Skip to main content

မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများ သို့မဟုတ် ဓာတုပစ္စည်းပရီကာဆာများ သို့မဟုတ် ကန့်သတ်ဓာတုပစ္စည်းများ အပိုင်း(၂)

ဒေါက်တာလပြည့်ခင်

ဟီးရိုးအင်းထုတ်လုပ်ရာတွင် ပါဝင်သည့် ဓာတုပစ္စည်းများ

ဟီးရိုးအင်းသည် မော်ဖင်းမှထုတ်ယူရရှိသော ဆေးဖက်ဝင်ပစ္စည်းတစ်မျိုးဖြစ်သည်။ ဓာတုဗေဒ ဝေါဟာရအားဖြင့် Diamorphine ဟုခေါ်၍ ဓာတုသင်္ကေတမှာ C21H23NO5 ဖြစ်သည်။ မော်ဖင်းကို ဘိန်းမှထုတ်ယူရရှိခြင်းဖြစ်သောကြောင့် ဟီးရိုးအင်းသည်လည်း မူးယစ်စေတတ်သော ဘိန်းတစ်မျိုးပင်ဖြစ်သည်။ အဖြူအရောင်ဖြစ်သောကြောင့် ဟီးရိုးအင်းကို ဘိန်းဖြူဟူ၍လည်းကောင်း၊ ဆေးဖြူမှုန့်ဟူ၍လည်းကောင်း၊ နံပါတ်ဖိုးဟူ၍လည်းကောင်း အမည်များဖြင့် လူသိများထင်ရှားပါသည်။

ဟီးရိုးအင်းသည် မော်ဖင်းနှင့် အကျိုးပေးပုံချင်း ဆင်တူသဖြင့် ဆေးဘက်တွင် မော်ဖင်းကိုအသုံးပြုသည့်အတိုင်း ဟီးရိုးအင်းကိုလည်း အသုံးချလေ့ရှိသော်လည်း အကျိုးအာနိသင်အရာ၌မူ ဟီးရိုးအင်းသည် မော်ဖင်းနှင့် ဘိန်းတို့ထက် အဆပေါင်းများစွာ ပြင်းထန်ထိရောက်ပြီး ပိုမို၍ အဆိပ်ပြင်းထန်ကာ ပိုမိုလွန်ကဲစွာပင် အလေ့အကျင့်အထုံ စွဲမြဲမြန်ဆန်စေသည်။ ဟီးရိုးအင်းသည် နာကျင်မှုဝေဒနာကို မငြိမ်းစေတတ်၊ အိပ်ပျော်အောင်လည်း အလျင်အမြန်မဖြစ်စေတတ်၊ မှီဝဲသူအား တုံ့နှေးခြင်းဖြစ်စေတတ်သည်။

ဟီးရိုးအင်းကို ဘိန်းစွဲသူများက မှီဝဲလေ့ရှိပြီး ဟီးရိုးအင်းသည် အခြားမည်သည့် ယစ်မျိုးနှင့်မျှမတူဘဲ မှီဝဲသူ၏စိတ်ကို ပိုမိုလွန်ကဲစွာထိခိုက်စေသည်။ မှီဝဲစ၌ ပေါ့ပါးပျော်ရွှင်လာစေကာ ငါသာလျှင် အဓိက၊ ငါလုပ်လျှင်မည်သည့်အရာမဆို အောင်မြင်ရမည် စသည့်အမြင်အစွဲများဝင်လာပြီးနောက် အရှိကိုအရှိအတိုင်း မမြင်နိုင်တော့ဘဲ ပုံကြီးချဲ့ထင်မြင်လာကာ မဆင်မခြင်ပြုလုပ်တတ်သော သတ္တိများ ပေါက်ဖွားလာစေသည်။

ဟီးရိုးအင်းစွဲသူများသည် ကိုယ်ချင်းစာတရားနှင့် စောင့်ထိန်းလိုက်နာအပ်သော လူမှုကျင့်ဝတ်နှင့် တာဝန်များ မေ့ပျောက်လစ်ဟင်းကာ လူမှုအသိုင်းအဝိုင်းနှင့် ဆန့်ကျင်ဘက်အပြုအမူများ ပြုလုပ်လာပြီးနောက် အချိန်ကြာလာလျှင် လူ့အသိုင်းအဝိုင်းပတ်ဝန်းကျင်မှ ဖယ်ကြဉ်ကာ ရာဇဝတ်ကောင်များဘဝသို့ ကူးပြောင်းသွားတတ်ပါသည်။ ထို့ကြောင့် လူညွန့်တုံးစေသော မူးယစ်ဆေးဝါးဟီးရိုးအင်းကို မြန်မာနိုင်ငံနှင့်တကွ ကမ္ဘာအရပ်ရပ်ရှိနိုင်ငံများတွင် တရားဝင်ရောင်းဝယ်သုံးစွဲခြင်းကို ပိတ်ပင်တားမြစ်ထားသည့်အပြင် ဟီးရိုးအင်းကိုထုတ်ယူရရှိနိုင်သော ဘိန်းပင်စိုက်ပျိုးခြင်းကိုလည်း တားမြစ်ထားသည်။

အဆိုပါဟီးရိုးအင်း တစ်တန်ထုတ်လုပ်ရာတွင် အဓိကကုန်ကြမ်းဘိန်းနှင့် ဓာတုပစ္စည်းများဖြစ်သည့် တိုင်းရင်းဆေး(ပရဆေးများ)တွင် “ဇဝက်သာ”ဟု အများသိကြသော အမိုနီယမ်ကလိုရိုက် (Ammonium Chloride) ၊ အက်စီတစ်အင်ဟိုက်ဒရိုက် (Acetic Anhydride) ၊ ဟိုက်ဒရိုကလိုရစ်အက်စစ်(Hydrochloric Acid)၊ အက်စီတုံး(Acetone) နှင့် အခြားပစ္စည်းများ ပါဝင်ထုတ်လုပ်ရပါသည်။

စိတ်ပြောင်းဆေးဝါးများ ထုတ်လုပ်ရာတွင် ပါဝင်သည့်ဓာတုပစ္စည်းများ

စိတ်ကိုပြောင်းလဲစေသော ဆေးဝါးဖြစ်သည့် အဖက်တမင်း (Amphetamine) နှင့် မက်သ်အဖက် တမင်း (Methamphetamine) ထုတ်လုပ်ရာတွင် Acetic Acid ၊ Acetic Anhydride ၊ Acetone ၊ Acetyl Chloride ၊ Chloroform ၊ Ethyl Ether ၊ Ephedrine ၊ Hydrochloric Acid ၊ Phenyl Acetic Acid ၊ Phosphrous Pentachloride ၊ Pseudoephedrine ၊ Sulphuric Acid ၊ Thionyl Chloride နှင့် Toluene အစရှိသည့် ဓာတုပစ္စည်းများကို ထည့်သွင်းအသုံးပြုရပါသည်။

ထို့ကြောင့် အဆိုပါဓာတုပစ္စည်းများကို မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများသယ်ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းမှ ထိန်းချုပ် ဓာတုပစ္စည်းများအဖြစ် သတ်မှတ်ကြေညာထားသကဲ့သို့ မြန်မာနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနမှ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရလည်းကောင်း၊ စက်မှုဝန်ကြီးဌာနမှ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများအန္တရာယ်မှ တားဆီးကာကွယ်ရေးဥပဒေအရလည်းကောင်း ကန့်သတ်ဓာတုပစ္စည်းများ (Restricted Chemicals)အဖြစ် အမိန့်ကြော်ငြာစာများ ထုတ်ပြန်၍ ဥပဒေလုပ်ထုံးလုပ်နည်းများအတိုင်း ကြပ်မတ် ကွပ်ကဲလျက်ရှိပါသည်။

မက်သ်အဖက်တမင်း (Methamphetamine) ထုတ်လုပ်ရာတွင် အက်ဖီဒရင်း(Ephedrine)နှင့် သိုင်အိုနိုင်းလ်ကလိုရိုက်(Thionyl Chloride) ၊ ကလိုရိုဖောင်း (Chloroform)၊ အက်စီတစ်အက်စစ်(Acetic Acid) ၊ ပလာဒီယမ် (Palladium)နှင့် ဟိုက်ဒရိုဂျင်ဓာတ်ငွေ့ (Hydrogen Gas)တို့ သတ်မှတ်အချိုးအစားအလျောက် ပါဝင်ကြပါသည်။

စိတ်ကြွဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသော ပရီကာဆာဓာတုပစ္စည်းများမှာ အက်စီတစ်အက်စစ် (Acetic Acid)၊ အက်စီတုန်း (Acetone)၊ ကလိုရိုဖောင်း (Chloroform)၊ အီသိုင်းလ်အီသာ (Ethyl Ether) ၊ ဟိုက်ဒရိုကလိုရစ်အက်စစ် (Hydrochloric Acid)၊ ဆာလ်ဖြူရစ်အက်စစ် (Sulphuric Acid)၊ အိုင်ဆိုဆာဖရိုးလ်(Isosafrole)၊ တော်လူအင်း (Toluene) ၊ ပိုင်ပါရိုနယ်လ်(Piperonal)၊ ဆာဖရိုးလ် (Safrole)၊ ၃၊ ၄ မီသိုင်းလင်းဒိုင်အောက်စီဖီနိုင်းလ်-၂ ပရိုနန်း (3,4 Methylenedioxyphnyl-2 Pronone)တို့ ဖြစ်ပါသည်။ MDMA အက်တက်စီ(Ecstasy)ဆေးဝါးများမှာ အဖက်တမင်း(Amphetamine)နှင့် မက်သ်အဖက်တမင်း (Methamphetamine) ဆေးဝါးတို့ထက် ပိုမိုအစွမ်းထက်ပြီး ပို၍စျေးကြီးပါသည်။

ထိန်းချုပ်ဓာတုပစ္စည်း (Precursor Chemicals) (၃၉) မျိုး

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးလုပ်ငန်းများ ပိုမိုထိရောက်အောင် ဆောင်ရွက်နိုင်ရန်အတွက် ကမ္ဘာ့ကုလသမဂ္ဂကွန်ဗင်းရှင်းနှင့်အညီ မြန်မာနိုင်ငံ၏ လိုအပ်ချက်အရ ကျန်းမာရေးဝန်ကြီးဌာနမှ ၂၆-၅-၂၀၂၁ ရက်နေ့ အမိန့်ကြော်ငြာ စာအမှတ် ၁၁၃/၂၀၂၁ ဓာတုပစ္စည်း စုစုပေါင်း ၃၉ မျိုးကို Schedule-I ၊ Schedule-II နှင့် Schedule III ဟု အုပ်စု (၃) သတ်မှတ်၍ ပြင်ဆင်ထုတ်ပြန် ကြေညာခဲ့ပါသည်။

Schedule-I တွင် ပါဝင်သော ထိန်းချုပ်ဓာတုပစ္စည်း (၂၁) မျိုး

(က)    ၁၉၈၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂကွန်ဗင်းရှင်း၏ ဇယား (၁) ပါ ထိန်းချုပ်ဓာတုပစ္စည်းများ-

(၁) Acetic Anhydride (အက်စစ်တစ် အင်ဟိုက်ဒရိုက်) : C4H6O3 (108-24-7)

(၂) N-acetylanthranilic Acid (အင်-အက်စီတိုင်းလ်အင်သရာ နီလစ် အက်စစ်) : C9H9NO3 (89-52-1)

(၃) 4-anillino-N-phenethylpiperidine (ANPP)/ Fentanyl analogues (၄-အနီလီနို-အင်-ဖီနိုင်သိုင်းလ်ပိုင်ပါရီဒင်း) ​​​​​​(အေအင်ပီပီ) : C19H24N2 (21409-26-7)

(၄) Ephedrine(အက်ဖီဒရင်း) : C10H15NO (299-42-3)

(၅) Ergometrine (အာဂိုမတ်ထရင်း) : C23H27N3O6 (60-79-7)

(၆) Ergotamine (အာဂိုတမင်း) : C33H35N5O5 (113-15-5)

(၇) Isosafrole (အိုင်ဆိုဆာဖရိုးလ်) : C10H10O2 (120-58-1)

(၈) Lysergic Acid (လိုက်ဆာဂျစ်အက်ဆစ်): C16H16N2O2 (82-58-6)

(၉) 3,4-MDP-2-P methyl glycidate (PMK glicidate) (all stereoisomers) (၃၊ ၄-အမ်ဒီပီ-၂ပီ မီသိုင်းဂလိုက်စီဒိတ်): C12H12O5 (13605-48-6)

(၁၀) 3,4-MDP-2-P methyl glycide acid (PMK glycidic acid) (all stereoisomers) (၃၊ ၄-အမ်ဒီပီ-၂-ပီ-မီသိုင်း ဂလိုက်စီဒစ်အက်စစ် (ပီအမ်ကေ ဂလိုက်စီဒစ်အက်စစ်) : C11H9O5.Na (62167189-50-4)        

(၁၁) 3,4 - Methyllenedioxyphenyl-2 Propane (၃-၄ မီသိုင်းလ်လင်ဒိုင် အောက်ဆီဖီနိုင်းလ်-၂-ပရိုပန်နုန်း)

: C10H10O3 (4676-39-5)

(၁၂) Norephedrine (နော်အက်ဖီဒရင်း) : C9H13NO (14838-15-4)

(၁၃) N-phenethyl-4-piperidone (NPP) (အင်-ဖီနိုင်းသိုင်းလ်- ၄ - ပိုက်ပါရီဒုန်း (အင်ပီပီ) : C13H17NO (39742-60-4)

(၁၄) Phenylacetic Acid (ဖီနိုင်းလ်အက်စစ် တစ် အက်စစ်) : C8H8O2 (103-82-2)

(၁၅) 1-phenyl - 2 Propanone (၁-ဖီနိုင်းလ်-၂-ပရိုပန်နုန်း) : C9H10O (103-79-7)

(၁၆)   Alpha - phenylacetoacetamide (APAA) (including its opticalisomer) (အလ်ဖာ - ဖီနိုင်းလ်အက်စီတိုအက်စီ တမိုက်)(အေပီအေအေ) : C10H11NO2 (4433-77-6)

(၁၇) Alpha-Phenylacetoacetonitrile (APAAN) (အလ်ဖာ-ဖီနိုင်းလ်အက်စီတို အက်စီတိုနိုက်ထရေး (အေပီအေအေအန်) : C10H9NO (4468-48-8)

(၁၈) Piperonal (ပိုက်ပါရိုနယ်လ်) : C8H6O3 (120-57-0)

(၁၉) Potassium Permanganate (ပိုတက်စီယမ်ပါမင်းဂနိတ်) : KMnO4 (7722-64-7)

(၂၀) Pseudophedrine (ဆူဒိုအက်ဖီဒရင်း) : C10H15NO (345-78-8)

(၂၁) Safrole (ဆာဖရိုးလ်) : C10H10O2 (94-59-7) Schedule - II တွင် ပါဝင်သော ထိန်းချုပ်ဓာတုပစ္စည်း (၈) မျိုး

(က) ၁၉၈၈ ခုနှစ် မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသောဆေးဝါးများ သယ်ဆောင်ရောင်းဝယ်ခြင်းကို ဆန့်ကျင်တိုက်ဖျက်ရေးဆိုင်ရာ ကမ္ဘာ့ကုလသမဂ္ဂကွန်ဗင်းရှင်း၏ ဇယား(၂)ပါ ထိန်းချုပ်ဓာတုပစ္စည်းများ-

(၁) Acetone (အက်စီတုန်း) : C3H6O (67-64-1)

(၂) Anthranilic Acid (အင်သရာနီလစ် အက်စစ်) : C7H7NO2 (118-92-3)

(၃) Ethyl Ether (အီသိုင်းလ်အီသာ) : C4H10O (60-29-7)

(၄) Hydrochloric Acid (ဟိုက်ဒရိုကလိုရစ် အက်စစ်) : HCl (7647-01-0)

(၅) Methyl Ethyl Ketone (မီသိုင်းလ် အီသိုင်းလ် ကီတုန်း) : C4H8O (78-93-3)

(၆) Piperidine (ပိုင်ပါရီဒင်း) : C5H11N (110-89-4)

(၇) Sulphuric Acid (ဆာလ်ဖြူရစ်အက်စစ်) : H2SO4 (7664-93-9)

(၈) Toluene (တော်လူအင်း) : C7H8 (108-88-3)

Schedule-III တွင်ပါဝင်သော ထိန်းချုပ်ဓာတုပစ္စည်း (၁၀) မျိုး

မြန်မာနိုင်ငံ၏ လိုအပ်ချက်အရ ထိန်းချုပ်ထားသောဓာတုပစ္စည်း (၁၀)မျိုးကို ဇယား(၃)ဖြင့် ဖော်ပြနိုင်ပါသည်-

(၁) Ammonium Chloride (အမိုနီယမ် ကလိုရိုက်): NH4Cl (12125-02-9)

(၂) Ammonium Nitrate (အမိုနီယမ် နိုက်ထရိတ်): NH4NO3 (6484-52-2)

(၃) Caffeine (ကေဖင်း) : C8H10N4O2 (58-08-2)

(၄) Lead Acetate (လိဒ်အစီတိတ်): Pb (C2H3O2)2 (1335-32-6)

(၅) Methylamine/ Methylamine Hydro-chloride (မီသိုင်းလမင်း/ မီသိုင်းလမင်း ဟိုက်ဒရိုကလိုရိုက်): CH3NH2 (74-89-5)/ CH3NH2.HCl (593-51-1)

(၆) Sodium Acetate (ဆိုဒီယမ် အစီတိတ်): C2H3NaO2 (127-09-3)

(၇) Sodium Cyanide (ဆိုဒီယမ်ဆိုင်ယာ နိုက်) : NaCN (143-33-9)

(၈) Safrole Rich Oil (ဆာဖရိုးကြွယ်ဝသော အဆီ) : 8006-80-2

(၉) Tartaric Acid (တာတာရစ်အက်ဆစ်) : C4H6O6 (87-69-4)   

(၁၀) Thionyl Chloride (သိုင်အိုနိုင်းလ် ကလိုရိုက်) : Cl2OS (7719-09-7)

စောင့်ကြည့်သင့်သည့်ဓာတုပစ္စည်း (၇)မျိုး

၂၀၀၀ ပြည့်နှစ် ဗီယက်နမ်နိုင်ငံဟနွိုင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့သော မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့်ဓာတုပစ္စည်းများထိန်းချုပ်ရေး ညီလာခံ၏ ဆုံးဖြတ်ချက်အရ စောင့်ကြည့်သင့်သည့် ဓာတုပစ္စည်း (၇)မျိုးကို ထပ်မံသတ်မှတ်ခဲ့ပါသည်-

(၁) Phosphorus Trichloride (ဖော့စဖရပ်စ် ထရိုင်ကလိုရိုက်) : PCl3 (7719-12-2)

(၂) Phosphrous Pentachloride (ဖော့ဖစရပ်စ် ပင်တာကလိုရိုက်) : PCl5 (10026-13-8)

(၃) Palladium and its Salts (ပလက်ဒီယမ်နှင့် ၎င်း၏ ဆားများ) : Pd(P(C6H4SO3.Na)3)3.9H2O (14024-61-4)

(၄) Barium Chloride (ဘေရီယမ်ကလိုရိုက်): BaCl2 (10361-37-2)

(၆) Acetyl Chloride (အက်စီတိုင်း ကလိုရိုက်) : C2H3OCl (75-36-5)

(၇) Ethyliidene Diaacetate (အီသိုင်းလ် လဒင်း ဒိုင်အစီတိတ်) : C6H10O4 (542-10-9) တို့ဖြစ်သည်။

နှစ်မျိုးသုံးဓာတုပစ္စည်းများ သတိထား

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ဓာတုပစ္စည်း(၃၉)မျိုးကို ထိန်းချုပ်လျက်ရှိပြီး ဓာတုပစ္စည်းများ လမ်းလွဲမရောက်ရှိစေရေးအတွက် အဆင့်ဆင့်စစ်ဆေးကြပ်မတ်၍ ဆောင်ရွက်လျက်ရှိပါသည်။ ပြည်ပနိုင်ငံများမှ ဓာတုပစ္စည်းများ တရားမဝင်ဝင်ရောက်မှုမရှိစေရေးနှင့် လမ်းလွဲမရောက်ရှိစေရေးအတွက် အိမ်နီးချင်းနိုင်ငံများ၊ ဓာတုပစ္စည်းတင်ပို့ရောင်းချသည့် ပြည်ပနိုင်ငံများနှင့် ပို့ကုန်ကြိုတင် သတင်းပေး (Pre-Export Notification, PEN) စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိပါသည်။

အိမ်နီးချင်းနိုင်ငံများတွင် တရားဝင်ဆေးဝါးအဖြစ် ရောစပ်အသုံးပြုသော ဓာတုပစ္စည်းများဖြစ်သည့် ဆာလဖျူရစ်အက်ဆစ်များ၊ နာမည်တံဆိပ်မဲ့ ချောင်းဆိုးပျောက်ဆေးအရည်များနှင့် အချို့ဆေးဝါး ပစ္စည်းများကို စစ်ဆေးဆောင်ရွက်ရန် မူးယစ်တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ လက်အောက်ရှိ ထိန်းချုပ်ဓာတုပစ္စည်းများ ကြီးကြပ်ရေးအဖွဲ့၏ မှတ်တမ်းများမှတစ်ဆင့် စောင့်ကြပ်စစ်ဆေးလျက်ရှိပါသည်။

ထိန်းချုပ်ဓာတုပစ္စည်းများ လမ်းလွဲမှုမရောက်ရှိစေရေးနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော်ဝင်နေမှုများအား နည်းစနစ်ကျစွာ ထိန်းချုပ်နိုင်မှသာလျှင် ထုတ်လုပ်မှုများ လျော့ကျသွားမည်ဖြစ်ပါသည်။

အချို့လုပ်ငန်းကုမ္ပဏီများသည် နိုင်ငံတကာက သတ်မှတ်ထားသော ထိန်းချုပ်ဓာတုပစ္စည်းများကို လုပ်ငန်းသုံးအတွက် တင်သွင်းလျက်ရှိပြီး အမှန်တကယ်အသုံးချမှုရှိ၊မရှိ သိရှိနိုင်စေရန် နိုင်ငံတစ်ဝန်း သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ ထိန်းချုပ်ဓာတုပစ္စည်းများ စစ်ဆေးရေးအဖွဲ့များနှင့် ချိတ်ဆက်၍ ၎င်းတို့ပေးပို့သော စာရင်းများနှင့် တင်သွင်းကုမ္ပဏီ၏ စာရင်းများကို ကြပ်မတ်စစ်ဆေးလျက်ရှိပါသည်။

အထက်ပါ ထိန်းချုပ်ဓာတုပစ္စည်းများသည် တရားမဝင် မူးယစ်ဆေးဝါးထုတ်လုပ်ရုံသာမက တရားဝင်စက်မှုလက်မှုလုပ်ငန်းများနှင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများတွင် လည်းကောင်း၊ ဆေးဝါးများ၊ ဆိုးဆေးများ၊ သုတ်ဆေးများ၊ ချေးချွတ်ဆေးများ၊ ချောဆီများ၊ ဓာတုဖျော်ရည်များ၊ စားသောက် ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ အလှကုန်ပစ္စည်းများနှင့် ပေါက်ကွဲစေတတ်သောပစ္စည်းများ ထုတ်လုပ်ရာတွင်လည်းကောင်း အဓိကအသုံးပြုသည့် ဓာတုပစ္စည်းများဖြစ်ကြောင်း ပြည်သူများ လေ့လာသိရှိ ရှောင်ရှားနိုင်ရန်ဖြစ်ပါသည်။

ယင်းထိန်းချုပ်ဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးများ တရားမဝင်သယ်ဆောင်ရောင်းဝယ်အသုံးပြုမှုများ တွေ့ရှိပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့သို့ သတင်းပေးပို့နိုင်ပါသည်။ မည်သူမဆို မူးယစ်ဆေးဝါး သို့မဟုတ် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများကို ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ဖြူးခြင်း၊ ပြည်ပသို့ တင်ပို့ခြင်း၊ ပြည်ပမှတင်သွင်းခြင်းနှင့် ယင်းသို့တင်သွင်းခြင်း၊ တင်ပို့ခြင်းပြုလုပ်ရန် ဆက်သွယ်ခြင်းစသည်တို့ကို ကျူးလွန်ကြောင်းစသည်ဖြင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် အနည်းဆုံး ထောင်ဒဏ် ၁၅ နှစ်မှ အများဆုံးနှစ် အကန့်အသတ်မရှိ ထောင်ဒဏ်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်ခြင်းခံရမည်ဖြစ်ပါသောကြောင့် မည်သူမျှ မကျူးလွန်မိစေရန် သတိပေးနှိုးဆော်လိုပါသည်။

မူးယစ်ဆေးဝါးအန္တရာယ်တိုက်ဖျက်ရေး အားလုံးပါဝင်ဆောင်ရွက်ပေး

မူးယစ်ဆေးဝါးနှင့် စိတ်ပြောင်းဆေးဝါးများ၊ စိတ်ကြွရူးသွပ်ဆေးများ သုံးစွဲမှုပပျောက်ရေးနှင့် တားဆီးနှိမ်နင်းရေးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတော်အစိုးရတစ်ခုတည်း သီးခြားဆောင်ရွက်၍မရသကဲ့သို့ ကျောင်းသူကျောင်းသားများ၊ ပြည်သူပြည်သားများနှင့် အခြားလူမှုအဖွဲ့အစည်းများကလည်း ဟန်ချက်ညီညီ အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်မှသာ ထိရောက်အောင်မြင်နိုင်မည်ဖြစ်သည်။ မူးယစ်ဆေးဝါးပြဿနာသည် ကမ္ဘာပေါ်ရှိလူသားအားလုံး၏ ပြဿနာဖြစ်ခြင်းကြောင့် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံအနေဖြင့် အမျိုးသားမူးယစ်ဆေးဝါး ထိန်းချုပ်ရေးမူဝါဒကို ထုတ်ပြန်ကြေညာနိုင်ခဲ့သည့်အပြင် အဆိုပါမူဝါဒအား အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားမူးယစ်ဆေးဝါးထိန်းချုပ်ရေး မဟာဗျူဟာစီမံချက်ရေးဆွဲကာ သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်များအလိုက် လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် မူးယစ်ဆေးဝါး ပူးပေါင်းတိုက်ဖျက်ရေးလုပ်ငန်းများကို ကုလသမဂ္ဂအပါအဝင် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ မဲခေါင်ဒေသတွင်း နိုင်ငံများ၊ ဘင်းမ်စတက်အဖွဲ့ဝင်နိုင်ငံများ၊ နိုင်ငံတကာ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့်အပြင် ရန်ကုန်မြို့အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့် UNODC (United Nations Office on Drugs and Crime)၊ AFP (Australian Federal Police)၊ DEA (Drug Enforcement Administration)၊ NNCC (National Narcotics Control Commission)၊ ONCB (Office of Narcotics Control Board) တို့နှင့်လည်း ပိုမိုတိုးမြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။ ယင်းတို့၏ အသုံးပြုပုံတစ်ခုချင်းကို ဆက်လက်တင်ပြသွားမည်ဖြစ်ပါသည်။ ။