မြန်မာ့ရက်ကန်း လက်မှုအနုပညာ အထူးပြပွဲသို့
ဒေါက်တာအေးအေးသင်း (အမျိုးသားပြတိုက်၊ နေပြည်တော်)
အမျိုးသားပြတိုက် (နေပြည်တော်) ကို မြန်မာတို့၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် ဖော်ထုတ်ပြသရန်၊ ကြွယ်ဝပြီး အဆင့်အတန်းမြင့်မားသည့် မိမိတို့၏ယဉ်ကျေးမှုအမွေအနှစ်များကို ဖော်ထုတ်ပြသရန်နှင့် မိမိတို့လူမျိုး၏ Soft Power စွမ်းဆောင်ချက်များကို ပြသရန်ဟူသည့်ရည်ရွယ်ချက်များဖြင့် ရှေးဟောင်းသုတေသနဆိုင်ရာ၊ သမိုင်းဆိုင်ရာ၊ ယဉ်ကျေးမှုနှင့် အနုသုခုမဆိုင်ရာ အမွေအနှစ်ပစ္စည်းများကို ခင်းကျင်းပြသခဲ့သည်မှာ ၁၅-၇-၂၀၂၄ ရက်နေ့တွင် (၉) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါသည်။ အမျိုးသားပြတိုက် (နေပြည်တော်) (၉) နှစ်ပြည့်အထိမ်းအမှတ်အဖြစ် မြန်မာ့ရက်ကန်းလက်မှုအနုပညာအထူးပြပွဲကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ဇူလိုင်လ ၂၈ ရက် နေ့အထိ ပြသလျက်ရှိပါသည်။
အထူးပြပွဲကို အောက်ဖော်ပြပါရည်ရွယ်ချက်များဖြင့် ခင်းကျင်းပြသခြင်းဖြစ်ပါသည် -
(က) မြန်မာနိုင်ငံတွင် ရက်ကန်းလက်မှု အနုပညာကို လွန်ခဲ့သောနှစ်ပေါင်း သုံးထောင်ခန့်ကပင် တတ်မြောက်ခဲ့ကြပြီး ခေတ်အဆက်ဆက် ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းတတ်မြောက်ခဲ့ကြကြောင်း ပြည်သူလူထု လေ့လာသိရှိနိုင်ကြစေရန်၊
(ခ) လူသားတို့အတွက် မရှိမဖြစ်လိုအပ်သည့် စား၊ ဝတ်၊ နေရေး အခြေခံအချက်များတွင် ပါဝင်သော အဝတ်အထည်ရက်လုပ်ပုံကို လူငယ်လူရွယ်များ လေ့လာနိုင်ကြ စေရန်၊
(ဂ) ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်ပုံ ဒီဇိုင်းများပြောင်းလဲလာပုံကို နှိုင်းယှဉ်လေ့လာနိုင်ကြစေရန်၊
(ဃ) မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးများ၏ ဝတ်စားဆင်ယင်မှုများကို လေ့လာနိုင်ကြစေရန်။
မြန်မာ့ရက်ကန်း လက်မှုအနုပညာအထူးပြပွဲတွင် ရက်ကန်းလက်မှု အနုပညာသမိုင်းကြောင်း ပြကွက်၊ မြန်မာ့မြေပေါ်မှ ရက်ကန်းလက်မှုအနုပညာပြကွက်နှင့် အခြားပြကွက်များ ပြသထားပါ သည်။
ရက်ကန်းလက်မှုအနုပညာ သမိုင်းကြောင်း
လူသားတို့အတွက် မရှိမဖြစ်လိုအပ်သော စား၊ ဝတ်၊ နေရေးအခြေခံအချက်များတွင် အဝတ်အထည်လည်း ပါဝင်ပါသည်။ လူသားတို့အတွက် ရာသီဥတုဒဏ် ကာကွယ်နိုင်ရန်၊ ယဉ်ကျေးမှုအရ ဝတ်ဆင်ရန်၊ အထိမ်းအမှတ်သင်္ကေတအဖြစ် ဝတ်ဆင်ရန်နှင့် အဆင့်အတန်းကို ပြသနိုင်ရန်တို့အတွက် ဝတ်ဆင်ရန်စသည့်ရည်ရွယ်ချက်များဖြင့် အဝတ်အထည်ကို မွေးဖွားချိန်မှ သေဆုံးချိန်အထိ မဖြစ်မနေ ဝတ်ဆင်ကြရပါသည်။
သမိုင်းမတင်မီခေတ်တွင် ရှေးဦးလူသားတို့သည် အဝတ်အထည်များကို ရက်လုပ်၍ မဝတ်ဆင် တတ်သေးမီအချိန်က တိရစ္ဆာန်သားရေများ၊ သစ်ရွက်သစ်ခက်များကို ဝတ်ဆင်ခဲ့ကြမည် ဖြစ်သည်။ ထို့နောက် သစ်ပင်မှရရှိသောလျှော်များ၊ ငှက်ပျောလျှော်များကို ရက်လုပ်ဝတ်ဆင်ခဲ့ကြပြီးနောက် ချည်ခင်များကို ထုတ်လုပ်တတ်လာကြသောအခါ ဂျပ်ခုတ်ကဲ့သို့သော လက်ရက်ကန်းများဖြင့် အဝတ်အထည်များကို ရက်လုပ်ဝတ်ဆင်လာခဲ့ကြသည်။ ရက်ကန်းစင်များကို တီထွင်တတ်လာကြသောအခါ အနံပိုမိုကျယ်ပြန့်သည့် အထည်များ ရက်လုပ်နိုင်သော ရက်ကန်းစင်များကို တီထွင်၍ အဝတ်အထည်များ ရက်လုပ်ခဲ့ကြလေသည်။ အထည်များကို ရက်လုပ်ရာ၌ သဘာဝမှရရှိသည့် ဆိုးဆေးများကို အသုံးပြုကာ အရောင်အသွေးမျိုးစုံ၊ အဆင်မျိုးစုံ၊ ဒီဇိုင်းမျိုးစုံ ရက်လုပ်ခဲ့ကြသည်။
မြန်မာ့မြေပေါ်မှ ရက်ကန်းလက်မှုအနုပညာ
မြန်မာ့မြေပေါ်၌ လွန်ခဲ့သော နှစ်သန်းပေါင်း ၄ဝ ကာလကပင် လူသားမျိုးနွယ်စုများဖြစ်သည့် လူတူပရိုင်းမိတ်များ စတင်အခြေချနေထိုင်ခဲ့ကြပြီး သမိုင်းမတင်မီခေတ်များဖြစ်ကြသည့် ကျောက်ခေတ်၊ ကြေးခေတ်နှင့် သံခေတ် ခေတ်အဆက်ဆက်တွင် ယဉ်ကျေးမှုများ အဆင့်ဆင့်တိုးတက်ဖြစ်ပေါ်ပြောင်းလဲခဲ့သည့်နည်းတူ ရက်ကန်းအတတ်ပညာသည်လည်း မြန်မာ့မြေပေါ်တွင် ခေတ်အဆက်ဆက် တီထွင်၍ မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းတတ်မြောက်ခဲ့ကြခြင်းဖြစ်ပါသည်။
ကြေးခေတ် - သံခေတ်
မြန်မာနိုင်ငံတွင် ရက်ကန်းလက်မှုအတတ်ပညာထွန်းကားခဲ့သည့် အစောဆုံးအထောက်အထား များအဖြစ် လွန်ခဲ့သောနှစ်ပေါင်းသုံးထောင်ခန့်က ထွန်းကားခဲ့သည့် ကြေးခေတ် - သံခေတ်ဒေသများ၌ တူးဖော်ရရှိခဲ့သည့် ကြေးထည်ပစ္စည်းများပေါ်တွင် ကပ်တင်ကျန်ရစ်သော အဝတ်စအရာ အထောက်အထားများနှင့်အတူ ချည်ခင်ထုတ်ရာတွင် အသုံးပြုခဲ့ကြသည့် မြေကျင်သီးများကိုပါ တူးဖော်တွေ့ရှိခဲ့ ကြသည်။ ထို့ကြောင့် မြန်မာနိုင်ငံတွင် ရက်ကန်းလက်မှုအတတ်ပညာသည် လွန်ခဲ့သော နှစ်သုံးထောင် ခန့်ကပင် ပေါ်ထွန်းနေပြီဖြစ်ကြောင်း ခိုင်မာစွာ ကောက်ချက်ချနိုင်ပါသည်။
ပျူခေတ် (ဘီစီ ၂ ရာစုမှ အေဒီ ၉ ရာစု)
ဘီစီ ၂ ရာစုမှ အေဒီ ၉ ရာစုအထိ ထွန်းကားခဲ့သည့် မြန်မာနိုင်ငံ၏ သမိုင်းအကြိုခေတ်ဟုခေါ်ဆိုနိုင်သော ပျူခေတ်တွင်လည်း ရက်ကန်းအတတ်ပညာ ထွန်းကားခဲ့သည်။ အထောက်အထားအဖြစ် သရေခေတ္တရာမြို့ဟောင်း၏ နန်းတော်ရာအတွင်းမှ တူးဖော်ရရှိခဲ့သည့် အမိုးအုတ်ကြွပ်ပြားများပေါ်တွင် တွေ့ရ သော အဝတ်စအရာများအရ သိရှိနိုင်ပါသည်။ ယင်းသို့အဝတ်စအရာများကို တွေ့ရှိရခြင်းမှာ အုတ်ကြွပ်ပြားများ ပြုလုပ်သည့်အခါ ရွှံ့နှင့် မိုလ်ပုံစံအကြား ကပ်မနေစေရန်နှင့် ပြန်လည်ခွာယူရာ၌ လွယ်ကူစေရန် ကြားခံအဖြစ် အသုံးပြုခဲ့ခြင်း ဖြစ်ဟန်တူပါသည်။
ထို့အပြင် ပျူခေတ်ဝတ်စားဆင်ယင်မှုဆိုင်ရာ အထောက်အထားများအဖြစ် သရေခေတ္တရာမြို့ဟောင်းမှ တူးဖော်တွေ့ရှိရသည့် ပျူကချေသည် ကြေးရုပ်ငါးရုပ်၊ ခင်ဘကုန်းမှ တူးဖော်ရရှိသည့် ငွေတံခါးစောင့်နတ်ရုပ်များ၊ နန်းတော်ရာကုန်းမှ တူးဖော်ရရှိသည့် သဲကျောက်ချပ်မှ ရုပ်ကြွများစသည်တို့ကို ကြည့်ခြင်းဖြင့် သိနိုင်ပါသည်။
ပုဂံခေတ် (အေဒီ ၁၁ - ၁၃ ရာစု)
ပုဂံခေတ် (အေဒီ ၁၁ - ၁၃ ရာစု) တွင်လည်း ရက်ကန်းအတတ်ပညာ တိုးတက်ထွန်းကားခဲ့ကြောင်းကို ပုဂံရှေးဟောင်းဒေသမှ ဂူဘုရား ၁၅ ဆူ တွင် တွေ့ရသည့် အဝတ်ပန်းချီများအရ သိနိုင်ပါသည်။ ပုဂံခေတ်ဝတ်စားဆင်ယင်မှုများနှင့်ပတ်သက်၍ အင်္ကျီအဖြစ် လက်ဖျားအစွန်းတွင် အကော့အညွတ်နှင့် ကနုတ်များပါသည့် “တုယင်”ကို အဆင့်အတန်းမြင့်သူများက ဝတ်ဆင်ကြပြီး ရိုးရိုးအင်္ကျီ “ဖျင်”ကို အဆင့်အတန်းနိမ့်သူများ ဝတ်ဆင်ကြသည်။ အေဒီ ၁၃ ရာစုထိုး အစောကြွမ်းကျောက်စာနှင့် ဝိနည်းဓိုရ်မင်စာများတွင် “ပုဆိုး” ဟူသည့်အသုံးကို တွေ့ရသည်။ အစောကြွမ်းကျောက်စာတွင် ရက်ကန်းရက်လုပ်သူကို “ရန်သည်”ဟု ရေးသားထားသဖြင့် ပုဂံခေတ်တွင် ရက်ကန်းအတတ်ပညာဖြင့် အသက်မွေးသူများလည်းရှိကြောင်းကို သိရှိနိုင်သည်။
ပုဂံခေတ်နောက်ပိုင်းခေတ်များ
သမိုင်းစဉ်တစ်လျှောက် ပေါ်ထွန်းခဲ့သည့်ခေတ်များဖြစ်ကြသော ပျူခေတ်၊ ပုဂံခေတ်၊ ပင်းယခေတ်၊ အင်းဝခေတ်၊ တောင်ငူခေတ်၊ ညောင်ရမ်းခေတ်၊ ကုန်းဘောင်ခေတ်စသဖြင့် ခေတ်အဆက်ဆက်တွင်လည်း မြန်မာ့ရိုးရာ ရက်ကန်းအတတ်ပညာတိုးတက်ထွန်းကားခဲ့လေသည်။ သဘာဝဆိုးဆေးများကို အသုံးပြု၍ အဝတ်အထည်များကို ဒီဇိုင်းအမျိုးမျိုးထွင်ကာ ရိုးရာမပျက် ရက်လုပ်ဝတ်ဆင်ခဲ့ကြကြောင်းကို ရုပ်တု၊ ရုပ်ကြွများ၊ သမိုင်းမှတ်တမ်းများ၊ ကျောက်စာများ၊ နံရံဆေးရေးပန်းချီများအရ သိရှိနိုင်ပါသည်။
ပင်းယခေတ် (အေဒီ ၁၃ - ၁၄ ရာစု) တွင်လည်း အဝတ်အထည် အဆင်ဒီဇိုင်းများကို တီထွင်၍ ဝတ်ဆင်လာခဲ့ကြသဖြင့် ရက်ကန်းလုပ်ငန်း တွင်ကျယ်ခဲ့သည်။
မြန်မာသက္ကရာဇ် ၆၇၄ ခုနှစ်တွင် ပင်းယသီဟသူမင်း လက်ထက်ရေးသားခဲ့သည့်ကဗျာတွင် “ခါးဝတ်တော်မှာ ရွှေခြည်စုံ၊ မှိုင်းလုံးရွှေဝတ်လုံ၊ မလုံသာ ချမ်းအေးမြ၊ မိုးသောက်ထ ရောင်ဖြူလာငယ်ကို”ဟု ပါရှိသဖြင့် ပုဆိုးကို ‘ခါးဝတ်’ ဟုခေါ်၍ အင်္ကျီကို ‘ဝတ်လုံ’ဟု ခေါ်ဆိုခဲ့ကြောင်းနှင့် ရွှေခြည်ထိုး လုပ်ငန်းလည်း ပေါ်ပေါက်နေပြီဖြစ်ကြောင်း သိရှိနိုင်ပါသည်။ အင်းဝခေတ် (အေဒီ ၁၄ - ၁၆ ရာစု) တွင် ရက်ကန်းအတတ်ပညာများ ဆက်လက်ထွန်းကားခဲ့ကြောင်းကို ရှင်မဟာရဋ္ဌသာရ၏ ကိုးခန်းပျို့တွင် “ဗိုင်းမှုဝါမှု၊ ညီစေတုသို့၊ ဖန်ပြုဖျစ်ကြိတ်၊ အိမ်လုံးတိတ်မျှ၊ မဆိတ်မညံ၊ ချည်ဝင့်သံလည်း၊ တရံမပြတ်၊ ချားရဟတ်နှင့် ချည်သွတ်မချာ၊ ချည်စာယူထ၊ မအားကြ” ဟု ရေးစပ်ထားသည်ကို လေ့လာရ၍ အင်းဝခေတ်၌ အိမ်တိုင်းတွင် ရက်ကန်းလုပ်ငန်းကို လုပ်ဆောင်ကြကြောင်း သိရှိနိုင်ပါသည်။ ဟံသာဝတီပါမင်း အမှာတော်ပုံတွင် “လက်ချိတ်လွန်းပျံ၊ ဧကနံ၊ သည်တွင် အစပေါ်လေပြီ”ဟု ဖော်ပြထားသဖြင့် ညောင်ရမ်းခေတ် (အေဒီ ၁၆ - ၁၈ ရာစု)တွင် လွန်းရာကျော် အချိတ်ဆင်များ ပေါ်ပေါက်နေပြီ ဖြစ်ကြောင်းကို သိရှိနိုင်ပါသည်။ ကုန်းဘောင်ခေတ် (အေဒီ ၁၈ -၁၉ ရာစု) တွင် ဆင်ဖြူရှင်မင်းတရားကြီး၊ ဘိုးတော်ဘုရားနှင့် ဘကြီးတော်မင်းတရားလက်ထက်များ၌ အာသံ၊ မဏိပူရမှ ကသည်း ရက်ကန်းပညာရှင်များကို ခေါ်ဆောင်ကာ ပိုးမွေးမြူခြင်း၊ ရက်ကန်းရက်လုပ်ခြင်းတို့ကို ပြန်လည်သင်ကြားစေခဲ့သဖြင့် ကုန်းဘောင်ခေတ်တွင် ရက်ကန်းအတတ်ပညာ ပိုမိုဖွံ့ဖြိုးတိုးတက်ခဲ့သည်။ ကုန်းဘောင်ခေတ်တွင် နန်းတွင်းသူတို့သည် အနို့တပ်အင်္ကျီနှင့် နံကွဲထဘီများကို ဝတ်ဆင်ကြပြီး အရပ်သူများသည် ရင်ဖုံးအင်္ကျီ ခါးတိုလက်ပွများ၊ အနားတပ် နံကွဲထဘီများကို ဝတ်ဆင်ကြသည်။ မုံရွေးဆရာတော် ရေးသားသည့် ကုသပျို့တွင် “လွန်းကျော်လွန်းပျံ၊ လွန်းလှန်တိမ်ရိပ်၊ မိုးရိပ်တိမ်ပြင်၊ နီလွင်ညိုမောင်း၊ သက်တင်ချောင်းသို့၊ လွန်းပေါင်းတစ်ရာငါးဆယ်သာသည်၊ ရွှေဝါပုလဲ၊ အကွဲကွဲတည့်” ဟု စပ်ဆိုထားသဖြင့် ကုန်းဘောင်ခေတ်တွင် လွန်းရာကျော်ချိတ်များ ခေတ်စားကြောင်း သိရှိနိုင်ပါသည်။ ရတနာပုံခေတ်တွင် ကနောင်မင်းသားကြီး တည်ထောင်ခဲ့သည့် စက်ရုံ၊ အလုပ်ရုံများအနက် ဝါဂွမ်းစက်ရုံများ၊ ရက်ကန်းစက်ရုံများလည်း ပါဝင်ခဲ့သဖြင့် ကုန်းဘောင်ခေတ်တွင် ရက်ကန်းလုပ်ငန်းများ အထွန်းကားဆုံးဖြစ်သည်။
ပေစာစည်းကြိုးများ
မြန်မာတို့၏ ရက်ကန်းလက်မှုအနုပညာအကြောင်းကို ဖော်ပြပါက ပေစာစည်းကြိုးများသည်လည်း မပါမဖြစ်ဖော်ပြရမည်ဖြစ်ပါသည်။ ရက်ကန်းလက်မှုအနုပညာဖြင့် ဖန်တီးထားသည့် ပေစာစည်းကြိုးများသည် မြန်မာ့စာပေတွင် အရေးပါသော စာပေအထောက်အထားများ ဖြစ်ကြသည်။ ဗုဒ္ဓသာသနာတော်အတွက် မရှိမဖြစ်လိုအပ်သည့် ပိဋကတ်တော်များကို ပေထက်အက္ခရာတင်၍ ဗုဒ္ဓသာသနာတော် ရေရှည်တည်တံ့ခိုင်မြဲစေရန် ဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ပေစာထုပ်များကို စည်းနှောင်ရန်ကြိုးများကို ‘စာစည်းကြိုး’ဟု ခေါ်ဆိုပါသည်။ အေဒီ ၁၈ ရာစုက ပြုလုပ်ခဲ့သည့် အစောဆုံးစာစည်းကြိုးများကို တွေ့ရှိရသဖြင့် စာစည်းကြိုးများကို ထိုကာလထက်စော၍ ပြုလုပ်ခဲ့ကြဖွယ်ရှိပါသည်။ ထိုစာစည်းကြိုးများသည် ကြိုးပြားတစ်ချောင်းတည်းဖြစ်စေရန် ရက်လုပ်ထားခြင်းဖြစ်သည်။ စာစည်းကြိုးများတွင် အလှူရှင်၏ ဆုတောင်းစာများကို ရက်လုပ်ထားတတ်ပြီး အချို့သောပေစာစည်းကြိုးများတွင်မူ ပန်းကနုတ်၊ ငှက်ရုပ် စသည်တို့ကိုသာ ရက်လုပ်ထားတတ်ကြသည်။ ပေစာထုပ်ကို လှူဒါန်းသည့် အလှူရှင်၏ ဆုတောင်းစာကို စာတစ်ကြောင်းတည်းဖြင့် ဖော်ပြနိုင်ရန်အတွက် ချည်ကိုအသုံးပြု၍ စာလုံးများကို အသေးစိတ်ပေါ်လွင်စေရန် ရက်လုပ်ထားသည်မှာ အနုပညာလက်ရာမြောက်လှပြီး မြန်မာတို့၏ရက်ကန်း လက်မှုအနုပညာကို လေးစားအသိအမှတ်ပြုရမည်ဖြစ်ပါသည်။ ယခုခေတ်တွင် ပေစာစည်းကြိုး ရက်လုပ်တတ်သူများ မရှိကြတော့ပါ။ ထို့ကြောင့် ရှိပြီးသော ပေစာစည်းကြိုးများကို အများပြည်သူအနေဖြင့် တန်ဖိုးထားထိန်းသိမ်းသင့်ပါသည်။ ယခုပြပွဲတွင် ရတနာပုံခေတ်လက်ရာ ရမည်းသင်းမြို့သူကြီး၏ ဆွေမျိုးများ လှူဒါန်းထားသည့် ပေစာစည်းကြိုးကိုလည်း ဗဟုသုတရဖွယ်ပြသထားပါသည်။
အခြားပြကွက်များ
အခြားပြကွက်များအဖြစ် ချည်ထည်ရက်ကန်းရက်လုပ်ရန်အတွက် ဝါပေါက်မှ ချည်ခင်ထုတ်ယူသည်အထိ အဆင့်များကို ရှင်းလင်းချက်များဖြင့် ပြသထားသည်။ မြန်မာ့ရိုးရာ ရက်ကန်းစင်၊ ဂျပ်ခုတ် ရက်ကန်းတို့ကိုလည်း လေ့လာနိုင်ရန် ပြသထားပြီး အင်းလေးကြာချည် ရက်လုပ်ပုံနှင့် ကြာတဘက်၊ ကြာသင်္ကန်းများကို ပြသထားသည်။ အချိတ်ဒီဇိုင်းများ၊ ရွှေချည်ထိုးရက်လုပ်ပုံများကိုလည်း လေ့လာ နိုင်ကြမည်ဖြစ်ပါသည်။ ထို့အပြင် မြန်မာ့သမိုင်းခေတ်အဆက်ဆက်တွင် အမျိုးသား အမျိုးသမီးများ၏ ဝတ်စားဆင်ယင်မှုများနှင့် တိုင်းရင်းသားလူမျိုးကြီး ရှစ်မျိုး၏ ဝတ်စားဆင်ယင်မှုများကိုလည်း လေ့လာနိုင်ကြမည်ဖြစ်ပါသည်။
ထို့ကြောင့် မြန်မာနိုင်ငံ၏ ရက်ကန်းလက်မှုအနုပညာအကြောင်း၊ ခေတ်အဆက်ဆက် ဝတ်စားဆင်ယင်မှုများနှင့် တိုင်းရင်းသားလူမျိုးကြီးများ၏ ဝတ်စားဆင်ယင်မှုများကို သိရှိနိုင်ကြစေရန်အတွက် “မြန်မာ့ရက်ကန်းလက်မှုအနုပညာအထူးပြပွဲ”သို့ လာရောက်လေ့လာကြပါရန် ဖိတ်ကြားလိုက်ပါသည်။ ။
ရည်ညွှန်းချက်
စောမုံညင်း(၁၉၈၉) မြန်မာအမျိုးသမီးဆင်ယင်ထုံးဖွဲ့မှု၊ စာပေဗိမာန်
စိန်ဝင်း၊ ရေနံသာ(၁၉၉၆) မြန်မာ့ရိုးရာရက်ကန်းပညာ၊ စာပေဗိမာန်
ရွှေကိုင်းသား (၂၀၀၅) ဆင်ယင်ထုံးဖွဲ့မှု၊ ကြီးပွားရေးစာအုပ်တိုက်
တူးဖော်မှုအစီရင်ခံစာများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန
Pautreau, Jean-Pierre et al;(2020) Iron
Age Burials in Myanmar