အကျပ်ရိုက်မှုအခြေအနေမျိုးမှ ရုန်းထွက်နိုင်ဖို့ ဆိုရာဝယ် …..
မောင်မောင်လင်း
ကျွန်တော်တို့ဟာနေ့စဉ်ဘဝမှာ မကြာခဏဆုံးဖြတ်ချက်ချရလေ့ရှိပြီး ယေဘုယျအားဖြင့် ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ်ထင်တာမျိုးကိုပဲ ဦးစားပေးပြီးရွေးချယ်ဆုံးဖြတ်လေ့ရှိကြပါတယ်။ အဲဒီဆုံးဖြတ်ချက်တွေထဲမှာ ကိုယ့်အတွက်သာမက အခြားသူတွေအတွက်ပါ အကျိုးသက်ရောက်မှုရှိနိုင်တာမျိုးလည်း ဖြစ်နိုင်ပါတယ်။
ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံရေးမှာ ကိုယ့်အကျိုးစီးပွားကိုသာ အဓိကထားပြီး ဆုံးဖြတ်ချက်ချလိုက်တဲ့အခါ အကျိုးဆက်အနေနဲ့ ဘယ်လိုဖြစ်လာမလဲဆိုတာကိုပါ ထည့်သွင်း စဉ်းစားဖို့လိုအပ်တဲ့ ကိစ္စရပ်တွေအတွက် အကျဉ်းသား၏အကျပ်ရိုက်မှုဆိုတဲ့ မိုဒယ်တစ်ခုနဲ့ ရှင်းပြလိုပါတယ်။
မိုဒယ်ရဲ့ မူလအစ
Prisoner’s Dilemma ဟာ သင်္ချာနဲ့စိတ်ပညာဆိုင်ရာ စိတ်ဝင်စားဖွယ်ပုစ္ဆာတစ်ခုဖြစ်ပါတယ်။ လူသားတွေရဲ့ ဆုံးဖြတ်ချက်ချမှု၊ ပူးပေါင်းဆောင်ရွက်မှုနဲ့ ယုံကြည်ကိုးစားမှုအပေါ် လေ့လာနိုင်ဖို့အတွက် အကောင်းဆုံးမိုဒယ်တွေထဲကတစ်ခုဖြစ်ပါတယ်။ Merrill Flood နဲ့ Melvin Dresher တို့ဟာ ၁၉၅၀ ပြည့်နှစ်တုန်းက RAND Corporation မှာ အလုပ်လုပ်နေစဉ် ဒီဆင်ခြင်တွေးခေါ်မှုကို ပထမဦးဆုံးဖော်ပြခဲ့ကြပါတယ်။
သင်္ချာဆိုင်ရာသီအိုရီကို အခြေခံပြီးစစ်ပွဲဆိုင်ရာ အခြေအနေမှာ ဆုံးဖြတ်ချက်ချဖို့ လိုအပ်တဲ့ ပြဿနာတွေကို လေ့လာဖို့အတွက် ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ သူတို့ကယှဉ်ပြိုင်မှုပတ်ဝန်းကျင်အတွင်း ဆုံးဖြတ်ချက်ချရတဲ့ အခြေအနေမျိုးမှာ ပူးပေါင်းဆောင်ရွက်မှာလား၊ ဆန့်ကျင်ခြားနားမှာလား ဒီနှစ်ခုအကြားမှာရှိနေတဲ့ ရှုပ်ထွေးမှုကို ဒီစိတ်ကူးပုံဖော်မှုနဲ့ ဖော်ပြခဲ့ကြပါတယ်။ ဒါကိုပဲ နောက်ပိုင်းမှာတော့ Princeton တက္ကသိုလ်မှ သင်္ချာပညာရှင် Albert W. Tucker က ဖမ်းဆီးထားသော အကျဉ်းသားနှစ်ဦးရဲ့အခြေအနေနဲ့ ပြင်ဆင်ပုံဖော်ခဲ့ပြီး “Prisoner’s Dilemma”လို့ အမည်ပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Robert Axelrod၊ Elinor Ostrom နဲ့ အခြားသုတေသီတွေက ဒီမိုဒယ်နဲ့ပတ်သက်ပြီး ပိုမိုနက်ရှိုင်းစွာ လေ့လာဆန်းစစ်ခဲ့ကြပါတယ်။ ထို့နောက် နိုဘယ်ဆုရှင် သင်္ချာပညာရှင် John Nash က ဒီမိုဒယ်ကို နက်နဲစွာ လေ့လာဆန်းစစ်ပြီး Nash Equilibrium ဆိုတဲ့ နိယာမကို သတ်မှတ်ပေးခဲ့ပါတယ်။
အဲဒီလိုမျိုး သိပ္ပံပညာရှင်များစွာက ဒီမိုဒယ်ကို ပိုမိုရှုပ်ထွေးသော အခြေအနေတွေနဲ့ကိုက်ညီစေဖို့ ဆက်လက်လေ့လာခဲ့ကြတဲ့အခါမှာ တစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ဟာ အခြားတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်အပေါ် ဘယ်လိုအကျိုးသက်ရောက်မှုရှိတာလဲ၊ အချက်အလက်မပြည့်စုံတဲ့ အခြေအနေမျိုးမှာ ဆုံးဖြတ်ခဲ့ရင် ဘာတွေဖြစ်လာမလဲဆိုတာနဲ့ တစ်ဦးတစ်ယောက်ရဲ့ ဆုံးဖြတ်ချက်ဟာ ရေရှည်မှာ ဘယ်လိုအကျိုးသက်ရောက်မှုရှိစေမလဲဆိုတာမျိုးတွေအထိ တိုးတက်ဖြစ်ပေါ်လာခဲ့ပါတယ်။
အရေးပေါ် ချက်ချင်းဖြစ်ပေါ်လာတဲ့ ဖြစ်စဉ်ဖြစ်ရပ်တွေမှာ ဘယ်လိုဆုံးဖြတ်ချက်ချကြသလဲဆိုတာမျိုး၊ အဖွဲ့အစည်းတစ်ခုလုံးအတွက် အကောင်းဆုံးဆုံးဖြတ်ချက်ကို ဘယ်လိုဆုံးဖြတ်ချက်ချရမလဲဆိုတာမျိုး၊ လူမှုဆက်ဆံရေးမှာ ယုံကြည်မှုနဲ့ပူးပေါင်းဆောင်ရွက်မှုဟာ ဘယ်လိုအရေးပါလဲဆိုတာမျိုး စတာတွေကိုလည်း လေ့လာသုတေသနပြုခဲ့ကြပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်မှုတွေကြောင့် Prisoner’s Dilemma ဟာ တစ်ဦးတည်းသော သင်္ချာပညာရှင် သို့မဟုတ် အဖွဲ့အစည်းတစ်ခုရဲ့ အောင်မြင်မှုမဟုတ်တော့ဘဲ ကစားနည်းဂိမ်းသီအိုရီနယ်ပယ်မှာ လေ့လာသူများစွာရဲ့ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ရလဒ်အဖြစ် ထွက်ပေါ်လာခဲ့ပါတယ်။
ဂိမ်းသီအိုရီ၏ အခြေခံ
ဒီမိုဒယ်က လူတစ်ဦးချင်းစီဟာ ကိုယ့်အကျိုးစီးပွားကို အများဆုံးရရှိစေဖို့ ကြိုးစားတဲ့အခြေအနေမျိုးမှာ ဆုံးဖြတ်ချက်တွေကို ဘယ်လိုချမှတ်ရမလဲဆိုတာနဲ့စပ်လျဉ်းပြီး လေ့လာတဲ့ဂိမ်းသီအိုရီ (Game Theory) ရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်ပါတယ်။ လူတစ်ဦးတစ်ယောက်အပေါ် စိတ်ချယုံကြည်နိုင်မှုရှိမယ့်အချိန်ကို သတ်မှတ်ပေးတဲ့ ကစားနည်းသီအိုရီဆိုင်ရာ ဂန္ထဝင်မိုဒယ်တစ်ခုလည်း ဖြစ်ပါတယ်။
ဒီမိုဒယ်က တစ်ဦးတစ်ယောက်ရဲ့ အကျိုးစီးပွားနဲ့ အများစုရဲ့အကျိုးစီးပွားအကြားမှာ ဘယ်လိုအကျပ်အတည်းတွေ ဖြစ်ပေါ်လာတတ်လဲဆိုတာကို သက်သေပြသပေးမှာဖြစ်ပါတယ်။ ဒီမိုဒယ်ရဲ့ မူလပုံစံအရ အကျဉ်းသားနှစ်ဦးကို သီးခြားစီဖမ်းဆီးထားပြီး စစ်ဆေးနေစဉ်အတွင်း သူတို့ကို အောက်ပါအတိုင်း ကမ်းလှမ်းလိုက်တဲ့အခါမျိုးမှာ သူတို့ဘာကိုရွေးချယ်မလဲဆိုတာက စိတ်ဝင်စားစရာ ဖြစ်လာပါတယ် -
(က)တစ်ဦးက အပြစ်ကိုဝန်ခံပြီး အစိုးရသက်သေလုပ်ခဲ့ပါက ပြစ်ဒဏ်လွတ်ကင်းမယ်။ နောက်တစ်ဦးကတော့ ထောင်ဒဏ် ၁၀ နှစ်ကျခံရမယ်။
(ခ) နှစ်ဦးလုံး နှုတ်ဆိတ်နေမယ်၊ ဒါပေမဲ့ အခြားသောသက်သေအထောက်အထားတွေအရ အပြစ်ကျူးလွန်တာကို ရှာဖွေတွေ့ရှိခဲ့ရင် နှစ်ဦးလုံး ထောင်ဒဏ်နှစ်နှစ်စီ ကျခံရမယ်။
(ဂ) နှစ်ဦးလုံး အပြစ်ကိုဝန်ခံပါက နှစ်ဦးလုံး ထောင်ဒဏ် ၅ နှစ်စီ ကျခံရမယ်။
မိုဒယ်ရဲ့အခြေခံတွေအရ လူနှစ်ဦး၊ ဒါမှမဟုတ်အဖွဲ့/နိုင်ငံကဲ့သို့ ဘက်နှစ်ဘက်ကို သီးခြားထားရှိရမယ်။ နှစ်ဖက်လုံးအပြစ်ကို ဝန်ခံနိုင်တာ ဒါမှမဟုတ် နှုတ်ဆိတ်နေနိုင်တာမျိုး ရွေးချယ်စရာနှစ်ခုရှိရမယ်။ ထွက်ပေါ်လာမယ့် အကျိုးဆက်တွေကတော့ နှစ်ယောက်လုံးအပြစ်ရှိကြောင်း ဝန်ခံခဲ့ရင် နှစ်ယောက်လုံး ထောင်ဒဏ်အနည်းငယ်ကျမယ်။ တစ်ယောက်ကသစ္စာဖောက်ပြီး ကျန်တစ်ယောက်က နှုတ်ဆိတ်နေခဲ့ရင် ဝန်ခံတဲ့သူလွတ်မြောက်မယ်၊ နှုတ်ဆိတ်နေတဲ့သူ ထောင်ဒဏ်ကြီးကြီးကျမယ်။ နှစ်ယောက်လုံးသစ္စာရှိရှိနဲ့ နှုတ်ဆိတ်ခဲ့ရင် နှစ်ယောက်လုံး ထောင်ဒဏ်အနည်းငယ်ပဲကျမယ် (ဝန်ခံတာထက် ပိုမိုပေါ့ပါးတဲ့ပြစ်ဒဏ် ဖြစ်ပါတယ်)။
အကျိုးဆက်များနှင့် ဆန်းစစ်ချက်များ
ဒီအခြေအနေမျိုးဆိုရင် အောက်ပါအတိုင်း ဆန်းစစ်တွေ့ရှိနိုင်ပါတယ်-
(က) တစ်ဦးချင်းစီ၏အကျိုးစီးပွား။ တစ်ဦးဦးက ကိုယ့်အကျိုးစီးပွားကိုသာ ဦးစားပေးရွေးချယ်မှုက ကျန်တစ်ဦးအတွက် အထိခိုက်ဆုံးရလဒ် ဖြစ်ပေါ်စေနိုင်ပါတယ်။
(ခ) နှစ်ဦးလုံးအတွက် မသေချာမှု။ နှစ်ဦးလုံးနှုတ်ဆိတ်နေခြင်းက နှစ်ဦးလုံးအတွက် အကောင်းဆုံးရလဒ်ဖြစ်ပေမယ့် တစ်ဦးနဲ့တစ်ဦးအပေါ် ယုံကြည်မှုပျက်ပြားမှုကြောင့် နှစ်ဦးလုံးကိုယ်လွတ်ရုန်းပြီး အပြစ်ကို ဝန်ခံလိုက်ပါက ပိုမိုဆိုးရွားတဲ့အခြေအနေကို ဦးတည်သွားနိုင်ပါတယ်။
(ဂ) တစ်ဦးချင်းစီအတွက် အမြတ်ဆုံးရွေးချယ်မှု။ တစ်ပါးသူကိုအပြစ်ပုံမချဘဲ ကိုယ်တိုင်အပြစ်ကို ဝန်ခံလိုက်ခြင်းပဲဖြစ်ပါတယ်။
ဂိမ်းသီအိုရီနယ်ပယ်တွင် အရေးပါသော ပုံစံတစ်ခုအဖြစ် ဖြစ်ပေါ်လာခြင်း
ဒီမိုဒယ်က စီးပွားရေး၊ နိုင်ငံရေး၊ လူမှုပတ်ဝန်းကျင်အစရှိတဲ့ ပူးပေါင်းဆောင်ရွက်ခြင်းနဲ့ ယှဉ်ပြိုင်မှုတို့အကြားရှိနေတဲ့ အချိတ်အဆက်ကို နားလည်နိုင်ဖို့အတွက် အထောက်အကူပြုပါတယ်။ ဥပမာအားဖြင့် ပီဇာတစ်ခုရှိတယ်။ နှစ်ယောက်ဝေမျှရမယ်။ တစ်ယောက်က များများယူချင်သလို နောက်တစ်ယောက်ကလည်း ဝေစုများများလိုချင်မှာပဲဖြစ်ပါတယ်။ နှစ်ယောက်လုံး ညီညီမျှမျှဝေမျှရင် ပိုကောင်းတယ်ဆိုတာသိပေမယ့် တစ်ယောက်ယောက်က သူဘယ်လိုများများရအောင် ဖန်တီးလို့ရမလဲဆိုတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။ လူတစ်ဦးချင်းစီဟာ ကိုယ့်အကျိုးစီးပွားကို အများဆုံးရရှိဖို့ကြိုးစားနေတဲ့အခြေအနေမျိုးမှာ ဘယ်လိုဆုံးဖြတ်ကြလဲဆိုတာကို လေ့လာနိုင်တဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ လူမှုသိပ္ပံပညာရပ်ဆိုင်ရာ ဂိမ်းသီအိုရီတစ်ခု ဖြစ်လာပါတယ်။
ဒုတိယကမ္ဘာစစ်အပြီးမှာတော့ အဲဒီလိုမျိုးဂိမ်းသီအိုရီနယ်ပယ်အပေါ် စိတ်ဝင်စားမှုတွေ တိုးပွားလာခဲ့ပြီး စီးပွားရေး၊ နိုင်ငံရေးနဲ့စစ်ရေး စတဲ့နယ်ပယ်တွေမှာ အသုံးချခဲ့ကြပါတယ်။ John von Neumann နဲ့ Oskar Morgenstern တို့က ဂိမ်းသီအိုရီကို သင်္ချာနည်းကျကျ လေ့လာခဲ့သလိုသူတို့ရဲ့ “Theory of Games and Economic Behavior” စာအုပ်ဟာ အဲဒီနယ်ပယ်မှာအရေးပါတဲ့ အချက်တစ်ချက် ဖြစ်လာခဲ့ပါတယ်။
ဂိမ်းသီအိုရီမှာ နာမည်ကျော်တဲ့ နိုဘယ်ဆုရ သင်္ချာပညာရှင် John Nash တီထွင်ခဲ့တဲ့ Nash Equilibrium ဟာ Prisoner’s Dilemma ကို လေ့လာတဲ့အခါမှာ အလွန်အရေးပါပါတယ်။ Nash Equilibrium က ဘာကိုဆိုလိုတာလဲဆိုရင် ကစားသမားတွေ (ဒီမှာဆိုရင်အကျဉ်းသားနှစ်ယောက်)က ကိုယ့်အတွက် အကောင်းဆုံးဖြစ်မယ့် ဆုံးဖြတ်ချက်ကို ချမှာဖြစ်သလို အခြားသူကလည်းသူ့အတွက် အကောင်းဆုံးလို့ ယူဆတဲ့ဆုံးဖြတ်ချက်ကိုသာ ရွေးချယ်မယ်ဆိုတာပဲဖြစ်ပါတယ်။ ပြီးရင် ဘယ်သူမှကိုယ့်ရဲ့ဆုံးဖြတ်ချက်ကို ပြောင်းလဲချင်စိတ်မရှိတော့တဲ့အခြေအနေကို ဖော်ပြနေပါတယ်။
အကျဉ်းသားနှစ်ယောက် ဥပမာအရဆိုရင်တော့ နှစ်ယောက်လုံး အစိုးရသက်သေလုပ်လိုတဲ့အခြေအနေက Nash Equilibrium ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ သီးခြားစီစစ်ဆေးခံနေရတာကြောင့် အချင်းချင်းဆက်သွယ်နိုင်မှာမဟုတ်သလို တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုလည်းမရှိကြပါဘူး။ ဒီလိုအချိန်မျိုးမှာ အကျဉ်းသားနှစ်ဦးဟာ ကိုယ်တိုင်အတွက် အကျိုးအမြတ်အများဆုံးရဖို့သာ ကြိုးစားကြမှာဖြစ်ပါတယ်။
တစ်ယောက်က အစိုးရသက်သေလုပ်ခဲ့ပြီး ကိုယ်ကနှုတ်ဆိတ်နေမိခဲ့ရင် နှုတ်ဆိတ်နေတဲ့သူက ထောင်ကြီးကြီးကျမှာဖြစ်တာကြောင့် သူလည်း အစိုးရသက်သေလုပ်ချင်မှာဖြစ်ပါတယ်။ ဒါကြောင့် Nash Equilibrium အရ အခြားသူရဲ့ဆုံးဖြတ်နိုင်မှုအပေါ် ခန့်မှန်းပြီး ကိုယ့်အတွက်အကျိုးရှိဆုံးဖြစ်စေမယ့် ဆုံးဖြတ်ချက်ကို ရှာဖွေခြင်းပဲဖြစ်ပါတယ်။ စီးပွားရေးနယ်ပယ်မှာဆိုရင်လည်း ကုမ္ပဏီနှစ်ခုအကြား ကုန်ပစ္စည်းဈေးနှုန်းကိုလျှော့ချပြီး ဖောက်သည်ကို ဆွဲဆောင်ကြပါတယ်။
ဈေးနှုန်းမလျှော့ချခဲ့ရင် ဖောက်သည်တွေအကုန်လုံးကို ဆုံးရှုံးနိုင်တာကြောင့် နှစ်ဖက်လုံးက ဈေးနှုန်းကို အပြိုင်အဆိုင်လျှော့ချလိုတဲ့ အခြေအနေဟာ Nash Equilibrium ဖြစ်ပါတယ်။ အရေးကြီးတာ က Nash Equilibrium ဟာ လူတွေရဲ့ ဆုံးဖြတ်ချက်တွေကို ခန့်မှန်းဖို့ ကူညီပေးနိုင်တယ်ဆိုပေမယ့် လူတိုင်းက ကိုယ့်အတွက် အကောင်းဆုံးဆိုတာကိုပဲ ရွေးချယ်မယ်လို့တော့ မဆိုလိုပါဘူး။ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်းမှာ မတူကွဲပြားတဲ့ စိတ်ခံစားချက်၊ ယုံကြည်မှုနဲ့ဆင်ခြင်တွေးခေါ်မှုတွေ ရှိနိုင်လို့ဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)