ရလဒ်အခြေပြု ဆေးပညာသင်ကြားရေးမှသည် အရည်အသွေးပြည့်ဝသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များဆီသို့
ဒေါက်တာသစ္စာ (ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာန)
ကမ္ဘာလုံးဆိုင်ရာ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင် (Sustainable Development Goals-SDG 2030) တွင် ပါရှိသော ကျန်းမာရေးကဏ္ဍနှင့်သက်ဆိုင်သည့် ပန်းတိုင်အမှတ်စဉ်-၃ ဖြစ်သည့် အသက်အရွယ်မရွေး လူတိုင်းကျန်းမာသည့်ဘဝ ရရှိစေရေးဆိုသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဘက်စုံလွှမ်းခြုံသော လူတိုင်းလက်လှမ်းမီကျန်းမာရေးစောင့်ရှောက်မှုစနစ် (Universal Health Coverage) ကို ၂၀၃၀ ပြည့်နှစ်တွင် ပြည့်မီစေရေး မျှော်မှန်းဆောင်ရွက်လျက်ရှိပါသည်။
မဟာဗျူဟာ စီမံကိန်းများနှင့်အညီ ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ရည်ရွယ်မွေးထုတ်
ထို့ကြောင့် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးသည်လည်း မိမိတို့နိုင်ငံတွင် Universal Health Coverage ရရှိစေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဘက်စုံလွှမ်းခြုံသော လူတိုင်းလက်လှမ်းမီကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို အကောင်အထည်ဖော်ရာတွင် အခြေခံအကျဆုံး၊ အရေးအကြီးဆုံးနှင့် စိန်ခေါ်မှုအမြင့်မားဆုံးကိစ္စရပ်မှာ အရည်အသွေးပြည့်ဝသော ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ လုံလောက်စွာ မွေးထုတ်ခန့်ထားရေးပင်ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံတိုင်းသည် ၎င်းတို့နိုင်ငံ၏ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်အပေါ်မူတည်၍ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်နိုင်ရေး မဟာဗျူဟာစီမံကိန်းများနှင့်အညီ မိမိနိုင်ငံ၏ ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးရန် ရည်ရွယ်မွေးထုတ်ကြခြင်းပင် ဖြစ်ပါသည်။ သို့သော် လုံလောက်စွာ မွေးထုတ်နိုင်ခြင်းမရှိသည့်အတွက် ဖွံ့ဖြိုးပြီးနိုင်ငံများ အထူးသဖြင့် The Organization for Economic Co-operation and Development (OECD) အဖွဲ့ဝင်နိုင်ငံများသည် ဖွံ့ဖြိုးဆဲနိုင်ငံများမှ မွေးထုတ်ထားသော ကျန်းမာရေး လူ့စွမ်းအားများကို ခေါ်ယူခန့်ထားနေကြသည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျန်းမာရေးလူ့စွမ်းအား မလုံလောက်မှု များကို ပိုမိုရင်ဆိုင်နေရပါသည်။
Sustainable Development Goals- SDG 2030 ရည်မှန်းချက်များပြည့်မီရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်မှုအရ ဆရာဝန်၊ သူနာပြု၊ သားဖွားအရေအတွက်သည် ၂၀၁၅ ခုနှစ် တွင် လူဦးရေတစ်သောင်းလျှင် ၂၂ ဒသမ ၈ ဦးရှိရမည်ဖြစ်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ၄၄ ဒသမ ၅ ဦး ရှိရန်လိုအပ်ပါသည်။ ၂၀၁၉ ခုနှစ် စာရင်းများအရ မြန်မာနိုင်ငံ၏ ကျန်းမာရေးလူ့စွမ်းအားအခြေအနေမှာ လူဦးရေ တစ်သောင်းလျှင် ၁၆ ဒသမ ၈ ဦးသာရှိသည့်အတွက် အခြားနိုင်ငံများကဲ့သို့ မြန်မာနိုင်ငံသည်လည်း သတ်မှတ်ချက်ပြည့်မီစေရေး များစွာ လိုအပ်နေဦးမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံအတွက် လိုအပ်သော ကျန်းမာရေးလူ့စွမ်းအားများကို ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက အဓိကမွေးထုတ်ပေးလျက်ရှိပါသည်။ ကျန်းမာရေးဝန်ကြီး ဌာနအနေဖြင့် ကျန်းမာရေးလူ့စွမ်းအားများ တိုးမြှင့်မွေးထုတ်နိုင်ရန်အတွက် ဆေးတက္ကသိုလ်နှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်/ သင်တန်းကျောင်းများကို စဉ်ဆက်မပြတ် တိုးချဲ့ဖွင့်လှစ်ခဲ့ရာ ကျန်းမာရေးဝန်ကြီးဌာနအောက်တွင် ၁၉၈၈ ခုနှစ်မတိုင်မီက ဆေးတက္ကသိုလ် သုံးခု၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တစ်ခုနှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်း ၂၅ ကျောင်းသာရှိခဲ့ရာမှ ၂၀၂၃ ခုနှစ်တွင် အသစ်ဖွင့်လှစ်ခဲ့သော Nay Pyi Taw State Academy, Faculty of Medicine အပါအဝင် ယခုအခါ ဆေးတက္ကသိုလ် ငါးခုနှင့် ဆေးပညာမဟာဌာနကြီး တစ်ခု စုစုပေါင်း ခြောက်ခု၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် နှစ်ခု၊ သူနာပြုတက္ကသိုလ် နှစ်ခု၊ ဆေးဝါးတက္ကသိုလ် နှစ်ခု၊ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် နှစ်ခု၊ ပြည်သူ့ ကျန်းမာရေးတက္ကသိုလ် တစ်ခု၊ အခြေခံကျန်းမာရေးတက္ကသိုလ် တစ်ခုနှင့် တိုင်းရင်းဆေးတက္ကသိုလ် တစ်ခု စုစု ပေါင်းတက္ကသိုလ် ၁၇ ခု၊ သူနာပြု/ သားဖွားနှီးနွှယ်သင်တန်းကျောင်း ၅၃ ကျောင်းအထိ တိုးချဲ့ဖွင့်လှစ်နိုင်ခဲ့ပြီး ဘွဲ့ကြို၊ ဘွဲ့လွန်သင်တန်းများ ဖွင့်လှစ်၍ လေ့ကျင့် မွေးထုတ်လျက်ရှိပါသည်။ အဆိုပါကျောင်းများမှ ဆေးပညာဘွဲ့ရ ၄၇၆၈၆ ဦး၊ သွားဘက်ဆိုင်ရာ ဆေးပညာဘွဲ့ရ ၅၅၂၁ ဦး၊ ဆေးဝါးသိပ္ပံ ဘွဲ့ ၄၃၄၄ ဦး၊ ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ ၄၆၄၈ ဦး၊ သူနာပြုသိပွံ ဘွဲ့ ၁၀၂၄၀၊ သူနာပြုနှင့် သားဖွားဆိုင်ရာဒီပလိုမာ ၈၃၅၁၂ ဦး၊ အမျိုးသမီးကျန်းမာရေးဆရာမ ၅၃၁၇ ဦး၊ ကျန်းမာရေးသိပ္ပံဘွဲ့ (အခြေခံကျန်းမာရေး) ၂၄၂၀၊ လက်ထောက်ကျန်းမာရေးမှူး ၂၅၁၅ ဦး၊ ပြည်သူ့ကျန်းမာရေးကြီးကြပ် (၁) ၃၀၀၈ ဦး၊ အရေးပေါ် သူနာပြုစုမှုပညာလက်မှတ်ရ ၁၁၃ ဦးတို့ကို အောင်မြင်စွာ မွေးထုတ်နိုင်ခဲ့ပြီးဖြစ်ပါသည်။ ထို့ပြင် ဘွဲ့လွန်ဒီပလိုမာဘွဲ့ရ ၃၈၂၂ ဦး၊ မဟာသိပ္ပံဘွဲ့ရ ၁၁၂၁၄ ဦး၊ ပါရဂူဘွဲ့ရ ၁၆၂၁ ဦးတို့ကို လေ့ကျင့်မွေးထုတ်နိုင်ခဲ့ပြီးဖြစ်ပါသည်။
ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရာတွင် တက်ရောက်လိုသူအရေအတွက်ရရှိရေး အခက်အခဲမရှိသော်လည်း လေ့ကျင့်ပြုစုပျိုးထောင်ရာတွင် စိန်ခေါ်မှုများစွာရှိပါသည်။ ဆေးပညာဘာသာရပ်သည် လူ့အသက်များနှင့် တိုက်ရိုက်ဆက်စပ်နေသော ပညာရပ်ဖြစ်သည့်အားလျော်စွာ လေ့ကျင့်မွေးထုတ်လိုက်သော လူ့စွမ်းအားများအားလုံးတွင် လုံလောက်သောစွမ်းရည်၊ ကျွမ်းကျင်မှုနှင့် ကျင့်ဝတ်များ ပြည့်စုံနေစေရန် အထူးလိုအပ်လှပါသည်။ ထိုသို့မွေးထုတ်ရန်မှာ အရည်အသွေးပြည့်ဝကျွမ်းကျင်သော ဆရာ ဆရာမများ၊ လက်တွေ့လေ့ကျင့်ခန်းများ ဆောင်ရွက်ရန် သင်ကြားရေးဆေးရုံကြီးများ၊ သင်ကြားရေး အထောက်အကူပစ္စည်းများ ပြည့်စုံရန် လိုအပ်ပါသည်။ အချို့သည် ငွေကြေးဖြင့် ချက်ချင်းဖြည့်ဆည်းရန်မှာ အလွယ်တကူရရှိနိုင်သော်လည်း အချို့မှာ ချက်ချင်းဖြည့်ဆည်းရန် မလွယ်ကူပါ။ ဥပမာအားဖြင့် သားဖွားပညာတတ်မြောက်ရေးအတွက် မွေးလူနာဖြင့် လက်တွေ့လေ့ကျင့်ရန်မှာ မွေးလူနာရှိမှသာ လေ့ကျင့်နိုင်မည်ဖြစ်ပါသည်။ ကျောင်းသားတစ်ဦးလျှင် သတ်မှတ်သင်တန်းကာလအတွင်း မွေးလူနာ ၂၀ လေ့ကျင့်ရန်လိုအပ်ပါက ကျောင်းသား ၁၀၀၀ အတွက်ဆိုလျှင် မွေးလူနာ ၂၀၀၀၀ သင်ကြားရေးဆေးရုံကြီးများတွင်ရှိမှသာ လိုအပ်သော ကျွမ်းကျင်တတ်မြောက်မှုအတွက် လေ့ကျင့်နိုင်မည်ဖြစ်ပါသည်။
ပိုမိုကောင်းမွန်သော လေ့ကျင့်သင်ကြားရေးနည်းစနစ်များ သင်ကြားပေးလျက်ရှိ
အထက်တွင်ဆိုပြီးသကဲ့သို့ လူတိုင်း လက်လှမ်းမီကျန်းမာရေးစောင့်ရှောက်မှုစနစ် ဖော်ဆောင်ရန်မှာ ကျန်းမာရေး ဝန်ဆောင်မှုပေးကြမည့် လူ့စွမ်းအားများ၏ အရေအတွက်သာမက အရည်အသွေး ပြည့်မီစေရေးလည်း လိုအပ်သည်ဖြစ်ရာ ခေတ်အဆက်ဆက်တွင်လည်း ကျန်းမာရေး လူ့စွမ်းအားများ၏ အရည်အသွေးပြည့်မီစေရေးအတွက် ပုံစံအမျိုးမျိုးဖြင့် လေ့ကျင့်သင်ကြားပေးသကဲ့သို့ ပိုမိုကောင်းမွန်သော လေ့ကျင့်သင်ကြားရေးနည်းစနစ်များဖြင့် လေ့ကျင့်သင်ကြားပေးနိုင်ရေးအတွက်လည်း စဉ်ဆက်မပြတ် လေ့လာကြိုးပမ်းအားထုတ်လျက်ရှိပါသည်။
ယနေ့ခေတ်အချိန်တွင် အရည်အသွေးပြည့်မီသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များ သင်ကြားမွေးထုတ်ရာတွင် အကောင်းဆုံးနည်းလမ်းမှာ ရလဒ်အခြေပြု ဆေးပညာသင်ကြားရေးစနစ်ဖြစ်ကြောင်း နိုင်ငံတကာမှ တညီတညွတ်တည်း စံတစ်ခုအဖြစ် လက်ခံကျင့်သုံးလျက်ရှိပါသည်။ ရလဒ် အခြေပြုဆေးပညာသင်ကြားရေးစနစ်ဆိုသည်မှာ ပြည်သူလူထုအား ပြည့်စုံလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုပေးရန်အတွက် ကျန်းမာရေးစွမ်းအားစုများတွင်ရှိရမည့် လိုအပ်သောစွမ်းရည်များကို ဖော်ထုတ်လျက် ၎င်းစွမ်းရည်များ ပြည့်မီစေရေး ဦးတည်လေ့ကျင့်ပေးခြင်းပင်ဖြစ်ပါသည်။ ရလဒ်အခြေပြုပညာရေး၏ အနှစ်သာရတွင် ကျောင်းသားဗဟိုပြုသင်ယူမှုစနစ်များ၊ ပြဿနာအခြေပြုသင်ယူမှုစနစ်များ၊ စုစည်းချိတ်ဆက်သင်ကြားရေးစနစ်များ၊ လူနာအခြေပြုကျန်းမာရေးစောင့်ရှောက်မှုစနစ်များ၊ နည်းပညာအခြေပြုသင်ကြားရေးနည်းစနစ်များ၊ ရလဒ်အခြေပြုစစ်ဆေးနည်းစနစ်များ ပါဝင်မည်ဖြစ်ပါသည်။
လက်တွေ့နယ်ပယ်တွင် အုပ်စုဖွဲ့ သင်ယူလေ့လာနည်းများကို အလေးပေးလာ
၂၁ ရာစုပညာရေးတွင် အလွတ်ကျက်မှတ်၍ နားလည်တတ်မြောက်မှုကို သင်ကြားစစ်ဆေးသော နည်းလမ်းများကို အလေးမပေးတော့ဘဲ ဝေဖန်ပိုင်းခြား၍ တီထွင်ကြံဆမှုကို မြှင့်တင်သင်ကြား စစ်ဆေးသော သင်ကြားသင်ယူမှုစနစ်များကို ပြောင်းလဲကျင့်သုံးရန် လိုအပ်ပါသည်။ လက်တွေ့နယ်ပယ်တွင် အမှန်တကယ်ကြုံတွေ့ရမည့် စစ်မှန်သောပြဿနာများကို ချဉ်းကပ်၍ အုပ်စုဖွဲ့ သင်ယူလေ့လာဖြေရှင်းနည်းများကို အလေးပေးလာပြီဖြစ်ပါသည်။ ထို့ကြောင့် ဆေးပညာသင်ကြားရေးတွင် Lecture ဖြင့် ဆရာက တိုက်ရိုက်သင်ကြားခြင်း နည်းလမ်းထက် ပြဿနာအခြေပြုသင်ယူစေခြင်း (Problem Based Learning)၊ အုပ်စုဖွဲ့လေ့လာအဖြေရှာသင်ယူနည်း (Team Based Learning)၊ ရောဂါအခြေပြုသင်ယူနည်း (Case Based Learning) များကို ဆေးပညာသင်ကြားရေးတွင် ပြောင်းလဲကျင့်သုံးလျက်ရှိနေပြီ ဖြစ်ပါသည်။
ထို့ပြင် Education 4.0 ဟုခေါ်သော နည်းပညာခေတ်တွင် ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence) သည်လည်း ဆေးပညာသင်ကြားရေး၊ ရောဂါရှာဖွေကုသရေးနှင့် သုတေသန နယ်ပယ်များတွင် ကျယ်ပြန့်စွာအသုံးပြုလာနေပြီဖြစ်ပါသည်။ ဆေးပညာသင်ကြားရေးတွင် ကျောင်းသား ကျောင်းသူများအနေဖြင့် လိုအပ်သော လက်တွေ့လေ့ကျင့်မှုများကို လူနာများ အပေါ် အန္တရာယ်ကျရောက်စေမှုမရှိဘဲ ကြိမ်ဖန်များစွာ လေ့ကျင့်နိုင်ရေးအတွက် အဆင့်မြင့်နည်းပညာဖြင့် ဖန်တီးထားသော High Fidelity Simulator ခေါ် လူနာအတုများကို တွင်ကျယ်စွာ အသုံးပြုနေကြပြီဖြစ်သကဲ့သို့ မြန်မာနိုင်ငံရှိ တက္ကသိုလ်/သင်တန်းကျောင်းများတွင်လည်း ဆေးပညာပုံတူပြုလေ့ကျင့်ရေးစင်တာ (Medical Simulation Center) များ ဖွင့်လှစ်၍ လေ့ကျင့်သင်ကြားပေးလျက်ရှိနေပြီဖြစ်ပါသည်။
ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲများ
ထိုကဲ့သို့ ပြောင်းလဲတိုးတက်လာသော ဆေးပညာသင်ကြားရေးစနစ်များကို နိုင်ငံတကာနှင့်နည်းတူ မြန်မာနိုင်ငံတွင်လည်း မြှင့်တင်ပြောင်းလဲကျင့်သုံးနိုင်စေရန်အတွက် ဆေးပညာနှီးနှောဖလှယ်ပွဲ (National Medical Education Seminar) များ ကျင်းပ၍ တိုင်ပင်ဆွေးနွေးမှုများကို စဉ်ဆက်မပြတ် ဆောင်ရွက်ခဲ့ပါသည်။ ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲများကို ၁၉၆၄ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၇၀ ပြည့်နှစ်တွင် ဒုတိယအကြိမ်၊ ၁၉၇၂ ခုနှစ်တွင် တတိယအကြိမ်၊ ၁၉၇၈ ခုနှစ်တွင် စတုတ္ထအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ပဉ္စမအကြိမ်၊ ၂၀၀၃ ခုနှစ်တွင် ဆဋ္ဌမအကြိမ်၊ ၂၀၀၈ ခုနှစ်တွင် သတ္တမအကြိမ်၊၂၀၀၉ ခုနှစ်တွင် အဋ္ဌမအကြိမ်၊ ၂၀၁၁ ခုနှစ်တွင် နဝမအကြိမ်၊ ၂၀၁၆ ခုနှစ်တွင် ဒသမအကြိမ်အထိ ကျင်းပနိုင်ခဲ့ပြီးဖြစ်ပါသည်။
ဒသမအကြိမ်မြောက် ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲမှ ချမှတ်ခဲ့သော လမ်းစဉ်များအရ ရလဒ်အခြေပြု ဆေးပညာသင်ကြားရေးစနစ်ကို အကောင်အထည်ဖော်ခဲ့ပြီး ဆေးတက္ကသိုလ်များတွင် မျှော်မှန်းရလဒ်အခြေခံသော စုစည်းချိတ်ဆက်သင်ကြားခြင်း သင်ရိုးညွှန်းတမ်း (Outcome Based Integrated Curriculum) ဖြင့် ၂၀၁၉ ခုနှစ်တွင်လည်းကောင်း၊ သူနာပြုတက္ကသိုလ်နှင့် သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများတွင် ရလဒ်အခြေပြုသင်ရိုးညွှန်းတမ်း (Outcome Based Curriculum)ဖြင့် ၂၀၁၈ ခုနှစ်တွင်လည်းကောင်း ပြောင်းလဲကျင့်သုံးနိုင်ခဲ့ပြီးဖြစ်ပါသည်။
အတူတကွလေ့လာသင်ယူအပြန်အလှန်ပူးပေါင်းဆောင်ရွက်
ထို့ပြင် ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ်မလုံလောက်မှု၏ ဖြေရှင်းမှုနည်းလမ်းတစ်ခုအဖြစ်လည်းကောင်း၊ မတူကွဲပြားသော ကျန်းမာရေးဝန်ထမ်းအမျိုးအစားများအကြား အပြန်အလှန် ချိတ်ဆက်နားလည်မှု ကောင်းမွန်စွာဖြင့် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှု ပေးနိုင်ရန်အတွက်လည်းကောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကျန်းမာရေးဝန်ထမ်းများ အချင်းချင်းအတူတကွ လေ့လာသင်ယူခြင်းနှင့် အပြန်အလှန်ပူးပေါင်းဆောင်ရွက်ခြင်း (Interprofessional Education and Interprofessional Collaborative Practice) ကို ၂၀၁၀ ပြည့်နှစ်တွင် စတင်မိတ်ဆက်ခဲ့ပါသည်။ မြန်မာနိုင်ငံတွင်လည်း ကျန်းမာရေးဝန်ထမ်းများအကြား Interprofess-ional Collaborative Practice ရရှိစေရန်အတွက် Interprofessional Education ကို ၂၀၁၇ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး ကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဇုန် ငါးခုဖြင့် အကောင်အထည်ဖော်ခဲ့ရာ ၂၀၂၃ ခုနှစ်တွင် ဇုန်များအားလုံးတွင် ဖော်ဆောင်ပြီး ဖြစ်ပါသည်။ ယခုအခါ ဆေးနှင့် ဆေးပညာနှီးနွှယ်တက္ကသိုလ်များ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းများတွင် Interprofessional Education ကို ထည့်သွင်းသင်ကြားနေပြီဖြစ်ပါသည်။
ရလဒ်အခြေပြုသင်ရိုးညွှန်းတမ်းများ မွမ်းမံပြင်ဆင်ရန်
ယခု (၁၁) ကြိမ်မြောက် နှီးနှောဖလှယ်ပွဲကြီးကို ၂၀၂၄ ခုနှစ် ဇူလိုင်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့တို့တွင် ကျန်းမာရေးဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနက ကြီးမှူး၍ ကျင်းပတော့မည်ဖြစ်ပါသည်။ ယခုနှီးနှောဖလှယ်ပွဲကြီးကို နိုင်ငံတကာနှင့် ဒေသတွင်းနိုင်ငံများ၏ တိုးတက် ပြောင်းလဲနေသော သင်ကြားရေးဆိုင်ရာ ကိစ္စရပ်များကို မြန်မာနိုင်ငံ၏ ဆေးပညာနှင့် ဆေးပညာနှီးနွှယ်ပညာရပ်များ၏ သင်ကြားရေးတွင် လိုက်လျောညီထွေ ကျင့်သုံးနိုင်ရေးနှင့် သင်ကြားရေးစနစ်များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ပါသည်။ အခြေခံပညာရေးတွင် ပြောင်းလဲကျင့်သုံးလျက်ရှိသော KG+12 သင်ရိုးညွှန်းတမ်းနှင့် လိုက်လျောညီထွေစွာဖြင့် ဆေးနှင့် ဆေးပညာနှီးနွှယ်ပညာရပ်များ၏ သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်မွမ်းမံနိုင်ရေးကိစ္စရပ်များ၊ နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ ဘွဲ့ကြို/ ဘွဲ့လွန်ပညာရပ်များ၏ ရလဒ်အခြေပြု သင်ရိုးညွှန်းတမ်းများ မွမ်းမံပြင်ဆင်နိုင်ရေးကိစ္စရပ်များကို အဓိကဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရပါသည်။
ယခင်ကျင်းပခဲ့သည့် ဆေးပညာသင်ကြားရေးနှီးနှောဖလှယ်ပွဲများမှ မြန်မာနိုင်ငံ၏ ဆေးပညာသင်ကြားရေးအတွက် ထိရောက်သော ရှေ့လုပ်ငန်းစဉ်များကို ဖော်ထုတ်၍ ပြောင်းလဲကျင့်သုံးခြင်းများ ဆောင်ရွက်နိုင်ခဲ့သကဲ့သို့ ယခုကျင်းပမည့် (၁၁) ကြိမ်မြောက် ဆေးပညာသင်ကြားရေး နှီးနှောဖလှယ်ပွဲကြီးမှလည်း ပြည်သူလူထုအား ကျန်းမာရေးစောင့်ရှောက်မှုပေးကြမည့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို အရည်အသွေးပြည့်ဝစွာ မွေးထုတ်နိုင်ရေး အတွက် နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သော သင်ရိုးညွှန်းတမ်းများ၊ သင်ကြားရေးနည်းစနစ်များ၊ ဆန်းစစ်မှုစနစ်များကို မြှင့်တင်ပြောင်းလဲကျင့်သုံးနိုင်မည်ဟု အပြည့်အဝယုံကြည်မျှော်လင့်မိပါသည်။ ။