ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးတွင် ပါဝင်ဆင်နွှဲကြမည့် အားကစားမောင်မယ်များနှင့် ဒိုင်/ဂျူရီများ သိရှိလိုက်နာသင့်သည့် အားကစားစိတ်ဓာတ်နှင့် Fair Play အကြောင်း တစေ့တစောင်း
ကိုဌေး (ကနောင်)
(ယမန်နေ့မှ အဆက်)
“အားကစားသမား”ဟုဆိုရာတွင် လေ့ကျင့်မှုပြည့်ဝသည့် အားကစားသမားတစ်ဦးသည် မိမိကစားမည့် အားကစားနည်းကို ယှဉ်ပြိုင်နိုင်သည်အထိ လေ့ကျင့်ထားရန် လိုအပ်ပါသည်။ အချိန်ပြည့် ယှဉ်ပြိုင်ကစားနိုင်ရန်လည်း အရေးကြီးပေသည်။ မိမိပါဝင်ယှဉ်ပြိုင်ကစားမည့် အားကစားနည်း၏ စည်းမျဉ်း၊ စည်းကမ်းဥပဒေများကိုလည်း သိရှိအောင် လေ့လာထားရန် လိုအပ်သည်။ လေ့ကျင့်မှု မပြည့်ဝသော အားကစားသမားတစ်ဦးသည် မောပန်းလာသည့်အခါ မိမိ၏ နဂိုရှိသည့် အားကစားဆောင်ရွက်မှုများ လျော့နည်းလာပြီး မလိုလားအပ်သော ထိခိုက်မှုများ ဖြစ်ပေါ်စေနိုင်ပါသည်။
မိမိကစားမည့် အားကစားနည်း၏ ဥပဒေကို သေချာနားလည်သဘောပေါက်အောင် လေ့လာထားရန် လိုအပ်
အကယ်၍ အားကစားစိတ်ဓာတ်ကင်းမဲ့သည့် အားကစားသမားဖြစ်ပါက မိမိထက်ကျွမ်းကျင်မှု၊ ခံနိုင်ရည်ရှိမှု၊ ကြံ့ခိုင်မှုကောင်းသော ပြိုင်ဘက်ကစားသမားအား ထိခိုက်စေလိုသောစိတ်ဆန္ဒဖြင့် ပြစ်မှုကျူးလွန်တတ်ပါသည်။ ဤကဲ့သို့ပြစ်မှုကျူးလွန်သော အားကစားသမားအား ဒိုင်လူကြီးများက အပြစ်ပေးပြန်လျှင်လည်း မချေမငံဆက်ဆံခြင်းမျိုးများ ဖြစ်လာစေပါသည်။ နောက်ဆက်တွဲပြဿနာ များအနေဖြင့် မိမိကစားသမား၏ ပကတိအခြေအနေကို နားမလည်နိုင်ဘဲ နိုင်လိုမှုတစ်ခုတည်းကို ဦးတည်လာသော ပရိသတ်များပါဝင်လာပြီး ဆူပူမှုကို ဖြစ်ပေါ်လာနိုင်ပါသည်။ တစ်ဖန် အားကစားသမား တစ်ဦးသည် မိမိကစားမည့် အားကစားနည်း၏ ဥပဒေကို သေချာနားလည်သဘောပေါက်အောင် လေ့လာထားရန် လိုအပ်ပါသည်။ (၎င်းဥပဒေနှင့် ပတ်သက်သည့် အချက်အလက်များကို နည်းပြဆရာများက ရှင်းလင်းသင်ကြားပေးထားသင့်ပါသည်။)
ဆိုလိုသည်မှာ “အားကစားသမားများနှင့် အားကစားစိတ်ဓာတ်” “Sportsman & Sporting Spirit” ရှိရန်လိုပါသည်။ အားကစားသမားတိုင်း Sporting Spirit အား သိရှိရန်၊ လိုက်နာတတ်ရန်နှင့် လိုက်နာရန်တာဝန်ရှိသည်ဆိုသည့်အသိလည်း ရှိရမည်ဖြစ်ပါသည်။ မိမိ၏ ပြုမူချက်ကြောင့် ဒိုင်လူကြီးက အပြစ်ပေးလျှင် နာခံတတ်ရပေမည်။ မိမိတစ်ဦးကြောင့် မိမိအသင်း ထိခိုက်မှုမရှိစေရန် လိုအပ်ပါသည်။ မိမိသည် ဒိုင်လူကြီးအား လေးစားသကဲ့သို့ ဘောလုံးပွဲ (သို့) အားကစားပြိုင်ပွဲအား လာရောက်ကြည့်ရှုအားပေးသည့် ပရိသတ်နှင့် မိမိအသင်း၏ တာဝန်ရှိသူအဆင့်ဆင့်ကိုလည်း လေးစားရန်လိုအပ်ပါသည်။ မိမိကြောင့်၊ မိမိ၏ အားနည်းချက်ကြောင့် အပြစ်ပေးခံရခြင်းကို ဖြေဖျောက်ရန် ပရိသတ်နှင့် ဒိုင်လူကြီးကို ရန်တိုက်ပေးခြင်းမျိုးမဖြစ်သင့်ပါ။ ကမ္ဘာ့ဖလားနှင့် အိုလံပစ်ပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိသည့် အာရှနိုင်ငံများဖြစ်သော ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့မှ အမျိုးသား၊ အမျိုးသမီးဘောလုံးအသင်းများ၏ အားကစားစိတ်ဓာတ်အပြည့်ဖြင့် ယှဉ်ပြိုင်မှုအခြေအနေတို့မှာ အထူးအတုယူ အားကျသင့်လှပေသည်။
ပြိုင်ပွဲတိုင်းတွင် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာသည့်အကျင့်စရိုက်၊ မိမိထက် အဘက်ဘက်ကသာလွန်သည့်အသင်းများကို အားကစားစိတ်ဓာတ်အပြည့်အဝဖြင့် အားကြိုးမာန်တက်၊ ကျားကုတ်ကျားခဲ ယှဉ်ပြိုင်အနိုင်ယူသွားကြသည်ကို လေးစားဂုဏ်ယူ အားကျဖွယ်တွေ့ရပါသည်။ မည်သည့်ပြိုင်ပွဲမဆို ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို အားကစားသမားက စောဒကတက်၍ ပြုပြင်ပြောင်းလဲပေးသည့်သာဓက မရှိသည်ကိုလည်း အားကစားသမားများ သတိမူသင့်ပါသည်။ အားကစားနည်းအလိုက် ပြိုင်ပွဲဝင်အားကစားသမားများအား အသိပေးလိုသည်မှာ အားကစားသမားတစ်ဦးအနေဖြင့် မိမိ၏ ရပ်တည်ဆောင်ရွက်ချက်အပေါ် ပရိသတ်များ၊ ပြိုင်ပွဲအား တာဝန်ယူကြီးကြပ်သူများ၊ မိမိ၏အသင်းကစားဖော်များ၊ မိမိပြိုင်ဘက်အသင်းမှ ကစားသမားများ စသူတို့က လေးစားခံရသူ၊ အားကစားစိတ်ဓာတ်ရှိသူအဖြစ် အသိအမှတ်ပြုခံရသူဖြစ်အောင် မိမိကိုယ်ကို ယုံကြည်မှုအပြည့်ဖြင့် ဂုဏ်ယူတတ်သူဖြစ်စေရေး အားကစားစိတ်ဓာတ်အပြည့်ဖြင့် ပြုမူကြိုးစားသင့်ကြောင်း တိုက်တွန်းလိုပါသည်။
ဒိုင်လူကြီးသည် အရေးကြီး
အလားတူ ပြိုင်ပွဲကို တာဝန်ယူကြီးကြပ်ရသည့် ဒိုင်လူကြီးများအနေဖြင့်လည်း တရားခွင်တွင် တရားသူကြီးသည် အရေးကြီးသကဲ့သို့ အားကစားပြိုင်ပွဲတိုင်းတွင်လည်း ဒိုင်လူကြီးသည် အရေးကြီးပါသည်။ အဆုံးအဖြတ်ပေးရမည့်သူဖြစ်ခြင်းကြောင့် အထူးအရေးကြီးပါသည်။
အားကစားပြိုင်ပွဲကောင်းတစ်ခုဖြစ်ဖို့ဆိုလျှင် အားကစားသမား၊ ဒိုင်လူကြီး၊ ပွဲကြည့်ပရိသတ်နှင့် ပြိုင်ပွဲကျင်းပရေးကော်မတီတို့ “လေးပွင့်ဆိုင်” ကောင်းမှသာလျှင် ပြိုင်ပွဲကောင်းတစ်ခုဖြစ်ပေသည်။ ထိုလေးပွင့်ဆိုင်တွင် အချက်တစ်ခုခု ချို့ယွင်းဖောက်ဖျက်ပါက ပွဲပျက်ရပြီး ပြဿနာများစွာ၊ အဓိကရုဏ်းများစွာ ဖြစ်ပေါ်စေပါသည်။ ထို့ကြောင့် ဒိုင်လူကြီးတစ်ယောက်သည် “သ” ခြောက်လုံး ဟူသော “သစ္စာ၊ သိက္ခာ၊ သမာဓိ၊ သတ္တိ၊ သမ္မစိတ္တ၊ သုတေသန” ဟူသောအချက်များ ပြည့်စုံရန် လိုအပ် ကြောင်း မှတ်သားဖူးပါသည်။
“သစ္စာ”ဟူသည် ဒိုင်လူကြီးကောင်းတစ်ယောက်သည် မိမိပါဝင်ပတ်သက်နေသော အားကစားအပေါ်တွင် သစ္စာရှိရပါမည်။ တစ်နည်းအားဖြင့်ဆိုသော် အဂတိလိုက်စားမှုကင်းခြင်း၊ ငါဟူသော အစွဲအလမ်း ဖြစ်သည့် ငါ့တပည့်၊ ငါ့ဆွေမျိုး၊ ငါ့သား၊ ငါ့သမီးဟူသော အစွဲအလမ်းမရှိဘဲ မှန်မှန်ကန်ကန် သစ္စာရှိရှိ ဆုံးဖြတ်ဖို့လိုပါသည်။
“သိက္ခာ” ဆိုသည်မှာ ဒိုင်လူကြီးကောင်းတစ်ယောက်သည် မိမိရရှိထားသောနေရာ၊ ရာထူးနှင့်လိုက်ဖက်စွာ မိမိဂုဏ်သိက္ခာကို စောင့်ထိန်း၍ တစ်ဖက်စောင်းနင်း မဆုံးဖြတ်ဖို့လိုပါသည်။ မိမိဒေသအစွဲ၊ မြို့အစွဲများကိုမကြည့်ဘဲ လတ်တလောမြင်ကွင်းပြိုင်ပွဲကို မှန်မှန်ကန်ကန် ဆုံးဖြတ်ဖို့လိုပါသည်။
“သမာဓိ” ဆိုသည်မှာ ဒိုင်လူကြီးကောင်းတစ်ယောက်သည် စိတ်ဓာတ်ခိုင်မာဖို့လိုပါသည်။ ဟိုလိုလို၊ သည်လိုလိုနှင့် ဝေခွဲမရသော သံသယဒွိဟစိတ်များ မဖြစ်ဖို့လိုပါသည်။
“သတ္တိ” ဆိုသည်မှာ ဒိုင်လူကြီးကောင်း တစ်ယောက်သည် မိမိဆုံးဖြတ်ချက်၊ မိမိထင်မြင်ချက်ကို မမှိတ်မသုန် ဆုံးဖြတ်ချက်ချနိုင်ဖို့လိုပါသည်။ တခြားတစ်ဦးတစ်ယောက်၏ သြဇာလွှမ်းမိုးမှု၊ တိုက်တွန်းမှု၊ ကြောက်ရွံ့စိတ်၊ စိုးရိမ်စိတ်မရှိဘဲ ဆုံးဖြတ်နိုင်ဖို့လိုပါသည်။
“သမ္မစိတ္တ” ဆိုသည်မှာ ပြိုင်ပွဲကျင်းပနေစဉ် ပြိုင်ဘက်အသင်းများအပေါ် (သို့) ပြိုင်ပွဲဝင် အားကစားသမားများအပေါ် မျှမျှတတဝေဖန်ပိုင်းခြားခြင်း၊ ဆုံးဖြတ်တတ်ခြင်းတို့ လိုပါသည်။
“သုတေသန” ဆိုသည်မှာ ဒိုင်လူကြီးကောင်းတစ်ယောက်သည် မိမိနှင့်ပတ်သက်သော အားကစားအကြောင်း၊ စည်းမျဉ်းစည်းကမ်း၊ ဥပဒေများကို ခေတ်နှင့်အညီ သိကျွမ်းဖို့လိုပါသည်။ ထို့အပြင် မိမိအားကစားနှင့်ပတ်သက်သော အသိုင်းအဝိုင်း၊ အားကစားသမားများအကြောင်းကိုလည်း တီးမိခေါက်မိဖို့လိုပါသည်။
ဒိုင်လူကြီးကောင်းတစ်ယောက်
ဒိုင်လူကြီးအဖြစ် ဆောင်ရွက်နေစဉ် ဓာတ်ပုံရိုက်ခြင်း၊ အရက်သေစာသောက်စားခြင်း၊ ပြိုင်ဘက်အသင်းမှ အားကစားသမားများကို နည်းပြပြုလုပ်ခြင်း၊ အခြားဒိုင်လူကြီးတစ်ဦးဦးကို ကြိုတင်တစ်ပေးခြင်း၊ သြဇာလွှမ်းမိုးခြင်း၊ ဒိုင်တစ်ဦးတစ်ယောက်ကို စကားပြောခြင်းများ မပြုလုပ်ရပါ။ ထို့အပြင် အမြင်အာရုံမကောင်းသော၊ မျက်စိမှုန်သူ (မျက်မှန်တပ်သူ)များကို ဒိုင်လူကြီးတာဝန်မပေးသင့်ပါ။ ဒိုင်လူကြီး၏ ဆုံးဖြတ်ချက် အမှား/အမှန်ကို ပွဲကြည့်ပရိသတ်များကဝိုင်း၍ မျက်လုံးပေါင်းထောင်သောင်းမက စိတ်အာရုံစူးစိုက်ကာ မျှော်လင့်နေကြပေသည်။
ထို့ကြောင့် ဒိုင်လူကြီးကောင်းတစ်ဦးဖြစ်ရန် “သ” ခြောက်လုံးကိုဆောင်၍ တည်ကြည်လေးနက်သော အားကစားစိတ်ဓာတ်ဖြင့် ဆောင်ရွက်မည်ဆိုပါက အမှားအယွင်းနည်းစွာဖြင့် ဆုံးဖြတ်တတ်သော ဒိုင်လူကြီးကောင်းတစ်ယောက်ဖြစ်မည်ဟု မှတ်သားဖူးပါသည်။
တရားသူကြီးတစ်ဦး၏ တရားခွင်၌ ဆုံးဖြတ်ခြင်းသည် အခန်းကျဉ်းလေးတွင် ဖြစ်သော်လည်း အားကစားပွဲဒိုင်လူကြီးမှာ မြင်ကွင်းကျယ်သည့် ပရိသတ်အများစု၏ ရှေ့မှောက်တွင် အချိန်တိုအတွင်း ချက်ချင်းဆုံးဖြတ်ရသဖြင့် ပိုမို၍အရေးကြီး လှပါသည်။ အားကစားဒိုင်လူကြီးများအနေဖြင့် တည်ငြိမ်စွာဖြင့် ကုလားထိုင်တွင်ထိုင်ပြီး အချိန်ယူ စဉ်းစားဆုံးဖြတ်ရသည့်ပုံစံမဟုတ်ဘဲ လှုပ်ရှားပြေးလွှားရင်း ချက်ချင်းဆုံးဖြတ်ချက်ချရသည့် ကိစ္စမှာ ထင်သလောက်မလွယ်ကူပါ။
ပရိသတ်များအနေဖြင့် မိမိထိုင်ခုံတွင် ထိုင်ပြီး အားပေးရင်းမိမိထင်ရာမြင်ရာကို ဆုံးဖြတ်ချက်ချ နိုင်ပါသည်။ မိမိထင်မြင်ယူဆချက်ကို တရားခွင်မှာ ကဲ့သို့မဟုတ်ဘဲ လွတ်လပ်စွာ အော်ဟစ်ပြောဆိုနိုင်ပါသည်။ ပရိသတ်၏အမြင်နှင့် ဒိုင်လူကြီး၏ အဆုံးအဖြတ်ကိုက်ညီရန် အတော်ခက်ခဲပါသည်။ ဤအချက်တစ်ချက်တည်းနှင့်ပင် စဉ်းစားမိသည်မှာ ဒိုင်လူကြီးတစ်ဦးသည် ဥပဒေကို နားလည်ရန်လိုအပ်သလို ပရိသတ်နှင့် အားကစားသမားများသည်လည်း ဥပဒေကို နားလည်ထားရန်လိုအပ်သည်ဟု သုံးသပ်မိပါသည်။
ဥပဒေများကို ကျယ်ပြန့်စွာ အသိပညာပေးရန် ဝိုင်းဝန်းကြိုးပမ်း
အငြင်းပွားမှု၊ ခိုက်ရန်ဖြစ်ပွားမှု အများဆုံးဖြစ်သော ဘောလုံးအားကစားနည်းအပါအဝင် အခြားသော အားကစားနည်းအားလုံး၏ ဥပဒေများနှင့် တိုးတက်ပြောင်းလဲလာသည့် ဥပဒေများကို ကျယ်ပြန့်စွာ အသိပညာပေးရန်ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သင့်ကြောင်းလည်း အကြံပြုလိုပါသည်။ အားကစားနည်းအလိုက် ပြင်ဆင်ပြောင်းလဲ သတ်မှတ်လိုက်သည့် ဥပဒေသစ်များကို သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်များတွင် ဖော်ပြခြင်းများ၊ အားကစားနည်းအလိုက် စည်းမျဉ်းစည်းကမ်း ဥပဒေလက်စွဲစာစောင်များကို ကျယ်ပြန့်စွာရိုက်နှိပ် ထုတ်ဝေခြင်းများအပြင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၊ မြဝတီ၊ Sky Net ၊ MRTV-4 တို့ကဲ့သို့ ရုပ်မြင်သံကြားလိုင်းပေါင်းစုံမှလည်း ကျွမ်းကျင်သူများက အသိပညာပေးဟောပြောခြင်း၊ ရှင်းလင်းသရုပ်ပြသခြင်း အစီအစဉ်များအပြင် FM ရေဒီယိုလိုင်းပေါင်းစုံကလည်း အသိပညာပေး ဆွေးနွေးဟောပြောခြင်းများ ထုတ်လွှင့်၍ အများပြည်သူများ အသိပညာတိုးပွားလာစေရေးအတွက် ဆောင်ရွက်ပေးရန် လိုအပ်နေပြီဖြစ်ကြောင်းလည်း ထပ်လောင်းအကြံပြုလို ပါသည်။
ပရိသတ်များမှာ အားကစားကို ဝါသနာအရ လာရောက်ကြည့်ရှုအားပေးသူများဖြစ်ရာ ပရိသတ်များ၏ အသိပညာမြင့်မားလာစေရေးအတွက် Media များဖြင့် ပူးပေါင်းကာ ပညာပေးခြင်းလုပ်ငန်းများကို အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရန်သာ လိုအပ်ပါသည်။ လာရောက်ကြည့်ရှုအားပေးသည့် ပရိသတ်များမှာ အလွှာအသီးသီးမှဖြစ်ပြီး အသိဉာဏ်နှင့် ပညာမှာလည်း အမျိုးမျိုးရှိကြ၍ ၎င်းတို့၏အားပေးမှုကို ကြိုဆိုရန်သာရှိပါသည်။
“မီးဘေးရှောင်မလောင်ခင်တား” ဆိုသည့် စကားအတိုင်းပရိသတ်များအား အသိပညာပေးခြင်းဖြင့်သာ ကာကွယ်တားဆီးကြရမည် ဖြစ်ပါသည်။ ကိုယ်ထိလက်ရောက် ကျူးလွန်မှုများ မရှိစေရေး၊ တည်ဆဲဥပဒေများဖြင့် တားဆီးကြရမည်ဖြစ်သကဲ့သို့ ဆူပူဆဲဆိုမှုများကို လည်း ၎င်းတို့၏ မြင်ကွင်းဖြစ်စဉ်များဖြင့် ပြောင်းလဲဆောင်ရွက်ကြရပါမည်။
ထိုတာဝန်မှာ အားကစားသမားနှင့် ဒိုင်လူကြီးများတွင်သာ တာဝန်ရှိပါသည်။ သတ်မှတ်စည်းမျဉ်း စည်းကမ်းဥပဒေအတိုင်း တရားမျှတစွာ ဆောင်ရွက်သည့် ဒိုင်လူကြီး၊ ဥပဒေနားလည်ပြီး လေ့ကျင့်သား ပြည့်ဝ၍ အားကစားစိတ်ဓာတ်ရှိသော အားကစားသမားများရှိပါလျှင် ပရိသတ်များ အလိုလိုယဉ်ကျေးလာမည်ဟု ယုံကြည်ပါသည်။ ဥပဒေကို နားလည်သဘောပေါက်ပြီး နိုင်ငံကြီးသားပီသသူများဖြစ်လာစေရန်၊ စည်းကမ်းရှိသော၊ စည်းကမ်းတန်ဖိုးကို သိသော ပရိသတ်များဖြစ်လာစေရန်အတွက် ကိုယ်ချင်းစာတရား လက်ကိုင်ထားရေးကိုလည်း စည်းရုံးလှုံ့ဆော်ဆောင်ရွက်သွားကြရမည် ဖြစ်ပါ သည်။
ပြိုင်ပွဲကျင်းပရေးကော်မတီနှင့် အားကစားကွင်းအခြေအနေများဟုဆိုရာ၌ ပြိုင်ပွဲကျင်းပရေးနှင့် ပြိုင်ပွဲကျင်းပမည့် အားကစားကွင်းများကို တာဝန်ယူဆောင်ရွက်နေသူများအနေဖြင့် အောင်မြင်သည့် ပြိုင်ပွဲကြီးတစ်ခုဖြစ်စေရေးအတွက် အဓိကအရေးကြီးပါသည်။ ၎င်းကော်မတီအနေဖြင့် ပြိုင်ပွဲကျင်းပမည့်ရက် သတ်မှတ်ပေးခြင်းနှင့် ပြိုင်ပွဲစည်းမျဉ်းကြိုတင်သတ်မှတ်ခြင်းတို့ကို တာဝန်ယူ ဆောင်ရွက်ရပေသည်။
တရားသောယှဉ်ပြိုင်ခြင်း
နိုင်ငံတကာ အားကစားပြိုင်ပွဲများဆိုလျှင် ကမ္ဘာ့အိုလံပစ်ကော်မတီ၏ အားကစားပြက္ခဒိန်၊ အာရှ၊ ဥရောပ၊ အာဖရိက၊ အရှေ့တောင်အာရှ စသည့် နေရာ၊ ဌာနအလိုက် ကျင်းပမည့် အားကစားပြက္ခဒိန်များအား လေ့လာစိစစ်ပြီးမှသာ ဆောင်ရွက်ရပေသည်။ ပြိုင်ပွဲရက် သတ်မှတ်ပြီးလျှင် ပြိုင်ပွဲဝင်နိုင်ငံ၊ ပြိုင်ပွဲဝင်အသင်း၊ အဖွဲ့အစည်းအသီးသီးသို့ ကြိုတင်ပြင်ဆင် လေ့ကျင့်ဆောင်ရွက်နိုင်ရန် ကြိုတင်အသိပေး အကြောင်းကြားရပေမည်။ သို့မှသာ အဆင့်ဆင့်သောအဖွဲ့များက ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်နိုင်ရေးအတွက် အခွင့်အရေးတန်းတူ မျှတစွာ ကြိုတင်၍ ပြိုင်ပွဲများကျင်းပကာ လူရွေးချယ်ခြင်း၊ ပြိုင်ပွဲဝင်ရောက်ရန် စခန်းသွင်းလေ့ကျင့်ခြင်းများ ပြုလုပ်နိုင်မည်ဖြစ်ပါသည်။
ဤကဲ့သို့ တရားမျှတသော ပြင်ဆင်မှုများ ညီမျှစွာရရှိကြမှသာလျှင် “တရားသောယှဉ်ပြိုင်ခြင်း” ဟူသော ဆောင်ပုဒ်အတိုင်း ဖြစ်လာမည်ဖြစ်ပေသည်။ ထို့ကြောင့်လည်း တရားသော၊ ညီမျှသော ပြိုင်ပွဲတစ်ခုဖြစ်ရန်မှာ အဓိကဟု ဆိုနိုင်သည့် ပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ တာဝန်ဖြစ်ပေသည်။ ၎င်းတို့မှတစ်ဆင့် အဆင့်မီသော အားကစားကွင်းများတွင် ကျင်းပနိုင်အောင် စီစဉ်ဆောင်ရွက်ခြင်း၊ ရှာဖွေခြင်း၊ ပြင်ဆင်ခြင်း၊ ပြုပြင်ခြင်းများ ပြုလုပ်ပြီး အဆင့်မီသောပြိုင်ပွဲများကို ကျင်းပနိုင်မည်ဖြစ်ပါကြောင်း.......။ ။