တောင်သူလယ်သမားနှင့် သမဝါယမ
သိန်းဇော် (ရွှေလီဦး)
မုတ်သုံရာသီကာလရောက်ခဲ့လေပြီ။ ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဆိုသည့် ရှေးစကားကို မစောင့်တော့ဘဲ မုတ်သုံမိုးကောင်းမှုကြောင့် နယုန်မိုးသေး၊ မြက်သားမမွေးနိုင်တော့ဘဲ လယ်ထဲ၊ ကွင်းထဲတွင် မိုးရေတွေဖွေးနေလေပြီ။ ထို့ကြောင့် မိုးကောင်းရေသောက်ဒေသများတွင် တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်ဝင်နေကြသည့် မြင်ကွင်းကား နေရာအနှံ့တွေ့နေရပြီ။
ထွန်စက်ကြီး၊ ထွန်စက်ငယ်တို့ဖြင့်လည်းကောင်း၊ လယ်ယာသုံးစက်ငယ်များဖြင့်လည်းကောင်း ထွန်ယက်စိုက်ပျိုးနေကြသည်မှာ စက်သံများ ပဲ့တင်ထပ်လျက်ရှိနေတော့၏။ ယခင်ကာလက နွားငေါက်သံ၊ နွားမောင်းသံများနှင့်အတူ ထယ်ထိုးခြင်း၊ ထွန်မွှေခြင်းလုပ်ငန်းတို့မှာ ဟိုအဝေးတွင် ကျန်ခဲ့လေပြီ။ တောင်သူတစ်ဦးချင်း၊ တစ်ယောက်ချင်းမှသည် မိသားစုလိုက် ရုန်းကန်လှုပ်ရှားရင်း စိုက်ပျိုးရေး၊ မွေးမြူရေးများ ဆောင်ရွက်ခဲ့ကြရာ တောင်သူလယ်သမားများဘဝသည် လုံးချာလည်လျက် ကြွေးဟောင်းဆပ်၊ ကြွေးသစ်ယူ၊ ကြွေးသံသရာထဲမှ ရုန်းမထွက်နိုင်ခဲ့ကြပေ။
ထိုကာလများတွင် နိုင်ငံတော်တာဝန်ရှိသူများ၊ သက်ဆိုင်ရာဝန်ကြီးဌာနများသည် ခေတ်အဆက်ဆက်တွင် စနစ်အမျိုးမျိုးဖြင့် တောင်သူလယ်သမားများ ဘဝကိုမြှင့်တင်ခဲ့ကြ၏။ သို့သော် ထင်သလောက် ခရီးမပေါက်ခဲ့ပေ။ ထို့အတူ တောင်သူလယ်သမားများဘဝသည်လည်း လူမှုဘဝမဖွံ့ဖြိုးခဲ့။ ထို့အတူ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အိမ်တွင်းမှုလုပ်ငန်းများ မတိုးတက်ခဲ့။ ထိုလုပ်ငန်းများတိုးတက်ရန် အရင်းအနှီး အထူးလိုအပ်လျက်ရှိနေသည်။ စိုက်ဘဏ်မှချေးသောငွေဖြင့်လည်း မလည်ပတ်နိုင်တော့။ ထို့ကြောင့် လယ်သမားများ၏ လူမှုဘဝဖွံ့ဖြိုးတိုးတက်မှုမရှိသလို၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ အရေးပေါ်များစွာကလည်း တောင်သူလယ်သမားများ ဘဝဖွံ့ဖြိုးတိုးတက်မှုနှေးကွေးခြင်းနှင့်အတူ အခက်အခဲများစွာ ကြုံတွေ့ရလေပြီ။ ထို့ကြောင့် လယ်သမားအများစုမှာ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီဖြစ်နိုင်ရေးအထူးကြိုးစားခဲ့ရသော ကာလများပင်။
ထိုကာလများကို သောင်မတင်၊ ရေမကျဆိုသကဲ့သို့ ကျော်ဖြတ်လာပြီးနောက် “တိုင်း၍ ရက်သည့် ပက္ကလာ မိုးရွာသည်နှင့် အခန့်သင့်” ဆိုသလို ကျေးရွာများတွင် သမဝါယမအသင်းများ ပြန်လည်ပေါ်ထွန်းလာခဲ့သည်။ ထိုအသင်းများ၏ ရည်ရွယ်ချက်မှာ အသင်းသားများစုပေါင်း၍ ဆောင်ရွက်ခြင်း၊ တစ်ရွာထုတ်ကုန်တစ်မျိုးဆိုသလို ဒေသထွက်ကုန်များ ထုတ်လုပ်ဆောင်ရွက်လာခြင်း၊ မွေးမြူရေးလုပ်ငန်းများဆောင်ရွက်လာခြင်း၊ ချေးငွေစနစ်ဖြင့်အသင်းသားများ၏ လယ်ယာလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းများကို အထောက်အပံ့ဖြစ်လာခြင်းစသည်ဖြင့် အကောင်အထည်ဖော်လာကြသည်။
ရောင်နီသန်းချိန်
အစဉ်အလာကောင်းတစ်ခု၏ ရောင်နီသန်းချိန် ဖြစ်လာခဲ့သည်။ ယခုအခါ ကျေးရွာသမဝါယမအသင်းများကို သမဝါယမ၏တန်ဖိုးနှင့်အညီ ဖွဲ့စည်းပေးခဲ့သည်။ သမဝါယမတန်ဖိုးသည် မိမိကိုယ်မိမိတာဝန်ယူခြင်း၊ ကူညီခြင်း၊ ဒီမိုကရေစီတန်းတူညီမျှမှု၊ တရားမျှတမှု စသည့်တန်ဖိုးများအပေါ် အခြေခံထားရှိပြီး ထုံးတမ်းအစဉ်လာအရ ရိုးသားမှု၊ ပွင့်လင်းမှု၊ လူမှုရေးရာတာဝန်ယူမှုများမှာ သမဝါယမ၏ ကျင့်ဝတ်တန်ဖိုးများဖြစ်ပါသည်။ ထို့အတူသမဝါယမ၏ အခြေခံမူများ၏ အဓိကအချက်များတွင် စုပေါင်းဆောင်ရွက်ခြင်းသည် အခြေခံကျပါ၏။ (အာရှ-ပစိဖိတ် အပြည်ပြည်ဆိုင်ရာ သမဝါယမမဟာမိတ်အသင်း၊ ICA - AP) ၏ အဆိုအရ သမဝါယမအသင်းများသည် အများသဘောတူ စီးပွားရေး၊ လူမှုရေးနှင့်ယဉ်ကျေးမှုဆိုင်ရာလိုအပ်ချက်၊ ရည်မှန်းချက်ပြီးမြောက်စေရန် အသင်းဝင်ကိုယ်တိုင်စီမံဆောင်ရွက်ရသည်။ ပြည်သူ့ဗဟိုပြု စီးပွားရေးလုပ်ငန်းများဖြစ်သည်ဟု လေ့လာမှတ်သားခဲ့ရပါသည်။
ထို့ကြောင့် သမဝါယမအသင်းသားတစ်ဦး ဖြစ်လာသည်နှင့်အညီ စုပေါင်းဆောင်ရွက်ခြင်း အလေ့အကျင့်သည်လည်း ရရှိပြီးဖြစ်ပါသည်။ ထိုကဲ့သို့ စုပေါင်းဆောင်ရွက်ရာတွင် ကျေးလက်နေ ပြည်သူများ(ဝါ) သမဝါယမအသင်းသားများဖြစ်သော ဆန်စပါးထုတ်လုပ်စိုက်ပျိုးသော တောင်သူလယ်သမားများ၊ မွေးမြူရေးအသင်းသားများအနေဖြင့် အလွန်တန်ဖိုးရှိသော ရလဒ်တစ်ခုဖြစ်လာခဲ့ပါသည်။
ယခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီလက်ထက်တွင် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တောင်သူလယ်သမားများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍများကို ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်နေသည်မှာ အလွန်ဝမ်းမြောက်ဖွယ်ရာ ကြားသိနေရပါသည်။ ထို့အတူ ကျွန်တော်တို့နေထိုင်ရာ ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ရေကြည်မြို့နယ်တွင်လည်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူလယ်သမားများ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ခွင့်ရကြပြီး လူမှုစီးပွားဘဝတိုးတက်နေသည့် မြင်ကွင်းများ၊ သတင်းစကားများ အားရဖွယ်ရာကြားသိနေရသည်။ တောင်သူလယ်သမားအနေဖြင့်လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဌာနဆိုင်ရာဝန်ကြီးဌာနများကို အထူးကျေးဇူးတင်ကြောင်း စကားသံများလည်း ကြားသိနေရသည်။
ကြွေးကြီးဆပ်တဲ့နှစ်
“ကျွန်တော်တို့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တစ်ခုလောက်ကတည်းက လယ်ယာစိုက်ပျိုးရေးလုပ်ငန်းမှာ အရင်းအနှီး၊ အထူးသဖြင့်သွင်းအားစုအတွက် အလွန်လိုအပ်ခဲ့ပါတယ်။ ဟိုအဖွဲ့ကချေးမယ်၊ ဒီကုမ္ပဏီကချေးမယ်နဲ့ အသံတွေသာကြားပြီး တကယ်ဖြစ်မလာခဲ့ပါဘူး၊ အခုနိုင်ငံတော်ရဲ့ စေတနာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ စီမံခန့်ခွဲမှု၊ ခရိုင်/မြို့နယ် တာဝန်ရှိသူတွေရဲ့ ကူညီဆောင်ရွက်ပေးမှုကြောင့် ယမန်နှစ်က ၂၀၂၃ ခုနှစ် စိုက်ပျိုးရာသီကစပြီး ရာသီအမီသွင်းအားစုတွေဖြစ်တဲ့ ဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာ၊ ပိုးသတ်ဆေးစတာ တွေကို တစ်ဧကနှစ်သိန်းနှုန်းတန်ဖိုးရှိတဲ့ သွင်းအားစုတွေရခဲ့တာကြောင့် တစ်ဧကပန်းတိုင် အထွက်နှုန်းတွေတိုးတက်ရရှိခဲ့သလို နွေစပါးမှာလည်း ပန်းတိုင်အထွက်နှုန်းကျော်လွန်တဲ့အထိ အထွက်ကောင်းခဲ့ပါတယ်။ ဆောင်းသီးနှံဖြစ်တဲ့ နေကြာ၊ ပဲတီစိမ်း၊ မတ်ပဲတွေလည်း အထွက်ကောင်းခဲ့လို့ ကျွန်တော်တို့အနေနဲ့ မိဘဘိုးဘွားတွေ ပြောခဲ့သလို ကြွေးကြီးဆပ်တဲ့နှစ်ပါပဲ၊ လာမယ့်နှစ်တော့ စီးပွားဖြစ်ပြီပေါ့ဗျာ”ဟု ရေကြည်မြို့နယ် ကြို့ကုန်းရွာ ပန်းတောသမဝါယမ အသင်းသားတစ်ဦးဖြစ်သူ လယ်သမားကြီးတစ်ဦးလည်း အားပါးတရ ကျေးဇူးတင်စကားပြောကြားပါသည်။
တကယ်လည်း ကြို့ကုန်းရွာ ပန်းတောသမဝါယမအသင်းသား လယ်သမားကြီး ပြောသလိုပင် နိုင်ငံတော်အစိုးရမှ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် တောင်သူလယ်သမားများ၏ မိုးစပါး၊ နွေစပါး၊ မတ်ပဲ၊ ပဲတီစိမ်း၊ နေကြာစိုက်ပျိုးရေးအတွက် လိုအပ်သော သွင်းအားစုများဖြစ်သည့် ဓာတ်မြေဩဇာအမျိုးမျိုး၊ ပိုးသတ်ဆေးအမျိုးမျိုးအပြင် သဘာဝမြေဩဇာအမျိုးမျိုးကို တစ်ဧကလျှင် ကျပ်နှစ်သိန်းနှင့် ညီမျှသော တန်ဖိုးကိုသီးနှံပေါ်ဆပ်စနစ်ဖြင့် ဖြန့်ဝေပေးခဲ့သည်။ ထို့ကြောင့် လယ်သမားများအနေဖြင့် သွင်းအားစုအတွက် မပူပင်ရတော့။ လယ်ထဲတွင် အချိုးကျအသုံးပြုနိုင်ကြသဖြင့် စပါးအထွက်တိုးသည်ကို လက်တွေ့ခံစားရပြီဖြစ်သည်။
“ကျွန်တော်တို့ ကြို့ကုန်းရွာက ပန်းတောသမ အသင်းဝင်လယ်သမားတွေကို မြို့နယ်သမဝါယမကနေ ဓာတ်မြေဩဇာအမျိုးမျိုးရရှိမယ့် ကုမ္ပဏီတွေနဲ့ ဆက်သွယ်ပေးပါတယ်။ လယ်သမားတွေ ကိုယ်တိုင်စပါးစိုက်ပျိုးရေးမှာ အသုံးဝင်မယ့် ဓာတ်မြေဩဇာကို စိတ်ကြိုက်ရွေးချယ်မှာယူနိုင်ပြီး ဈေးနှုန်းကိုလည်း ဈေးကွက်ထဲက ဈေးနှုန်းထက်မပိုတဲ့နှုန်းထားနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်ပြီး လယ်ယာလုပ်ငန်းရှိရာ ရွာကိုအရောက်ပို့စနစ်နဲ့ဖြန့်တာပါ။ စပါးပေါ်တဲ့အချိန်တစ်ကျပ်တိုးနဲ့ တွက်ပြီးဆပ်ရပါတယ်၊ ပြား ၅၀ အတိုးကတော့ ကျေးရွာသမဝါယမအသင်းမှာ ဝင်ပါတယ်၊ အဲဒီအတိုးကို အများဆန္ဒနဲ့ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေမှာ သုံးခွင့်ရပါသေးတယ်၊ ဘယ်လောက်ကောင်းတဲ့ စနစ်လဲဗျာ၊ ဒါကို ကျွန်တော်တို့ လယ်သမားတွေက စနစ်တကျသုံး၊ စနစ်တကျ ပေးဆပ်ကြရင် နိုင်ငံတော်စေတနာနဲ့ မြေကိုအခြေပြု၊ သမဝါယမကို အခြေခံထား၊ ပဒေသာပင်မြေကပေါက်တဲ့ ကိန်းဆိုက်ပြီပေါ့ဗျာ” ဟု ပန်းတော သမဝါယမအသင်း တာဝန်ရှိသူတစ်ဦးမှ ရှင်းပြပါသည်။
သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနအနေဖြင့်လည်း ကျေးရွာစိုက်ပျိုးမွေးမြူရေး သမဝါယမအသင်းများကို အခြေခံထားကာရိတ်သိမ်းခြွေလှေ့စက်၊ ထွန်စက်နှင့် အင်ဂျင်စက်အမျိုးမျိုးကို အရစ်ကျစနစ်ဖြင့်လည်း ဖြန့်ဖြူးရောင်းချပေးနေကြောင်း သိရသည်။
“အရင်ကတော့ လယ်ယာလုပ်ငန်းတွေ တိုးတက်ဖို့ငွေလိုတော့ ငွေချေးချင်တယ်၊ အခုတာဝန်ရှိသူတွေက ငွေမပေးဘူး၊ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ အသုံးဝင်မယ့် သွင်းအားစုတွေပဲပေးတယ်၊ အဲဒီအစီအစဉ်ကို ကျွန်တော်ကတော့ သိပ်သဘောကျတယ်၊ ဒီလိုမဟုတ်ရင် ငွေရလိုက်တာနဲ့ ဟိုတုန်းက လယ်သမားတွေဆို ဓနိဖိုး၊ ငါးပိဖိုးထဲ ရောက်သွားတတ်တယ်၊ အခုခေတ်ကာလဆိုတော့ ဖုန်း၊ ဆိုင်ကယ်ဖိုးထဲ ရောက်သွားကြတာ များမှာပေါ့ဗျာ၊ အခုတော့ လယ်ထဲသုံးဖို့ပစ္စည်း လက်ထဲရောက်တော့ စပါးအထွက်တိုးတာပေါ့ဗျာ၊ ကျွန်တော်တို့ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက လယ်သမားတွေနဲ့ တွေ့ဆုံတိုင်း ပန်းတိုင်းအထွက်နှုန်းရောက်ဖို့နဲ့ မျိုး၊ မြေ၊ ရေ၊ နည်းမှန်ကန်ဖို့ တိုက်တွန်းညွှန်ကြားတယ်၊ တကယ်လည်း ကျွန်တော်တို့အနေနဲ့ ဒီလိုပံ့ပိုးတဲ့ သွင်းအားစုပစ္စည်းအသုံးချလိုက်တော့ ပန်းတိုင် အထွက်နှုန်းကျော်သွားတယ်” ဟု ကြို့ကုန်း ကျေးရွာမှ မိုးစပါး၊ နွေစပါး၊ မတ်ပဲ၊ ပဲတီစိမ်း၊ သီးနှံများကို သုံးသီးစိုက်ပျိုးသည့် တောင်သူလယ်သမားတစ်ဦးမှ သူ့အတွေ့အကြုံကို ရှင်းပြပါသည်။
တကယ်လည်း ကြို့ကုန်းကျေးရွာမှ တောင်သူလယ်သမားအများစုမှာ သွင်းအားစုများကို မှန်ကန်စွာ ပြည့်ပြည့်ဝဝအသုံးပြုခဲ့သဖြင့် ယခင်ကာလက အကောင်းဆုံးစပါးအထွက်နှုန်းတင်း ၆၀/၇၀ ထက်ကျော်လွန်ကာ မိုးစပါးတစ်ဧက တင်း ၁၀၀ ကျော်အထိ ထွက်ရှိလာကြပြီဖြစ်သည်။ ထို့ကြောင့် တောင်သူလယ်သမားများအနေဖြင့် နိုင်ငံတော်၏ တောင်သူလယ်သမားများ ဘဝမြှင့်တင်ရေးအတွက် ထားရှိသည့်စေတနာ၊ ဘဏ္ဍာငွေစီမံပေးမှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံခန့်ခွဲမှု၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၏ ကြီးကြပ်ဆောင်ရွက်ပေးမှု၊ သက်ဆိုင်ရာဌာနဆိုင်ရာများ၏ ကွက်ပြည့် အကောင်အထည်ဖော်ဆောင်ရွက်ပေးမှုနှင့်အတူ တောင်သူလယ်သမားအများစုမှ လိုက်နာဆောင်ရွက် ကြိုးစားမှုတို့ကြောင့်ဖြစ်ပေါ်လာသည့် ရလဒ်မှာ လူမှုဘဝဖွံ့ဖြိုးတိုးတက်လာခြင်းက မျက်မြင်သက်သေပင် ဖြစ်တော့၏။
ထိုသို့ လူမှုဘဝတိုးတက်လာခြင်း၏ အခြေခံအကြောင်းအရာများမှာ ကုန်စည်ပေးသွင်းမှု၊ ဝန်ဆောင်မှုနှင့် ဈေးကွက်ရှာဖွေရေးဆိုင်ရာလုပ်ငန်းဝယ်/ဖြန့်စနစ်များသည် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ထိုအချက်များသည် သမဝါယမစနစ်တွင် ပါဝင်သောအချက်များပင်၊ စုပေါင်းဆောင်ရွက်ခြင်း၊ ပညာပေးခြင်း၊ စည်းကမ်းတကျ ဆောင်ရွက်ခြင်းအကျိုးများပင်ဖြစ်၏။
ဆောင်ပုဒ်နှင့် တစ်ထပ်တည်းကျ
ထို့ကြောင့် ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ (၁၀၂) နှစ်ပြည့်အထိမ်းအမှတ် ဆောင်ပုဒ်မှာ Cooperatives Build a Better Future for All အနာဂတ်ဘဝ ပိုမိုကောင်းမွန်ရေးသမဝါယမက ဆောင်ရွက်ပေးဆောင်ပုဒ်နှင့် တစ်ထပ်တည်းကျနေပြန်သည်။ နိုင်ငံတော်အစိုးရ၏ တောင်သူလယ်သမားနှင့်များစွာ သက်ဆိုင်သော၊ အကျိုးရှိသော၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေသည် တောင်သူလယ်သမား၏ အနာဂတ်ဘဝကို ပိုမိုကောင်းမွန်ရေးအတွက် ပန်းတိုင် ရောက်အောင်ပို့ဆောင်ပေးသည့် လမ်းသစ်ကြီး တစ်ခုသဖွယ်ဖြစ်နေပါတော့၏။
ထိုရန်ပုံငွေများကိုလည်း စနစ်တကျ၊ အကျိုးရှိရှိအကောင်အထည်ဖော်ရန် ဗဟိုလုပ်ငန်းကြီးကြပ်မှုကော်မတီ၊ တိုင်းဒေသကြီးလုပ်ငန်းကြီးကြပ်မှု ကော်မတီ၊ ခရိုင်၊ မြို့နယ်လုပ်ငန်းကြီးကြပ်မှုကော်မတီများမှ ကြီးကြပ်ဆောင်ရွက်နေကြသည်။ ထိုမှသည် မြို့နယ်များတွင်လည်း ဝယ်ကြိတ်တင်ပို့ ကြိတ်ခွဲသူများ အစုအဖွဲ့၊ သွင်းအားစုဖြန့်ဖြူးပေးသူ၊ သမဝါယမအသင်းများဖြင့် စာချုပ်ချုပ်ဆို ဆောင်ရွက်ကာ တောင်သူလယ်သမားများနှင့် မိတ်ရင်းဆွေမွန်သဖွယ်ပေါင်းစပ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းကြောင့် ရလဒ်ကောင်းများရရှိခြင်းဖြစ်သည်။
စာရေးသူသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်နေသော လယ်သမားတစ်ဦးဖြစ်သလို၊ မိမိကျေးရွာ ပန်းတောစိုက်ပျိုးမွေးမြူရေး၊ သမဝါယမအသင်း၏ ဒုဥက္ကဋ္ဌအဖြစ်လည်း ဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါသည်။ ထို့ကြောင့်မိမိမှစ၍ မိမိကျေးရွာ၊ မိမိမြို့နယ်မှသည် တောင်သူလယ်သမားအားလုံးသည် နိုင်ငံတော်မှမြစ်ဖျားခံသော နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ သမဝါယမဦးစီးဌာန၏ ဘတ်ဂျက်ဖြစ်သော လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရန်ပုံငွေများဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အားတက်သရောဆောင်ရွက်သင့်သည်ဟု ခံယူပါသည်။
ထို့အတူ စာရေးသူနေထိုင်ရာ ရေကြည်မြို့နယ် ကြို့ကုန်းကျေးရွာအုပ်စုသည် ဧက ၂၀၀၀ ကျော်ရှိပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဧက ၃၀၀ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ရန်ပုံငွေဖြင့် ဧက၂၀၀ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန သမဝါယမဦးစီးဌာန၏ လူမှုစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဧက ၉၀ စုစုပေါင်း ဧက ၅၉၀ကို ညွှန်ကြားမှုများနှင့် စိုက်ပျိုးထုတ်လုပ်နေကြသည်။
ထို့အတူ စာရေးသူတို့ ကျေးရွာလေးတွင်လည်း ထိုအကျိုးရလဒ်များကို စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်းများတွင် အကျိုးရှိစွာအသုံးချနိုင်ရေး သမဝါယမစနစ်ဖြင့် အကောင်အထည်ဖော်လျက်ရှိပါသည်။ အသင်းသားများ၏ စိုက်ပျိုးရေး၊ အထူးသဖြင့် မိုးစပါး၊ ပဲအမျိုးမျိုး၊ နွေစပါးများကိုလည်း သမဝါယမအသင်းအနေဖြင့် တာဝန်ယူဆောင်ရွက်ခဲ့သည်။ ဓာတ်မြေဩဇာ၊ ပိုးသတ်ဆေးစသည့် ပံ့ပိုးပစ္စည်းများ အချိန်မီဆောင်ရွက်ပေးခြင်း၊ ဆွေးနွေးခြင်း၊ ပညာပေးဆောင်ရွက်ခြင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တကွ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဆင့်သော တာဝန်ရှိလူကြီးမင်းများ၏ ညွှန်ကြားမှုများကို လိုက်နာဆောင်ရွက်ခြင်းကြောင့် သီးနှံအထွက်တိုး၊ ပန်းတိုင်ရည်မှန်းချက် ရောက်ရှိနေခြင်းဖြစ်ပါသည်။
ထိုရလဒ်များကြောင့် အသင်းသားများ၏ ဘဝအနာဂတ်ပိုမိုလှပလာပြီဖြစ်ရာ တောင်သူလယ်သမားအားလုံးသည်လည်း ကောင်းမွန်သော နမူနာများကိုယူ၍ အလျင်အမြန် အနာဂတ်ဘဝ ပိုမိုကောင်းမွန်ပါစေ၊ ကျေးလက်ဒေသများတွင် အခြေခံကျကျဆောင်ရွက်ပေးမည့် ကျေးရွာသမဝါယမအသင်းများ ရှင်သန်၊ တိုးတက်၊ ဖွံ့ဖြိုးပါစေကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့ (၁၀၂) နှစ် မြောက် အခါသမယတွင် ဆန္ဒပြုတိုက်တွန်းအပ်ပါသည်။ ။