Skip to main content

ငုံးဥပြုတ်သည်ကလေးများ

ကို (တက္ကသိုလ်)

၂၀၁၇ ခုနှစ် နိုဝင်ဘာလထုတ် မြဝတီမဂ္ဂဇင်းပါ ကဗျာတစ်ပုဒ်ကိုဖတ်မိ၍ ဤဆောင်းပါးကို ရေးပါသည်။ ကဗျာသည်ရုပ်သိပ်မလှသော်လည်း စိတ်အလွန်လှသည့် မိန်းကလေးနှင့် တူလေသည်။ ကဗျာဆရာ့ကိုယ်တွေ့ သို့မဟုတ် တစ်ဆင့်ကြားကိုရေးဖွဲ့ပုံရသည်။ ကဗျာရေးသူသည် ယခုအခါတွင် မဂ္ဂဇင်းတစ်စောင်၌ စာတည်းဖြစ်နေပြီ။ ကဗျာကို အပိုဒ်လေးပိုဒ်ဖြင့် ဖွဲ့စည်းထားသည်။

နိဒါန်းချီသော ပထမအပိုဒ်တွင် ကဗျာဆရာ၏ လတ်တလောဒုက္ခကို ဖော်ပြသည်။ သူ့ဒုက္ခမှာငွေကြေးပြတ်လပ်မှု၊ ငွေကြေးကျပ်တည်းမှုဖြစ်သည်။ အဝေးပြေးလိုင်းကားကြီးကို စီးလာသော်လည်း သူ့အိတ်ထောင်က ပြားချပ်နေသည်။ ကြားစခန်းတွင် ကားခေတ္တရပ်နားချိန် ခရီးသည်များ ဖွယ်ဖွယ်ရာရာ ဝယ်စားကြသော်လည်း သူဝယ်မစားနိုင်ချေ။ သူ့မှာငွေကြေးအနည်းငယ်သာ ပါလာသည်။ ရှေ့တွင်သုံးစွဲရဦးမည်ကို တွက်ချက်၍ ခြိုးခြံချွေတာရပုံပေါ်သည်။ သူလည်းဆာရှာပေမည်။ ဆိုင်ခန်းတန်းကြီးတစ်လျှောက် လတ်လျားလတ်လျားလျှောက်ရင်း ပူဆာသောဝမ်းမီးကို ရေသောက်ငြှိမ်းသတ်ရပုံမှာ ကရုဏာသက်ဖွယ်ပင်။ ပထမအပိုဒ်ကို အောက်ပါအတိုင်း ရေးဖွဲ့ထားသည်-

တစ်နေ့ခါတွင်

ငါလျှင်ခရီး၊ ဆက်နေပြီး၍

ကြီးမားဒုက္ခ၊ ဖြစ်လာရသည်

ပါးလျငွေကြေး၊ နည်းငယ်လေးဖြင့်

အဝေးပြေးကား၊ ခေတ္တနားသော်

စားရန်မလောက်၊ ဟိုသည်လျှောက်ကာ

ရေသောက်၍သာ နေရစဉ် . . . . ။

ဝမ်းမီးကို ရေသောက်ငြှိမ်းသတ်နေစဉ် ကဗျာဆရာ့အာရုံက မူလတန်းကျောင်းသားအရွယ် ကလေးတစ်စုထံ ရောက်သွား၏။ ငုံးဥပြုတ် ရောင်းနေကြသူ ကလေးတွေဖြစ်သည်။ ငုံးဥပြုတ် တွေထည့်ထားသော ပလတ်စတစ်အိတ် အထုပ်ကလေးများကိုကိုင်ကာ မြှောက်ကာဖြင့် “တစ်ထုပ်နှစ်ရာ . . . တစ်ထုပ်နှစ်ရာ” ဟု ချစ်ချစ် တောက် ပူလောင်သော နေပူရှိန်ကို အန်တုကာ ဈေးရောင်းနေကြပုံကို . . . .

“တစ်ထုပ်နှစ်ရာ”၊ တစာစာနှင့်

ယူပါ ဝယ်ပါ၊ အော်ဟစ်ကာဖြင့်

နွေရာသီဟူ၊ ထိုအပူကို

သူတို့တွန်းလှန်၊ ဇိမ်မခံဘဲ

မှန်စွာရောင်းမှု၊ နေ့စဉ်ပြုသည်

ငုံးဥပြုတ်သည်ကလေးများ . . . . ဟု ဖွဲ့ဆို လေသည်။

ရသစာရေးဆရာ၊ ကဗျာဆရာစသော Creative Art သမားများသည် သူများတကာထက် စူးရှသော အမြင်အတွေးရှိတတ်ကြသည်။ ကဗျာဆရာသည် ဈေးသည်ကလေးတွေ ဈေးရောင်းနေတာပဲဟု သာမန်ကာလျှံကာမြင်ရုံနှင့် ပြီးမသွားဘဲ မေးမြန်းစူးစမ်းလေသည်။ ထိုအခါ မိဘတွေ၏ စီးပွားရေး အခက်အခဲနှင့် ပညာရေးအလေးထားပုံကို သိမြင် လိုက်လေသည်။ စတုတ္ထတန်းအောင်မြင်ပြီး ပဉ္စမတန်းတက်မည့် ကျောင်းသားကလေးတစ်စုသည် ဝ့ဒီပြင်ကျောင်းသားတွေ နားနေသော နွေကျောင်းပိတ်ရက်တွင် သမ္မာအာဇီဝ (‘မှန်စွာ ရောင်းမှု’ဟု ကဗျာတွင်ဖွဲ့ဆို) ဈေးရောင်းကာ ကိုယ့်အားကိုယ်ကိုး၍ နောက်နှစ်အတွက် ကျောင်းစရိတ် ရှာဖွေစုဆောင်းခြင်းဖြစ်လေသည်။ မိဘတွေကို အရွယ်နှင့်မလိုက်အောင် ကူညီခြင်းဖြစ်သည်။

ဆင်းရဲသော ဈေးသည် ကျောင်းသားကလေးများကို ကဗျာဆရာက အညွန့်တုံးဘဝဆုံးမည့် သူများအဖြစ်နှိမ့်ချမမြင်သလို၊ အမှတ်တမဲ့ လျစ်လျူရှုသွားခြင်းလည်းမရှိဘဲ ၊ အညွန့်တလူလူနှင့် နောင်တစ်ခေတ်၏ မျိုးဆက်သစ်၊ တိုင်းပြည်၏ သွေးရင်းသားရင်းအားထားရမည့်သူများအဖြစ် မျှော်မှန်းအားပေး ရေးဖွဲ့ထားလေသည်။

မေးမြန်းကြည့်သော်၊ လေးတန်းကျော်ပြီး

မိတ်ဖော်ပေါင်းဖက်၊ ငါးတန်းတက်မည့်

မျိုးဆက်သစ်များ၊ ပြည့်သွေးသားသည်

ကိုယ့်အားကိုယ်ကိုး၊ အားမာန်ကြိုး၍

နိုးကြားဖွေရှာ၊ စရိတ်ကာအောင်

သူငါနားလျက်၊ ကျောင်းပိတ်ရက်မှာ

မပျက်နေ့စဉ် ရောင်းသတည်း။

နိဂုံးအပိုဒ်ကို ရောက်လာပါပြီ။ ငုံးဥပြုတ်ရောင်း၍ ကျောင်းစရိတ်ရှာသော ကလေးငယ်တို့၏ ဘဝနှင့်အားမာန်ကို သိမြင်လိုက်သောအခါ ကဗျာဆရာ ဘာလုပ်ပါသနည်း။ ကလေးများသည် တိုင်းပြည်၏ ခွန်အားများဖြစ်သည်ဟု အလင်္ကာသုံး၍ ဖွဲ့ဆိုလိုက်သည်။ သူတို့၏လုပ်ရပ်ကြောင့် ငယ်ပင်ငယ်ငြားသော်လည်း လေးစားသွားလေသည်။ သူတို့ရည်မှန်းချက်ကို တစ်ဖက်တစ်လမ်းက ကူညီဖြည့်ဆည်းပေးလိုသော စေတနာသဒ္ဓါတရား တဖွားဖွားပေါ်လာသည်။ ထို့ကြောင့် ကိုယ့်ဝမ်းကိုယ်ပင် မဖြည့်နိုင်လောက်အောင် ချွေတာခြိုးခြံ နေရသော ကိုယ့်ဒုက္ခ၊ ကိုယ့်အကျပ်အတည်းကို လျစ်လျူရှုကာ ရှိစုမဲ့စုပါသမျှ ငွေကြေးကို ပညာရေးဒါနအဖြစ် ကုသိုလ်ယူလိုက်လေသည်။ သူဝမ်းဖြည့်နေသော ရေချိုရေသန့်ကိုပင် နေပူဒဏ်ခံနေရသော ဈေးသည်ကလေးတွေ ရင်အေးမြအောင် တိုက်လိုက်ပါသေးသည်။ ဤလုပ်ရပ်အတွက်(၁)သူလည်း ဝမ်းသာပီတိဖြစ်ရပြီး (၂) ကလေးတို့လည်း ရွှင်လန်းသွားကြပါသည်ဟု . . . . အောက်ပါအတိုင်း ရေးဖွဲ့နိဂုံးချုပ်လိုက်ပါလေ၏။

ထိုကလေးများ၊ ပြည့်ခွန်အားကို

လေးစားစိတ်မှာ၊ စေတနာကြောင့်

များစွာပေးမည့်၊ ငွေမရှိလည်း

ပါသည့်ငွေစ၊ နည်းငယ်မျှဖြင့်

ပြုရကုသိုလ်၊ ရေသန့်ချိုနှင့်

ပိုသည့်ငွေကြေး၊ ဝေမျှပေးသည်

အေးချမ်းကြည်နူးပီတိဝေ။

ကလေးတို့လည်း ရွှင်လန်းစေ။ ။

အထက်တွင်ရေးခဲ့သလို ရုပ်သွင်မှာရွက်ကြမ်းရေကျိုဖြစ်သော်လည်း စိတ်စေတနာအလွန်လှသော ကဗျာလေးဖြစ်ပါသည်။ အရောင်ဆိုးခြင်းမခံရသော ငုံးဥပြုတ်သည်ကလေးများ ဖြစ်လေသည်။ ပညာလိုလားသူကလေးတွေ ဖြစ်လေသည်။ လူငယ်ပညာရေးကို ပါးစပ်ဖြင့်မပြောဘဲ မရှိရှိတာကို လက်တွေ့မျှဝေပြလိုက်သော ပန်းချီကားတစ်ချပ်ဖြစ်သည်။ ဒီလိုပန်းချီကားတွေ များများရေးဆွဲနိုင်ကြစေလိုသည်။ မြဝတီမဂ္ဂဇင်းပါ “ငုံးဥပြုတ်သည်ကလေးများ” ကဗျာကို ကျွန်တော်အဲဒီလို ခံစားလိုက်ရပါသည်။ ။