ပြည်သူအင်အား ပြည့်အားမာန်ဖြင့် တရားသောစစ် အောင်နိုင်ရာ
မျိုးချစ်ပြည်သူတစ်ဦး
၅-၈-၂၀၂၄ ရက်နေ့က ပြောကြားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ၂၅ မိနစ်ကြာမိန့်ခွန်းမှာ တစ်နိုင်ငံလုံးရဲ့ လက်ရှိလုံခြုံရေးအခြေအနေကို သံတမန်ဆန်ဆန်နဲ့ လွှမ်းခြုံပြောသွားတဲ့ စကားက ရှင်းပါတယ်။ ခွဲခြမ်းစိတ်ဖြာတတ်ရင် ဘာကိုဆိုလိုသလဲဆိုတာ ရှင်းပါလိမ့်မယ်။
မြန်မာပြည်ကြီး တည်ငြိမ်အေးချမ်းဖို့ လုပ်သင့်လုပ်ထိုက်တာကို လုပ်မယ်ဆိုတော့ ယခင်က လုပ်သင့်သော်လည်း အရာရာအကြောင်းကြောင်း ထောက်ဆပြီး အင်အားအလွန်အကျွံမသုံးမိအောင် သည်းခံခဲ့ရတာ၊ စိတ်ရှည်ခဲ့ရတာ၊ ညှာတာခဲ့ရတာ အားလုံးကို နားလည်စေချင်တယ်။ ဒါပေမဲ့ ပေးဆပ်ခဲ့ရတဲ့ လူသားတန်ဖိုး၊ ပစ္စည်းဥစ္စာတန်ဖိုးတွေနဲ့ နှိုင်းရရင်တော့ ပြည်သူတစ်ယောက် အမြင်အရ မတန်ဘူးပေါ့။ မီဒီယာအင်အား၊ လူလက်နက်အင်အား၊ ဒရုန်း EW လို နည်းပညာသာလွန် အင်အားအဆမတန်နဲ့ မူးယစ်ဆေးသုံးပြီး ပြည်ပအားကိုး လူသားစားဇွန်ဘီတွေလို ရက်လရှည်ကြာ တိုက်နေကြတဲ့ ပြည်တွင်းပြည်ပအဖျက်သမားအင်အားစုတွေကြားမှာ ဘာမဆိုသတိကြီးစွာထားပြီး လုပ်နေရတဲ့ အနေအထားကို မှန်းဆမိပါတယ်။
ဘုံရန်သူလို သဘောထားတည်ငြိမ်အေးချမ်းအောင် လုပ်မယ့်ကတိ
ပြောကြားခဲ့တဲ့မိန့်ခွန်းအရ တိုင်းပြည်ကို စုတ်ပြတ်ထွက်သွားအောင် လုပ်နေတဲ့ အဖျက်သမားကို ဘုံရန်သူလို သတ်မှတ်ပြီး ချေမှုန်းရတော့မယ့် အဓိပ္ပာယ်ကို ပြည်သူအများစုက ဖော်ထုတ်တတ်နေပါပြီ။ နယ်စွန်နယ်စပ်အဖျားပိုင်း EAO နယ်မြေတွေမှာ လက်နက်ထုတ်စက်ရုံတွေ ရှိနေတာသိနေပါတယ်။ ပြည်ပအထောက်အပံ့ရယူပြီး ယခုလိုတိုက်ခိုက်နေမှုအပေါ်မှာ လက်သင့်ခံမှာ မဟုတ်ဘူး။ နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိသည်အထိ ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမယ်ဆိုတဲ့ ကတိစကားဟာ ပြည်သူလူထုအတွက် အလွန်ပဲအားတက်စရာဖြစ်ပါတယ်။
စေတနာမမှန်တဲ့ နောက်ကွယ်က ပြည်ပအထောက်အပံ့များကို ခပ်ရေးရေးလှစ်ဟခြင်းက ကိုယ်စားပြုပရောက်စီ proxy စစ်ပွဲတစ်ခုနှယ် မပြောရုံတစ်မယ်ပါ။ အိမ်နီးချင်း အချင်းချင်းသွေးကွဲအောင်အဝေးက ရန်သူတွေရဲ့ ယုတ်မာမှု၊ အိမ်နီးချင်းမပီသဘဲ ပထွေးအားကိုး နောက်ကျောဓားထိုးပြီး မြန်မာနယ်မြေကို သိမ်းပိုက်ချင်နေတဲ့ အမျိုးယုတ်တို့ရဲ့ မိတ်ဆွေမပီသမှု ဖိအားမျိုးစုံနဲ့ ဘက်ပေါင်းစုံ ရင်ဆိုင်နေရတဲ့နိုင်ငံမှာ... အရှေ့အနောက် တောင်မြောက် စစ်မျက်နှာစုံ ဖွင့်နေရတဲ့ ထိုနိုင်ငံရဲ့ တပ်မတော်ကြီးကို နားလည်နိုင်အောင်ကြိုးစားရပါမယ်၊ မိမိရဲ့အတ္တကွက်ကွက်လေးကြည့်ပြီး မိမိရဲ့လုံခြုံရေး၊ မိမိပတ်ဝန်းကျင်၊ မိမိလူ့အဖွဲ့အစည်း ထိခိုက်သွားလောက်အောင် မိုက်တွင်းမနက်ကြပါနဲ့၊ ပညာမမဲ့ကြပါနဲ့လို့လည်း အနောက်အိမ်နီးချင်းနိုင်ငံတစ်နိုင်ငံက လူအုပ်စုကြီးရဲ့ အဖြစ်အပျက်ကိုကြည့်ပြီး သတိပေးချင်တယ်။
ဆိုလိုတာက ကမ္ဘာကြီးမှာ စစ်ရိပ်စစ်ငွေ့သန်းနေမှုက ယခင်နဲ့မတူအောင်ကို ပြင်းထန်လွန်းနေပြီး ပထဝီနိုင်ငံရေးအလှည့်အပြောင်းက မြန်ဆန်နေတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေ အထူးသတိရှိကြဖို့ပါ။ အမြဲတမ်းရန်သူ၊ အမြဲတမ်းမိတ်ဆွေဆိုတာ မရှိဘူးပေါ့။ ကမ္ဘာမီးလောင် သားကောင်ချနင်းမယ့် သူတွေ၊ တောမီးလောင်တောကြောင် လက်ခမောင်းခတ်မယ့်သူတွေ မိမိပတ်ဝန်းကျင်မှာ အသင့်ရှိနေတယ်၊ မြင်အောင်ကြည့်ရမယ်။ အရေးကြီးသွေးစည်းမယ့်သူက ယခုအချိန်မှာ အလွန့်အလွန်နည်းသွားပါပြီ။ ကိုယ်ကျိုးရှာမယ့်သူချည်း၊ အမြတ်ထုတ်မယ့် သူတွေချည်း၊ မိမိကိုဒုက္ခပေးမယ့်သူချည်း အများစုတွေ့နေရတယ်၊ သတိထားနိုင်အောင်ပါ။
နာတတ်ရမယ် အဓိကအင်အားကို ထုတ်ယူရမယ်
အရေးကြီးဆုံးက ကိုယ့်နယ်မြေတွေ တဖြည်းဖြည်းပဲ့ပါနေတာနာတတ်၊ စိုးရိမ်တတ်ဖို့ပဲ။ မြန်မာပိုင်နယ်မြေ၊ မြို့ရွာတွေဆိုတာ ဘယ်လူမျိုး၊ ဘယ်အုပ်စု ကြီးကိုမှ ကြီးစိုးခွင့်မပြုထားပါဘူး။ ခေတ်အဆက်ဆက် တိုင်းရင်းသားလူမျိုး ပေါင်းစုံက အေးအတူပူအမျှ ရောနှောနေထိုင်လာခဲ့ကြတာပါ။ ယခုအခါမှာတော့ နယ်မြေတွေကို အတင်းအဓမ္မ တိုက်ခိုက်သိမ်းပိုက်ပြီးမှ ပြန်လည်ခေါင်းထောင်လာတဲ့ စစ်ဘုရင်ဝါဒအောက်မှာ အမြင်ကျဉ်းမြောင်းစွာနဲ့ လူမျိုးအချင်းချင်းခွဲခြားဖိနှိပ်၊ ဒေသခံတွေကို နှင်ထုတ်ပြီး အိုးမဲ့အိမ်မဲ့ဖြစ်အောင်လုပ်၊ စီးပွားပျက်၊ ဘဝပျက်နဲ့ စစ်ရှောင် ဘဝရောက်ရအောင် မီဒီယာအားကိုး၊ ပြည်ပအားကိုးနဲ့ အပြင်းအထန်လုပ်နေကြတယ်။
အစိုးရအဆောက်အဦးတွေ၊ လူနေအိမ်တွေ၊ ပြည်သူပိုင်ဥစ္စာပစ္စည်းတွေ ဘာသာရေးအဆောက်အဦးတွေ၊ တပ်မတော်ဆေးရုံတွေ အကြမ်းဖက်တိုက်ခိုက်ပစ်မှတ်ထား ဖျက်ဆီးခံနေရခြင်းကို မချိအောင်နာတတ်ရမယ်။ အပြစ်မဲ့ပြည်သူတွေကို အစုလိုက်အပြုံလိုက် ရက်ရက်စက်စက် သတ်ဖြတ်နေကြတာ ဘယ်လိုပြည်သူမျိုးက ခံစားလို့ ရနိုင်ပါ့မလဲ။ လက်ရှိအခြေအနေဟာ တပ်မတော်နဲ့ ပြည်သူပူးပေါင်းလက်တွဲရင်ဆိုင်မှသာရမယ့် အခြေအနေဖြစ်တယ်။ အလွန်အရေးကြီးတဲ့အတွက် ပိုပြီးနီးနီးစပ်စပ်ပူးပေါင်းလက်တွဲရမယ့် အခြေအနေပါ။ မသင့်မြတ်သူချင်းပြန်လည်သင့်မြတ်ရမယ့် အချိန်လည်းရောက်နေပါပြီလို့ သတိပေးပါရစေ။
EAO တွေရဲ့ကျွန်သာသာ စတေးခံသာသာ
အဓိအင်အားက မျိုးချစ်ပြည်သူများရဲ့ စိတ်ဓာတ်ခွန်အားပဲဖြစ်တယ်။ ကြိုတင်ကာကွယ်ခြင်းဟာ ကုသခြင်းထက် ပိုထိရောက်တယ်ဆိုတဲ့မူအတိုင်း စစ်မီးမကူးစက်အောင်နဲ့ ပဋိပက္ခတွေ ယခုထက်ပိုပြီး မကျယ်ပြန့်အောင်လုပ်ရမယ့် တာဝန်များစွာ ရှိနေတယ်လို့မြင်တယ်။ မြို့ပြကျေးရွာတွေမှာ လူစိမ်းမဝင်နိုင်အောင်ကအစ ကြိုတင်သိုဝှက်ထားတဲ့ လက်နက်ပုန်းတွေကို ထိထိရောက်ရောက်ဖော်ထုတ်ရှင်းလင်းရပါတော့မယ်။ မြို့ရွာမှန်သမျှ ပြည်သူပါဝင်တဲ့ မြို့ပြကာကွယ်ရေးအစီအမံများ ဆောင်ရွက်ထားရပါမယ်။ ကာကွယ်ခြင်းနဲ့အတူ ထိရောက်တဲ့ တုံ့ပြန်မှုတွေကို ပြည်သူတွေမြင်လို လှပါပြီ။ ဖြစ်နိုင်ရင် အကြမ်းဖက်စစ်သွေးကြွတွေကို စစ်ရေးအရကော နိုင်ငံရေးအရပါ ထွက်ပေါက်မပေးစေချင်ပါ။ အကြမ်းဖက်တွေရဲ့ လက်နက်စက်ရုံတွေကို ဖျက်ဆီးပြီး ငွေကြေးစီးဆင်းမှုတွေကို ပိတ်ဆို့ဟန့်တားသင့်ပါတယ်။
ဗမာ pdf လူငယ်တွေအနေနဲ့လည်း စဉ်းစားစေချင်တာရှိတယ်။ pdf တွေဟာ ယခုလက်ရှိမှာ ရည်ရွယ်ချက်ချင်း မတူတဲ့ EAO တွေနဲ့ ပေါင်းပြီးတိုက်နေတာ.. ဟုတ်တယ်။ အနာဂတ်မှာ စစ်ရေးအရသိမ်းပိုက်ပြီး နယ်မြေတွေမှာ pdf တွေ ရပ်တည်ဖို့ တိုင်းရင်းသား EAO တွေက ခွင့်ပြုပါ့မလား၊ ပါသွားတဲ့နယ်မြေတွေဟာ ကိုယ့်နယ်မြေတွေပါသွားရတာပါ.. ခေါင်းသုံးပါ၊ ကိုယ့်ဘက်က ရလိုက်တာ မဟုတ်သူတို့ရသွားတာဖြစ်တယ်၊ ငါးကြင်းဆီနဲ့ ငါးကြင်းပြန်အကြော်ခံနေရတဲ့အတိုင်းပါပဲ.။ . တွေးတတ်ရမှာဖြစ်တယ်။
EAO တွေဆီက ကိုယ်လိုချင်တဲ့ နယ်မြေရဖို့ဆိုတာ မသေချာပါဘူး။ ပေးလည်းမပေးပါဘူး။ ကိုယ့်လူမျိုးကောင်းစားရေးတောင် မကြည့်တဲ့ စစ်ဘုရင်ခံယူထားသူတွေဟာ မင်းတို့ pdf တွေရဲ့အကျိုးကိုကော ကြည့်ပါ့မလားဆိုတာ မေးခွန်းထုတ်စရာမလိုဘူးလို့ထင်တယ်။ လက်ရှိစစ်ပွဲတွေမှာ pdf တွေဟာ အသုံးချခံပြီး ရှေ့ကနေအသေခံပြီး တိုက်ပေးနေရတဲ့အတွက် EAO တွေရဲ့ ကျွန်သဖွယ်သာသာ စတေးခံသာသာသာဖြစ်ပါတယ်။ တကယ့်တိုက်ပွဲတွေမှာ EAO ထက် pdf တွေကသာ အသေအပျောက်လည်းများတာ ကြားသိနေရတယ်။ ဒါဟာ ဗမာတွေကိုစော်ကားနေတာ၊ ရိုးသားတဲ့ မြန်မာတိုင်းရင်းသား အားလုံးကို စော်ကားလိုက်တာပဲ၊ သူတို့အကြိမ်ကြိမ်စော်ကားနေတာများလှပြီ ဖြစ်တဲ့အတွက် ခွင့်လွှတ်ဖို့ ကျေအေးဖို့ ထိုက်တန်ရဲ့လားလို့လည်း တွေးကြရမှာပါ။
အားပေးပါဝင်ကြမယ့်ပြည်သူက အသင့်ပါ
ရန်သူဘက်က အားသာချက်တွေချည်းပြောနေရုံနဲ့လည်းမပြီး၊ မိမိဘက်က အားနည်းချက်၊ ချို့ယွင်းချက်များကိုလည်း ရှာဖွေနိုင်ရပါမယ်။ အုပ်ချုပ်ထောက်ပံ့မှု၊ လူလက်နက်အင်အား၊ နည်းပညာ၊ ဗျူဟာပိုင်း၊ ထောက်လှမ်းမှု၊ ပြည်သူထောက်ခံမှု အားနည်းချက်/ အားသာချက်ကို ရှာဖွေနိုင်ခြင်းဟာ စစ်အောင်ရာသော အကြောင်းတရားများမှာ ပါဝင်ပါတယ်။ ပြည်သူဘက်က ပါဝင် မှုအပိုင်းကိုတော့ လုံးဝစိတ်ချပါ။ စိတ်ရောကိုယ်ပါအားပေးမယ့် ပြည်သူတွေအသင့်၊ နိုင်ငံမှာမျိုးချစ်ပြည်သူတွေ သွေးမနည်းတဲ့ စစ်သည်တွေ၊ ပြည်သူ့စစ်တွေအများကြီးရှိပါတယ်။ ရန်သူဆိုရာမှာ အတွင်းလောက်ကောင်သတင်းပေးတွေကိုပါ ထည့်တွက်ရမယ်။ သူတို့က ကိုယ့်နယ်မြေကို အကြမ်းဖက်တွေ သိမ်းလည်း ပျော်နေသူတွေ၊ လူသတ်လည်း ဝမ်းသာနေသူတွေ၊ ဘာသာသာသနာ ချိုးဖျက်ခံရလည်း ရင်ထဲကြိတ်ပျော်နေသူတွေဖြစ်တယ်။
ယခုအချိန်မှာပြည်သူရဲ့ လိုလားချက်က တပ်မတော်ဘက်က ယခုထက်ပိုပြီး ပြတ်သားပြစေချင်တာပဲ။ တိုင်းပြည် မအေးချမ်းခြင်းရဲ့ အဓိကတရားခံတွေဖြစ်တဲ့ အတွင်းလောက် အပြင်သစ္စာဖောက်အကုန်ချေမှုန်းစေချင်ကြတယ်။ နိုင်ငံသိက္ခာတပ်မတော်ရဲ့ သိက္ခာနဲ့ဆိုင်တဲ့အတွက် မြေကျန်ရင်တော်ပြီဆိုတဲ့ ပြည်သူတွေက သူတို့ကိုယ်တိုင် အကြမ်းဖက်အဖျက်သမားတွေကို လက်တွေ့ကျကျ ချေမှုန်းပေးဖို့ အမြစ်ဖြတ်ပေးဖို့၊ ရန်သူမီးကို ရပ်တန့်ပေးဖို့ သူတို့ကိုယ်တိုင်တောင်းဆိုနေကြပြီဖြစ်တယ်။ မြန်မာပြည်သူအားလုံးကိုယ်စား ပြည်သူတစ်ယောက်အနေနဲ့ ရန်သူကိုရှင်သန်ခွင့်မပေးစေလိုတော့ဘဲ ပြတ်ပြတ်သားသားလက်စားချေပေးပါလို့ပဲ ပြောပါရစေ။
အားလုံးညီညွတ်သင့်ကြပြီ
အဓိကအချက်က နိုင်ငံပျောက်မှာ၊ လူမျိုးပျောက်မှာ အကြောက်ဆုံးမို့ ကျွန်တော်တို့ အားလုံးမတူတာတွေ ခဏဘေးချိတ်၊ အဆုံးအဖြတ်တိုက်ပွဲတွေအတွက် အားလုံးစည်းလုံးသင့်ကြပါပြီ။ ပြည်ထောင်စုကြီး မပြိုကွဲဖို့အရေးတပ်မတော်ကို ချစ်သူတွေ၊ ထောက်ခံအားပေးသူတွေအားလုံး၊ နိုင်ငံကိုချစ်သူ၊ အမျိုးဘာသာသာသနာကို ချစ်မြတ်နိုးသူတွေအားလုံး စုစည်းသင့်ပါပြီ။ မြန်မာတို့ရဲ့အင်အားက အဓိကညီညွတ်မှုပါ။ မြန်မာတို့ရဲ့ အမှန်တကယ် ညီညွတ်မှုကို ကျူးကျော်သူတွေ ကြောက်ပါတယ်။
နိုင်ငံကို မတည်မငြိမ်ဖြစ်အောင် လုပ်နေတဲ့ ဘုံရန်သူက ဘယ်သူလဲ၊ တပ်မတော်က သိရှိသလို ပြည်သူက လည်း နားလည်နေပါပြီ။ မတရားကျူးကျော်စစ်ကို ခုခံရင်ဆိုင်ရတဲ့ အတွက် ဒီစစ်ပွဲက နိုင်ငံနဲ့ပြည်သူအတွက်တော့ တရားသောစစ်ဖြစ်တယ်၊ ကိုယ့်အမှားမဟုတ်၊ သူ့အမှားသာဖြစ်ပါတယ်။ ဒါကြောင့် မျိုးချစ်စိတ်ဓာတ်အပြည့်နဲ့ အကြမ်းဖက်သမားများနဲ့ အကြမ်းဖက်လုပ်ရပ်များကို ဆန့်ကျင်ကြပါ။ ကန့်ကွက်ရှုတ်ချကြပါ။ စစ်ကိုနိုင်အောင်တိုက်ဖို့က အဓိကဖြစ်တဲ့အတွက် မကြောက်ပါနဲ့၊ ပြန်တိုက်ရပါမယ်။ ပြည်သူတွေရဲ့ စိုးရိမ်စိတ်၊ ကြောက်စိတ်ကို လက်လွှတ်လိုက်ရတဲ့ နယ်မြေတွေကို ပြန်လည်သိမ်းပိုက်ရယူခြင်းဖြင့် ဖြေဖျောက်ပေးမယ်လို့ ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေးနဲ့ မထိုက်တန်တဲ့ ဒီရန်သူ၊ ဒီလိုအဖျက်သမားတွေအတွက် ငြိမ်းချမ်းရေးဟာ စာရွက်ပေါ်မှာ မရှိဘူး၊ အပေးအယူထက် ရာဇသံပေးမှရမယ်လို့ယူဆတယ်။
ငြိမ်းချမ်းရေးကို အင်အားနဲ့ ဖြေရှင်း မှသာ ရမယ်လို့ထင်ရင်တော့ ကျွန်တော်တို့ဘက်က စစ်မှန်တဲ့ ငြိမ်းချမ်းရေးလိုလားတဲ့ ရှိပြီးသားပြည်သူ့အင်အားကို အဓိကရယူရမှာပဲဖြစ်တယ်။ စစ်မှန်တဲ့ အင်အားဆိုတာ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်၊ ဘာသာသာသနာကို ဆတ်ဆတ်ထိမခံ၊ ချစ်မြတ်နိုးစိတ်ရှိတဲ့ ပြည်သူစစ်စစ်တို့ရဲ့ အင်အားပဲ။ သူတို့တွေဟာ ပြည်ထောင်စုကြီး ပဲ့ပါမသွားဖို့၊ တိုင်းရင်းသား တွေချိုးနှိမ်မခံရဖို့၊ အချုပ်အခြာတည်မြဲဖို့လိုအပ်ရင် လက်နက်ကိုင်စွဲခုခံတိုက်ခိုက် သွားဖို့အသင့်ရှိနေကြပါတယ်။
အနှစ်အားဖြင့်တော့ တပ်မတော်နဲ့ စစ်သားစိတ်ရှိတဲ့ ပြည်သူအကြားအပြန်အလှန်ယုံကြည်မှုရှိနေဖို့ပါပဲ။ ယနေ့အခြေအနေကို မခံစားနိုင်တော့တဲ့ ပြည်သူတွေ များလှပြီဖြစ်တဲ့အတွက် ဒုက္ခရောက်နေသူ မိမိတို့ပြည်သူများကို စာနာနားလည်ပြီး တပ်မတော်က ခင်းထားတဲ့ အမျိုးသားရင်ကြားစေ့ရေးလမ်းကြောင်းမှာ အမြန်ပူးပေါင်းပါဝင်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ ငြိမ်းချမ်းရေးအမြန်ရဖို့၊ သွေးချောင်းစီးတာတွေ ရပ်တန့်ဖို့ ဆောင်ရွက်မှုနည်းလမ်း မှန်သမျှမှာလည်း ကျန်ပြည်သူတစ်ရပ်လုံးက ပူးပေါင်းပါဝင်ပေးကြပါ။ တကယ်တမ်း ဘယ်နေရာမဆို ပြည်သူမပါတဲ့ အောင်ပွဲဆိုတာ မရှိနိုင်ပါဘူး။ တစ်လူလူလွင့်နေတဲ့ မြန်မာနိုင်ငံတော်အလံ ပြန်လည်မြင်ချင်နေပါပြီ။ ဒါကြောင့် ယခုဆင်နွှဲနေတဲ့ တရားသောစစ်သည်လည်း ပြည်သူကအမှန်ပါဝင်အားပေးလာပြီ ဖြစ်တဲ့အတွက် အမြန်မုချအောင်မြင်ရမည်ဟုသာ ပြည်သူတစ်ဦးအနေနဲ့ ယုံကြည်မိပါတော့တယ်။ ။