တိုင်းပြည်ချစ်စိတ် …….
မြင်းခြံကျော်အောင်
သန်လျင်တံတားအမှတ် (၃) ဖွင့်ပွဲအခမ်းအနား ကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက် မည့် အကြမ်းဖက်သမားများအား လက်နက်၊ ခဲယမ်းများနှင့်အတူ ထပ်မံဖော်ထုတ် ဖမ်းဆီးရမိသတင်း ကို ၁၇-၆-၂၀၂၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် စာရေးသူဖတ်ခဲ့ရသည်။
တရားမျှတမှုကို လိုလားပြီး အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများ၏ သတင်းပေးပို့ချက် နှင့် ပူးပေါင်းပါဝင်မှုကြောင့် ၂၀၂၄ ခုနှစ် ဇွန်လ ၈ ရက်နေ့နံနက်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သန်လျင်တံတားအမှတ် (၃) ဖွင့်ပွဲအခမ်းအနား ကျင်းပစဉ် အပြစ်မဲ့ပြည်သူများကို ထိခိုက်သေကျေ ပျက်စီးစေရန် ရည်ရွယ်ချက်ဖြင့် ၁၀၇ မမ ရှော့တိုက် ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ရန် ကြံစည်ခဲ့ကြသည့် အကြမ်းဖက်သမားဖြစ်သည့် ချိုကြီး (ခ) ဟိန်းထက်အောင် အပါအဝင်တရားခံကျား ရှစ်ဦး၊ မ တစ်ဦးပေါင်းကိုးဦးအား ဒုံးနှင့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ အခမ်းအနားမကျင်းပမီ ဖမ်းဆီးရမိခဲ့သဖြင့် အဖျက်သမားများ၏ အကြံအစည်အထမမြောက်ခဲ့။ ပြည်သူများအခမ်းအနားကို အောင်မြင်ချောမောစွာ ဆောင်ရွက်နိုင်ခဲ့သည်။
ချိုကြီး (ခ) ဟိန်းထက်အောင်၏ ထွက်ဆိုချက်အရ ၁၄-၆-၂၀၂၄ ရက်နေ့ နံနက်ပိုင်းတွင် မျိုးသိန်းထွန်း (၃၄) နှစ်အား လက်နက်နှင့်တကွ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် လည်းကောင်း၊ ဇော်ကြီး (ခ) ကိုထက် (၃၀) နှစ်အား လက်နက်များနှင့်တကွ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင်လည်းကောင်း၊ ရဲဇော်ထွန်း(ခ)ဖီးနစ် (၃၄) နှစ်အား လက်နက်များနှင့်တကွ မင်္ဂလာတောင်ညွန့်မြို့နယ် တွင်လည်းကောင်း၊ ရှိန်းမြင့်မိုရ်အောင် (ခ) ကိုရှိန်း (၂၁)နှစ်အား လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်တွင် လည်းကောင်း ထပ်မံဖမ်းဆီးရမိသည်။ စုစုပေါင်း ဖမ်းဆီးရမိသူများမှာ ကျား ၁၂ ဦး၊ မ တစ်ဦး ပေါင်း ၁၃ ဦးဖြစ်သည်။
အဖမ်းခံရသူများမှာ ဒုက္ခပင်လယ်ကြော မျောကြရပြီ။ သူတို့၏ ဇနီး၊ သားသမီးများလည်း မျက်ရည်မိုး ရွာသွန်းဖြိုးရပြီး သူတို့၏ မိဘဆွေမျိုးများလည်း စိတ်ဆင်းရဲမှုဒဏ်ခံကြရပြီ။ သူတို့နှင့် ဆက်စပ်ပတ်သက်သူအပေါင်း ဒုက္ခခံကြရပြီ။
ဖမ်းဆီးခံရသူများသည် မမှန်ကန်သောခံယူချက်၊ ယုံကြည်ချက်များနှင့် စားဝတ်နေမှုအတွက် ဆောင်ရွက်ကြခြင်းဖြစ်သည်။ ထမင်းစားရရန် လုပ်နေကြခြင်းဖြစ်သည်။ ဤအမှု ကျူးလွန်ရန် စေခိုင်းသူက စေခိုင်းသည်ထားဦး။ သူတို့၏ စိတ်ဓာတ်အရင်းခံဖြင့် ဆောင်ရွက်ကြခြင်းဖြစ်သည်။ သူတို့၏အတွင်းစိတ်၏ စေခိုင်းမှုကြောင့် ဆောင်ရွက်ခြင်းဖြစ်သည်။ ဤစိတ်သည် သူတို့အား ဒုက္ခတွင်းနက်ထဲ ဆင်းစေခဲ့သည်။ ဤစိတ်သည် သူတို့၏ ရန်သူကြီးဖြစ်သည်ကို သူတို့မသိ မမြင် ခဲ့ကြ။ ထို့ကြောင့် မကောင်းသောအမှုအား စိတ်၏ စေခိုင်းချက်အရ ဆောင်ရွက်ခဲ့ကြသည်။ သို့ဖြင့် ထောင်နန်းစံရမည်က သေချာသွားပြီ။
အရင်းစစ်လိုက်သောအခါ မိမိကိုယ်မိမိ မချစ်ခြင်းက စခဲ့သည်။ မိမိကိုယ်ကိုချစ်လျှင် မိမိဒုက္ခရောက်မည့်အလုပ် လုပ်ကိုင်မည်မဟုတ်ပေ။
လောကတွင် ကောင်းမှုနှင့်မကောင်းမှု ဤနှစ်ခုသာရှိသည်။ ကောင်းမှုပြုလျှင် ကောင်းကျိုးတရားစံစားရမည်။ မကောင်းမှုပြုလျှင် မကောင်းကျိုးတရားခံစားရမည်။ ဤသည်ကား မဖောက်မပြန်မှန်ကန်သောဓမ္မစစ်ဖြစ်ပေသည်။ ကောင်းမှု၊ မကောင်းမှုယခုပြုလျှင် အချို့လုပ်ရပ်များသည် ချက်ချင်းအကျိုးတရား မပေါ်ပေါက်သေးချေ။ အကျိုးပေးချိန်တန်မှ အကျိုးပေးသည်လည်းရှိသည်။ ကောင်းမှုပြုလျှင် ကောင်းကျိုး၊ မကောင်းမှုပြုလျှင် ဆိုးကျိုးသည် မလွဲမသွေပေးသည်။ ဤသည်က သူ၏ နိယာမတရားဖြစ်ပေသည်။
ယခု ဖမ်းဆီးခံရသူများ၊ ယခင့်ယခင်က ဖမ်းဆီးခံရသူအားလုံးတို့သည် ဘယ်သူမပြုမိမိမှုပင်ဖြစ်သည်။ မိမိကိုယ်မိမိ ပြစ်ဒဏ်ခံရစေရန် ဆောင်ရွက်သူများဖြစ်ကြသည်။ တစ်နည်း မိမိ ကိုယ်မိမိ မချစ်သူများဖြစ်ကြသည်။
ထို့ပြင် မိမိ၏ဇနီး၊ သားသမီးကိုလည်း မချစ်သူများဖြစ်ကြသည်။ သူတို့၏ မိဘဆွေမျိုးများကိုလည်း မချစ်ကြသူများဖြစ်ကြသည်။ အကယ်၍ မိမိဇနီး၊ သားသမီး၊ မိဘဆွေမျိုးများကို သာချစ်ကြပါက ထိုသူများ စိတ်ဆင်းရဲစေရန် လုပ်ကြံကြမည်မဟုတ်ပေ။ အဆုံးစွန်ပြောရလျှင် သူတို့လုပ်ရပ်အောင်မြင်ပြီး အများပြည်သူများ သေကျေဒဏ်ရာရ လွမ်းဆွေးပူပန်ရဖြစ်မည်ကိုပင် ထည့်မတွက်သူများ ဖြစ်ပေသည်။ သူတို့သည် မေတ္တာစိတ်ခေါင်းပါးသူများ ဖြစ်ကြပေသည်။
အခြားချစ်ရမည့်အရာများမှာ မိမိ၏နေရပ်၊ မြို့ရွာနှင့် တိုင်းပြည်ဖြစ်ပေသည်။ ဘယ်အရပ်က အကြမ်းဖက်သမားများလဲ။ လှိုင်သာယာ(အရှေ့ပိုင်း) မြို့နယ်က၊ မင်္ဂလာတောင်ညွန့်မြို့နယ်က၊ ဘယ်တိုင်းဒေသကြီးကလဲ ရန်ကုန်တိုင်းဒေသကြီးက၊ ဘယ်နိုင်ငံကလဲ မြန်မာနိုင်ငံက ဤသို့ သတင်းစကားပြောသည်ကို ခံရပြီဆိုလျှင် ဤရပ်ရွာ၊ မြို့နယ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ နိုင်ငံပါဂုဏ်သိက္ခာကျဆင်းရပေတော့သည်။ ကမ္ဘာသူ၊ ကမ္ဘာသားများ ကြားသိရသောအခါ မြန်မာနိုင်ငံနှင့် ဤနိုင်ငံအတွင်းနေ မြန်မာများအားလုံး ချီးကျူးခံ ရမည့်အရေးမဟုတ်၊ ရှုတ်ချခံရမည့်အရေးဖြစ်သည်။
အရင်းစစ်အမြစ်မြေကဟူသော စကားအရ အရင်းခံအကြောင်းမှာ မိမိကိုယ်ကိုမိမိမချစ်ခြင်းက အဓိကဖြစ်ပေသည်၊ အခရာဖြစ်ပေသည်။ ထို့ကြောင့် မိမိတို့လူသားအားလုံးသည် မိမိကိုယ် မိမိချစ်ကြရပါမည်။ မိမိကိုယ်မိမိချစ်၍ ကောင်းမှုများပြုပါလျှင် မိမိ မိသားစုများ၊ ဆွေမျိုးများ၊ မိမိရပ်ရွာနှင့် နိုင်ငံသားအားလုံး ကောင်းကျိုးများ ခံစားကြရပါမည်။ ဝမ်းသာလန်းဖြာကြပါမည်။ ဤသည်ကား တိုင်းပြည်ချစ်စိတ်၏ အခြေအမြစ် ဖြစ်ပေတော့သည်။
မိမိကိုယ်ကိုချစ်လျှင် စောင့်ရှောက်
မြတ်ဗုဒ္ဓက မိမိကိုယ်ကိုချစ်လျှင် မိမိ ကိုယ်ကို စောင့်ရှောက်ပါဟု ဟောဖော်ညွှန်ကြား ခဲ့သည်။ တရားတော်အကျယ်မှာ “မိမိ၏ ကိုယ်ကျင့် သိက္ခာကောင်းအောင် မိမိကိုယ်ကို စောင့်ရှောက်ရမည်။ မိမိ၏ ဣန္ဒြေကောင်းအောင် စောင့်ရှောက်ရမည်၊ မကောင်းမှုမှန်သမျှ ပြုရမည်ကို ရှက်ရမည်။ မကောင်းမှုမှန်သမျှပြုရန် ကြောက်ကြရမည်” ဖြစ်သည်။
ထို့ပြင် “ကိုယ်ကျင့်သိက္ခာ၊ ဣန္ဒြေ၊ အရှက်၊ အကြောက်မရှိကြသောသူတို့သည် စင်စစ်အမှန် ပျက်စီးခြင်းသို့ ရောက်ကြကုန်လတ္တံ့”ဟုလည်း မြတ်ဘုရားက ဟောကြားခဲ့သည်။
မိမိကိုယ်မိမိမချစ်ရာမှ မိမိ၏အတွေ့အကြုံ အပြောအလုပ်များအား မစောင့်ရှောက်ဘဲ သိက္ခာမဲ့စွာပြုမူသဖြင့် အကြမ်းဖက်အဖျက်သမားများ ယခု အဖမ်းခံကြရသည်။ ထောင်သွင်းအကျဉ်းချခံရမည်။ ကိုယ်၏ဆင်းရဲခြင်း၊ စိတ်၏ဆင်းရဲခြင်းများ ကြီးမားစွာခံစားကြရမည်။ မြတ်ဗုဒ္ဓ၏ “မိမိကိုယ်မိမိ မချစ်၍ မစောင့်ရှောက်သူများသည် ပျက်စီးခြင်း မလှ ပျက်စီးရသည်”မှာ ထင်ရှားလျက်ရှိလှပေပြီ။
ထို့ကြောင့် မိမိကိုယ်မိမိ ချစ်ကြပါလျှင် မိမိ ကိုယ်မိမိ စောင့်ရှောက်ခြင်းမှတစ်ပါး အခြားမရှိဟုပင်ဆိုရပါမည်။
မြတ်ဗုဒ္ဓက ဝေနေယျသတ္တဝါများ မဟာကရုဏာတော်ဖြင့် ချမ်းသာကြောင်းတရား တစ်ပါးကိုဟောကြားခဲ့ပြန်ပါသည်။ ဤတရားသည်လည်း ယခုဖြစ်ရပ်နှင့် ဆက်စပ်လျက်ရှိသည်။ ဤသည်ကား အပြစ်ရှုခြင်းနှင့် ပတ်သက်သည်။
သူ့အပြစ်မရှု ကိုယ့်အပြစ်ရှု
ယနေ့ မြန်မာနိုင်ငံရှိ အကြမ်းဖက်လုပ်ရပ် လုပ်နေသူအားလုံးသည် သူ့အပြစ်ကို ရှုနေသူများဖြစ်ကြသည်။ အမြင်မှားကာ တရားသည်ကို မတရားဟုမြင်သည်။ ဓမ္မစစ်ကို အဓမ္မဟုမြင်သည်။ ကောင်းသောလုပ်ရပ်ကို ဆိုးသောလုပ်ရပ်ဟု ထင်မြင်လက်ခံသည်။ ဆိုးသော၊ အပြစ်မကင်းသောလုပ်ရပ်ကို လိုအပ်သည့်လုပ်ရပ်ဟု မြင်သည်။ တစ်ပါးသူ၏ အပြစ်ကိုသာ ရှုသည်။ မိမိကိုယ်၏ အပြစ်ကိုမူ လုံးဝမရှု။ သို့ဖြင့် အများပြည်သူဆင်းရဲရာ ဆင်းရဲကြောင်းကို တရစပ်ဆောင်ရွက်နေကြသည်။
သာမန်လူအများသည်လည်း သူ့အပြစ်ကိုသာ အရှုများလှကြသည်။ ကိုယ့်အပြစ်ကို ရှုသူများမှာ အထူးနည်းပါးလှပါသည်။
မြတ်ဗုဒ္ဓကမူ “သူတစ်ပါးတို့ မသင့်မတော်သော အရာတို့ကို မရှုကြည့်ရာ၊ သူတစ်ပါးတို့ ပြုအပ်မပြုအပ်သော အရာတို့ကိုမရှုကြည့်ရာ၊ မိမိသာလျှင် ပြုအပ်သောအရာတို့ကို လည်းကောင်း၊ မပြုအပ်သောအရာတို့ကို လည်းကောင်းရှုကြည့်ရာ၏” ဟု ဟောတော်မူခဲ့သည်။
မိမိအပြစ်ကို မိမိရှုကြည့်ပြုပြင်ရာမှ အောင်မြင်ကြီးပွားသွားသူ များစွာရှိပါသည်။ မြန်မာနိုင်ငံမှ စံပြပုဂ္ဂိုလ်တစ်ဦးမှာပခုက္ကူ ဦးအုန်းဖေပင်ဖြစ်သည်။ သူသည်ငယ်စဉ်က အလုပ်ကြမ်းမျိုးစုံ လုပ်ခဲ့ရသူတစ်ဦးဖြစ်ကြောင်း၊ ဓားပြဗိုလ်အလုပ်ပင်လုပ်ခဲ့ရကြောင်း၊ ထောင်တွင်း အကျဉ်းချခံရကြောင်းကို ဆောင်းပါးများရေးပြီး ပြောပြခဲ့သည်။ အခါတစ်ပါး တွင် ဆရာတော်တစ်ပါးက သူ့အား ဘဝအောင်မြင် ရေးစာအုပ်ငယ်တစ်အုပ်ပေးခဲ့သည်။ ထိုစာအုပ်အား သူက နှစ်နှစ်သက်သက်ဖြင့် နှစ်ပေါင်းများစွာ ထိန်းသိမ်းပြီး အထပ်ထပ်လည်း ဖတ်ခဲ့သည်။ ဖတ်ပြီးသူ့အပြစ်ကို သူရှုသည်။ ဆင်းရဲသားဘဝဖြင့် ရေရှည် မနေအပ်၊ သူတစ်ပါးစိတ်ဆင်းရဲစေသော ခိုးဆိုး တိုက်ခိုက်သည့် အလုပ်မလုပ်အပ်ဟု ရှုမြင်သည်။ သို့ဖြင့် မိမိ၏အပြစ်များအား ရှုမြင်ကာ မိမိကိုယ် ကို ပြုပြင်ခဲ့သည်။ လုံ့လဝီရိယဖြင့် ရိုးသားစွာ စီးပွားရှာခဲ့သည်။ ဗာဂျီးနီးယားဆေးလုပ်ငန်းဖြင့် ကြီးပွားချမ်းသာခဲ့သည်။ သို့ဖြင့် ကောင်းမှုများပြုလုပ်သည်။ ပခုက္ကူမြို့တွင် ဆေးရုံ၊ စာကြည့်တိုက် များ ဆောက်လုပ်တည်ထားခဲ့သည်။ အထင်ရှားဆုံးမှာ ပခုက္ကူဦးအုန်းဖေ စာပေဆုပေးရန်အတွက် မတည်ငွေ ၇၆ဝ၁၂၇၉ ကျပ်အား လှူဒါန်းပြီးတည်ထောင်ခဲ့သည်။ ယခုအချိန်အထိလည်း စာပေဆုများ နှစ်စဉ်ချီးမြှင့်ခဲ့သည်။ သူအတုယူရသော စာအုပ်ငယ်ကိုလည်း ဆင့်ပွားပုံနှိပ်ကာ ဒါနပြုခဲ့သည်။ ထိုစာအုပ်ငယ်ကို မန်းသင့်နောင်(ကော့ကရိတ်) က ပေးဖတ်သဖြင့် စာရေးသူပင် ၁၉၉၄ ခုနှစ် ကရင် ပြည်နယ်တွင် အမှုထမ်းစဉ်က ဖတ်ခဲ့ဖူးသည်။
ပခုက္ကူဦးအုန်းဖေသည် မိမိစိတ်ကို မိမိပြုပြင် ပြီး ကြိုးပမ်းဆောင်ရွက်သဖြင့် ပြည်သူအများ အကျိုးတရား ခံစားရသည်။ အရင်းခံအကြောင်းမှာ မိမိကိုယ်မိမိ ချစ်ခြင်းဖြစ်သည်။ သို့ဖြင့် မိမိအပြစ် မိမိရှုရာမှ စိတ်ကောင်းစေတနာများ ပွားများကာ အများအကျိုး၊ တိုင်းပြည်အကျိုးဆောင်နိုင်ခဲ့ခြင်း ဖြစ်ပေသည်။ ပေါ်ပေါက်လာသောလုပ်ရပ်များမှာ တိုင်းပြည်ချစ်စိတ်အထိ ပြန့်ပွားခဲ့သည်ကို တွေ့ရ လေသည်။ ဤကား မြန်မာနိုင်ငံမှ စံပြပုဂ္ဂိုလ်တစ်ဦး အကြောင်း ဖြစ်ပါသည်။
ကမ္ဘာ့စံပြပုဂ္ဂိုလ်တစ်ဦး၏ အကြောင်းကိုလည်း ဖော်ပြပါဦးမည်။ ထိုပုဂ္ဂိုလ်ကြီးမှာ အမေရိကန် နိုင်ငံ၏ သမိုင်းဝင်ပုဂ္ဂိုလ်ကြီး ဘင်ဂျမင်ဖရန်ကလင် (၁၇၀၆-၁၇၉၀ ပြည့်နှစ်) ဖြစ်သည်။ သူသည် လူ့စိတ် သည် ဂုဏ်အပေါင်းနှင့် ပြည့်စုံကြောင်း၊ လူတွင် မြင့်မြတ်စွာ ဆင်ခြင်တတ်သည့် ဉာဏ်ရှိကြောင်း၊ ထို့ပြင် အဆုံးအစမရှိသော အသိဉာဏ်များလည်း ရှိကြောင်း သိခဲ့သူဖြစ်သည်။
သူဆယ်ကျော်သက်အရွယ်တွင် သူ့စိတ်မှာ ရိုင်းခဲ့သည်။ သူငယ်ချင်းများနှင့် ဆက်ဆံရာတွင် ထိုးလိုက်ကြိတ်လိုက် လုပ်ခဲ့သည်။ သူ့မှာသည်းခံ စိတ်မရှိ၊ သူ့မှာ မေတ္တာစိတ်မရှိ၊ သို့ဖြင့် သူ၏ အလုပ်ရှင် ပုံနှိပ်တိုက်ပိုင်ရှင်ဖြစ်သူ အစ်ကိုဖြစ်သူနှင့် ရန်ဖြစ်ကာ မိဘများကိုစွန့်ပြီး ဖီလာဒဲလ်ဖီးယားမြို့ သို့ ထွက်ခွာသွားခဲ့သည်။ ထိုစဉ်က သူ့အသက် ၁၇ နှစ်သာရှိသေးသည်။ လက်ထဲတွင် ငွေမဖြစ်စလောက် သာရှိသည်။ ပုံနှိပ်တိုက်တွင် အလုပ်ဝင်လုပ်ခဲ့သည်။ ဤအပြစ် ၁၂ ရပ်အား ချရေးပြီး တစိုက်မတ်မတ် ပြုပြင်တော့သည်။
သို့ဖြင့် သူ ၂၃ နှစ်သားအရွယ်ရောက်သောအခါ ပုံနှိပ်တိုက်ပိုင်ရှင် စာတတ်ပေတတ်သူ၊ ငွေကြေး ပြည့်စုံသူ၊ ပေါင်းသင်းဆက်ဆံရေးပြေပြစ်သူ ဖြစ်လာပြီး သူနေသောမြို့၊ သူ့လုပ်ငန်းနယ်တွင် ခေါင်းဆောင်ဖြစ်လာခဲ့သည်။ ဤသည်ကား ဘင်ဂျမင်ဖရန်ကလင်၏ မိမိကိုယ်မိမိ ချစ်သဖြင့် မိမိသည် တစ်သက်တာအလုပ်ကြမ်းဘဝဖြင့် မနေအပ်ဟုလည်းကောင်း၊ စာမတတ်၊ ပေမတတ်သူ တစ်ဦးအနေဖြင့် မရပ်တည်အပ်ဟုလည်းကောင်း ရှုမြင်ခြင်း၊ ပြုပြင်ခြင်းဖြစ်သည်။
သူသည် မိမိကိုယ်သာ အပြစ်ရှုပြီး ပြုပြင်သူမဟုတ်ပေ။ မိမိနေထိုင်ရာမြို့ဖြစ်သော ဖီလာဒဲလ် ဖီးယားမြို့ကိုလည်း ဦးဆောင်ပြုပြင်ခဲ့သည်။ ငွေကြေး လုပ်အားများစွာ စိုက်ထုတ်ပြီး ပြုပြင်ခဲ့သည်။ သူ၏အကျိုးပြုလုပ်ငန်းများမှာ မြို့တွင်းလျှပ်စစ်မီး သွယ်တန်းသည့်လုပ်ငန်း၊ သန့်ရှင်းရေးလုပ်ငန်းနှင့် ဆေးပေးခန်း စသည်တို့ ဖြစ်သည်။
သို့ဖြင့် သူ့မြို့သည် အမေရိကန်နိုင်ငံတွင် အတိုးတက်ဆုံးမြို့၊ အကောင်းဆုံးမြို့ဟု သတ်မှတ်ခံရသည်။ ထို့ပြင် သူ့ပြည်နယ်ဖြစ်သော ပင်ဆယ်လ် ဗေးနီးယားအတွက်လည်း ဦးဆောင်လုပ်ခဲ့သည်။ ပင်ဆယ်လ်ဗေးနီးယားဆေးရုံ၊ ပညာတံခွန်အသင်း၊ အမေရိကန် ယထာဘူတအသင်း၊ အမေရိကန်ပိဋကတ်တိုက်နှင့် မီးအာမခံကုမ္ပဏီများ တည်ထောင် ပေးခဲ့သည်။
မိမိကိုယ်တိုင် မိမိကိုယ်ကိုချစ်ပြီး ပြုပြင်ခဲ့သူ၊ မိမိအပြစ် မိမိရှုပြီး မိမိလုပ်အပ်သည့် အလုပ်များအား တက်ကြွစွာဆောင်ရွက်ခဲ့သော ဘင်ဂျမင် ဖရန်ကလင်အား အမေရိကန်အစိုးရက လွတ်လပ်ရေး ကြေညာစာတမ်းရေးဆွဲရာ၌ အဖွဲ့ဝင်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြုရာတွင် အဖွဲ့ဝင်အဖြစ်တာဝန်ပေးခဲ့သည်။ ထို့နောက် သံအမတ်ကြီးတာဝန်နှင့် စာတိုက် မင်းကြီး တာဝန်ကိုလည်းချီးမြှင့်ပေးခဲ့သည်။
ဘင်ဂျမင်ဖရန်ကလင်သည် မိမိကိုယ်ကိုချစ်ရာမှတိုင်းပြည်ကိုလည်းချစ်သူ၊ အမေရိကန် နိုင်ငံသားများကိုလည်း ချစ်သူအဖြစ် မိမိကိုယ်မိမိ စောင့်ရှောက်ခဲ့၊ တည်ဆောက်ခဲ့သည်။ စာတိုက် မင်းကြီးအဖြစ် အစိုးရက တာဝန်ပေးသောအခါ လစာလုံးဝမယူဘဲ လူနာစစ်သည်များအတွက် လှူဒါန်းခဲ့သည်။
သူ့အသက် ၈၀ ပြည့်နှစ်တွင် သူ့အတ္ထုပ္ပတ္တိကို ရေးပြီး ဖြန့်ဝေလှူဒါန်းခဲ့သည်။ ဤစာအုပ်ထဲတွင် “အားလုံးအပေါ် ယဉ်ကျေးသိမ်မွေ့ပါ၊ အများနှင့် လိုက်လျောညီထွေနေထိုင်ပါ၊ လူအနည်းငယ်နှင့်သာ ရင်းရင်းနှီးနှီး နေထိုင်ပါ၊ မိတ်ဆွေကောင်းတစ်ယောက် သာထားပါ၊ ရန်သူတစ်ယောက်မှ မရှိစေနှင့်” ဟု ဖော်ပြခဲ့သည်။ အမေရိကန်ပြည်သူအပါအဝင် ကမ္ဘာသူ ကမ္ဘာသားများပါ အကျိုးကျေးဇူးပြုခဲ့သည်။
အမေရိကန်နိုင်ငံတွင် ဘင်ဂျမင်ဖရန်ကလင်ကဲ့သို့သောပုဂ္ဂိုလ်များ မြောက်မြားစွာရှိသည်။ ထို့ကြောင့် အမေရိကန်နိုင်ငံကြီးသည် ကမ္ဘာ့အင်အား ကြီးနိုင်ငံ၊ ချမ်းသာကြွယ်ဝသောနိုင်ငံ၊ အေးချမ်း သာယာသောနိုင်ငံကြီး ဖြစ်နေပေတော့သည်။
ကျွန်တော်တို့ မြန်မာနိုင်ငံကြီး လက်ရှိဖြစ်တည် နေသောအခြေအနေမှာ အထူးသဖြင့် အဖျက် အမှောင့်လုပ်နေသူအားလုံးသည် မိမိကိုယ်ကို မချစ်ကြသူများ၊ မိမိ၏အပြစ်ကို မရှုဘဲ သူတစ်ပါး၏ အပြစ်ကိုသာရှုပြီး ဆောင်ရွက်နေသူများ ဖြစ်နေကြပေသည်။ သို့ဖြင့် မိမိလည်း ဒုက္ခခံစားရ ပြည်သူများ လည်း ဆင်းဆင်းရဲရဲ ဖြစ်နေပေတော့သည်။
မိမိကိုယ်သာမိမိချစ်မည်။ မိမိသာပြုအပ်သည် ကို ပြုမည်ဆိုပါလျှင် မိမိ၏ ကြီးပွားချမ်းသာရေးကိုလည်း မိမိလုပ်ဖြစ်ပါမည်။ ထို့ပြင် မလုပ်အပ်သည် များကိုလည်း ရှောင်ရှားကာ လုပ်အပ်သောကောင်းမှု အထွေထွေကို မလွဲမသွေလုပ်ပေမည်။ ဤသို့ဖြင့် နိုင်ငံချစ်စိတ်သည် အပြောတွင်ရပ်မနေဘဲ ရုပ်လုံးရုပ်ကြွအဖြစ် ပေါ်ပေါက်လာမည်ဖြစ်ပေတော့သည်။
ဤသည်ကို ပခုက္ကူ ဦးအုန်းဖေနှင့် ဘင်ဂျမင် ဖရန်ကလင်တို့က စံနမူနာဖြစ်ခဲ့ကြသည်။
မိမိကိုယ်ကို ချစ်၊ မိမိအပြစ်ကို မိမိရှုကာတိုင်းပြည်ချစ်စိတ် မွေးမြူနိုင်ကြပါစေ။
စာကိုး
“မြတ်ဗုဒ္ဓ၏ ကြီးပွားရေးလမ်းညွှန်ချက်များ” ဦးမောင်မောင် (ဟံသာဝတီ)
၁၇-၆-၂၀၂၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာပါ “သန်လျင်တံတား အမှတ်(၃) ဖွင့်ပွဲအခမ်းအနားကို ၁၀၇ မမ ရှော့တိုက် ဒုံးဖြင့် ပစ်ခတ်မည့် အကြမ်းဖက်သမားများ အား လက်နက်/ခဲယမ်းများနှင့်အတူ ထပ်မံ ဖော်ထုတ် ဖမ်းဆီးရမိ”သတင်း။