အဂတိပယ်ခွာ ပြည်သာယာ
မောင်တည်ကြည်
အဂတိလိုက်စားမှုသည် အများပြည်သူလူထုတစ်ရပ်လုံးအတွက် နိုင်ငံတော်၏နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များနှင့်အညီ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကဏ္ဍအသီးသီးတို့ကို တည်ဆောက်ပဲ့ပြင်ကြရာ၌ လေးနက်တည်ကြည်စွာ မပြုလုပ်ပါက အတိဒုက္ခဖြစ်စေသည့် ဘေးအန္တရာယ်ကြီးတစ်ရပ်ဖြင့် ရင်ဆိုင်ရဖွယ်ဖြစ်ကြောင်း ပြောဆိုဆွေးနွေးရေးသားဖွင့်ဆိုနေကြသည်ကို တွေ့ကြရမည်ဖြစ်ပါသည်။ အဂတိလိုက်စားခြင်းသည် အဂတိလိုက်စားခဲ့သည့် ပုဂ္ဂိုလ်သာမက ယင်း၏အဖွဲ့အစည်းများကိုယ်တိုင်ပင်လျှင် ဘေးအန္တရာယ်အဘယ်မျှကြီးမားနေကြောင်း တွေ့ကြုံကြရမည်ဖြစ်ပါသည်။
အဂတိလိုက်စားမှုကြောင့် ကြုံတွေ့နိုင်သော ဘေးအန္တရာယ်များမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံမတူညီသလို ခေတ်ကာလတစ်ခုနှင့်တစ်ခုလည်း မတူညီနိုင်ပေ။ အဂတိလိုက်စားမှုကိုတိုက်ဖျက်ရန် ဥပဒေ၊ တရားစွဲအဖွဲ့အစည်း၊ စီရင်မည့် တရားရုံးတို့ကို ပြဋ္ဌာန်းဖွဲ့စည်းခန့်အပ်၍ ဆောင်ရွက်လျက် ရှိသော်လည်း အဂတိလိုက်စားမှုကို ထိရောက်စွာအရေးယူနိုင်ခြင်းမရှိသေးသည့်အတွက် အဂတိလိုက်စားမှုသည် ဘေးအန္တရာယ်ကြီးတစ်ခုသဖွယ် တိုးမြင့်လျက်ရှိကြောင်း တွေ့ရမည်ဖြစ်ပေသည်။
အဂတိလိုက်စားမှု၏ ဘေးအန္တရာယ်ကိုလေ့လာ
အဂတိလိုက်စားမှု၏ ဘေးအန္တရာယ်ကို လေ့လာကြသည့်အခါတွင် များသောအားဖြင့် ဦးစားပေးစဉ်းစားနေကြသည်မှာ ဥပဒေကြောင်းအရ ရာဇဝတ်ပြစ်ဒဏ်ထိုက်သင့်သော ငွေကြေးနှင့် တံစိုးလက်ဆောင် အပေးအယူကိစ္စမျှသာဖြစ်သည်။ ငွေကြေးနှင့် တံစိုးလက်ဆောင်အပေးအယူသည် စီးပွားရေးလုပ်ငန်းတစ်ခုလုံးအတွက် ကုန်ကျစရိတ်တွင် အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်နေပြီး အကျိုးအမြတ်တွက်ခြေကိုက်မှု၊ မကိုက်မှုအပေါ်တွင် စွန့်စားဆောင်ရွက်ခြင်းဖြစ်သည်။ သို့သော် ထို့ထက်အဆများစွာ ပိုဆိုးသည်မှာ ကိန်းဂဏန်းဖြင့် ဖော်ပြ၍မရသောဆုံးရှုံးမှုမှာ လုပ်ငန်းရှင်များနှင့် လုပ်ပိုင်ခွင့် အာဏာရှိသူများ၏ ကျင့်ဝတ်သိက္ခာနှင့် ဖြောင့်မတ်တည်ကြည်မှုတို့ကို ဂုဏ်သိက္ခာများနှင့်အတူ ပေးဆပ်လိုက်ရခြင်းဖြစ်သည်ကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်ပါသည်။
အဂတိလိုက်စားမှုဖြစ်ပွားရခြင်း၏ အရင်းခံအကြောင်းတရားများသည် စိတ်စေတနာ နည်းပါးခြင်းနှင့် အကျိုးစီးပွားပဋိပက္ခများ၏ အကျိုးဆက်များပင် ဖြစ်ပါသည်။ အဂတိလိုက်စားမှုသည် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် အဓိကအဟန့်အတားတစ်ခုဖြစ်ပြီး လူတစ်ဦးချင်းစီ၏ အကျင့်စာရိတ္တကို ပျက်စီးစေသည့်အပြင် မျှတမှုရှိသည့် ယှဉ်ပြိုင်လိုစိတ်၊ ကိုယ်ရည်ကိုယ်သွေးများကိုလည်း ကျဆင်းစေနိုင်ပါသည်။ အဂတိလိုက်စားမှုသည် ကောင်းမွန်သည့် အုပ်ချုပ်ရေးစနစ်ကို လျော့ပါးစေပြီး တရားဥပဒေစိုးမိုးရေးနှင့် နိုင်ငံသားအခွင့်အရေးတို့ကို ခြိမ်းခြောက်လာစေပါသည်။ ထို့အပြင် လူ့အဖွဲ့အစည်းအတွင်း စောင့်ထိန်းရမည့် ကျင့်ဝတ်၊ စံတန်ဖိုးများနှင့် စိတ်ဓာတ်ပိုင်းဆိုင်ရာ ခိုင်မာမှုတို့အတွက် အဟန့်အတားလည်း ဖြစ်ပေါ်လာပါသည်။
ဒီမိုကရေစီအသွင် ကူးပြောင်းရေးကာလတွင် နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မ (၃)ဖြာ ဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး ကဏ္ဍများကို အပြန်အလှန်ထိန်းကျောင်းရင်း နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက်များကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ရာ၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတော်တည်ဆောက်နိုင်ရေးအတွက် အဓိက ထားဆောင်ရွက်ရမည့် လုပ်ငန်းရပ်ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရအနေဖြင့် ၂၀၁၃ ခုနှစ်တွင် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြဋ္ဌာန်းကာ ၂၀၁၄ ခုနှစ်တွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ဖွဲ့စည်းပြီး အဂတိလိုက်စားမှုများကို တားဆီးကာကွယ်ခြင်း၊ အသိပညာပေးခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။
အဂတိလိုက်စားမှုကင်းစင်သည့် လူ့ပတ်ဝန်းကျင်တစ်ရပ် ထူထောင်
၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေကို စတုတ္ထအကြိမ်ပြင်ဆင်သည့် ဥပဒေသည် ၂၀၁၈ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် ထုတ်ပြန်လိုက်သည့် နောက်တွင်မူအခြေအနေအတော်အတန် ပြောင်းလဲသွားခဲ့ပြီဖြစ်ပါသည်။ အဂတိလိုက်စားခြင်းကို အသုံးချပြီး စွန့်စားစီးပွား ရှာလိုသူများအတွက် ဘေးအန္တရာယ်ကင်းလွတ်နယ်မြေ ကျဉ်းမြောင်းသွားစေခဲ့ပါသည်။ တံစိုးလက်ဆောင်ပေးခြင်းတွင် ယခင်ကပေးသူဘက်ကို မသိကျိုးကျွန်ပြုခဲ့သလို ဖြစ်နေရာမှ ယခုအခါ တံစိုးလက်ဆောင်ပေးသူရော၊ ယူသူပါအရေးယူနိုင်သည့်အခြေအနေ ဖြစ်လာခဲ့ပါသည်။ တည်ဆဲဥပဒေ စည်းမျဉ်းစည်းကမ်းလုပ်ထုံး လုပ်နည်းတစ်ရပ်ကို ဖောက်ဖျက်ခြင်းကြောင့် ခိုင်လုံသော စာရင်းဇယားကိန်းဂဏန်း အထောက်အထား များအရ ပြည်သူ့ဘဏ္ဍာ ရန်ပုံငွေကြေးနှင့် ပစ္စည်းများ ဆုံးရှုံးစေခဲ့ပြီဆိုလျှင် အဂတိလိုက်စားမှုဥပဒေအရ တရားစွဲဆိုခံရတော့မည်ဖြစ်ပါသည်။ မြန်မာတစ်နိုင်ငံလုံးတွင် အဂတိလိုက်စားမှုကို နိုင်နိုင်နင်းနင်း ထိန်းချုပ်နိုင်ရန်အတွက်ဆိုလျှင် တာဝန်ရှိသူအဆင့်ဆင့်က အသိစိတ်ဓာတ်ပြည့်ဝစွာ အဂတိလိုက်စားမှုကင်းစင်သည့် လူ့ပတ်ဝန်းကျင်တစ်ရပ် ထူထောင်ရန် ဝိုင်းဝန်းဆောင်ရွက်ပြီး ပြည်သူပူးပေါင်း ပါဝင်မှုရအောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။
တည်ဆဲအဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေအရဆိုလျှင် အဂတိလိုက်စားသူများအတွက် ဥပဒေအရ အရေးယူခံရနိုင်သော ဘေးအန္တရာယ်က တစ်စထက်တစ်စ ပိုမိုကြီးမားလာနေပြီဟု ဆိုနိုင်မည်ဖြစ်ပါသည်။ ဥပဒေအရရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများ အပါအဝင်ပိုင်ဆိုင်မှုများ ဖော်ထုတ်သိမ်းဆည်းခံရနိုင်သော ဘေးအန္တရာယ်ကလည်း ယှဉ်တွဲပါလာနေပါသည်။ ဂုဏ်သိက္ခာဆုံးရှုံးစေမည့် အန္တရာယ်ကတော့ ပြောစရာမလိုတော့ပါ။ မူလကရာထူးဌာနန္တရရှိသော ပုဂ္ဂိုလ်များ၊ ကြွယ်ဝချမ်းသာသူများသည် မိမိတို့ကို အပ်နှင်းထားသည့် အာဏာနှင့် လုပ်ပိုင်ခွင့်များပါ ဆုံးရှုံးစေသည့် ဘေးအန္တရာယ်ကလည်း အသေအချာရှိနေပြီဖြစ်ပါသည်။ ထို့အပြင် ဆက်စပ်အကြောင်းခြင်းရာများကြောင့် စီးပွားရေးလုပ်ငန်းနှင့်ပတ်သက်၍ လည်းကောင်း၊ ငွေရေးကြေးရေး၊ မိသားစုအရေးနှင့်ပတ်သက်၍ လည်းကောင်း၊ မမျှော်မှန်းထားသောအခြေအနေများ ပေါ်ပေါက်လာနိုင်သည့် ဘေးအန္တရာယ်ကလည်း ရှိနေပြီဖြစ်ပါသည်။ ဂုဏ်သတင်းအရလည်းကောင်း၊ ယုံကြည်မှုအရလည်းကောင်း၊ နိုင်ငံတကာကျင့်ဝတ်များအရလည်းကောင်း၊ စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံး ဗုန်းဗုန်းလဲပြီး အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ရသည့် ဘေးအန္တရာယ်၊ လူတော မတိုးဝံ့အောင်ဖြစ်စေသော ကိုယ်ကျင့်တရားဆုံးရှုံးစေသည့် အန္တရာယ်၊ ဘဝတစ်လျှောက်လုံးတွင် ကြိုးပမ်းအားထုတ်ထားခဲ့သော မျှော်လင့်ချက်အားလုံးကို လက်လွတ်ဆုံးရှုံးစေသည့် ဘေးအန္တရာယ်၊ တစ်သက်တာကာလ လိုက်နာစောင့်ထိန်းထားမှုများ၊ ဝတ္တရားများ ပျက်ကွက်ဆုံးရှုံးစေသည့် ဘေးအန္တရာယ်နှင့် နောက်ဆုံးတွင် မိမိနှင့် မိသားစုဝင်များသည် မိမိကျင်လည်ကျက်စားခဲ့သည့် ပတ်ဝန်းကျင်မှ ထွက်ခွာသွားရသည့် ဘေးအန္တရာယ်အထိ ရောက်ရှိနိုင်သည့်အပြင် အဂတိလိုက်စားမှုသည် နိုင်ငံ၏စီးပွားရေးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူနေမှုအဆင့်အတန်းမြင့်မားရေး၊ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လွယ်ကူလျင်မြန်စွာ ဝင်ရောက်နိုင်ရေးတို့ကိုပါ ထိခိုက်စေမည်ဖြစ်ပါသည်။
ပြဋ္ဌာန်းဥပဒေနှင့်အညီ ဆောင်ရွက်
၂၀၂၄ ခုနှစ် မေလ ၁၇ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ပါရှိသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ ၂၀၂၃ ခုနှစ် လုပ်ငန်းဆောင်ရွက်မှုအစီရင်ခံစာ အခန်းဆက်ဆောင်းပါး၌ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေဖြင့် စုံစမ်းစစ်ဆေးတရားစွဲတင် ဆောင်ရွက်ခဲ့သည့် အမှုများမှ ပြည်သူ့ဘဏ္ဍာသိမ်းဆည်းနိုင်မှုနှင့် နိုင်ငံ့ဘဏ္ဍာသို့ ပြန်လည်ပေးသွင်းနိုင်မှုမှာ မြန်မာငွေကျပ် ၂၃ ဘီလီယံကျော်၊ အမေရိကန်ဒေါ်လာ ၄ သန်းကျော်တို့ ဖြစ်ပါသည်။ နိုင်ငံတော်ဘဏ္ဍာ ဆုံးရှုံးမှုမရှိစေရေး ကာကွယ်နိုင်ခဲ့မှုမှာ မြန်မာငွေကျပ် ၁၅၅ ဒသမ ၈၅၅ ဘီလီယံကျော်နှင့် ယူရို ၃ သန်းကျော်တို့အပြင် နိုင်ငံတော်ကရရန်ရှိသည့် ငွေကြေးများ၊ အခွန်အခများကိုလည်း သက်ဆိုင်ရာကုမ္ပဏီများက ပြန်လည်ပေးသွင်းနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း လေ့လာဖတ်ရှုရသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်သည် အဂတိ လိုက်စားမှုများကြောင့် နိုင်ငံတော်ဘဏ္ဍာများ ဆုံးရှုံးမှုမရှိစေရေးအတွက် ပြဋ္ဌာန်းဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရပါသည်။
အဆိုပါငွေကြေးများသည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်သို့ ပေးပို့သည့် သတင်းပေးတိုင်ကြားချက်များကြောင့် နိုင်ငံတော်ပိုင်ငွေကြေးများ၊ ပြည်သူ့ဘဏ္ဍာငွေများ ဆုံးရှုံးမှု မရှိစေရေး ကာကွယ်နိုင်မှုပင်ဖြစ်ပါသည်။ သို့ရာတွင် ပေးသူနှင့်ယူသူပါ သဘောတူကျေနပ်ပြီး အဂတိလိုက်စားမှုကျူးလွန်နေသူများလည်းရှိနေဦးမည် ဖြစ်ပါသည်။ သတင်းပေးပို့သူ Third Party မရှိခြင်းကြောင့်လည်းကောင်း၊ သတင်းပေးပို့တိုင်ကြားလိုသော်လည်း သတင်းပေးပို့တိုင်ကြားသူအား အကာအကွယ်ပေးသည့် Whistleblower Protection Law ပြဋ္ဌာန်းနိုင်ရေး ဆောင်ရွက်ဆဲအခြေအနေတွင် ရှိခြင်းနှင့် သက်သေအကာအကွယ်ပေးမည့် အစီအမံနှင့် လုပ်ထုံးလုပ်နည်းများ မရှိသေးခြင်းသည်လည်း အဂတိလိုက်စားမှုကျူးလွန်သူများအတွက် ကြီးမားသောဂယ်ပေါက်တစ်ခုဖြစ်ကြောင်း လေ့လာတွေ့ရှိ ရပါသည်။
ထို့ကြောင့် အဂတိကင်းစင်သော လူ့အဖွဲ့အစည်းဖြစ်လာစေရေး၊ နိုင်ငံသားများ၏ဘဝများ သာယာဝပြောလာစေရေးနှင့် နိုင်ငံ၏လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် နိုင်ငံတော် အစိုးရအနေဖြင့် အဂတိလိုက်စားမှုတားဆီးကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းတို့ကို ကြိုးပမ်းအကောင်အထည်ဖော်လျက်ရှိရာ အစိုးရဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ အပါအဝင် ပြည်သူလူထုတစ်ရပ်လုံးကပါ စုပေါင်းအင်အားဖြင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေးလုပ်ငန်းများတွင် ဝိုင်းဝန်းပူးပေါင်းခြင်းဖြင့် “အဂတိပယ်ခွာပြည်သာယာဖို့ ပူးပေါင်းဆောင်ရွက်ကြပါစို့” ဟူ၍ ရေးသားဖော်ပြအပ်ပါသည်။ ။