Skip to main content

ဓမ္မစာပေဖြင့် ငြိမ်းချမ်းမှုကို ရှာဖွေခြင်း

စာဖတ်ပရိသတ်တစ်ဦး

“ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများ စာအုပ်နဲ့ညီတော် အာနန္ဒာ၏ တစ်သက်တာမှတ်တမ်း စာအုပ်ပြန်ဖတ်ချင်လို့ ခဏငှားပါဦး၊ ဦးလေး”

တစ်နေ့က တူမလေးက သူငယ်စဉ်က ကျွန်တော့်ထံမှ ဖတ်ခဲ့ဖူးသော ဓမ္မစာပေနှစ်အုပ်ကို ပြန်ဖတ်လိုသော အာသီသဖြင့် ငှားရမ်းလာပါသည်။

“အေး၊ အေး၊ နောက်နေ့ယူလာခဲ့မယ်”

နောက်တစ်နေ့မှာတော့ သူဖတ်လိုသည့် စာအုပ်များအပြင် ဆရာကြီးဓမ္မာစရိယ ဦးဌေးလှိုင် ၏ “ဓမ္မဒူတ”စာအုပ်ကိုပါ ယူဆောင်၍ သွားပေးခဲ့ပါသည်။

ဓမ္မစာအုပ်များကိုပေးရင်း မပြောမဖြစ်ပြောရမည့် အမှာစကားကိုလည်း ပြောရသေးသည်။

“အေးအေးဆေးဆေးဖတ်၊ ရိုရိုသေသေဖတ်နော်။ ဖတ်လက်စစာမျက်နှာက စာရွက်တွေကို ခေါက်ပြီးမမှတ်နဲ့။ စက္ကူစာရွက် ဒါမှမဟုတ် ကတ်ထူဖလက်နဲ့ ထိုးပြီးမှတ်နော်။ လက်ရှိစာအုပ် ဈေးနှုန်းတွေအရ ပြန်ဝယ်ဖတ်ဖို့ မလွယ်ဘူး။ ရဟန္တာနှင့် ပုဂ္ဂိုလ်ထူးများစာအုပ်က အခုဆို ၁၇၀၀၀ ကျော်၊ ညီတော်အာနန္ဒာ၏ တစ်သက်တာမှတ်တမ်းက တစ်တွဲကို တစ်သောင်းခွဲ၊ နှစ်တွဲဆိုတော့ သုံးသောင်းဖြစ်နေပြီ”

စိတ်အပန်းဖြေစရာသည်ကား စာအုပ်စာပေ ဖတ်ရှုခြင်းပင်ဖြစ်

ကျွန်တော်တို့ငယ်စဉ်ကမူ ကိုယ်ဖတ်ချင်သည့် စာအုပ်များကို ရပ်ကွက်စာအုပ် အငှားဆိုင်များတွင် ရက်ခပေး၍ လွယ်လင့်တကူ ဖတ်ရှုနိုင်ပါသည်။ ယခုခေတ်လို လက်ကိုင်ဖုန်းမရှိ၊ ရုပ်မြင်သံကြားစက် သည်ပင်လျှင် အိမ်တိုင်းမရှိသည့်ခေတ်တွင် ကျွန်တော်တို့မျိုးဆက်အတွက် တစ်ခုတည်းသော စိတ်အပန်းဖြေစရာသည်ကား စာအုပ်စာပေဖတ်ရှုခြင်းပင် ဖြစ်လေသည်။

မိဘနှစ်ပါးကလည်း ရှေးလူကြီးများပီပီ ဘာသာတရားကိုင်းရှိုင်းသူများဖြစ်၍ ဇာတ်ကြီး ဆယ်ဘွဲ့မှ မိုးကုတ်ဆရာတော်ကြီး၏ သစ္စာလေးပါးအဆုံး ဓမ္မစာပေများကို ကိုယ်ပိုင်ဝယ်ယူဖတ်ရှု လေ့လာခဲ့ကြပါသည်။ မိဘများ၏ကျေးဇူးကြောင့်ပင် ကျွန်တော်တို့ ညီအစ်ကိုမောင်နှမများသည်လည်း ကလေးဘဝမှာပင် ဓမ္မစာပေများဖြင့် ထိတွေ့ရင်းနှီး ကျွမ်းဝင်လာခဲ့ကြပါသည်။

ငယ်စဉ်က တေ၊ ဇ၊ သု၊ နေ၊ မ၊ ဘူ၊ စံ၊ နာ၊ ဝိ၊ ဝေဟု အတိုကောက်မှတ်သားထားသော ဇာတ်ကြီးဆယ်ဘွဲ့နှင့် ငါးရာ့ငါးဆယ်ဇာတ်တော်တို့ကို အကြိမ်ကြိမ်အထပ်ထပ်ဖတ်ရှုခဲ့သလို လူငယ်ဘဝ ရောက်တော့လည်း ဆရာနန္ဒာသိန်းဇံ၏ “ဖြေဆယ်ရာ”၊ “မှန်သောစကားကို ဆိုခြင်းနှင့် ပတ်သက်သောမှတ်ချက်များ”၊ “ခရောင်းလမ်းကို ဖြတ်ကျော်ခြင်း”၊ “မိတ်ကောင်းဆွေကောင်းနှင့် ခရီးသွားခြင်း”၊ ဆရာကြီးငွေဥဒေါင်း၏ “ဗုဒ္ဓစာပန်းချီ”၊ ဆရာကြီးမင်းသူရိန်၏ “တန်ခိုးထက်မြက်သည့် ဗုဒ္ဓဂုဏ်တော်များနှင့် ကိုယ်တွေ့ဖြစ်ရပ်များ”၊ ဓမ္မာစရိယဦးဌေးလှိုင်၏ “ရတနာသုံးပါး ကျေးဇူး” စသည် စသည်များ။

ယခုအသက်အရွယ်ရလာတော့ နယ်ခြားတောင်တန်းသာသနာပြုဆရာတော်ကြီး ဦးဥတ္တမသာရ၏ “ချမ်းမြေ့စွာဘဝနေနည်း”၊ မိုးကုတ်ဆရာ တော်ကြီး၏ “ပဋိစ္စသမုပ္ပါဒ်၊ သစ္စာလေးပါးတရားတော်”၊ မဟာစည်ဆရာတော်ကြီး၏ ဓမ္မစကြာ တရားတော်၊ ပုရာဘေဒသုတ်တရားတော်၊ ပါမောက္ခချုပ် ဆရာတော်ကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ “ပဋ္ဌာန်းမြတ်ဒေသနာ”၊ ပဋိစ္စသမုပ္ပါဒ်ကို ပဋ္ဌာန်းနည်းဖြင့် လေ့လာသုံးသပ်ခြင်း” စသည် စသည်ဖြင့် ဖတ်ရှုလေ့လာဖြစ်သည်။

ဗုဒ္ဓဘာသာဝင်တစ်ဦးအဖို့ ဓမ္မစာပေများကို ဖတ်ရှုခြင်းဖြင့် ဘဝတစ်လျှောက်လုံး ဓမ္မအသိဖြင့် အကျိုးရှိရှိနေထိုင်နိုင်မည်ဖြစ်သကဲ့သို့ ကိုးကွယ်မှု၏ အဓိပ္ပာယ်၊ မကိုးကွယ်ရာနှင့် ကိုးကွယ်ရာ၊ ကိုးကွယ် မှား အပြစ်နှင့် ကိုးကွယ်မှန်အကျိုး၊ ကိုးကွယ်ရာ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးနှင့် အနန္တော အနန္တငါးပါး၊ သရဏဂုံသုံးပါး ခံယူဆောက်တည်ခြင်းနှင့် ဗုဒ္ဓဘာသာဝင်အဖြစ်ခံယူခြင်း၊ ဗုဒ္ဓဘာသာ တစ်ယောက်ယုံကြည်လက်ခံရမည့်အချက်များ၊ ဗုဒ္ဓဘာသာတစ်ယောက် ရှောင်ကြဉ်ရမည့်အချက်များ၊ ဗုဒ္ဓဘာသာတစ်ဦး၏ တစ်နေ့တာလုပ်ငန်းများ စသည်တို့ကို အခြေခံကျကျ မှတ်သားသိရှိနိုင်ပေ သည်။

အရှင်သီလခန္ဓာက Is Buddhism A Religion? ဟူသည့်ဆောင်းပါးတွင် “ဗုဒ္ဓဝါဒသည် အရင်းခံအား ဖြင့် ပညာရေး Education ဖြစ်တော့သည်။ Free-dom of mind စိတ်၏လွတ်မြောက်မှု (လောဘ ဒေါသ မောဟ ကိလေသတို့မှ ကင်းလွတ်ရေး)ကို ဖြစ်စေသော ပညာရေး၊ သီလကျင့်ဝတ်သန့်ရှင်း စေသော ပညာရေး၊ ဉာဏ်လေ့ကျင့်မှုရှိသော ပညာရေးဖြစ်သည်။ ဗုဒ္ဓဝါဒသည် သိပ္ပံနည်းကျသော ပညာရေးဖြစ်သည်”ဟု ဆိုသည်။

ဗုဒ္ဓဘာသာဝင်အဖြစ် ခံယူသူတိုင်းသည် ဘုရား၊ တရား၊ သံဃာတည်းဟူသော ရတနာသုံးပါး၊ ကံ၊ ကံ၏အကျိုး၊ အကြောင်းအကျိုးဆက်သွယ်ဖြစ်မှု (ပဋိစ္စသမုပ္ပါဒ်)နှင့် အတိတ်ဘဝ၊ အနာဂတ်ဘဝတို့ကို ယုံကြည်လက်ခံပါမှ ဗုဒ္ဓဘာသာတစ်ယောက်ဖြစ်နိုင် ပေသည်။

ထို့ပြင် ဗုဒ္ဓဘာသာဝင်တစ်ယောက်သည် -

၁။      အလှူဒါနပြုလျှင် ကောင်းကျိုးကို ခံစားရ၏ဟု ယုံကြည်ခြင်း၊

၂။       ပူဇော်မှု၏အကျိုးရှိကြောင်း ယုံကြည်ခြင်း၊

၃။      လက်ဆောင်ပေးကမ်းပူဇော်မှု (ပဟေဏက သက္ကရ)၏ အကျိုးရှိကြောင်း ယုံကြည်ခြင်း၊

၄။      ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ ကောင်း ကျိုး၊ ဆိုးကျိုး, အကျိုးရင်း အကျိုးဆက် ရှိကြောင်း ယုံကြည်ခြင်း၊

၅။      မိခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့် ပြစ်မှားခြင်း၏ ဆိုးကျိုး ရှိကြောင်း ယုံကြည်ခြင်း၊

၆။      ဖခင်အပေါ် ပြုစုလုပ်ကျွေးခြင်း၏ ကောင်းကျိုးနှင့် ပြစ်မှားခြင်း၏ ဆိုးကျိုး ရှိကြောင်း ယုံကြည်ခြင်း၊

၇။      လူတို့မမြင်နိုင်သည့် ငရဲ၊ ပြိတ္တာ၊ နတ်၊ သိကြား၊ ဗြဟ္မာဟူသော (ဩပပါတိက) သတ္တဝါတို့ရှိကြောင်း ယုံကြည်ခြင်း၊

၈။      ဤမျက်မှောက်လောက ရှိကြောင်း ယုံကြည်ခြင်း၊

၉။      သေပြီး နောက်ဘဝ တမလွန်လောက ရှိကြောင်း ယုံကြည်ခြင်း၊

၁၀။    ဤလောက၌ ငြိမ်သက်ကောင်းမွန်စွာ ကျင့်ကြသော သမဏ၊ ဗြဟ္မဏတို့ရှိကြကြောင်း၊ ယင်းတို့က ဤလောက, တမလွန်လောကကို ကိုယ်တိုင်သိမြင်၍ လူအများကို ပြန်လည်ဟောကြားကြကြောင်း ယုံကြည်ခြင်းဟူသည့် အမြင်မှန်ဆယ်ချက် (ဒသဝတ္ထုက သမ္မာဒိဋ္ဌိ)ကိုလည်း လက်ခံယုံကြည်ရပေဦးမည်။

ထို့အတူ ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးအပေါ် အပ်နှင်းခြင်း၊ ကိုးကွယ်လဲလျောင်းရာအဖြစ် လုံးဝအားထားခြင်း၊ တပည့်အဖြစ်ခံယူခြင်း၊ ဝပ်တွားခယ၍ အလွန်ရိုသေခြင်းဟူသည့် လောကီ သရဏဂုံ ဆောက်တည်ထားသော ဗုဒ္ဓဘာသာဝင် တစ်ဦးသည် ရတနာသုံးပါးတစ်ပါးသောပုဂ္ဂိုလ်တို့၌ သီလ၊ သမာဓိ၊ ပညာဂုဏ်ကြီးမြတ်မှုကို ရည်မှန်းလျက် ဖော်ပြပါလောကီသရဏဂုံ ဆောက်တည်ပုံ လေးမျိုးကို ပြုလုပ်လျှင်သော်လည်းကောင်း၊ သရဏဂုံဆောက်တည်ထားသူ သေဆုံးလျှင် သော်လည်းကောင်း သရဏဂုံလုံးဝပျက်စီးကြောင်း လေ့လာသိရှိနိုင်ပေသည်။

အယူဝါဒအရလည်း လောက၌ ဖန်ဆင်းရှင်ရှိ၏ ဟူသည့် “ဖန်ဆင်းရှင် (ဣဿရနီမ္မာန) ဝါဒ”၊ လောက၌ ကုသိုလ်ကံ, အကုသိုလ်ကံဟူ၍မရှိ။ ကောင်းမှုကိုပြုသော်လည်း ကောင်းမှုကုသိုလ် မမည်။ မကောင်းမှုကိုပြုသော်လည်း မကောင်းမှုအကုသိုလ်မမည်ဟူသော အကြောင်းကံကိုပယ်သည့် “အကိရိယဒိဋ္ဌိ”၊ တစ်ဖန် ကုသိုလ်ကံ အကုသိုလ်ကံတို့ကို ပြုလုပ်သော်လည်း မည်သည့်ကောင်းကျိုး၊ မကောင်းကျိုးကိုမျှ မခံစားရဟူသော အကျိုး(ဝိပါက)ကိုပယ်သည့် “နတ္ထိကဒိဋ္ဌိ”၊ ကုသိုလ်ကံ, အကုသိုလ်ကံဟူ၍လည်းမရှိ။ ကုသိုလ်ကံ, အကုသိုလ်ကံတို့၏ အကျိုးဟူ၍လည်း မရှိဟူသောအကြောင်း, အကျိုးနှစ်မျိုးစလုံးကို ပယ်သည့် “အဟေတုကဒိဋ္ဌိ” စသည့် အယူမှား(မိစ္ဆာဒိဋ္ဌိ) တစ်မျိုးမျိုးကို လက်ခံ ယုံကြည်လိုက်လျှင်မူ ဗုဒ္ဓဘာသာဝင်အဖြစ် ပျက်စီးရုံမက မူလကရှိနေသော အယူမှန်ဝါဒ(သမ္မာဒိဋ္ဌိ) ပျက်စီးကြောင်း လေ့လာမှတ်သားနိုင်ပေသည်။

ဒုစရိုက်ဆယ်ပါးကို ရှောင်ကြဉ်

ထို့ပြင် ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေဖြင့် ဗုဒ္ဓဘုရားရှင်နှင့် သူတော်စင်တို့ မနှစ်သက်အပ်၊ ပယ်အပ်သော “သက်သတ်, ခိုးမှု၊ ကာမေသု၊ သုံးခု ကာယကံ၊ လှည့်စား, ရန်တိုက်၊ မိုက်မိုက်ကန်းကန်း၊ နှုတ်ကြမ်းလေ့ခြင်း၊ ပြိန်ဖျင်းစကား၊ ပြောဆိုငြား၊ လေးပါးဝစီကံ၊ သူ့ဥစ္စာမှန်၊ မတရားကြံ၍၊ ဖောက်ပြန်သေကျေ၊ ပျက်စေလိုငြား၊ အယူမှား၊ သုံးပါး မနောကံ”ဟူသည့် ဒုစရိုက်ဆယ်ပါးကိုလည်း ရှောင်ကြဉ်ရမည့်အချက်များအဖြစ် လေ့လာမှတ်သားနိုင်ပေသည်။

ဗုဒ္ဓဘာသာဝင်တစ်ဦး၏ တစ်နေ့တာလုပ်ငန်း ဖြစ်သော အရုဏ်ဦးအချိန်ကာလမှ အစပြု၍ မေတ္တာဖြင့် နိုးထခြင်း၊ သီလခံယူခြင်း၊ ဘုရားရှိခိုးခြင်းစသော ကုသိုလ်ကောင်းမှုတို့ကို ပြုလုပ်ခြင်း၊ တစ်နေ့တာကုန်ဆုံး၍ ညအိပ်ရာဝင်ချိန်တွင်လည်း အရုဏ်ဦးကာလကဲ့သို့ပင် သီလခံယူခြင်း၊ ဘုရားရှိခိုးခြင်း စသောကုသိုလ်ကောင်းမှုတို့ ပြုလုပ်ခြင်းများကိုလည်း သိရှိရ၍ လိုက်နာကျင့်သုံးနိုင်ပေသည်။

ထို့အတူ ဗုဒ္ဓဘာသာဝင်တစ်ဦးသည် မိမိတို့အိမ်တွင် ဗုဒ္ဓရုပ်ပွားဆင်းတုတော်များကို ဘုရားစင်နှင့် ကိုးကွယ်ထားခြင်းဖြင့် -

၁။      ဘုရားစင်ရှိသည့်အတွက် ဘုရားကို မြင်နေရခြင်း၊ ဘုရားဝေယျာဝစ္စပြုနေရခြင်း၊ ဘုရားကို ကိုင်းညွတ်သည့်စိတ်ဖြင့် မမေ့ခြင်းနှင့် ဘုရားတရားနှင့် ကင်းကွာ မနေခြင်း၊

၂။       မြတ်စွာဘုရားကို ဖူးတွေ့ရခြင်းဖြင့် ဗုဒ္ဓ ဘာသာအပေါ် ပို၍ယုံကြည်မှုလေးနက် လာခြင်း၊

၃။      အိမ်တွင်ဘုရားစင်ရှိလျှင် စနစ်တကျ ကိုးကွယ်မှုပြုလုပ်ခြင်းဖြင့် သတိမြဲခြင်းနှင့် ပညာဉာဏ်ထက်မြက်ခြင်း၊

၄။      ကုသိုလ်တရားများ တိုးပွားလာခြင်း၊

၅။      စိတ်ညစ်ညူးမှုရှိလာလျှင် ဘုရားစင် ဘုရား ရှေ့တော်သို့သွားပြီး ဘုရားပန်းလဲခြင်း၊ မြတ်စွာဘုရားကို အသေအချာကြည့် အာရုံပြုလိုက်ခြင်းဖြင့် ပပျောက်လာခြင်း၊ အမှားအယွင်းများ မပြုလုပ်မိတော့ဘဲ ရပ်တန်းကရပ်ပြီး စိတ်ကြည်နူးမှု ချက်ချင်း ရရှိလာခြင်း၊

၆။      အိမ်တွင်ဘုရားစင်ရှိသဖြင့် နာနာဘာဝ ဝိနာဘာဝများ၏ အနှောင့်အယှက်များမှ ကင်းပြီး မကြောက်မရွံ့နေနိုင်ခြင်း၊

၇။      ဆင်းရဲဒုက္ခကို သည်းခံလာနိုင်ခြင်း၊

၈။      ဘုရားစင်ကို ပိုးမှင်၊ ဖုန်များကင်းစင်အောင် လှည်းကျင်းသုတ်သင်ပြီး ကျကျနနထား လျှင် အိမ်ကျက်သရေ၊ လူ့ကျက်သရေ တက်ပြီး ဂုဏ်သိက္ခာများ တက်ခြင်း၊

၉။      ဘုရားစင်ရှိသဖြင့် မြတ်စွာဘုရားနှင့်အတူပေါင်းသင်းနေရသကဲ့သို့ဖြစ်ပြီး သူတစ်ပါး၏ ချီးမြှောက်ပူဇော်မှုကို ခံယူရရှိနိုင်ခြင်းဟူသည့် အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်း လေ့လာသိရှိနိုင်ပေသည်။

ဘုရားရဲ့တရားတော်တွေကို လိုက်နာကျင့်သုံး

ပါမောက္ခချုပ်ဆရာတော်ကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသကလည်း “အစွမ်းတန်ခိုးများနဲ့ သာသနာဆိုတဲ့စကားမှာ တကယ့်အစွမ်း တန်ခိုးဆိုတာ မြတ်စွာဘုရားရဲ့ အဆုံးအမတရား တော်တွေကို ကိုယ်တိုင်သိရှိအောင် လေ့လာခြင်း၊ ဖတ်ရှုခြင်း၊ ကျင့်သုံးခြင်း၊ နာယူခြင်းကသာလျှင် တကယ့်အစွမ်းတန်ခိုး၊ တန်ခိုးပါဝါ၊ တကယ်ကြီး မားတဲ့အစွမ်းတန်ခိုး၊ နိဗ္ဗာန်ထိအောင် မျက်မှောက် ပြုနိုင်တဲ့အစွမ်းရှိတဲ့ တန်ခိုးအစစ်ဖြစ်တယ်ဆိုတာ ကေဝဋ္ဋသုတ်အရဆုံးဖြတ်ချက်ချပြီး ဘုရားရဲ့ တရားတော်တွေကို သိရှိအောင် လိုက်နာကျင့်သုံးနိုင် ကြပါစေကုန်သတည်း”ဟူ၍ “အစွမ်းတန်ခိုးများနှင့်သာသနာ”တရားတော်တွင် ဟောဖော်ညွှန်ပြဆိုဆုံးမ တော်မူခဲ့ပါသည်။

သို့ဖြစ်ရကား မိရိုးဖလာဗုဒ္ဓဘာသာဝင်အဆင့်မှ ဗုဒ္ဓဘာသာကောင်းတစ်ယောက်အဖြစ်သို့ ရောက်ရှိရေး၊ “မသေပျက်ခင်၊ တဏှာစင်၍၊ ရှေးတွင်မမှီ၊ နောက်ဆီမမျှော်၊ မခေါ်ဝေါ်ရ၊ လယ်ဌာန၊ သန္တပုဂ္ဂိုလ်မည်” ဟူသည့် မဟာစည်ဆရာတော်ဘုရားကြီး ဟောကြားအပ်သော ပုရာဘေဒသုတ်တရားတော် လာအတိုင်း အမှန်တကယ် ငြိမ်းအေးချမ်းသာသော ဥပသန္တပုဂ္ဂိုလ်အဆင့်အထိ တက်လှမ်းနိုင်ရေးတို့အတွက် မြတ်စွာဘုရားရှင်၏ အဆုံးအမဓမ္မစာပေများကို လေ့လာဖတ်ရှုကြပါရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။    ။

ကျမ်းကိုး-

သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန၏      “ဗုဒ္ဓဘာသာကောင်းတစ်ယောက်”