ရွေးကောက်ပွဲမှတစ်ဆင့် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးမှုဆီသို့ . . .
မိုးမြင့်
နိုင်ငံ့အကျိုး၊ ပြည်သူ့အကျိုးငှာ နိုင်ငံကို ဒီမိုကရေစီစနစ်ဖြင့် သွားရမည်ဟုဆိုသည်။ ထို့ကြောင့် နိုင်ငံသားတိုင်းလျှောက်လှမ်းနိုင်မည့် ဒီမိုကရေစီလမ်းကြောင်းနှင့် ကျင့်သုံးနိုင်မည့် ဒီမိုကရေစီကျင့်စဉ်ကို ပုံဖော်နိုင်ရန် ကြိုးပမ်းဆောင်ရွက်နေသည်။
ဒီမိုကရေစီဆိုသည်နှင့် ရွေးကောက်ပွဲကို ယှဉ်တွဲ မြင်နေရမည်ဖြစ်၍ ရွေးကောက်ပွဲမရှိဘဲနှင့် ဒီမိုကရေစီစနစ်ကို ဘယ်လိုမျှတည်ဆောက်၍ မဖြစ်နိုင်သည်ကိုလည်း သိနားလည်ရန်လိုပါသည်၊၊ ရွေးကောက်ပွဲသည် ဒီမိုကရေစီနည်းလမ်းတစ်ခု ဖြစ်သလို တွေ့ဆုံဆွေးနွေးအဖြေရှာသည့် နိုင်ငံရေးယဉ်ကျေးမှုတစ်ခုလည်းဖြစ်သည်။ လူတွေက ဒီမိုကရေစီကို ကြိုက်ကြသည်ဖြစ်၍ ဒီမိုကရေစီကို လိုချင်လျှင် ရွေးကောက်ပွဲကို မဖြစ်မနေပြုလုပ်ပေးရမည်သာဖြစ်သည်။
ဥပဒေနှင့်အညီ နိုင်ငံရေးနည်းဖြင့်သာ
မြန်မာနိုင်ငံသည်လည်း ထို့အတူ။
ဒီမိုကရေစီ အသွင်ကူးပြောင်းဆဲမှာပင် လှော်ရင်းနစ်ခဲ့ရသည့် ဒီမိုကရေစီစနစ်ကို အာဏာစတင်ထိန်းကတည်းက ပေးထားသည့်ကတိအတိုင်း ပြန်ပြီးအသက်သွင်းဖို့ ကြိုးစားဆောင်ရွက်နေသည်ကို ဘယ်လိုမှ ငြင်းချက်ထုတ်၍မရပါ။ လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပေးနိုင်ရေးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်အနက် ပထမအပိုဒ် ဦးဆုံးစာကြောင်းမှာပင် အတိအလင်းဖော်ပြပြီးဖြစ်သည်။
အထွေထွေရွေးကောက်ပွဲပြီးသည်နှင့် ထွက်ပေါ်လာသည့်အစိုးရအား ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကို ပြန်လည်လွှဲအပ်သွားမည်ဖြစ်သည်။ ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖျက်သိမ်းခဲ့သလို ပျက်ပြယ်အောင်လည်း ဘယ်တုန်းကမျှ မကြိုးစားခဲ့ပါ။ ၁၃၅ မျိုးသော တိုင်းရင်းသားလူမျိုးများအတွက်သွားမည့် နိုင်ငံရေးပန်းတိုင်က ဖက်ဒရယ်ဒီမိုကရေစီနှင့် ဖက်ဒရယ်ပြည်ထောင်စု၊ ကျင့်သုံးမည့်စနစ်က မိမိနိုင်ငံသမိုင်းကြောင်းနှင့် အမျိုးသားအကျိုးစီးပွား၊ ပထဝီဝင်၊ တိုင်းရင်းသားလူမျိုး၊ ယဉ်ကျေးမှု၊ ဓလေ့စရိုက်နှင့် လိုက်ဖက်မည့် စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ဖြစ်သည်။
နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်သာ ဖြေရှင်းရန် စွဲစွဲမြဲမြဲယုံကြည်သည့်အလျောက် နိုင်ငံတော်ဘက်က တစိုက်မတ်မတ်စွဲကိုင်လာခဲ့သော နိုင်ငံရေးလမ်းစဉ်ဆိုင်ရာ Political resolution လည်းဖြစ်သည်။ သဘောထားကွဲလွဲမှုများကို အကြမ်းဖက်နည်းလမ်းဖြင့် မဖြေရှင်းဘဲနိုင်ငံရေး နည်းလမ်းကိုသာ ရွေးချယ်ခြင်းသည် တပ်မတော်၏ ရှေးဦးမူလကတည်းက ထားရှိသော Political Agenda ဖြစ်သည်။ နိုင်ငံတော်သည် စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြေခံမူအဖြစ် ခိုင်ခိုင်မာမာပြဋ္ဌာန်းထားသလို ပါတီစုံစနစ် ထွန်းကားရေးအတွက် နိုင်ငံရေးပါတီများကို စနစ်တကျဖွဲ့စည်းနိုင်ရန် လိုအပ်သည့်ဥပဒေများကိုလည်း ပြဋ္ဌာန်းဆောင်ရွက်လျက်ရှိသည်။
ပါတီများလည်းခိုင်မာစေရန် ပြည်သူလည်း လက်ခံလာစေရန်
လက်ရှိ နိုင်ငံတော်တာဝန်ယူထားသော တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင်သာ ဆက်လက်လျှောက်လှမ်းနေကြောင်း ပြသနေသည်ကို တွေ့ရသည်။ ရွေးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ် PR ဖြင့် သွားဖို့လည်း ဆုံးဖြတ်ပြီးဖြစ်သည်။ နိုင်ငံတော်အကြီးအကဲ ကိုယ်တိုင်နိုင်ငံရေးပါတီများနှင့် နှစ်ကြိမ်တွေ့ဆုံ ခဲ့သည်။ နိုင်ငံရေးပါတီများ လုပ်ငန်းလုပ်ဆောင်ရာတွင် ပိုမိုအဆင်ပြေနိုင်ရန် လုပ်နိုင်ကိုင်နိုင်သည့် အခြေအနေတွင်ရှိနေရန် နိုင်ငံတော်မှတတ်နိုင်သမျှ ဖြည့်ဆည်းပေးသည့်အနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ပေးခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး လိုအပ်သည့် ဥပဒေပြင်ဆင်မှုများကိုလည်း ထုတ်ပြန်ပေးခဲ့သည်။ ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာသည်ထက်ခိုင်မာအောင် တစ်နိုင်ငံလုံးအတိုင်းအတာ အလိုက်၊ ဒေသအလိုက်၊ တိုင်းရင်းသားလူမျိုးများအလိုက် ကိုယ်စားပြုနေသောပါတီများအား မယိမ်းယိုင်၊ မပျက်စီး၊ မယိုယွင်းစေဘဲ ခိုင်မာသည်ထက် ခိုင်မာအောင် ဆောင်ရွက်ပေးနေခြင်းလည်း ဖြစ်သည်။
နိုင်ငံတော်ဘက်က လက်နက်ကိုင်လမ်းစဉ်ကို မယုံကြည်၍ ဥပဒေအရသွားနေသည်ကို မြင်အောင်ကြည့်ရန်လိုပြီး မိမိတို့လိုလားချက်များကိုလည်း လက်နက်မကိုင်ဘဲ ဥပဒေအရသာ တောင်းဆိုစေလိုသည်။ တစ်နည်းအားဖြင့် ရွေးကောက်ပွဲများမှတစ်ဆင့် လွှတ်တော်လမ်းကြောင်းသည်သာ နိုင်ငံအတွက် အသင့်တော်ဆုံးဖြစ်သည်ဟုဆိုခြင်းဖြစ်ပါသည်။ တစ်ဖက်ကပြည်သူများ၏ မျှော်လင့်ချက်နှင့် အခက်အခဲများကိုလည်း ပြည်သူက ရွေးချယ်သော ပါတီရွေးချယ်လိုက်သော ကိုယ်စားလှယ်များကသာ ဖြည့်ဆည်းပေးနိုင်မည်ဟု ယူဆသည်။
ထိရောက်သော ပြုပြင်ပြောင်းလဲမှုများကို လွှတ်တော်လမ်းကြောင်းက ပို၍ဖန်တီးပေးနိုင်မည်ဟု ယုံကြည်သည့်အတွက်လည်း ဤမျှအားထည့်နေခြင်းဖြစ်သည်။ သို့မှသာ ပြည်သူကလည်း ရွေးကောက်ပွဲကို လက်ခံလာမည်၊ နိုင်ငံရေးနည်းလမ်းအပေါ် ယုံကြည်မှုရှိလာမည်ဟု ယူဆပါသည်။
ဒီမိုကရေစီကတိကဝတ်
နိုင်ငံရေးပါတီများနှင့် ပတ်သက်သည့် ဆောင်ရွက်ပေးချက်များ၊ ပါတီစုံဒီမိုကရေစီနှင့် ပတ်သက်သည့် လုပ်ငန်းစဉ်များသည် ဒီမိုကရေစီအပေါ်ထားရှိသောတပ်မတော်၏ ယုံကြည်ချက်နှင့် ခံယူချက်များဖြစ်ပြီး ပြည်သူအပေါ်ထားရှိသော ကတိကဝတ်နှင့် တာဝန်ယူ၊ တာဝန်ခံမှုများလည်းဖြစ်သည်။ သို့သော်အရေးကြီးသော အချက်တစ်ခုမှာ တရားဥပဒေစိုးမိုးရေးနှင့်အတူ တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်ချက်ဖြစ်နေသည်။
နိုင်ငံတော်တာဝန်ကိုရယူပြီး စတင်ထိန်းသိမ်းစဉ်ကတည်းကပင် အနည်းဆုံးသောအင်အားနှင့် အနိမ့်ဆုံးအဆင့်ဆိုသော စကားရပ်ကို အထူးသတိပြုစေလိုပါသည်။ တပ်မတော်က ငြိမ်းချမ်းရေးကို ရှေ့တန်းတင်ထားပြီး အကြမ်းမဖက်သောမူကို စွဲကိုင်ထားခြင်းကြောင့်သာ သည်းခံခြင်းအပြည့်ဖြင့် ဤအင်အား ဤအဆင့်ကိုသာ သုံးစွဲနေခြင်းဖြစ်သည်။ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို တစ်ပြိုင်တည်းသွားလို၍ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များပြည့်မီရန် ဟန်ချက်ညီအောင် ကြိုးစားနေခြင်းဖြစ်သည်။
နိုင်ငံရေးပြဿနာတိုင်းတွင် ဖြစ်ပေါ်လာတတ်သော စစ်ရေးပဋိပက္ခများကို တပ်မတော်အနေဖြင့် အကြမ်းမဖက်သောနည်းလမ်းဖြင့်သာ ဖြေရှင်းလိုပြီး ပြည်သူတို့လိုချင်သော ဒီမိုကရေစီ၊ တိုင်းရင်းသားတို့ လိုချင်သော ဖက်ဒရယ်၊ ထိုလိုလားချက်များအတွက် ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ပေးရန် ပြင်းပြသောဆန္ဒအမှန်သည် တပ်မတော်တွင် မူလကတည်းက ရှိပြီးဖြစ်ပါသည်။
တပ်မတော်အတွက် ထွက်ပေါက်မဟုတ်ပါ
ရွေးကောက်ပွဲ မလုပ်ပေးနိုင်မှာ၊ ရွေးကောက်ပွဲမဖြစ်မှာ၊ တာဝန်ယူမှုအပေါ် တာဝန်မခံနိုင်မှာကို တပ်မတော်က အစိုးရိမ်ဆုံးဖြစ်သည်။ အကြောင်းမှာ နိုင်ငံတော်တာဝန် စတင်ယူစဉ်ကတည်းက တပ်မတော်၏ လမ်းပြမြေပုံမှာပါသည့် ကတိကဝတ် များကြောင့်ဖြစ်သည်။ သို့သော် တပ်မတော်၏ နိုင်ငံအရေးအတွက် ဆောင်ရွက်နေသော နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ရွေးကောက်ပွဲကို တပ်မတော်၏ ထွက်ပေါက်တစ်ခုအလား မှတ်ယူမမှားသင့်ပါ။ နိုင်ငံတော်နှင့် ပြည်သူအကျိုးအတွက် နိုင်ငံရေးထွက်ပေါက်တစ်ခုအနေဖြင့်သာ မြင်သင့်ပြီး တပ်မတော်အတွက် ထွက်ပေါက်လည်းမဟုတ်သလို တပ်မတော်အတွက်နိုင်ငံရေးကို ဘယ်တော့မှလည်း အသုံးချမည်မဟုတ်ပါ။
နိုင်ငံတော်တာဝန်ကို ရယူမထိန်းသိမ်းမီကတည်းက နိုင်ငံရေးအရ၊ တရားမျှတမှုအရေး လိုလားတောင့်တခဲ့သည့် တပ်မတော်ကို ဘယ်သူက ထွက်ပေါက်ပိတ်အောင် လုပ်ခဲ့ကြသလဲ ပြန်လည်ဆန်းစစ်စေလိုပါသည်။ သို့ဖြစ်၍ ယခုအချိန်မှာ အရေးကြီးသည်က တည်ငြိမ်အေးချမ်းရေးနှင့် ရွေးကောက်ပွဲ၊ ဝိရောဓိဖြစ်လှသည့် ဦးတည်ချက်နှစ်ခုကို အထူးဂရုပြုကြရန် လိုပါသည်၊၊ တစ်ဖက်က စွဲကိုင်ထားသည်က တည်ငြိမ်အေးချမ်းရေးကို ဦးတည်သည့် အကြမ်းမဖက်၊ အင်အားမသုံးသည့် လမ်းကြောင်း၊ တစ်ဖက်ကကျင့်သုံးသည့် လမ်းစဉ်က အကြမ်းဖက်၊ ဖျက်ဆီးရေးနှင့် ရွေးကောက်ပွဲမဖြစ်ရေးလမ်းစဉ်၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက မည်မျှလိုလားသည်ဖြစ်စေ အားလုံး Stakehol-ders all inclusiveness ဖြစ်မှသာ ရည်မှန်းထားချက်များ ပြည့်ဝလာမည်ဖြစ်ပါသည်။
မတည်ငြိမ်မအေးချမ်းဘဲနှင့် ပါတီလှုပ်ရှားမှု ကိုယ်စားလှယ်များ၏ လုံခြုံရေးကို မည်သို့အာမခံချက်ရှိမည်နည်း။ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင် မည့်ပါတီများ၊ ကိုယ်စားလှယ်များ၊ ပါဝင်ထမ်းရွက်ကြမည့် ဝန်ထမ်းများအတွက် အကာအကွယ်မဲ့အနေအထားကိုတော့ ရောက်ရှိစေမည်မဟုတ်ပါ။ ထို့အတွက် တပ်မတော်၏ ပေးထားချက်များအတိုင်း အတူပူးပေါင်းလက်တွဲ ပါဝင်ဆောင်ရွက်ကြရန်သာ အရေးကြီးဆုံးဖြစ်ပါသည်။ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းရေးအတွက်ဆိုလျှင် တပ်မတော်အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမည်သာဖြစ်သည်။ အဓိကအချက်က ရွေးကောက်ပွဲမှ တစ်ဆင့်သာနိုင်ငံတော်ကြီး အေးချမ်းသာယာဖွံ့ဖြိုးတိုးတက်လာမည်ဟု ခံယူထား၍ ဖြစ်ပါသည်။
ထို့ကြောင့်လည်း လက်ရှိအခြေအနေများအရ နိုင်ငံတော်က ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲများကို မဖြစ်မနေကျင်းပပြုလုပ်ပေးသွားရန် ကတိကဝတ်သည် တိကျသေချာ၍ သံသယဖြစ်ရန်မလိုဟု ပြောနိုင်ပါသည်။ ရွေးကောက်ပွဲသည်သာ နိုင်ငံရေးနည်းလမ်းဖြစ်သည်ကို ပါတီများကလည်း လက်ခံ ပြီးဖြစ်သည်၊ ပြည်သူကလည်း လက်ခံလာပြီဖြစ်သည်။ ဘက်ပေါင်းစုံအကျပ်အတည်းများနှင့် လုံခြုံရေးအရ စိန်ခေါ်မှုများရှိနေသော်လည်း မြန်မာ့နိုင်ငံရေးအတိတ်သမိုင်းမှ ရွေးကောက်ပွဲအတွေ့ အကြုံများအရ အခြေအနေပေးသည့်အနေအထား၊ ကာလ၊ ဒေသအပေါ်မူတည်၍ လုပ်နိုင်သမျှ လုပ်ဆောင်သွားမည့် အတိုင်းအတာရှိနေပါသည်။ အောက်တိုဘာလအတွင်း ပြုလုပ်တော့မည့် ပြည်လုံးကျွတ် လူဦးရေနှင့်သန်းခေါင်စာရင်း ကောက်ယူရေးမှ မဲစာရင်းများလည်း ထွက်ပေါ်လာတော့မည်ဖြစ်သည်။
ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် ရှိမြဲရှိနေသည့် တပ်မတော်နည်းတူ နိုင်ငံရေးပါတီများသည်လည်း ထိုလမ်းကြောင်းပေါ်မှာသာ ရပ်တည်နေသည်ကို တွေ့ရမည်ဖြစ်သည်။ ပါတီများအနေဖြင့် နိုင်ငံ့အရေးနှင့် ပါတီအရေး၊ နိုင်ငံ့အကျိုးနှင့် ပါတီအကျိုး ယှဉ်လာလျှင်သာ နိုင်ငံ့အရေး၊ နိုင်ငံ့အကျိုးကို ရှေ့တန်းကထားရန် လိုအပ်မည်ဖြစ်သည်။
နိုင်ငံတော်အကြီးအကဲက ဆွေးနွေးထောက်ပြခဲ့သည့် အရေးကြီးသော ထိုအချက်သည် ပြည်သူတစ်ရပ်လုံး၏ ဖြစ်ချင်လိုသော ဆန္ဒကိုလည်း ထင်ဟပ်နေပါသည်။ အဓိကအချက်က နိုင်ငံရေးဦးဆောင်ပါတီများ မြန်မာ့နိုင်ငံရေးအခင်းအကျင်းမှာ အရည်အသွေးပြည့်မီ၍ အားကောင်းခိုင်မာနေရန်ပင်ဖြစ်သည်။ Institutions များ အားကောင်းမှသာ ယုံကြည်မှုများကို တိုး၍တည်ဆောက်လာနိုင်မည်ဖြစ်သည်။ တပ်မတော်နှင့် ပြည်သူများ၊ ပါတီများ၊ တိုင်းရင်းသားများ၊ နိုင်ငံ့အရေးအလေးထားသော အဖွဲ့အစည်းများနှင့် လက်နက်ကိုင်များအကြား တစ်ခုနှင့်တစ်ခု၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ရွေးကောက်ပွဲများမှတစ်ဆင့် ယုံကြည်မှုများ ဖြစ်ပေါ်တိုးတက်လာမည်ဟုလည်း မျှော်လင့်ထားပါသည်။
သို့မှသာ ပြည်သူလူထုကြီးက နိုင်ငံရေးပါတီများ၏ သဘောထားနှင့် တပ်မတော်၏ တာဝန်ယူတာဝန်ခံမှုများအပေါ် အလေးအနက်ထားယုံကြည်မှုနှင့်အတူ အတူလက်တွဲ ပူးပေါင်းပါဝင်လာကြမည်ဖြစ်သည်ဟု ယုံကြည်မျှော်လင့်မိပါသည်။ ။