မှားတာတွေကိုသိရင် အမှန်ကို အမြန်ပြင်
ကိုယဉ်ချစ် (မန္တလေး)
လူသားတွေဟာ ရလာတဲ့ဘဝတစ်ခုကို ရှင်သန်ရပ်တည်နိုင်ဖို့ အလုပ်တွေလုပ်နေကြပါတယ်။ လုပ်နေတဲ့အလုပ်တွေမှာ ဘာအလုပ်ကိုပဲလုပ်လုပ်၊ အမျိုးအစားတွေ ဘယ်လိုကွဲပြားပါစေအလုပ်ရဲ့အဖြေက အမှန်နဲ့အမှားဆိုတဲ့ နှစ်မျိုးပဲရှိပါတယ်။ အမှန်ဆိုတာ မမှားယွင်းသော၊ မလွဲသော၊ ဖြောင့်မတ်သော၊ အစဉ်အမြဲအတိုင်းဖြစ်သောလို့ခေါ်ပြီး အမှားဆိုတာ မမှန်ကန်သော၊ အမှန်ရဲ့ဆန့်ကျင်ဘက်ဖြစ်သော၊ ယွင်းသောလို့ မြန်မာအဘိဓာန်မှာ မှတ်သားဖူးပါတယ်။
အချို့အလုပ်တွေဟာ မှန်တယ်ထင်ပြီးလုပ်လိုက်ပေမယ့် မှားနေတတ်တယ်။ မှားတယ်ထင်ပြီး မလုပ်မိတဲ့အလုပ်က မှန်နေတတ်တယ်။ လူဆိုတာ ငါ၊ မိမိဆိုတဲ့ အတ္တနဲ့အခြေခံရပ်တည် ရှင်သန်နေကြပါတယ်။ လုပ်ကိုင်သမျှအလုပ်တွေတိုင်းဟာမှန်တယ်၊ မှားတယ်ဆိုတာ အမြဲမရှိနိုင်ပါဘူး။ ဘဝခရီးလမ်းမှာ အမှန်လမ်းပေါ်ကိုလျှောက်ရင် လမ်းမှန်ပေါ်ကို ရောက်မယ်။ မှားတဲ့လမ်းကို ရွေးလျှောက်မိရင်တော့ လမ်းမှားဆီကိုသာ ရောက်သွားမှာဖြစ်ပါတယ်။ လုပ်လိုက်တဲ့အလုပ်တွေ မှန်တယ်မှားတယ်ဆိုတာက လုပ်တဲ့သူရဲ့အတွေးအမြင်၊ အသိပညာ၊ အရည်အချင်းတွေနဲ့ ခံယူကျင့်သုံးမှုတွေ အပေါ်မှာမူတည်ပါတယ်။ အတွေးအမြင်၊ အသိပညာတွေမှန်ကန်နေရင် ကောင်းကျိုးတွေကို ခံစားရမှာ ဖြစ်ပေမယ့်မှားယွင်းနေရင်တော့ ဆိုးကျိုးတွေကိုသာ ခံစားကြရမှာပါ။ ရွေးချယ်တဲ့အပေါ်မူတည်ပြီး လမ်းမှန်ပေါ်ကနေ လမ်းမှားဆီကို ရောက်သွားနိုင်သလို၊ လမ်းမှားပေါ်လျှောက်မိနေရင်း အသိတရားနဲ့ ဆင်ခြင်ပြီးလမ်းမှန်ပေါ်ကို ပြောင်းပြီးလျှောက်လှမ်းလို့လည်း ရပါတယ်။
မှားတယ်ဆိုတာ မသိလို့မှားတာ၊ သိလျက်နဲ့မှားတာ၊ မှားနေမှန်းသိလျက်နဲ့ မပြင်ဘဲဆက်လုပ်လို့ မှားတာတွေ ဖြစ်ပါတယ်။ ဘယ်လိုအကြောင်းကြောင့်မှားမှား ကိုယ့်အကျိုးကို ထိခိုက်စေပါတယ်။ အချို့အမှားတွေကတော့ ကိုယ်တစ်ဦးသာမကဘဲ ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေပါတယ်။ လူ့သဘာဝ အရ အမှားလုပ်မိရင် အမှားကိုပြင်ဖို့ထက် ဆင်ခြေပေးပြီး အပြစ်ကလွတ်အောင် ရှောင်ထွက်တတ်ကြပါတယ်။ အချို့က ပုထုဇဉ်လူသားတွေပဲ အမှားနဲ့ဘယ်ကင်းနိုင်ပါ့မလဲလို့ ဆင်ခြေပေးပြောတတ်ကြပါတယ်။ လူတိုင်းအမှားနဲ့ မကင်းနိုင်ကြတာ မှန်ပေမယ့်လည်း ခံစားရမယ့်အပြစ် ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ အမှားနည်းနိုင်သမျှနည်းအောင် လုပ်ကိုင်ဆောင်ရွက်နိုင်ရင် အကောင်းဆုံးပါပဲ။
ဒုစရိုက် ၁၀ ပါး
အမှားဆိုတဲ့ မကောင်းမှုပြုလုပ်မိတာကို ဒုစရိုက်လို့ ခေါ်ပါတယ်။ ဒု = မကောင်းသော + စရိတ = စရိုက် (အကျင့်)၊ ဒုစရိုက် = မကောင်းတဲ့အမှုကို ပြုမူကျူးလွန်ခြင်းဖြစ်ပါတယ်။ ဒုစရိုက် ၁၀ ပါးဆိုတာ မကောင်းသော ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတွေကိုခေါ်တာပါ။ ဒုစရိုက် ၁၀ ပါးမှာ ကာယကံသုံးပါး၊ ဝစီကံ လေးပါးနဲ့ မနောကံသုံးပါးရှိပါတယ်။ ကာယဒုစရိုက်သုံးပါးက (၁)သူတစ်ပါးအသက်ကို သတ်တာ၊ (၂) ပိုင်ရှင်ကကိုယ်နှုတ်နဲ့မပေးတဲ့ သူတစ်ပါးပစ္စည်းကို ခိုးယူတာ၊ (၃)ကာမဂုဏ်မှာ မှားယွင်းစွာဖောက်ပြန်တာတွေ ဖြစ်ပါတယ်။
ဝစီဒုစရိုက်လေးပါးကတော့ (၁) မဟုတ်မမှန်တဲ့အရာကို ဟုတ်မှန်တဲ့အနေနဲ့ လိမ်ညာပြောဆိုတာ၊ (၂) ချောပစ်ကုန်းတိုက်တာ / ချစ်သူနှစ်ဦးကွဲသွားအောင် သို့မဟုတ် မိမိကို ချစ်ခင်လာအောင် ချစ်သူနှစ်ဦးကို ရန်တိုက်ပေးတာ/ သင့်တင့်ညီညွတ်နေတဲ့ မိတ်ဆွေနှစ်ဦးကို မသင့်မတင့်ဖြစ်အောင်၊ စိတ်ဝမ်းကွဲအောင်ပြောဆိုတာ၊ (၃) ကြမ်းကြမ်းတမ်းတမ်း ဆဲရေးတိုင်းထွာပြောဆိုတာ၊ (၄) မိမိသူတစ်ပါး နှစ်ဦးသား လုံးဝအကျိုးမရှိတဲ့စကားပြောဆိုတာတွေ ဖြစ်ပါတယ်။
မနောဒုစရိုက်သုံးပါးကတော့ (၁)သူများစည်းစိမ်ဥစ္စာ ချမ်းသာကြွယ်ဝနေတာကိုမြင်တဲ့အခါ အဲဒီစည်းစိမ်ဥစ္စာတွေ ငါ့ဥစ္စာတွေဖြစ်လာရင် ကောင်းလေစွလို့ သူတစ်ပါးစည်းစိမ်ဥစ္စာအပေါ် မကောင်းကြံစည်တာ၊ (၂)သူတစ်ပါးကို ပျက်စီးစေလိုစိတ်ဖြစ်ပေါ်တာ၊ (၃)လှူခြင်းက အကျိုးမရှိ၊မလှူခြင်းက အပြစ်မရှိစတဲ့မှားယွင်းဖောက်ပြန်စွာယူခြင်းတို့ဖြစ်ပါတယ်။ ဒုစရိုက်တရား ၁၀ ပါးကို အကုသလကမ္မပထတရား ၁၀ ပါးလို့လည်း ခေါ်ပါတယ်။ (အကုသလ = အကုသိုလ် + ကမ္မ = ကံ + ပထ အပယ်ရောက်ကြောင်းလမ်းဖြစ်ပါတယ်။)
သုစရိုက်တရား ၁၀ ပါး
သုစရိုက်တရား ၁၀ ပါးဆိုတာကောင်းတဲ့ ကိုယ်မှု၊ နှုတ်မှု၊ စိတ်မှုတွေကို ခေါ်ပါတယ်။ ကုသလကမ္မပထတရား ၁၀ ပါး ဖြစ်ပါတယ်။ မှန်တဲ့အလုပ်ဖြစ်ဖြစ်၊ မှားတဲ့အလုပ်ဖြစ်ဖြစ်လုပ်ကိုင်ကြတဲ့ အကြောင်းခံတရားတွေက အမျိုးမျိုးရှိကြပါတယ်။
သာဝတ္ထိပြည်မှာ ကောသလမင်းကြီး ထီးနန်းစိုးစံနေချိန် ပုရောဟိတ်ပုဏ္ဏားကြီးရဲ့ဇနီးသည် မန္တဏီပုဏ္ဏေးမကြီး မီးဖွားတော့ ကောသလမင်းကြီးရဲ့လက်သုံးတော် သန်လျက်တော်ကြီးအပါအဝင် တစ်မြို့လုံးမှာရှိတဲ့ လက်နက်တွေဟာအရောင်တွေ တောက်ပကြတယ်။ ဒါကြောင့် ပုရောဟိတ်ပုဏ္ဏားကြီးက နက္ခတ်တွေကိုကြည့်တော့ သူ့သားဟာ သူခိုးလူသတ်သမားဖြစ်မယ့်နက္ခတ်နဲ့ယှဉ်ပြီး မွေးတယ်ဆိုတာ သိလိုက်ရတယ်။ နောက်တစ်နေ့ညီလာခံမှာ ကောသလမင်းကြီးက ပုဏ္ဏားကြီးကို အကျိုးအကြောင်းမေးတော့ ပုဏ္ဏားကြီးက မကွယ်ဝှက်ဘဲ သူ့သားကြောင့်ဖြစ်တာပါ၊ တစ်ယောက်တည်း လှည့်လည်ခိုးတဲ့သူခိုးဖြစ်ပါလိမ့်မယ်၊ ကွပ်မျက်တော်မူပါလို့လျှောက်တင်တယ်။ ဒါပေမဲ့မင်းကြီးက တစ်ယောက်တည်းဆိုးသွမ်းတဲ့သူဆိုရင်တော့ ကောင်းစွာပြုပြင်မွေးမြူပါဆိုပြီး မကွပ်မျက်ခဲ့ပါဘူး။
မင်းကြီးရဲ့သန်လျက်တော်အပါအဝင် တစ်မြို့လုံးက လက်နက်တွေအရောင်တောက်ပြောင်ပေမယ့် တစ်စုံတစ်ဦးကိုမျှ မထိခိုက်တာကြောင့် အဟိံသကလို့ အမည်ပေးခဲ့တယ်။ အဟိံသကအရွယ်ရောက်လာတော့ တက္ကသိုလ်ပညာသင်ယူတော့ ပညာကထူးချွန်ထက်မြက်တယ်၊ ဇာတ်လည်းမြင့်တယ်၊ ဆရာကြီးကလည်း ချစ်ခင်တာကို ကျန်တဲ့ တပည့်တွေကမနာလိုဖြစ်ပြီး ဆရာကြီးဆီကို အမြဲကုန်းချောကြတယ်။ ဆရာကြီးက အစောပိုင်းမှာ မယုံကြည်ပေမယ့် ကြိမ်ဖန်များစွာ ကုန်းချောကြတော့ ဆရာကြီးက အချစ်ပြယ်ပြီး အဟိံသကကို သတ်ဖို့ကြံစည်တော့တယ်။
ဒါပေမဲ့ သူ့ရဲ့သိက္ခာကျမှာလည်း စိုးရိမ်တော့မသတ်ဘဲ ပညာအတွက်ပူဇော်ဖို့ လူတစ်ထောင်ကို သတ်ရမယ်လို့စေခိုင်းတယ်။ အဟိံသကက ငြင်းဆန်ပေမယ့်မရတော့ တောရိပ်ခိုကာ လူတွေသတ်ပါတော့တယ်။ ဘယ်နှယောက်သတ်ပြီးပြီ မှတ်မိအောင်အသတ်ခံရသူတွေရဲ့ လက်ညှိုးတစ်ချောင်းစီဖြတ်ကာ ပန်းကုံးသဖွယ်ကြိုးနဲ့သီပြီး လည်ပင်းမှာ ချိတ်ဆွဲယူဆောင်စေတယ်။ ဒါကြောင့် အဟိံသကအမည်ကနေ အင်္ဂုလိမာလအမည်နဲ့ ထင်ရှားခဲ့တယ်။ အဟိံသကဟာ တက္ကသိုလ်ပညာသင်ယူခဲ့တဲ့ ပညာတတ်တစ်ယောက်ဖြစ်ပေမယ့်မှားယွင်းတဲ့ ဆရာရဲ့စေခိုင်းမှုကြောင့် လက်ညှိုးပေါင်းတစ်ထောင်ပြည့်ဖို့ တစ်ချောင်းအလိုမှာ သူ့ရဲ့မွေးမိခင်ကိုတောင် သတ်ဖို့အခြေအနေအထိ အမှားတွေကျူးလွန်ခဲ့ပါတယ်။ ဒါပေမဲ့ မြတ်ဗုဒ္ဓရဲ့မေတ္တာတန်ခိုးတော်နဲ့ ကယ်ချွတ်တော်မူခဲ့လို့ အကျွတ်တရားရပြီး လူဆိုးလူမိုက်ဘဝက လွတ်မြောက်ခဲ့ပါတယ်။ ပညာတတ်ဖြစ်ပေမယ့် ပတ်ဝန်းကျင်ကြောင့် အမှားကိုကျူးလွန်မိတယ်။ အမှားကိုသိရင် အမှန်ကို အချိန်မီပြင်ဆင်နိုင်တယ်ဆိုတဲ့ သာဓကတစ်ခုပါပဲ။
လေ့လာမှတ်သားထားတာ လွဲရင်လည်း မှားတတ်
နောက်တစ်မျိုးကတော့ လေ့လာမှတ်သားထားတာ လွဲရင်လည်းမှားတတ်ပါတယ်။ မြန်မာနိုင်ငံ အလယ်ပိုင်းက ပုပ္ပားတောင်ကြီးရဲ့အမြင့်ပေကို မှတ်သားရလွယ်အောင် ဆယ့်ကိုးယုတ်ငါးထောင်လို့ စာချိုးထားခဲ့ပါတယ်။ အချို့ကဆယ့်ကိုးယုတ် ငါးတောင်လို့ အမှတ်မှားကြပါတယ်။ ဖိုခုံလောက်ဆိုင် တောင်သုံးလုံးဖြစ်တဲ့ မှန်ပြတောင် (၄၉၈၁ ပေ)၊ စပါးပုံတောင် (၄၇၅၅ ပေ)နဲ့ ဆေးမွန်တောင် (၄၆၀၀ ပေ) ထဲကအမြင့်ဆုံးဖြစ်တဲ့ မှန်ပြတောင်ဟာ ပေ ၅၀၀၀ ပြည့်ဖို့ ဆယ့်ကိုးပေလိုနေတာကို မှတ်သားရလွယ်အောင် ဆယ့်ကိုးယုတ်ငါးထောင်ကို ဆိုလိုခြင်းဖြစ်ပါတယ်။ အမှတ်လွဲရင်လည်း မှားတတ်ပါတယ်။
နောက်တစ်မျိုးကတော့ လုပ်ရည်ကိုင်ရည်တွေ ဘယ်လောက်ပြည့်စုံပါစေ၊ ပညာတွေဘယ်လောက်တတ်ပါစေ၊ စီးပွားဓနဥစ္စာတွေ ဘယ်လောက်ပြည့်စုံပါစေ လုပ်ကိုင်လိုက်တဲ့အလုပ်တစ်ခု လွဲချော်သွားရင် အမှားတွေနဲ့ ကြုံရတတ်ပါတယ်။ အချို့က မိမိကိုယ်မိမိ အထင်ကြီးစိတ်နဲ့ ကိုယ်လုပ်နေတဲ့အလုပ်တွေကို အမှန်လို့ထင်မှတ်တတ်ကြပါတယ်။ ကိုယ်လုပ်တဲ့အလုပ်တိုင်းက အမြဲမှန်နေတယ်ဆိုတဲ့ တစ်ယူသန်အစွဲမထားသင့်ပါဘူး။ ရွာစားကြီး စိန်တင်ဟန်ရေးသားတဲ့ ဘိသိက်ပြိုင်ဆိုတဲ့ ဇာတ်လမ်းရဲ့ဇာတ်သိမ်းပိုင်းမှာ ဘိသိက်ဆရာ ဆားတောင်သောင်းက ဘိသိက်ဆရာ ရတနာပုံ ဆရာလှိုင်ကို အမှားနဲ့ပတ်သက်ပြီး ပြောလိုက်တဲ့ စကားကအင်မတန်မှတ်သားစရာကောင်းပါတယ်။ အမှားဆိုတာ သူတစ်ပါးအပေါ်မှာ ကိုယ်ကကျူးလွန်တဲ့အမှား၊ ကိုယ့်အပေါ်မှာသူတစ်ပါးက ကျူးလွန်တဲ့အမှားနဲ့ ကိုယ့်ဘာသာကျူးလွန်တဲ့အမှားတဲ့။ အင်မတန်မှတ်သားထိုက်တဲ့ စကားပါ။ ဘယ်လိုအမှားမျိုးဖြစ်ပါစေ မှားနေမှန်းသိရရင် အမှန်ကိုချက်ချင်းပြင်လိုက်ပါ။ ကောင်းကျိုးခံစားရပါလိမ့်မယ်။
မှားတာကို မှားမှန်းသိလို့ အမှန်ကိုပြင်နိုင်သူဟာ သတ္တိကောင်းသူဖြစ်ပါတယ်။ သတ္တိဆိုတာ စွမ်းရည်၊ ရဲရင့်ခြင်းဖြစ်တာမို့ အမှားကအမှန်ကို အချိန်မီပြင်နိုင်သူဟာ သူ့ရဲ့ဂုဏ်သိက္ခာကို မြင့်မားစေသလို မှန်ကန်တဲ့ အရည်အချင်းပိုင်ရှင်ဖြစ်သွားမှာပါ။
လူတိုင်းအမှားနဲ့မကင်းနိုင်ကြလို့ မှားတတ်ကြတယ်ဆိုပေမယ့် အမှားနည်းအောင် ပြုမူပြောဆိုနေထိုင်ခြင်းက အကောင်းဆုံးပါပဲ။
အချို့က ကိုယ်လုပ်နေတဲ့အလုပ်တွေအောင်မြင် ပြီးစီးဖို့နဲ့ ကိုယ့်အကျိုးဖြစ်ဖို့အဓိကပဲလို့ သဘောထားကြပါတယ်။ ကိုယ့်အကျိုးစီးပွားအတွက် လုပ်တာတော့မှန်တယ်။ ကိုယ်လုပ်တဲ့အလုပ်ကြောင့် တစ်ဖက်သားအကျိုးစီးပွားနဲ့ အများကောင်းကျိုးကို ထိခိုက်စေမယ့်အလုပ်မျိုးကတော့ မှားယွင်းတဲ့အလုပ်ဖြစ်ပါတယ်။ ကိုယ့်အတွက်အကျိုးရှိပြီး ကြီးပွားချမ်းသာပေမယ့်အများစုက ဒုက္ခတွေ၊ သောကတွေခံစားရမယ့် အလုပ်မျိုးတွေကိုတော့ ရှောင်ရှားသင့်ပါတယ်။ ဘယ်သူသေသေ၊ ငတေမာပြီးရောဆိုတဲ့ အစွန်းရောက်အသိတရားနဲ့ အမှားမလုပ်မိဖို့ သတိပြုဆင်ခြင်လုပ်ကိုင်သင့်ပါတယ်။
ဥပမာအားဖြင့် အရောင်းအဝယ်နဲ့ အသက်မွေးဝမ်းကျောင်းအလုပ်ကို လုပ်တယ်ဆိုပါစို့။ အင်္ဂုတ္တရနိကာယ ဥပါသကဝဂ်ဝဏိဇ္ဇသုတ်မှာ ဗုဒ္ဓဘာသာဥပါသကာတစ်ယောက်အနေနဲ့ မရောင်းကောင်းတဲ့ ကုန်စည်ငါးမျိုးကို ဗုဒ္ဓမြတ်စွာက ဟောကြားတော်မူခဲ့ပါတယ်။ အဲဒီ မရောင်းကောင်းတဲ့ ကုန်စည်ငါးမျိုးဆိုတာကတော့ - (၁) အများသေစေကြောင်း လေး၊ မြား စတဲ့လက်နက်ပေါင်းအမျိုးမျိုး၊ (၂) ဆင်၊ မြင်း၊ လူ စတဲ့ အစေခံသတ္တဝါအပေါင်း၊ (၃) ဝက်၊ သမင်စတဲ့ အသားစားသတ္တဝါအပေါင်း၊ (၄) သေရည် သေရက်အမျိုးမျိုးနဲ့၊ (၅) အများကို သေစေတတ်တဲ့ အဆိပ်အမျိုးမျိုးတို့ ဖြစ်ပါတယ်။ ဒါ့အပြင်လူအများ မဖြစ်မနေသုံးစွဲနေရတဲ့ ကုန်ပစ္စည်းတွေကို သိုလှောင် ဈေးကစားပြီး ရောင်းဝယ်ဖောက်ကားတဲ့အလုပ်မျိုး တွေကိုလည်း ကိုယ်ချင်းစာနာစိတ်နဲ့ ရှောင်ရှားသင့်ကြပါတယ်။
မှားယွင်းတဲ့ အကုသိုလ်အကျိုးပေးတွေ
မှန်တဲ့အလုပ်ဟာ ကုသိုလ်ဖြစ်သလို၊ မှားတဲ့အလုပ်ဟာ အကုသိုလ်ဖြစ်ပါတယ်။ မှားယွင်းတဲ့ အကုသိုလ်အကျိုးပေးတွေဟာ မျက်မှောက်ကာလမှာရော၊ သံသရာအထိပါ ခံစားရတတ်တာမို့ ဆင်ခြင်လုပ်ကိုင်သွားကြရပါမယ်။ အမှားပြုလုပ်ထားသူတွေဟာ ပြုလုပ်ထားတဲ့အလျောက် အဲဒီအကုသိုလ်ကံရင့်ကျက်လာပြီး ဆိုးပြစ်ကို ဖော်ထုတ်မပေးခင် အချိန်ပိုင်းမှာ ချမ်းသာသုခကို တွေ့မြင် ခံစားရပါသေးတယ်။ ဒါပေမဲ့ ဒုစရိုက်ကံရင့်ကျက်လာပြီး သတ္တိပြလာပြီဆိုရင်တော့ ဆိုးညစ်တဲ့ကံ ပိုင်ရှင်တွေဟာ ယုတ်မာဆိုးရွားတဲ့ ဆင်းရဲဒုက္ခတွေကို ခံစားရမှာ မလွဲဧကန်ဖြစ်ပါတယ်။
အမှန်တွေ အမှားတွေဆိုတာ ကိုယ်တိုင်ပြုတဲ့အလုပ်တွေရဲ့ရလဒ်ပါ။ ကိုယ်ပြုမိခဲ့တဲ့အမှားကို မှားမှန်းသိရင် အမှန်တရားကို တူးဆွရယူနိုင်ပါတယ်။ အမှားပြင်ဖို့ခက်နေရင်တောင် နောက်ထပ်မမှားဖို့ ဆင်ခြင်နိုင်ပါတယ်။ နေ့စဉ်လုပ်ကိုင်နေကြတဲ့ ကာယကံ၊ ဝစီကံ၊ မနောကံအလုပ်တွေတိုင်းကို မလုပ်ခင်မှာ အမှားနည်းအောင်လုပ်ကိုင်ကြရပါမယ်။ ကိုယ်လုပ်မယ့်အလုပ်တိုင်းမှာ မှန်သလား၊ မှားသလားဆိုတာ မလုပ်ခင်ကစဉ်းစား၊ လုပ်နေဆဲမှာလည်းစဉ်းစား၊ လုပ်ပြီးရင်လည်း စဉ်းစားလုပ်ကိုင်ကြရင် အကောင်းဆုံးဖြစ်ပါမယ်။ မရပ်မနားလည်ပတ်နေတဲ့ သံသရာခရီးမှာ လက်ရှိဘဝမှာရော တမလွန်ဘဝအထိပါကောင်းမွန်ဖို့ အမှားနည်းပြီး မွန်မြတ်တဲ့အလုပ်တွေကိုသာ ရွေးချယ်လုပ်ကိုင်နိုင်ကြပါစေ။ လုပ်ရင်းကိုင်ရင်း အမှားဆိုတာတွေ ကြုံတွေ့လာမယ့်အမှားတွေကို မြင်အောင်ကြည့်၊ အမှန်အဖြစ် အမြန်ပြုပြင်ဆောင်ရွက်နိုင်ကြပါစေ။ ။
ကိုးကား - ဗုဒ္ဓဘာသာကောင်း တစ်ယောက်၊ သာသနာတော်ထွန်းကားပြန့်ပွားရေးဦးစီးဌာန