃၃၅ ဧက၊ (အပင်ပေါင်း ၅၉၃၂၉၀၀ ပင်)၊ ရေဝေရေလဲစိုက်ခင်း ဧက ၁၇၅၀ (အပင်ပေါင်း ၄၅၆၅၇၅ ပင်)၊ စက်မှုကုန်ကြမ်းစိုက်ခင်း ဧက ၁၁၀၀ (အပင်ပေါင်း ၅၉၄၀၀၀)၊ ဒီရေတောစိုက်ခင်း ဧက ၁၄၉၀၊ (အပင်ပေါင်း ၁၈၀၂၉၀၀)၊ ကျေးရွာ ထင်းစိုက်ခင်း ၃၀၃၆ ဧက (အပင်ပေါင်း ၂၉၉၀၁၆၀)၊ အခြားစိုက်ခင်း ဧက ၂၀၀၊ (အပင်ပေါင်း ၂၄၂၀၀၀)၊ တောင်တန်းစိုက်ခင်း ၂၇၅ ဧက (အပင်ပေါင်း ၁၁၀၈၂၅ ပင်) စိုက်ပျိုးခြင်းတို့အပြင် အာဆီယံလမ်းမကြီး များ၊ အမြန်လမ်းဘေး ဝဲ၊ ယာနှင့် ရထားလမ်းဘေး ဝဲ၊ ယာသစ်ပင်စိုက်ပျိုးခြင်း၊ ကွက်လပ်ဖြည့်စိုက်ပျိုးခြင်း၊ ဘက်စုံသုံးစိုက်ခင်းများတည်ထောင်ခြင်း၊ သဘာဝတောတန်ဖိုးမြှင့် စိုက်ပျိုးခြင်းနှင့် လူထုဖြန့်ပျိုးပင်များ ဖြန့်ဝေစိုက်ပျိုးခြင်းများကို နိုင်ငံနှင့်အဝန်း ဧရိယာစုစုပေါင်း ၂၂၄၄၂ ဒသမ ၁၂ ဧကနှင့် အပင်ပေါင်း ၂၂၃၃၁၇၂၇ ပင်ကို စိုက်ပျိုးရန် လျာထားဆောင်ရွက်လျက်ရှိပါသည်။
သဲကန္တာရတိုက်ဖျက်ရေးနှင့် မိုးခေါင်ရေရှားဒဏ်ခံနိုင်ရေး မြေယာပြန်လည်ပြုပြင်ပေး
ရာသီဥတုပြောင်းလဲမှု၊ ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုနှင့် ဇီဝမျိုးစုံမျိုးကွဲများဆုံးရှုံးမှု၊ သဲကန္တာရဖြစ်ထွန်းမှုတို့သည် ယခုအချိန်တွင် ကမ္ဘာနှင့်အဝန်း ရင်ဆိုင်နေရသော ပတ်ဝန်းကျင်ဆိုင်ရာပြဿနာများ ဖြစ်ပါသည်။ အဆိုပါ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများကို တားဆီးကာကွယ်ရန်၊ ပြန်လည်ကုစားရန်နှင့် မူလသဘာဝပတ်ဝန်းကျင်ကို ပုံမှန်အခြေအနေ ပြန်လည်ရောက်ရှိစေရန် အရိုးရှင်းဆုံး နည်းလမ်းသည် သဘာဝအခြေခံဖြေရှင်းသည့် နည်းလမ်းများ (Nature Based Solutions)ကို အသုံးပြုဆောင်ရွက်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ပြုန်းတီးပျက်စီးနေသော မြေယာများ၊ အဆင့်အတန်း ကျဆင်းနေသော မြေယာများ၊ သဲကန္တာရဖြစ်ထွန်းရန် အလားအလာရှိနေသော မြေယာများတွင် သစ်ပင်များ ပြန်လည်စိုက်ပျိုးခြင်းနှင့် ကျန်ရှိနေသောသဘာဝတောများကို ထိန်းသိမ်းခြင်းဖြင့် ဂေဟစနစ်များ ပြန်လည်ကောင်းမွန်လာပြီး သဲကန္တာရဖြစ်ထွန်းလာမှုများ၊ မြေယာအဆင့်အတန်း နိမ့်ကျလာမှုများ၊ မိုးခေါင်ရေရှားမှုများကို ကာကွယ်တားဆီးနိုင်မည်ဖြစ်ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအကြား သစ်ပင်သစ်တောများ၏ စစ်မှန်သောတန်ဖိုးကို ပိုမိုနားလည်လာပြီး တစ်ဦးတစ်ယောက်ချင်းစီက သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပိုမိုပူးပေါင်းပါဝင်လာစေရန် ကြိုးပမ်းကြရမည်ဖြစ်သည်။ အစိုးရအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူမှုအဖွဲ့အစည်းများ၊ အကျိုးဆက်စပ်ပတ်သက်သူများ၊ ပုဂ္ဂလိကကဏ္ဍများ၊ ပြည်သူများအားလုံးပူးပေါင်းပြီး ရာသီဥတုပြောင်းလဲမှု လျှော့ချရေး၊ အပူပိုင်းဒေသမိုးခေါင်ခြင်း၊ ပူပြင်းခြောက်သွေ့ခြင်းနှင့် သဲကန္တာရဖြစ်ထွန်းမှုတိုက်ဖျက်ခြင်း လုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်ခြင်း အပါအဝင် ဒေသနှင့်ကိုက်ညီသည့် ဂေဟစနစ်ပြန်လည်ထိန်းသိမ်းရေး၊ မြေယာပြန်လည် ပြုပြင်ရေးလုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်ကြရမည်ဖြစ်ပါသည်။ မိမိတို့၏ ရပ်ကွက်၊ ကျေးရွာ၊ မြို့နယ်၊ ခရိုင်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်များကို သစ်တောများဖုံးလွှမ်းနေသော၊ စိမ်းလန်းစိုပြည်သော၊ ရာသီဥတုမျှတကောင်းမွန်သော၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နေသော ဒေသကြီးများဖြစ်လာစေရန် သစ်ပင်စိုက်ပျိုးခြင်း၊ သစ်တောများထိန်းသိမ်းခြင်းဖြင့် ဝိုင်းဝန်းဆောင်ရွက်ကြပါစို့ဟု တိုက်တွန်းရင်း ယခုနှစ်ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အား ဂုဏ်ပြုအပ်ပါသည်။ ။