ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသမှ ရေဘေးကာကွယ်ရေးတာများ
အေးမြင့်ဆွေ(ဆည်/ရေ)
ဝါဆိုဝါခေါင် ရေဖောင်ဖောင်ဟူသော ဆိုရိုးကဲ့သို့ပင် မုတ်သုံမိုးညို့ညို့နှင့်အတူ မြန်မာ့မြစ်ချောင်းအင်းအိုင်ရေပြင်တို့သည် ပြည့်လျှံဖွေးဖြူလျက်ရှိကြ၏။ မိုးရာသီသည် သစ်ပင်သီးနှံများ၊ ကောက်စိုက်တေးသံများဖြင့် သာယာသောကာလဖြစ်သကဲ့သို့ တစ်ဖက်တွင်လည်း ရေလွှမ်းမိုးမှုဘေးအန္တရာယ်သည် ဤကာလ၏ အလေးထားရမည့်စိန်ခေါ်မှုတစ်ရပ် ဖြစ်လျက်ရှိနေပါသည်။ ဇူလိုင်လအစတွင် မြစ်ဖျားပိုင်းမှ အစပြုခဲ့သော ဧရာဝတီမြစ်ရေကြီးမှုသည် ယခုအခါတွင် မြန်မာနိုင်ငံအလယ်ပိုင်းနှင့် အောက်ပိုင်းများသို့ တဖြည်းဖြည်းပျံ့နှံ့ရောက်ရှိလာလျက်ရှိနေပါသည်။
ရေ၏အကျိုးစီးပွားသည် မကုန်နိုင်များပြားသကဲ့သို့ နူးညံ့ပျော့ပျောင်းသည် ထင်ရသော ရေ၏ အဖျက်စွမ်းအားသည်လည်း လွန်စွာကြီးမားပါသည်။ တွေ့ရှိမှုများအရ အလွန်လျင်မြန်စွာ စီးဆင်းလာသော ရေအနက် ခြောက်လက်မခန့်သည် လူတစ်ဦးအား လဲကျမျောပါသွားစေနိုင်သကဲ့သို့ ထိုရေအနက် နှစ်ပေခန့်သည် ကားတစ်စီးကို မျောပါသွားစေနိုင်ပါသည်။ ရေကြီးမှုဖြစ်ပွားပါက လူ၊ တိရစ္ဆာန်နှင့် အဆောက်အအုံများပျက်စီးခြင်း၊ သီးနှံရိက္ခာများ ပျက်စီးခြင်း၊ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်း၊ အခြေခံစားသောက်ကုန်များ ဈေးတက်ခြင်း၊ အလုပ်အကိုင်ဆုံးရှုံးခြင်း၊ ကူးစက်ရောဂါများ ဖြစ်ပွားခြင်းစသည်ဖြင့် ဆိုးကျိုးများစွာတွေ့ကြုံရပါသည်။
ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်အစီအစဉ်၏ အချက်အလက်များအရ ကမ္ဘာအနှံ့ ရေကြီးရေလျှံမှုဖြစ်စဉ်များသည် လွန်ခဲ့သောနှစ်ပေါင်း ၄၀ အတွင်း နှစ်ဆခန့် ပိုမိုများပြားလာကြောင်း သိရှိရသည်။ ရေကြီးရေလျှံမှုများသည် ရာသီဥတုပြောင်းလဲမှု၊ သဘာဝပတ်ဝန်းကျင်ချွတ်ယွင်းလာမှု၊ မြစ်ချောင်း များတိမ်ကောလာမှုစသည့် အကြောင်းတရားများစွာကြောင့် တစ်နှစ်ထက်တစ်နှစ် ပိုမိုပြင်းထန်လာလျက်ရှိသည်။ ထို့ကြောင့် ရေဘေးအန္တရာယ်ကာကွယ်ခြင်းလုပ်ငန်းများနှင့် ရေဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ မျှဝေခြင်းတို့သည် များစွာအရေးကြီး လာပါသည်။
ဆည်မြောင်းလုပ်ငန်းများနှင့် ရေဘေးအန္တရာယ်ကာကွယ်ရေး
မြန်မာနိုင်ငံ၏ မြေမျက်နှာသွင်ပြင်အရ လူဦးရေထူထပ်သော မြို့ပြအများစုသည် အဓိကမြစ်ကြီးလေးစင်း၏ မြစ်ချောင်းကမ်းဘေး မြေနိမ့်လွင်ပြင်ဒေသများတွင် တည်ရှိကြခြင်းဖြစ်သည်။ ဧရာဝတီမြစ်သည်လည်း ရေစီးဆင်းမှုကြီးမားမြန်ဆန်ခြင်း၏ ပထဝီဝင်ဝိသေသများဖြစ်ကြသော မြောက်ဘက် ရေခဲတောင်များ၊ တောင်ဘက်ဘင်္ဂလားပင်လယ်အော်မုန်တိုင်းများ၊ ကြီးမားကျယ်ပြန့်၍ ရေစီးမြန်သော မြင့်မားသည့် ရိုးမတောင်တန်းများအား ပိုင်ဆိုင်ထားလျက် မြန်မာနိုင်ငံ မြောက်ဖျားမှ တောင်ဘက်ပင်လယ်ဝအထိ ခက်ဖြာစီးဆင်းနေခြင်းဖြစ်ပါသည်။ ဧရာဝတီမြစ်၏ စုစုပေါင်းရေဆင်းဧရိယာသည် ၁၅၆၀၀၀ စတုရန်းမိုင်ရှိ၍ မြန်မာတစ်နိုင်ငံလုံး၏ ၆၁ ရာခိုင်နှုန်းခန့်ရှိသည်ဖြစ်ရာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေကြီးနစ်မြုပ်မှုဖြစ်စဉ်များသည် မြန်မာနိုင်ငံ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးတို့အပေါ် များစွာဆိုးကျိုးသက်ရောက်မှုရှိပါသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံတစ်ဝန်းတွင် ရေလှောင်တမံ ၂၄၆ ခု၊ ရေလွှဲဆည် ၁၄၄ ခု၊ ရေကန် ၇၂ ခု၊ ရေတံခါး ၁၉၉ ခု၊ မြစ်ရေတင်လုပ်ငန်း ၂၁၉ ခု စုစုပေါင်း ရေအားအဆောက်အအုံ ၈၈၀ ကို စနစ်တကျထိန်းသိမ်းစီမံကာ စိုက်ပျိုးမြေဧရိယာ ဧက ၃၁ သိန်းကျော်အား စိုက်ပျိုးရေပေးဝေခြင်းနှင့် ရေဘေးကာကွယ်ရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါသည်။ ထို့ပြင် မြစ်ရေကြီးခြင်းမှ ကာကွယ်ရန် ရေဘေးကာကွယ်ရေးတာများ တည်ဆောက်ခြင်း၊ ချောင်းရိုး မြောင်းရိုးနှင့် ရေနုတ်မြောင်းများ တူးဖော်ခြင်း၊ ရေလှောင်တမံတွင် ရေထိန်း၍ ထိန်းညှိရေလွှတ်ခြင်းများဖြင့်လည်း ရေဘေးအန္တရာယ်လျော့ပါးရန် ဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံတစ်ဝန်းတွင် ရေဘေးကာကွယ်ရေးတာနှင့် ရေငန်တားတာ ၂၃၁ ခု စုစုပေါင်း အလျား ၂၅၉၄ မိုင်ဖြင့် မြေဧရိယာ ဧက ၂ ဒသမ ၇၄ သန်းကျော်ကို ရေကြီးနစ်မြုပ်မှုနှင့် ရေငန်ဝင်ရောက်ခြင်းမှ ကာကွယ်ပေးလျက်ရှိပါသည်။ မြစ်ကမ်းမြို့ရွာအသီးသီးတွင်လည်း ရေဘေးကာကွယ်ရေးတာများ တည်ဆောက်ထားလျက်ရှိသည့်အနက် ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတို့တွင် ပို၍များပြားစွာ တွေ့ရှိ ရပါသည်။
ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ရေဘေးကာကွယ်ရေးတာများ
ဧရာဝတီမြစ်ဝကျွန်းပေါ်ဆိုသည်မှာ မြန်အောင်မြို့အထက်ဘက် ၁၅ မိုင်ခန့်အကွာ ဆိပ်သာမြို့မှ အစပြု၍ ပင်လယ်ဝအထိ ဧရာဝတီမြစ်အောက်ပိုင်းအား ခေါ်ဆိုခြင်းဖြစ်ပါသည်။ ဧရာဝတီမြစ်၏ အထက်ပိုင်းနှင့်အလယ်ပိုင်းသည် အရှေ့ဘက်နှင့် အနောက်ဘက်ကမ်း နှစ်ဖက်စလုံးရှိ မြင့်မားသော တောင်တန်းများအကြားမှ ကန့်သတ်လွင်ပြင်တွင် စီးဆင်းရ၍ အောက်ပိုင်းဧရာဝတီ မြစ်ဝကျွန်းပေါ်တွင်မူ အထူးညီညာပြန့်ပြူးသော လွင်ပြင်တစ်လျှောက် မြစ်ခွဲများအဖြစ် ခက်ဖြာစီးဆင်းပါသည်။ မြစ်ဝှမ်းတစ်ခုလုံးမှ တိုက်စားလာသော အနည်အနှစ်များပို့ချရာ မြေနုလွင်ပြင်ဖြစ်သောကြောင့် မြေဆီမြေနှစ်ကောင်းမွန်၍ စိုက်ပျိုးရေးလုပ်ငန်းများဖြစ်ထွန်းကာ လူနေထိုင်မှု ထူထပ်များပြားသောဒေသဖြစ်ပါသည်။ သို့ရာတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်သည် ဧရာဝတီမြစ် ရေဆင်းဧရိယာအားလုံးမှ ရေများ၏ ထွက်ပေါက်ဖြစ်ခြင်း၊ အလွန်ညီညာပြန့်ပြူးခြင်း၊ မြေနုလွင်ပြင်ဖြစ်၍ ရေတိုက်စားလွယ်ခြင်း၊ မြစ်ကြောင်းပြောင်းခြင်း၊ အရှေ့တောင်အာရှ မြစ်ဝကျွန်းပေါ်များအနက် မိုးအများဆုံး မြစ်ဝကျွန်းပေါ်ဖြစ်ခြင်း၊ ပင်လယ်ဒီရေအတက်အကျနှင့် မုန်တိုင်းများ တွေ့ကြုံရသော ဒေသဖြစ်ခြင်းတို့ကြောင့် ရေဘေးအန္တရာယ်အား အခြားဒေသများထက် ပိုမိုတွေ့ကြုံခံစားရလေ့ရှိပါသည်။
ထို့ကြောင့် မြို့ရွာများနှင့် လယ်ယာမြေများကို ရေဘေးအန္တရာယ်မှ ကာကွယ်နိုင်ရန်အတွက် ရေဘေးကာကွယ်ရေးတာများအား ရှေးယခင်ခေတ်များမှပင် တောင်သူလယ်သမားများက ကိုယ့်အားကိုယ်ကိုးတည်ဆောက်ခဲ့ကြပါသည်။ ၁၈၆၂ ခုနှစ် ဗြိတိသျှအစိုးရလက်ထက်မှစ၍ စနစ်တကျ ရေဘေးကာကွယ်ရေးတာများ စတင်တည်ဆောက်လာခဲ့ပြီး ကြံခင်းမြို့အနောက်ဘက်ကမ်းတာ၊ မြန်အောင်တာ၊ ငဝန်တာ၊ တဘူးချောင်းဝတာ၊ ဟင်္သာတတာစသည်ဖြင့် ရေဘေးကာကွယ်ရေးတာများ တည်ဆောက်ခဲ့ပါသည်။ ယခုအခါတွင် ဧရာဝတီမြစ်အရှေ့ဘက် ကမ်းတာ၊ ဧရာဝတီဟင်္သာတဘက် ကမ်းတာ၊ ညောင်တုန်းကျွန်းတာ၊ မအူပင်ကျွန်းတာ၊ တာဝ-ပါလှဲ့ကုက္ကိုဝတာ၊ သုံးခွကျွန်းတာ၊ ရွှေလောင်း ကျွန်းတာ၊ လပွတ္တာကျွန်းတာ၊ ကြက်ဖမွေးဇောင်း ကျွတ်ပတ်တာများ စသည်ဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ရေဘေးကာကွယ်ရေးတာများသည် ရေဘေးကာကွယ်ရေးအတွက် များစွာအကျိုးပြုလျက်ရှိပါသည်။
ရေဘေးကာကွယ်ရေးတာများ တည်ဆောက်ရာတွင် ရေကြီးမှတ်တမ်းနှင့် တွက်ချက်မှုများအရ ဒီဇိုင်းရေကြီးမှတ်(Design Flood Level) အထက် တွင် ရေလွတ်အမြင့် (Free Board) ပေါင်းထည့်၍ တာထိပ်အမြင့် A.C.L (Authorised Crest Level) အား သတ်မှတ်ပါသည်။ အောက်ခံနှင့် ဖို့မြေ နှစ်မျိုး စလုံး၏ မြေသားသိပ်သည်းမှု၊ လုံလောက်သော တာဖြတ်ပိုင်း အကျယ်ရှိမှု၊ တာပေါင်ဘေးနှစ်ဖက် လျှောစောက်များ တည်ငြိမ်ခိုင်မြဲမှုတို့သည်လည်း ရေဘေးကာကွယ်ရေး တာများခိုင်ခံ့မှုအတွက် လွန်စွာအရေးကြီးပါသည်။ မြစ်ကြောင်းပြောင်းလဲမှုကြောင့် ရေဦးထိုးခြင်းမှ ကာကွယ်နိုင်ရန်လည်း စနစ်တကျတွက်ချက်၍ တာအူကြောင်းနေရာ သတ်မှတ်ရန်လိုအပ်ပါသည်။
ရေဘေးကာကွယ်ရေးတာများ ထိန်းသိမ်းခြင်း
တာတမံနိမ့်ကျမှုကြောင့် ရေကျော်ခြင်း၊ သဲဗွက်ထခြင်း၊ တာအိခြင်း၊ ရေပေါက်(ထူးပေါက်) ပေါက်ခြင်းစသည်တို့သည် ရေဘေးကာကွယ်ရေးတာများ ပျက်စီးရခြင်း၏ အကြောင်းရင်းများဖြစ်ကြပါသည်။ ရေဘေးကာကွယ်ရေးတာများကို ဌာနမှ သတ်မှတ်ပြဋ္ဌာန်းထားသည့် တာတမံဥပဒေ၊ တာတမံပြုပြင်ထိန်းသိမ်းခြင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျထိန်းသိမ်းခြင်းလုပ်ငန်းများအား ဆောင်ရွက်ကြပါသည်။
မိုးရာသီတွင် တာအလျားအလိုက် တည်နေရာအပေါ်မူတည်၍ ရေကင်းတဲများ တည်ဆောက်ထားရှိ ပြီး ရေကင်းလှည့်ဇယားကို စနစ်တကျရေးဆွဲ၍ ရေကင်းလှည့်ခြင်းလုပ်ငန်းများ ဆောင်ရွက်ကြပါသည်။ ရေကင်းအရာရှိများသည် ရေကင်းစခန်းတွင် ရှိနေပြီး အချိန်နှင့်တစ်ပြေးညီ တာတမံ၏ အခြေ အနေအား စောင့်ကြည့်စစ်ဆေးသတင်းပို့ကြပါသည်။ ရေမှတ်စခန်းများရှိ ရေမှတ်တိုင်များ၏ ရေအမှတ်တိုင်းတာဖတ်ရှုခြင်းနှင့် မှတ်တမ်းစာအုပ်တွင် ရေးသားခြင်း၊ ရေမှတ်တိုင်များ ခိုင်ခံ့မှုရှိ မရှိနှင့် ရေမှတ်တိုင်ရှိ ရေမှတ်ကိန်းဂဏန်းများ တိကျမှန်ကန်မှု ရှိ မရှိ စစ်ဆေးခြင်း၊ ပုံမှန်အခြေအနေတွင် နေ့စဉ်နံနက် ၆ နာရီ၊ မွန်းတည့် ၁၂ နာရီနှင့် ညနေ ၆ နာရီ တစ်နေ့လျှင် သုံးကြိမ်ရေမှတ်များ မှတ်သားခြင်း၊ သတ်မှတ်ထားသည့် စိုးရိမ်ရေမှတ်သို့ ရောက်ရှိပါက ၂၄ နာရီ နာရီစဉ်ရေမှတ်ဖတ်ခြင်းများအား ဆောင်ရွက်လျက်ရှိသည့်အပြင် ပြည်သူများပူးပေါင်းပါဝင်သည့် ရေကင်းစောင့်ခြင်းကိုလည်း ဆောင်ရွက်လျက်ရှိပါသည်။
ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် ရေကြီးရေလျှံမှု၊ အရေးပေါ်အခြေအနေများတွင် တုံ့ပြန်ကာကွယ်ဆောင်ရွက်မှုများ အဆင်သင့်ဖြစ်စေရန်အတွက်လည်း မိုးရာသီတွင် ဒေသစိတ်များအလိုက် ရေကင်းစခန်းများတွင် အရေးပေါ်တည်ဆောက်ရေးပစ္စည်းများ ကြိုတင် စုဆောင်းထားခြင်း၊ တည်ဆောက်ရေးယာဉ်စက်ယန္တရားများ၊ အလုပ်သမားများ ကြိုတင်ပြင်ဆင်ထားခြင်း၊ အရေးပေါ်အခြေအနေဖြစ်ပေါ်ပါက တာတမံတစ်လျှောက် ဒေသစိတ်အလိုက် အနီးရှိ ကျေးရွာများမှ ရရှိနိုင်မည့် အရေးပေါ်ပစ္စည်းများ၊ သယ်ပို့ယာဉ်၊ ရေယာဉ်နှင့် လူအင်အားစာရင်း တို့ကိုလည်း ကြိုတင်ပြင်ဆင်ဆက်သွယ်ထားခြင်း၊ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားပါက ကယ်ဆယ်ရေးလမ်းကြောင်းနှင့် ကယ်ဆယ်ရေးစခန်းများ အရေးပေါ်ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများအား ပူးပေါင်းကူညီခြင်း၊ ရေလှောင်တမံနှင့် ရေဘေးကာကွယ်ရေးတာများ၏ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအစီအမံ (Emergency Preparedness Plan -EPP) ပြင်ဆင်ထားခြင်း၊ အများပြည်သူများသို့လည်းသတင်းစာ၊ ဌာန Website စာမျက်နှာများမှတစ်ဆင့် အသိပေးမျှဝေခြင်းတို့အား ဆောင်ရွက်ထားရှိပါသည်။
တာတမံနိမ့်သောနေရာများတွင် ကန်သင်းဆင့်ခြင်း၊ သဲအိတ်ချခြင်း၊ တာအိတာလျောသောနေရာများတွင် တုတ်တန်းရိုက် သဲအိတ်ချကာကွယ်ခြင်း၊ သဲဗွက်ထခြင်းနှင့် ရေပေါက် (ထူးပေါက်) ပေါက်သောနေရာများတွင် အရေးပေါ်ရေခွေခွေခြင်းတို့အား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိ ပါသည်။
ထို့ပြင် ရေဘေးကာကွယ်ရေးအတွက် ဒေသခံပြည်သူများ၊ ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများဖြင့် မြို့နယ်အလိုက် သရုပ်ပြပွဲ၊ ဟောပြောပွဲများကို ကျင်းပ၍ ရေဘေးကာကွယ်ရေးနည်းလမ်းများ ပညာပေးမျှဝေခြင်း၊ အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှုအစီအမံ (Emergency Preparedness Plan - EPP)အား ရှင်းလင်းတင်ပြခြင်း၊ ရေဘေးကာကွယ်ရေး နည်းလမ်းများ လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်လျက်ရှိပါသည်။
အရေးပေါ်အခြေအနေ အဆင့်အတန်းသတ်မှတ်ခြင်း
အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှုအစီအမံ (Emergency Preparedness Plan - EPP) အရ ရေဘေးကာကွယ်ရေးတာတမံများ၏ ထူးခြားသောအခြေအနေများကို ဒေသခံပြည်သူများ သို့ အသိပေးကြေညာရာတွင် အရေးပေါ်အခြေအနေ အဆင့် (၃) ဆင့်ဖြင့် ပိုင်းခြားသတ်မှတ်ထားပါသည်။
(က) အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု (အဆင့် - ၁) သတ်မှတ်ခြင်း
မြစ်ရေမှတ်သည် တာတမံတစ်ခုချင်းအလိုက် သတ်မှတ်ထားသော စိုးရိမ်ရေမှတ်သို့ ရောက်ရှိခြင်း၊ တာတမံကိုယ်ထည်၏ အောက်ဘက် (Down-stream) ပိုင်းမှ ရေစိမ့်ထွက်ခြင်းနှင့် ရေပေါက် (ထူးပေါက်) များ ဖြစ်ပေါ်ခြင်း၊ သဲဗွက်များဖြစ်ပေါ်လာခြင်း၊ တာတမံကိုယ်ထည်တွင် ရေစိမ့်ထွက်မှု မရှိသေးသည့် အက်ကြောင်းများဖြစ်ပေါ်လာခြင်း၊ တာတမံထိပ်မျက်နှာပြင်နိမ့်ကျခြင်း၊ တာတမံဘေးလျှောစောက်များလျှောကျခြင်း၊ တာတမံ၏ အနီးပတ်ဝန်းကျင်ဧရိယာအတွင်းတွင် ငလျင်လှုပ်ခတ်ခြင်း၊ တာတမံ၏ကြံ့ခိုင်မှုအား စိုးရိမ်ဖွယ်မရှိသည့် အဖျက်အမှောင့်လုပ်ငန်းတစ်ခုခု ဖြစ်ပေါ်ခြင်း (ဥပမာ-ဗုံးဖောက်ခွဲခြင်း)။
တာတမံ၏ စိုးရိမ်ရေမှတ်သို့ ရောက်ရှိခြင်း၊ မရောက်ရှိသေးသော်လည်း တာတမံတွင် ထူးခြားသည့် အခြေအနေများဖြစ်ပေါ်ပါက အရေးပေါ်အခြေအနေ အဆင့်-၁ အဖြစ် သတ်မှတ်၍ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများမှတစ်ဆင့် ပြည်သူလူထုအား ဆက်သွယ်အသိပေးပြီး အများပြည်သူ မြင်သာသောနေရာများနှင့် ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အစိမ်းရောင်အလံအား လွှင့်ထူထားမည်ဖြစ်ပါသည်။
(ခ) အရေးပေါ်အခြေအနေကြိုတင်စီမံခန့်ခွဲမှု (အဆင့် - ၂) သတ်မှတ်ခြင်း
မြစ်ရေမှတ်သည် တာတမံ၏ စိုးရိမ်ရေမှတ်အထက် ဆက်လက်ကျော်လွန်မြင့်တက်လာပြီး လက်ရှိတာထိပ်(Existing Crest Level – ECL) သို့ ရောက်ရှိရန် တစ်ပေခန့်သာလိုပြီး ဆက်လက်မြင့်တက်လာမည့် အခြေအနေရှိခြင်း၊ အရေးပေါ်အခြေအနေအဆင့်-၁ တွင် ဖော်ပြထားသော တာတမံကိုယ်ထည်ထိခိုက်မှုများ ပိုမိုပြင်းထန်လာပြီး ရေစိမ့်ထွက်မှုများပြားလာခြင်းနှင့် ရေနောက် များ ထွက်လာခြင်း။
ဤအခြေအနေတွင် အရေးပေါ်အခြေအနေအဆင့်-၂ အဖြစ် သတ်မှတ်၍ ပြည်သူလူထုအား ဆက်သွယ်အသိပေးပြီး အများပြည်သူမြင်သာသောနေရာများနှင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် အဝါရောင်အလံကို လွှင့်ထူထားမည်ဖြစ်ပါသည်။ အသံချဲ့စက်များဖြင့်လည်း လှည့်လည်ကြေညာမည်ဖြစ်ပါသည်။
(ဂ) အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှု(အဆင့် - ၃) သတ်မှတ်ခြင်း
မြစ်ရေမှတ်သည် ဆက်လက်မြင့်တက်လာပြီး တာတမံကိုယ်ထည်ပေါ် ရေကျော်၍ တာတမံကျိုးပေါက်နိုင်မည့်အခြေအနေရှိခြင်း၊ တမံကိုယ်ထည်အောက်ဘက်ပိုင်း ရေစိမ့်မှုသည် ထိန်းချုပ်မရသည်အထိ ပိုမိုများပြားလာခြင်း၊ အရေးပေါ်အခြေအနေအဆင့်-၂ တွင် ဖော်ပြထားသော တာတမံကိုယ်ထည် ထိခိုက်မှုများ ပိုမိုပြင်းထန်လာပြီး ရေစိမ့်ထွက်မှု လွန်စွာများပြားလာခြင်းနှင့် တာတမံကျိုးပေါက် နိုင်မည့် အခြေအနေရှိလာခြင်း။
ဤပြင်းထန်သောအခြေအနေတွင် အရေးပေါ်အခြေအနေအဆင့်-၃ အဖြစ် သတ်မှတ်၍ ပြည်သူလူထုအား ဆက်သွယ်အသိပေးပြီး အများပြည်သူ မြင်သာသောနေရာများနှင့် ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် အနီရောင်အလံအား လွှင့်ထူထားမည်ဖြစ်ပါသည်။ အသံချဲ့စက်များဖြင့်လည်း လှည့်လည်ကြေညာမည်ဖြစ်ပါသည်။
အရေးပေါ်အခြေအနေများအလိုက် ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများမှတစ်ဆင့် ပြည်သူများအား အချိန်နှင့်တစ်ပြေးညီ ဆက်သွယ်အသိပေးခြင်းနှင့် ကြိုတင်ရွေးချယ်စီမံထားသော ရေလွတ်ရာကုန်းမြင့်ဒေသများသို့ ရှောင်တိမ်းနေထိုင်ရန် သတိပေးနှိုးဆော်ခြင်းများအား အဆင့်ဆင့် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
တာတမံကြံ့ခိုင်မှုအတွက် အရေးပေါ်ကာကွယ်ဆောင်ရွက်ရမည့်အစီအမံများ (ဥပမာ - ရေခွေ ခွေခြင်း၊ မိုးကာစဖုံးအုပ်ခြင်း၊ တမံကိုယ်ထည်၏ အနောက်ဘက်မှ အရေးပေါ်တုတ်တန်းရိုက်၍ မြေဖို့ခြင်းစသည်ဖြင့် …) ကို အချိန်နှင့်တစ်ပြေးညီ စီမံဆောင်ရွက်ခြင်း၊ ဆောင်ရွက်မည့်အစီအမံများကို သက်ဆိုင်ရာအဆင့်ဆင့်သို့ တင်ပြခြင်းလုပ်ငန်းများအား ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ဒေသဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအောက်ရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ အခြားဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ အရေးပေါ်တုံ့ပြန်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ကြိုတင်ပူးပေါင်းပြင်ဆင်ဆောင်ရွက်ခြင်းများအား ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
သို့ရာတွင် ဤသို့အရေးပေါ်အခြေအနေအစီအမံများ ဖော်ပြခြင်းသည် ရေကြီးရေလျှံမှု အရေးပေါ်အခြေအနေများတွင် တုံ့ပြန်ဆောင်ရွက်မှုများ အဆင်သင့်ဖြစ်စေရန်နှင့် ဒေသခံပြည်သူလူထုအား ဆက်သွယ်အသိပေးရန် ဌာန၏ကြိုတင်ပြင်ဆင်ထားမှုအား ရှင်းလင်းသိရှိစေရန် မျှဝေဖော်ပြခြင်းသာ ဖြစ်ပါသည်။ တာတမံများကျိုးပေါက်ခြင်း ပြင်းထန်သောအခြေအနေများသည် ဖြစ်တန်စွမ်းနည်းပါးသည့်အခြေအနေများဖြစ်၍ ပြည်သူများအနေဖြင့် တာတမံများ ကျိုးပေါက်ခြင်းနှင့်စပ်လျဉ်း၍ စိုးရိမ် ပူပန်မှု များစွာမကြီးကြပါရန်လည်း အသိပေးတင်ပြအပ်ပါသည်။
ရေဘေးအန္တရာယ်များအား ရင်ဆိုင်ရာတွင် များစွာလျှော့တွက်ခြင်း၊ လွန်စွာကြိုတင်စိုးရိမ်ပူပန်ခြင်းဟူသည့် အစွန်းနှစ်ဖက်ကိုရှောင်၍ သတင်းများ စောင့်ကြည့်လေ့လာခြင်း၊ ဘေးအန္တရာယ်သတိပေးချက်များ လိုက်နာခြင်း၊ လိုအပ်လာသည့်အချိန်တွင် အရေးပေါ်ဆေးဝါး အစားအသောက်များ ပြင်ဆင်ထားခြင်းစသည်ဖြင့် လက်တွေ့ကျသော တုံ့ပြန်ကာကွယ်မှုများဖြင့် ရင်ဆိုင်သင့်ပါသည်။
သဘာဝဘေးအန္တရာယ်များအား ရင်ဆိုင်တုံ့ပြန်ရာတွင် အစိုးရနှင့်သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ကြိုတင်စီမံခန့်ခွဲမှုနှင့် အလျင်အမြန်တုံ့ပြန်ကူညီ ဆောင်ရွက်နိုင်မှု၊ ပြည်သူလူထု၏ သတင်းအချက် အလက်နားထောင်၍ အချင်းချင်းမျှဝေတတ်မှု၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိဗဟုသုတပြည့်စုံမှုတို့သည်သာ ပျက်စီးဆုံးရှုံးမှုကို လျှော့ချနိုင်သည့် အရေးကြီးညွှန်းကိန်းများဖြစ်ရာ သတိနှင့် ဉာဏ်ပညာယှဉ်သော စိုးရိမ်ရင်ဆိုင်ဆောင်ရွက်မှုများဖြင့် ရေဘေးအန္တရာယ်ထိခိုက်မှုများမှ လျော့ပါးသက်သာကြပါစေကြောင်း ဆန္ဒပြုအပ်ပါသည်။ ။