Skip to main content

မိုးကအရွာ တုပ်ကွေးကအလာ

ဒေါက်တာအောင်ညွန့်ပိုင်

မိုးကလေးအရွာ မိုးဝင်ချိန်တွင် အအေးမိဖျားနာတုပ်ကွေးရောဂါသည် အဖြစ်များသော ရောဂါတစ်ခုဖြစ်ပါသည်။ နှစ်စဉ် ကမ္ဘာပေါ်တွင် တုပ်ကွေးရောဂါကြောင့် သေဆုံးမှုများလည်းရှိမြဲရှိဆဲဖြစ်သည်။ ရာသီတုပ်ကွေးကြောင့် အအေးမိနှာစေးချောင်းဆိုးဖြစ်မှ ဆေးရုံ၊ ဆေးခန်းသို့သွားခြင်းထက် တုပ်ကွေးရောဂါမဖြစ်မီ ကြိုတင်ကာကွယ် ဂရုစိုက်နေထိုင်သင့်ပါသည်။

တုပ်ကွေးရောဂါကာကွယ်နိုင်သော နည်းလမ်းများမှာ-

လက်ကို ခဏခဏဆေးပါ

လက်ကို မကြာခဏဆေးခြင်းသည် ရာသီတုပ်ကွေးရောဂါ၊ ကိုဗစ်ရောဂါတို့ကို ကာကွယ်ရာတွင် ထိရောက်သော နည်းလမ်းတစ်ခုဖြစ်သည်။ လက်ကိုမကြာခဏဆေးခြင်းဖြင့် အသက်ရှူလမ်းကြောင်း ဆိုင်ရာရောဂါများကို ကာကွယ်ပေးနိုင်ရုံသာမက ဝမ်းရောဂါနှင့် လက်မှတစ်ဆင့် ကူးစက်နိုင်သော ရောဂါအများစုကို ကာကွယ်ပေးနိုင်ပါသည်။ ရေနှင့် ဆပ်ပြာကို အသုံးပြုကာ စက္ကန့် ၂၀ ခန့် လက်ကို မကြာခဏဆေးခြင်းသည် တုပ်ကွေးရောဂါကို ကာကွယ်ရာတွင် ထိရောက်အကျိုးရှိလှသည်။ လက်ဆေးရာတွင် "ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြား၊ လက်မမကျန်စေရ၊ ကုတ်၍ခြစ်ပါ လက္ခဏာ၊ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ" ဟူသည့်စာချိုးလေးအတိုင်း လက်ကိုသေသေချာချာ မကြာခဏဆေးသင့်ပါသည်။ ရေနှင့် ဆပ်ပြာအလွယ်တကူ မရနိုင်သောနေရာများတွင် ရေမလိုလက်သန့် ဆေးရည်များ အသုံးပြုသင့်ပါသည်။ ရေနှင့်ဆပ်ပြာ အသုံးပြုကာ လက်ဆေးခြင်း၊ ရေမလိုလက်သန့်ဆေးဖြင့် လက်ဆေးခြင်း စသည့်အလေ့အထများသည် ထာဝစဉ်စွဲမြဲစွာ ပြုလုပ်သင့်သည့် အလေ့အကျင့် ကောင်းများဖြစ်ပါသည်။

လူစုလူဝေးရှောင်ရှားပါ

တုပ်ကွေးရောဂါကဲ့သို့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများသည် နှာချေချောင်းဆိုးရာမှတစ်ဆင့် တစ်ဦးနှင့်တစ်ဦး အလွယ်တကူ ကူးစက်ပြန့်ပွားနိုင်သည်။ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာမနေပါက လူစုလူဝေးအတွင်း၌ တုပ်ကွေးရောဂါသည် အလွယ်တကူ ကူးစက် ပြန့်ပွားနိုင်သည်။

သန့်ရှင်းရေး အထူးဂရုစိုက်ပါ

တစ်ကိုယ်ရေ သန့်ရှင်းရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးကို အထူးအလေးပေးဂရုစိုက်ခြင်းဖြင့် တုပ်ကွေးရောဂါကူးစက်ပြန့်ပွားခြင်း၊ တုပ်ကွေးရောဂါခံစားရခြင်းမဖြစ်အောင် ကာကွယ်ပေးနိုင်သည်။ မိမိတစ်ကိုယ်ရေ သန့်ရှင်းရေး၊ အိမ်တွင်းအိမ်ပြင် သန့်ရှင်းရေးတို့ကို နေ့စဉ်ပြုလုပ်ပေးသင့်သည်။ နေ့စဉ်ထိတွေ့အသုံးပြုနေရသော တံခါး လက်ကိုင်၊ စားပွဲမျက်နှာပြင်စသည်တို့ကို ပိုးသတ်ဆေး၊ ဆပ်ပြာ၊ ရေ စသည်တို့ဖြင့် မကြာခဏသန့်ရှင်းရေးပြုလုပ်ပေးသင့်သည်။ ကလေးငယ်ရှိသောအိမ်များတွင် အရုပ်များကိုပါ သန့်ရှင်းရေးပြုလုပ်ပေးသင့်သည်။ အကြောင်းမှာ အရုပ်များတွင် ရောဂါပိုးများ တွယ်ကပ်နေနိုင်ခြင်းကြောင့်ဖြစ်သည်။ ထိုသို့ ပြုလုပ်ပေးခြင်းဖြင့် တုပ်ကွေးရောဂါကို ထိရောက်စွာကာကွယ်ပေးနိုင်ပါသည်။

ကိုယ်ခံစွမ်းအား မြှင့်တင်ပါ

အစာအုပ်စု သုံးအုပ်စုလုံးပါဝင်အောင် သင့်တင့်မျှတစွာ စားသုံးခြင်း၊ အိပ်ရေးဝဝအိပ်ခြင်း၊ ကိုယ်လက်လှုပ်ရှား အားကစားများပြုလုပ် ခြင်း၊ အချဉ်ဓာတ်ကြွယ်ဝသည့် အမျှင်ဓာတ်များသော ဗီတာမင်စီ ပါဝင်သည့် အသီးအနှံ ဆေးဝါးများသုံးစွဲခြင်းဖြင့် ကိုယ်ခံစွမ်းအားကို မြှင့်တင်နိုင်ပါသည်။ ကိုယ်ခံစွမ်းအားမြှင့်တင်ခြင်းဖြင့် မဝင်သေးသော ရောဂါများကို တားဆီးနိုင်ခြင်း၊ ဝင်လာသောရောဂါများ၏ လက္ခဏာ များကို ဆိုးဆိုးရွားရွားမခံစားရခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

ဆေးလိပ်ဖြတ်ပါ

ဆေးလိပ်သောက်သုံးခြင်း၊ တစ်ဆင့်ခံ ဆေးလိပ်ငွေ့များရှူရှိုက်ရခြင်း (Passive Smoking) သည် အသက်ရှူလမ်းကြောင်းကို ဒုက္ခပေးကာ အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ရောဂါပိုးများ ဝင်ရောက်ရန် အားပေးကူညီသည်။ ထို့ကြောင့် ဆေးလိပ်ဖြတ်ခြင်းဖြင့် တုပ်ကွေးရောဂါ ဖြစ်ပွားခံစားရခြင်းကို လျှော့ချကာကွယ်ပေးနိုင်ပါသည်။

(ဖြစ်နိုင်ပါက) ရာသီတုပ်ကွေးကာကွယ်ဆေးထိုးပါ

တစ်နှစ်စာအတွက် ထုတ်လုပ်ထားသော ရာသီတုပ်ကွေးကာကွယ်ဆေးကို ထိုးနှံထားခြင်းဖြင့် တုပ်ကွေးရောဂါဖြစ်ပွားမှု အကြိမ်အရေအတွက်၊ ခံစားရသော လက္ခဏာဝေဒနာများကို ထိရောက်စွာ လျှော့ချ ကာကွယ်နိုင်ပါသည်။

တုပ်ကွေးရောဂါ မဖြစ်ပွားအောင်ကာကွယ်နေသည့်ကြားမှ တုပ်ကွေးရောဂါဖြစ်ပွားခံစားရပါက-

(က) ကောင်းမွန်စွာ အနားယူခြင်း။

ဖျားနာနေသောအချိန်တွင် ခန္ဓာကိုယ်ကို အနားပေးကာ ကောင်းမွန်စွာအိပ်စက်အနားယူသင့်ပါသည်။ အလုပ်တာဝန်များမှ ခေတ္တခွင့်ယူကာ ကောင်းမွန်စွာအနားယူခြင်းဖြင့် လျင်မြန်စွာ နာလန်ထစေနိုင်ပါသည်။

(ခ) ရေများများသောက်ပေးခြင်း။

ဖျားပြီး ခန္ဓာကိုယ်အပူချိန်တက်လာသောအခါ ကိုယ်ခန္ဓာအတွင်းရှိ ရေဓာတ်များ အငွေ့ပြန်ခန်းခြောက်ကာ လူကိုနုံးခွေပင်ပန်းစေပါသည်။ ထို့ကြောင့် ရေဓာတ်ပြန်လည်ဖြည့်တင်းရန် ရေများများသောက်ခြင်း၊ အသီးအနှံဖျော်ရည်များ များများသောက်ခြင်း စသည်တို့ကို ပြုလုပ်ပေးသင့်ပါသည်။ သွေးတိုးရောဂါ မရှိသောသူများတွင် ဓာတ်ဆားအတန်အသင့် မှီဝဲသောက်သုံးနိုင်ပါသည်။ ကော်ဖီ၊ အရက်၊ လက်ဖက်ရည် သောက်သုံးခြင်းများကိုမူ ရှောင်ရှားသင့်ပါသည်။ ၎င်းတို့သည် ရေဓာတ်ဆုံးရှုံးမှုကို ပိုမိုဖြစ်စေနိုင်သောကြောင့်ဖြစ်သည်။

(ဂ) ရောဂါလက္ခဏာများသက်သာစေရန် နည်းလမ်းများ

ဖျားခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်းများအတွက် လူကြီးတစ်ဦးအတွက် ပါရာစီတမော ၅၀၀ မီလီဂရမ် တစ်နေ့သုံးကြိမ်အထိ သောက်သုံးပေးနိုင်သည်။ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်သော ဆရာဝန် ညွှန်ကြားချက်မပါသည့် ပိုးသတ်ဆေးများ၊ အစာအိမ်ထိခိုက်စေသော စပ်ဆေးများကို လုံးဝမသောက်သုံးသင့်ပါ။ အာသီးရောင် လည်ပင်းနာခြင်းအတွက် ဆားရည်ငုံကာ ပလုတ်ကျင်းပေးနိုင်သည်။

ရေနွေးနှင့် ဆားရည်အသုံးပြုကာ ပလုတ်ကျင်းပေးနိုင်သကဲ့သို့ Betadine mouthwash ကဲ့သို့သော ဆေးများ အသုံးပြု၍လည်း ပလုတ်ကျင်းပေးနိုင်ပါသည်။ လည်ပင်းနာသက်သာစေသော ဖျန်းဆေး များ၊ ငုံဆေးများသုံးခြင်းဖြင့်လည်း ခံစားနေရသောဝေဒနာများ လျော့ပါးသက်သာစေနိုင်ပါသည်။

နှာစေးနှာပိတ်ခြင်းများအတွက် ဆားရည်နွေးအား နှာခေါင်းတွင်းသို့ အစက်ချကာ အသက်ရှူသွင်းရှူထုတ် ပြုလုပ်ပေးနိုင်သည်။ နှာခေါင်းတွင်းဖျန်းဆေးများကိုလည်း အသုံးပြု၍ရပါသည်။ နို့စို့အရွယ် ကလေးများတွင် မိခင်နို့မစို့မီ Physiodose (saline) အစက်ချဆေးကို နှာခေါင်းပေါက် တစ်ဖက်စီကို တစ်စက်စီချပေးနိုင်သည်။ ကလေးကို အမြဲနွေးထွေးအောင်ထားခြင်း၊ ညအိပ်လျှင် ခေါင်းစွပ်လေးဝတ်ပေးခြင်း၊ ကလေးကိုအာဟာရပြည့်ဝအောင် နို့များများတိုက်ပေးခြင်းဖြင့် လျင်မြန်ထိရောက်စွာ သက်သာစေနိုင်ပါသည်။

မိုးကအရွာ တုပ်ကွေးအလာကာလတွင် ကလေးလူကြီးများ အားလုံးတုပ်ကွေးရောဂါဝေဒနာ ခံစားရခြင်းမှ လျော့ပါးသက်သာကြပါစေ။  ။