Skip to main content

အစဉ်အလာတည်စေ့ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့

စိန်ဌေးလှိုင်(ဟိုပုံးမြေ)

“ယနေ့လူငယ်နောင်ဝယ်လူကြီး၊ သင်လည်းတစ်ဦး သားထူးသားမြတ်၊ ဖြစ်အပ်ရာသည် ရှေ့သို့ရည်၍၊ ငိုမြည်မတ သင်္ခါရဟု စိတ်ကမစော လောလောဆယ်ဆယ်၊ ဒုက္ခနယ်ကို ကယ်တင်နိုင်ကြပါစေသတည်း”လို့ ဆရာဇော်ဂျီက “အိုတက်လူတို့” ကဗျာမှာရေးသားခဲ့ပါတယ်။ လူငယ်ဆိုတာက နောင်တစ်ချိန်မှာ လူကြီးအရွယ်ကိုရောက်ရှိမှာဖြစ်လို့ ထူးချွန်ထက်မြက်ရပါမယ်။ သင်္ခါရသဘောတရားအရ ဒုက္ခကြုံတွေ့နေရတဲ့လောကကြီးကို ကယ်တင်နိုင်ပါစေလို့ ဆန္ဒပြုရေးဖွဲ့ထားတာဖြစ်ပါတယ်။ “လူငယ်ဆိုသည်မှာ အသက်အပိုင်းအခြား ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ မြန်မာနိုင်ငံသားများကိုဆိုလိုသည်”လို့ မြန်မာနိုင်ငံရဲ့လူငယ်ရေးရာမူဝါဒမှာ ပြဋ္ဌာန်းထားရှိပါတယ်။ လူငယ်ဆိုတဲ့စကားအတိုင်း ငယ်ရွယ်နုပျိုတာ၊ သွက်လက်ဖျတ်လတ်တာ၊ စူးစမ်းလေ့လာလိုစိတ်ရှိတာ၊ ကာယအား၊ ဉာဏအား အပင်ပန်းခံနိုင်တာ စတဲ့အရည်အချင်းတွေ ရှိကြပါတယ်။

မြန်မာမှုနယ်ပယ်မှာ လူငယ်တွေဟာ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့ ဗလငါးတန်နဲ့ ပြည့်စုံနေရမယ်လို့ ဆိုထားပါတယ်။ တစ်နည်းအားဖြင့် လူငယ်တို့ဟာ ကာယဗလ ကြံ့ခိုင်ကာ ကျန်းမာရေးကောင်းရပါမယ်။ ကျန်းမာရေးကောင်းမွန်မှသာ မိမိအကျိုး သူတစ်ပါးအကျိုးကို လုပ်ဆောင်နိုင်ပါမယ်။ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်အောင် ကြိုးစားရပါမယ်။ လောကမှာဖြစ်ပျက်နေတဲ့ အရှိတရားကို ဆင်ခြင်တုံတရားနဲ့ချိန်ဆပြီး မိမိဘဝတိုးတက်ရေးကို ရှေးရှုကာ ပညာဗဟုသုတ ရှာမှီးရပါမယ်။ မပြုလုပ်ဖို့တားမြစ်ထားတာကို မပြုလုပ်ဘဲ လုပ်သင့်လုပ်ထိုက်တာကို ပြုလုပ်ရမယ်ဆိုတဲ့ အကျင့်စာရိတ္တကောင်းလည်းရှိသင့်ပါတယ်။ မိမိအခက်အခဲကို ဆောင်ရွက်ပေးတဲ့ မိတ်ကောင်းဆွေကောင်းလည်းရှိရပါမယ်။ ဘဝ ခရီးအတွက် နေထိုင်လုပ်ကိုင်စားသောက်ရာမှာ စည်းစိမ်ဥစ္စာဟာအရေးပါတာကြောင့် ဥစ္စာရှိဖို့ရာ အလုပ်တာဝန်တွေကို ကြိုးစားပမ်းစားလုပ်ဆောင်ရပါမယ်။ လူငယ်ဆိုသည်မှာ နိုင်ငံတော်အတွက် စွမ်းအားသစ်အဖြစ် ထွက်ပေါ်လာမယ့် သားကောင်းရတနာတွေဖြစ်ကြပါတယ်။

မျိုးဆက်သစ်လူငယ်တွေရဲ့ အစွမ်းကိုအသုံးချ

ကမ္ဘာပေါ်ရှိနိုင်ငံအသီးသီးက အနာဂတ်လူ့ဘောင်အဖွဲ့အစည်းကြီး ဖွံ့ဖြိုးတိုးတက်ဖို့ ဆောင်ရွက်ကြရာမှာ မျိုးဆက်သစ်လူငယ်တွေရဲ့ အစွမ်းကိုအသုံးချကြပါတယ်။ ကမ္ဘာ့ကုလသမဂ္ဂရဲ့ (၅၄)ကြိမ်မြောက် အစည်းအဝေးမှာ ဩဂုတ်လ ၁၂ ရက်နေ့ကို “အပြည်ပြည်ဆိုင်ရာလူငယ်များနေ့” (International Youth Day) အဖြစ် သတ်မှတ်ထားရှိပါတယ်။ “လူငယ်များ၏ မျက်မှောက်ကာလတွင် ရင်ဆိုင်နေရသော အခက်အခဲများကိုဖြေရှင်းပေးရန်၊ ကမ္ဘာ့လူငယ်များအတွက် အစီအစဉ်များကို နိုင်ငံတကာမှ အာရုံစိုက်လာစေရန်၊ လူငယ်တို့၏ စွမ်းပကားတိုးတက်မြင့်မားစေရန်” ဆိုတဲ့ ရည်ရွယ်ချက်တွေချမှတ်ကာ သတ်မှတ်ခဲ့ပါတယ်။ ကုလသမဂ္ဂက နှစ်စဉ်နှစ်တိုင်း အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ ဆောင်ပုဒ်ချမှတ်ပေးကာ နိုင်ငံအသီးသီးမှာ သီချင်းဆိုပွဲနဲ့ လူငယ်စကားဝိုင်းစတဲ့ လူငယ်အခမ်းအနားတွေကို ကျင်းပကြပါတယ်။

မြန်မာနိုင်ငံမှာ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့ အခမ်းအနားတွေကို ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ကျင်းပပေးပြီး လူငယ်ရေးရာမူဝါဒဆွေးနွေးပွဲ၊ လူငယ်စကားဝိုင်းဆွေးနွေးပွဲ၊ အထိမ်းအမှတ်သစ်ပင်စိုက်ပွဲ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပေးပို့တဲ့သဝဏ်လွှာဖတ်ကြားခြင်းနဲ့ ထူးချွန်ဆုရလူငယ်တွေကို ဂုဏ်ပြုချီးမြှင့်မှုတွေ ဆောင်ရွက်ကြပါတယ်။

ကုလသမဂ္ဂစာရင်းအရ ကမ္ဘာပေါ်မှာလူငယ် ဦးရေ ၁ ဒသမ ၂ ဘီလီယံခန့်ရှိပြီး ကမ္ဘာ့လူဦးရေရဲ့ ၁၆ ရာခိုင်နှုန်းရှိပါတယ်။ လူငယ်ထုရဲ့ ၈၅ ရာခိုင်နှုန်းက ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ နေထိုင်ကြပါတယ်။ လူငယ်အနည်းစုကသာ လူမှုအသိုက်အဝန်းမှာဝင်ဆံ့ပြီး လိုအပ်တဲ့ပညာရေးနဲ့ အခြားဝန်ဆောင်မှုတွေကို ရရှိကြပါတယ်။ လူငယ်အများစုမှာ ဆင်းရဲနွမ်းပါးမှု၊ ပညာရေးနဲ့ ကျန်းမာရေးနိမ့်ကျမှု၊ ကျား/မ တန်းတူ မညီမျှမှု၊ မူးယစ်ဆေးဝါးအန္တရာယ်၊ အကြမ်းဖက်မှု၊ စစ်မက်ဖြစ်ပွားမှု၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးမှုတွေ ရင်ဆိုင်နေရကြောင်း လေ့လာသိရှိရပါတယ်။ အခုလိုအခက်အခဲတွေရှိသလို တစ်ဖက်မှာလည်း တိုးတက်မှုအခွင့်အလမ်းတွေ ရရှိနေကြပါတယ်။

လူငယ်ရေးရာမူဝါဒကို ရေးဆွဲပြဋ္ဌာန်း

လူငယ်တွေဘဝဖွံ့ဖြိုးတိုးတက်စေဖို့ သက်ဆိုင်ရာ နိုင်ငံအလိုက် ဆောင်ရွက်နေကြပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက အခြေခံမူကိုးချက်နဲ့ ရည်ရွယ်ချက် ၁၅ ချက်ပါဝင်တဲ့ “လူငယ်ရေးရာမူဝါဒ”ကို ရေးဆွဲပြဋ္ဌာန်းခဲ့ပါတယ်။ လူငယ်ရေးရာမူဝါဒဆိုတာဟာ နိုင်ငံအတွင်းရှိ လူငယ်တွေရဲ့ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှု စတဲ့အနာဂတ်အလားအလာကောင်းတွေကို ဖြည့်ဆည်းပေးနိုင်မယ့် မဟာဗျူဟာ လမ်းညွှန်ချက်ကိုခေါ်ဆိုပါတယ်။ လူငယ်တွေလိုအပ်နေတဲ့ လူသားအရင်းအမြစ်နဲ့ ဝန်ဆောင်မှုတွေကို သန္နိဋ္ဌာန်ချဆောင်ရွက်ပေးနိုင်ဖို့ စနစ်တကျ ဖော်ညွှန်းထားတဲ့ မူဝါဒတစ်ခုဖြစ်ပါတယ်။ ဆက်လက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ၂၀၂၂ ခုနှစ် ဇွန်လ ၂၄ ရက်နေ့မှာ “မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီ”ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပါတယ်။ “လူငယ်များ မှန်ကန်သည့်လမ်းကြောင်းပေါ်သို့ ရောက်ရှိစေကာ နိုင်ငံ့သားကောင်းများဖြစ်လာစေရန်”ဆိုပြီး ရည်ရွယ်ဖွဲ့စည်းခဲ့ပါတယ်။

လူငယ်တို့ရဲ့စွမ်းရည်တွေ မြင့်မားထူးချွန်စေဖို့ရာ လူရည်ချွန်စီမံကိန်းကို ဆောင်ရွက်လျက်ရှိပါတယ်။ ၎င်းစီမံကိန်းကို ၁၉၆၄ ခုနှစ်မှာစတင်ခဲ့ပြီး ငပလီနဲ့ ရန်ကုန်မြို့တို့မှာ လူရည်ချွန်စခန်းတွေ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အဲဒီနောက် အင်းလေးခေါင်တိုင်နဲ့ ပွဲကောက်ရေတံခွန်တို့မှာ ဖွင့်လှစ်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ (၂၅)ကြိမ်မြောက် ငွေရတုစီမံကိန်းကို ဆောင်ရွက်ခဲ့ပါတယ်။ နောက်ပိုင်း ကာလတွေမှာ ဒီအစီအစဉ်ကို ရပ်နားခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာ ပြန်လည်ဆောင်ရွက်ခဲ့ရာ “ဘက်စုံပညာထူးချွန်လူငယ်စီမံကိန်း”လို့ ခေါ်ဆိုပြီး ၂၀၁၈ ခုနှစ်မှာ “လူရည်ချွန်စီမံကိန်း”လို့ သတ်မှတ်ခဲ့ပါတယ်။ “ထူးချွန်ထက်မြက်သော ကျောင်းသားလူငယ်များ ပေါ်ထွန်းလာစေရန်၊ ပညာရေးဖွံ့ဖြိုးမှုလုပ်ငန်းများတွင် ပိုမိုစိတ်ပါဝင်စားလာစေရန်၊ နိုင်ငံ့သားကောင်းများ ပေါ်ပေါက်လာစေရန်” စတဲ့ရည်ရွယ်ချက်တွေထားရှိပါတယ်။ လူရည်ချွန် စီမံကိန်းကို ၂၀၁၉-၂၀၂၀ ပညာသင်နှစ်မှာ ဆောင်ရွက်ခဲ့ပြီး ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်မှာ ရပ်နားခဲ့ရပါတယ်။ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်မှာ ဆက်လက်ဆောင်ရွက်ခဲ့ရာ အဋ္ဌမတန်း ၁၆၀၊ ဒသမတန်း ၁၆၀ နဲ့ ဧကာဒသမတန်း ၁၅၈ ဦး စုစုပေါင်းလူရည်ချွန် ၄၇၈ ဦးကို မွေးထုတ်ခဲ့ပြီး ငွေဆောင်၊ ပုဂံ၊ အင်းလေး၊ ပုသိမ်၊ ပုပ္ပား၊ တောင်ကြီးနဲ့ ရန်ကုန်မြို့တို့ကို လေ့လာရေးခရီး စေလွှတ်ခဲ့ပါတယ်။ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှာ နဝမတန်း ၁၄၀၊ ဒသမတန်း ၁၄၀၊ ဧကာဒသမတန်း ၁၃၇ ဦး၊ ဒွါဒသမတန်း ၁၃၇ ဦး စုစုပေါင်းလူရည်ချွန်ကျောင်းသား ကျောင်းသူ ၅၅၄ ဦးကို မွေးထုတ်ပေးခဲ့ပြီး ပုဂံ၊ တောင်ကြီး၊ ငွေဆောင်၊ ချောင်းသာမြို့တို့ကို လေ့လာရေးခရီး စေလွှတ်ခဲ့ကြောင်း သိရှိရပါတယ်။

ရေကြောင်း၊ လေကြောင်းပညာကျွမ်းကျင် တဲ့လူငယ်တွေ ပေါ်ထွန်းလာစေဖို့ သင်တန်းတွေ ဖွင့်လှစ်

မြန်မာနိုင်ငံရှိ မျိုးဆက်သစ်လူငယ်မောင်မယ်တွေထဲက ရေကြောင်း၊ လေကြောင်းပညာကျွမ်းကျင် တဲ့လူငယ်တွေ ပေါ်ထွန်းလာစေဖို့ တပ်မတော်(ရေ)နဲ့ တပ်မတော်(လေ)တို့က သင်တန်းတွေ ဖွင့်လှစ်ပို့ချပါတယ်။ ၂၀၂၃ ခုနှစ် ရေကြောင်းလူငယ်သင်တန်း ၁၁ ခုမှာ ၇၁၂ ဦး၊ လေကြောင်းလူငယ်သင်တန်း ၁၇ ခုတို့မှာ ၆၈၀ တက်ရောက်ခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ရေကြောင်းလူငယ်(အခြေခံ/တန်းမြင့်)သင်တန်းတွေ ဖွင့်လှစ်ခဲ့ရာ နေပြည်တော် ကောင်စီနယ်မြေမှ ၁၈၁ ဦး၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁၄၀၊ ဧရာဝတီတိုင်းဒေသကြီးမှ ၁၅၅ ဦး၊ မွန် ပြည်နယ်မှ ၇၀ ၊ တနင်္သာရီတိုင်းဒေသကြီးမှ ၁၆၆ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၆၁ ဦး၊ ရှမ်းပြည်နယ် မှ ၄၅ ဦး စုစုပေါင်း ၈၁၈ ဦး တက်ရောက်ခဲ့ပါတယ်။ လေကြောင်းလူငယ်(အခြေခံ/တန်းမြင့်) သင်တန်းတွေ ဖွင့်လှစ်ရာ စခန်း ၁၇ ခုမှာ သင်တန်းသား သင်တန်းသူ ၈၅၀ တို့ကို လေ့ကျင့်သင်ကြားခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ကာကွယ်ရေးမှာ လူငယ်တွေပါဝင်လာနိုင်စေဖို့ “ပြည်သူ့စစ်မှုထမ်းဥပဒေ”ကို ပြဋ္ဌာန်းကာ စစ်ပညာသင်တန်းတွေ ဖွင့်လှစ်လျက်ရှိပါတယ်။

စွမ်းဆောင်ရည်ပြည့်ဝသူတွေဖြစ်အောင် ကြိုးစား

ယနေ့ကမ္ဘာပေါ်မှာ သဘာဝဘေးအန္တရာယ်၊ ကပ်ရောဂါစတဲ့ကမ္ဘာ့ရေးရာပြဿနာတွေ ပေါ်ပေါက်နေပါတယ်။ ဒါ့ပြင် လူသားတို့ကြောင့် ရာသီဥတုမညီမျှမှု၊ အစွန်းရောက်မှု၊ သဟဇာတပျက်ပြားမှုတွေကလည်း ကမ္ဘာ့အန္တရာယ်အဖြစ် တွန်းပို့နေပါတယ်။ လူငယ်စွမ်းအားဟာ မျက်မှောက်ကာလ အခက်အခဲတွေ ဖြေရှင်းရာမှာ အရေးပါပါတယ်။ လူငယ်တွေဟာ အနာဂတ်နိုင်ငံတော်တာဝန်ကို ပခုံးပြောင်းထမ်းဆောင်ကြရပါမယ်။ နိုင်ငံတစ်ခုတိုးတက်ပြောင်းလဲဖို့ ဖော်ဆောင်ရာမှာ လူငယ်တွေရဲ့စည်းလုံးမှု၊ ဦးဆောင်နိုင်မှုတို့နဲ့ ပူးပေါင်းတည်ဆောက်ရပါမယ်။ လူငယ်အပေါင်းကလည်း မိမိနိုင်ငံအရေးသာမကဘဲ ကမ္ဘာ့အရေးကိုပါ လေ့လာရပါမယ်။ လေ့လာမှုကနေရရှိတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေအပေါ် သင်ခန်းစာယူမှု၊ အတွေ့အကြုံကောင်းတွေ ရရှိမှုတို့ကိုအသုံးချကာ စွမ်းဆောင်ရည်ပြည့်ဝသူတွေဖြစ်အောင် ကြိုးစားရမှာက လူငယ်တိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။

လူငယ်တို့ဟာ မိမိလျှောက်လှမ်းရမယ့် ဘဝခရီးလမ်းအောင်မြင်တိုးတက်စေဖို့ ကိုယ်တိုင်ကြိုးပမ်းအားထုတ်ရပါမယ်။ အမှောင်ထုချောက်ကမ်းပါးထဲ ဆွဲချမယ့်မူးယစ်ဆေးဝါးဟာ လူငယ်တွေရဲ့လက်ထဲကို နည်းမျိုးစုံနဲ့ရောက်ရှိနေပါတယ်။ လူငယ်တွေကလည်း မူးယစ်ဆေးဝါးရဲ့ ဆိုးကျိုးတွေကို သိရှိနားလည်ပြီး မူးယစ်သားကောင်တွေမဖြစ်စေဖို့ ဂရုပြုသင့်ပါတယ်။ လူငယ်တွေမှာ တက်ကြွမှု၊ အဖွဲ့အစည်းခင်မင်မှု၊ စွန့်စားလိုမှုစတဲ့ သဘာဝအကြောင်းတရားတွေ ရှိကြပါတယ်။ ဒီအကြောင်းတရားတွေကို အခွင့်ကောင်းယူကာ ကိုယ်ကျိုးရှာနိုင်ငံရေးသမားတွေက လူငယ်တွေကို အသုံးချလေ့ရှိပါတယ်။

အချုပ်အားဖြင့်ဆိုရရင် ကမ္ဘာ့နိုင်ငံအသီးသီးရှိ လူငယ်တွေထူးချွန်ထက်မြက်စေဖို့ သက်ဆိုင်ရာနိုင်ငံအသီးသီးတို့က အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိပါတယ်။ မြန်မာနိုင်ငံမှာ လူငယ်ရေးရာ မူဝါဒတွေရေးဆွဲချမှတ်ခြင်း၊ လူရည်ချွန်စီမံကိန်းဆောင်ရွက်ပေးခြင်း၊ ရေကြောင်းနဲ့ လေကြောင်း ပညာသင်တန်းတွေ ဖွင့်လှစ်ပေးခြင်းစတာတွေ လုပ်ဆောင်ပေးနေပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာမှာ လူငယ်တွေရဲ့ စွမ်းပကားကအရေးပါသလို လူငယ်အပေါင်းတို့ကလည်း လိုက်ပါဆောင်ရွက်သင့်ပါကြောင်း “အပြည်ပြည်ဆိုင်ရာလူငယ်များနေ့”ကို ဂုဏ်ပြုသောအားဖြင့် ရေးသားလိုက်ရပါတယ်။ ။

ကျမ်းကိုး - မြန်မာနိုင်ငံလူငယ်ရေးရာမူဝါဒ (၂၀၁၇)