အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်
K ဇင်သစ်(မန်းတက္ကသိုလ်)
သမဝါယမအဖွဲ့ချုပ် စတင်ဖွဲ့စည်းခြင်း
၁၈၄၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ရော့ခ်ဒေးမြို့ ဖလန်နယ်စက်ရုံမှ အလုပ်သမား ၂၈ ဦးတို့က ၎င်းတို့၏ စီးပွားရေး၊ လူမှုရေးနိမ့်ကျနေမှုများကို ရင်ဆိုင်ဖြေရှင်းရန် သမဝါယမကုန်စုံဆိုင်တစ်ဆိုင်ကို ရင်းနှီးငွေ စုပေါင်းထည့်ဝင်၍ ဖွင့်လှစ်ထူထောင်ခဲ့သည်မှစ၍ ကမ္ဘာ့သမဝါယမ စတင်ပေါ်ပေါက်ခဲ့သည်။ ၁၈၉၅ ခုနှစ် ဩဂုတ် ၁၉ ရက်မှ ၂၃ရက်အထိ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌ ပထမအကြိမ် ကမ္ဘာလုံးဆိုင်ရာ သမဝါယမညီလာခံတစ်ရပ် ကျင်းပခဲ့ပြီး ၁၉-၈-၁၈၉၅ ရက်တွင် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်(International Cooperative Alliance-ICA)ကို ထူထောင်ဖွဲ့စည်းနိုင်ခဲ့ပါသည်။ အဖွဲ့ချုပ်စတင်ဖွဲ့စည်းခဲ့စဉ်က အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘယ်လ်ဂျီယံ၊ အင်္ဂလန်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟော်လန်၊ အိန္ဒိယ၊ အီတလီ၊ ဆွစ်ဇာလန်၊ ဆားဗီးယားနှင့် အမေရိကန် စုစုပေါင်း ၁၃ နိုင်ငံက အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့ကြသဖြင့် ကမ္ဘာ့သမဝါယမများ၏ အမြင့်ဆုံးအဖွဲ့ကြီးအဖြစ် ရပ်တည်လာခဲ့ပါသည်။
၁၉၃၇ ခုနှစ်က ပြင်သစ်နိုင်ငံ ပါရီမြို့၌ ကျင်းပခဲ့သည့် အဖွဲ့ချုပ်၏ (၁၅) ကြိမ်မြောက် ညီလာခံတွင် ကမ္ဘာတစ်ဝန်းဖွဲ့စည်းထားသည့် သမဝါယမအသင်း/ အဖွဲ့များအနေဖြင့် လက်ခံကျင့်သုံးလျက်ရှိသည့် သမဝါယမအခြေခံမူ (၅) ချက်ကို လိုက်နာနိုင်ရေး ထုတ်ပြန်ထားခဲ့ခြင်းအပေါ် ပြန်လည်ဆန်းစစ်သုံးသပ်ခဲ့ကြသည်။ ၁၉၄၆ ခုနှစ်တွင် နိုင်ငံရေးအရ ကြားနေခြင်း၊ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအတွက် ခိုင်မာအောင် ရပ်တည်ခဲ့ခြင်းများကြောင့် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးက အသိအမှတ်ပြုခဲ့ပြီး အတိုင်ပင်ခံအဆင့်ကို လက်ခံရရှိခဲ့သည့် ကမ္ဘာ့ပထမဆုံး အစိုးရမဟုတ်သည့်အဖွဲ့အစည်း (INGO) သုံးခုထဲမှ တစ်ခုအဖြစ် ပါဝင်ခဲ့သည်။
သမဝါယမ အခြေခံမူများ
တိုးချဲ့ဖွဲ့စည်းလာခဲ့ကြသည့် သမဝါယမအသင်းအဖွဲ့အစည်းများအနေဖြင့် အချင်းချင်းပူးပေါင်းပါဝင်ဆောင်ရွက်ခြင်းဖြင့် လူသားအကျိုးပြုမှုနှင့် ကမ္ဘာကြီး ရှင်သန်ရပ်တည်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်သောကြောင့် ၁၉၆၆ ခုနှစ်တွင် မူလသမဝါယမအခြေခံမူ (၅) ချက်အပြင် နောက်ထပ်အခြေခံမူ (၁) ချက် ထည့်သွင်း၍ အခြေခံမူ (၆) ချက်ဖြင့် ဒုတိယအကြိမ် ပြန်လည်ပြင်ဆင်ခဲ့ကြသည်။
အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ် (ICA) အဖွဲ့ဝင် ကမ္ဘာ့သမဝါယမအသင်း/ အဖွဲ့များအနေဖြင့် ICA က သတ်မှတ်ပြဋ္ဌာန်းထားသည့် သမဝါယမအခြေခံမူများကို လိုက်နာ၍ အသင်းများဖွံ့ဖြိုးရေး ဆောင်ရွက်လာခဲ့ကြရာ ၁၉၉၅ ခုနှစ်တွင် ကျင်းပသည့် (၃၁) ကြိမ်မြောက် ကမ္ဘာ့သမဝါယမညီလာခံကြီးမှ (၇) ခုမြောက်အခြေခံမူကို သဘောတူချမှတ်နိုင်ခဲ့ခြင်းနှင့်အတူ သမဝါယမအဓိပ္ပာယ်၊ သမဝါယမကျင့်ဝတ်နှင့် အနှစ်သာရတို့ကို ထုတ်ပြန်ခဲ့ပါသည်။ ယင်းသို့ ထုတ်ပြန်ခဲ့သည့် သမဝါယမအထောက်အထား၊ လက္ခဏာဆိုင်ရာများကို ကမ္ဘာတစ်ဝန်းရှိ သမဝါယမများက လက်ခံကျင့်သုံး လိုက်နာဆောင် ရွက်နေကြပါသည်။
အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်၏ အခြေခံမူ (၇) ချက်မှာ
(၁) ဆန္ဒအလျောက် လွတ်လပ်စွာ အသင်းသားအဖြစ် ပါဝင်ခွင့်ရှိခြင်း၊
(၂) အသင်းသားများ၏ ဆန္ဒနှင့်အညီစီမံခန့်ခွဲခြင်း၊
(၃) သမဝါယမအသင်း၏ စီးပွားရေးလုပ်ငန်းများတွင် အသင်းသားများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊
(၄) အသင်းအနေဖြင့် ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့် လွတ်လပ်မှုရှိခြင်း၊
(၅) ပညာပေးရေး၊ လေ့ကျင့်ရေးနှင့် သမဝါယမသတင်းအချက်အလက်ဖြန့်ဝေရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊
(၆) သမဝါယမအသင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊
(၇) အခြေခံလူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးအတွက် တာဝန်ခံခြင်းတို့ဖြစ်သည်။
သမဝါယမအဓိပ္ပာယ်နှင့်ကျင့်ဝတ်
သမဝါယမအသင်းဆိုသည်မှာ ဆန္ဒအလျောက် ပူးပေါင်းကြသူများက မိမိတို့၏ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုဆိုင်ရာ လိုအပ်ချက်နှင့် လိုအင်ဆန္ဒများ ဖြည့်ဆည်းရန်အလို့ငှာ ပူးပေါင်းပိုင်ဆိုင်ပြီး အများဆန္ဒနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်သည့် အဖွဲ့အစည်းဖြစ်သည်။ သမဝါယမကျင့်ဝတ်များမှာ-
(က) ရိုးသားခြင်း၊
( ခ ) ပွင့်လင်းခြင်း၊
( ဂ ) လူမှုရေးစိတ်ဓာတ်ရှိခြင်း၊
(ဃ) အများအကျိုးကို အလေးထားခြင်းတို့ဖြစ်သည်။
သမဝါယမ၏ အနှစ်သာရများမှာ-
(က) ကိုယ့်အားကိုယ်ကိုးခြင်း၊
( ခ ) ကိုယ်တိုင်တာဝန်ယူဆောင်ရွက်ခြင်း၊
( ဂ ) အများဆန္ဒနှင့်အညီ စီမံခန့်ခွဲခြင်း၊
(ဃ) တန်းတူညီမျှခြင်း၊
( င ) တရားမျှတခြင်း၊
( စ ) စည်းလုံးညီညွတ်ခြင်းတို့ ဖြစ်သည်။
၂၀၀၂ ခုနှစ်တွင် အထက်ပါသမဝါယမအထောက်အထား၊ လက္ခဏာဆိုင်ရာထုတ်ပြန်ချက်ကို အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ် (ILO) ၏ သမဝါယမအသင်းများမြှင့်တင်ရေး ထောက်ခံအကြံပြုချက် 193 တွင် ထည့်သွင်းထားသည်ကို တွေ့ရပါသည်။
ဒေသဆိုင်ရာရုံးခွဲများ
ICA အဖွဲ့ချုပ်အနေဖြင့် မူလစတင်ဖွဲ့စည်းခဲ့သည်မှ ၁၉၈၁ ခုနှစ် အထိ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့တွင် ရုံးချုပ်အဖြစ် အခြေစိုက်ခဲ့ပြီး ၁၉၈၂ ခုနှစ်တွင် အဓိကကျသော နိုင်ငံတကာအဖွဲ့အစည်းအများ အပြားရုံးစိုက်ရာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့သို့ ပြောင်းရွှေ့ခဲ့သည်။ ICA အဖွဲ့ချုပ်သည် အပြန်အလှန်ချိတ်ဆက်ပြီး ဗဟိုချုပ်ကိုင်မှုကင်းသော ကမ္ဘာလောက၏ စိန်ခေါ်မှုများကို ကူညီဖြည့်ဆည်းပေးရန်အတွက် အာဖရိက၊ အမေရိက၊ အာရှ-ပစိဖိတ်နှင့် ဥရောပတို့တွင် ၁၉၉၂ ခုနှစ်မှစတင်၍ ဒေသဆိုင်ရာရုံးခွဲလေးခုကို ထူထောင်ခဲ့သည်။
၂၀၁၃ ခုနှစ်တွင် ICA အဖွဲ့ချုပ်ကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှ ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့သို့ ပြောင်းရွှေ့ကာ အကျိုးအမြတ်ကို အဓိကမထားသော အသင်းအဖွဲ့တစ်ခုအဖြစ် ထူထောင်ခဲ့ပြီး ယနေ့ တိုင် ICA ဌာနချုပ်(ရုံးချုပ်)အဖြစ် ဘရပ်ဆဲလ်မြို့တွင် တည်ရှိနေသည်။ ICA ၏ အဖွဲ့ဝင်များအနေဖြင့် လယ်ယာကဏ္ဍ၊ ဘဏ်လုပ်ငန်း၊ လက်လီအရောင်း(စားသုံးသူ)၊ ငါးလုပ်ငန်း၊ ကျန်းမာရေး၊ အိုးအိမ်၊ အာမခံ၊ စက်မှုနှင့် ဝန်ဆောင်မှုစသည့်လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ကြပြီး သက်ဆိုင်ရာဒေသအလိုက် သမဝါယမအသင်းဝင်၊ အသင်းသားများ၏ လူမှုစီးပွားဘဝမြင့်မားရေး ဆောင်ကြဉ်းပေးလျက်ရှိနေပါသည်။
အာဖရိကဆိုင်ရာဒေသရုံးခွဲတွင် ၃၅ နိုင်ငံ၊ အမေရိကန်ရုံးခွဲတွင် ၂၁ နိုင်ငံ၊ အာရှပစိဖိတ်ဆိုင်ရာရုံးခွဲတွင် မြန်မာနိုင်ငံအပါအဝင် ၃၄ နိုင်ငံနှင့် ဥရောပရုံးခွဲတွင် ၂၉ နိုင်ငံ စုစုပေါင်း ကမ္ဘာ့နိုင်ငံ ၁၁၉ နိုင်ငံတို့က အဖွဲ့ဝင်အဖြစ် ပါဝင်လျက်ရှိပြီး သမဝါယမအသင်း/အဖွဲ့ ၃၀၅ ဖွဲ့တို့က ICA အသင်းဝင်အဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိသည်။
မြန်မာနိုင်ငံ ဗဟိုသမဝါယမအသင်း
မြန်မာနိုင်ငံ ဗဟိုသမဝါယမအသင်းသည် ၇-၉-၁၉၉၃ ရက်တွင် ICA အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပြီးနောက် ICA ၏ ထုတ်ပြန်ထားသော သမဝါယမသဘောတရားဆိုင်ရာစံနှုန်းများ၊ ကျင့်ဝတ်နှင့် အနှစ်သာရ၊ အခြေခံမူများနှင့်အညီ သမဝါယမအသင်းများဖွဲ့စည်းပြီး ပြည်သူများ ၏ လူမှုစီးပွားဘဝ မြင့်မားလာစေရေးအတွက် ကုန်ထုတ်၊ ကုန်သွယ်၊ ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများဖြင့် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ၁၉၉၂ ခုနှစ်တွင် ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ၏ တည်ဆဲသမဝါယမ အသင်းဥပဒေတွင် မြန်မာ့သမဝါယမအခြေခံမူ (၁၀) ချက်ကို ဖော်ပြပါအတိုင်း တွေ့ရှိရပါသည်။
သမဝါယမ အခြေခံမူ(၁၀) ချက်
(၁) အသင်းကို မိမိဆန္ဒအလျောက် ပါဝင်လိုသူများဖြင့် ဖွဲ့စည်းရန်
(၂) အသင်းသား (သို့မဟုတ်) ကိုယ်စားလှယ်သည် လူတစ်ကိုယ် ဆန္ဒမဲတစ်မဲပေးနိုင်သည့် ညီမျှသောအခွင့်အရေးရရှိ၍ အသင်း၏လုပ်ငန်းအရပ်ရပ်ကို အများ၏ဆန္ဒဖြင့်သာ စီမံခန့်ခွဲရန်
(၃) အသင်းတွင် ထည့်ဝင်ထားသော အစုအတွက်ရရှိရမည့် အကျိုးခံစားခွင့်ကို ကန့်သတ်ထားရန်
(၄) အသင်း၏လုပ်ငန်းမှ ထွက်ပေါ်လာသည့် အသားတင်အမြတ်ငွေများကို အသင်းသားများ၏ ဆုံးဖြတ်ချက်ဖြင့် ခွဲဝေရန်
(၅) သမဝါယမ သဘောတရားနှင့် နည်းစနစ်ပြန့်ပွားရေးအတွက် ဆောင်ရွက်ရန်
(၆) ပြည်တွင်း/ ပြည်ပရှိ သမဝါယမအသင်းအချင်းချင်း ထိရောက်စွာ ပူးပေါင်းဆောင်ရွက်ရန်
(၇) အသင်းသည် အသင်း၏ စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများကို လုပ်ဆောင်သည့် အဖွဲ့အစည်းသာဖြစ်စေရန်
(၈) အသင်းသည် အသင်းသား၊ အသင်းဝင်များ၏ အကျိုးကို ဦးတည်ဆောင်ရွက်ခြင်းဖြင့် ယင်းတို့၏ လူနေမှုအဆင့်အတန်းမြင့်မားရေးကို ရှေးရှုဆောင်ရွက်ရန်၊
(၉) အသင်းသားများ သို့မဟုတ် အသင်းဝင်များသည် အသင်း၏စီးပွားရေးနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်သူများဖြစ်ကြစေရန်
(၁၀) အသင်းသည် အသင်းသား၊ အသင်းဝင်များနှင့် အကျိုးတူ စီးပွားဘက်လုပ်ကိုင်သူများ၏ အကျိုးစီးပွားအတွက် အချင်းချင်း၊ လုပ်အား၊ ပစ္စည်းတို့ပူးပေါင်း၍ အများ၏ ဆန္ဒဖြင့် စီမံခန့်ခွဲလုပ်ဆောင်သည့် အဖွဲ့အစည်းဖြစ်စေရန်
အပြည်ပြည်ဆိုင်ရာ သမဝါယမနေ့
၁၉၉၄ ခုနှစ်က ကျင်းပခဲ့သည့် (၄၉) ကြိမ်မြောက် ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံကြီးက နှစ်စဉ် ဇူလိုင်လ ပထမပတ် စနေနေ့ကို အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အဖြစ် ကြေညာခဲ့ပြီးနောက် ကမ္ဘာတစ်ဝန်း နိုင်ငံအသီးသီးတွင် နှစ်စဉ် ဇူလိုင်လ ပထမပတ် စနေနေ့တိုင်း အထိမ်းအမှတ်အခမ်းအနားများ ကျင်းပခဲ့ကြသည်။ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမအသင်းများ၏ အထောက်အကူပြု ဆောင်ရွက်မှုကို ဂုဏ်ပြုသောအားဖြင့် ၂၀၁၂ ခုနှစ်ကို အပြည်ပြည်ဆိုင်ရာသမဝါယမနှစ်အဖြစ် ကုလသမဂ္ဂအဖွဲ့ကြီးက တရားဝင်ကြေညာခဲ့ပြီး သမဝါယမလှုပ်ရှားမှုများကို မန်ချက်စတာမြို့၌ ကမ္ဘာ့သမဝါယမညီလာခံကျင်းပမှုနှင့်အတူ ကျင်းပခဲ့ကြသည်။ လာမည့် ၂၀၂၅ ခုနှစ်ကိုလည်း ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာသမဝါယမနှစ်အဖြစ် သတ်မှတ်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ICA သည် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်၊ ဥရောပကော်မရှင်တို့နှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြပြီး ကုလသမဂ္ဂအဖွဲ့ကြီး၏ အလေးထား အသိအမှတ်ပြုခံနေရသည့် အဖွဲ့အစည်းကြီးအဖြစ် ရှင်သန်ရပ်တည်နေပါသည်။
ပထမ၊ ဒုတိယကမ္ဘာစစ်ကြီးများဖြစ်ပွားခဲ့သော်လည်း ICA အနေဖြင့် ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့သည့် ရှေးအကျဆုံးသော လူမှုစီးပွားရေးအဖွဲ့အစည်းကြီးဖြစ်ကာ သမဝါယမလှုပ်ရှားမှုများ၏ ကျင့်ဝတ်၊ အနှစ်သာရနှင့် အခြေခံမူများကို အားပေးရန်နှင့် ကာကွယ်ရန်၊ အသင်းဝင်အဖွဲ့အစည်းများအကြား အပြန်အလှန်အကျိုးရှိသော ဆက်ဆံရေးကို လှုံ့ဆော်ရန်၊ စီးပွားရေးနှင့် လူမှုရေးတိုးတက်မှုကို မျက်နှာသာပေး၍ လုံခြုံရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူပြုရန်၊ နှစ်ဦးနှစ်ဖက် အပြန်အလှန်ကူညီထောက်ပံ့မှုနှင့် ဒီမိုကရေစီကိုအခြေခံသည့် ကမ္ဘာ့သမဝါယမလှုပ်ရှားမှုကို မြှင့်တင်ရန်စသည့် ရည်ရွယ်ချက်များဖြင့် အဖွဲ့ဝင်များအတွက် အလေးထားဦးတည်ဆောင်ရွက်လျက်ရှိနေခြင်းကြောင့် ICA အနေဖြင့် နောင်နှစ်ပေါင်းများစွာ ကမ္ဘာမြေတွင် ရှင်သန်ရပ်တည်နေနိုင်မည်ဟု ယုံကြည်မိပါသည်။ ICA အဖွဲ့ဝင်မဖြစ်သေးသော နိုင်ငံများတွင်လည်း ယင်းတို့ဒေသနှင့် ပတ်သက်သည့် အများနှင့် စုပေါင်းဆောင်ရွက်သည့် အသင်း/အဖွဲ့များ ရှိနေနိုင်ပါသည်။
သို့ဖြစ်ရာ သမဝါယမများသည် ရာစုနှစ် နှစ်စုနီးပါးခန့် ကမ္ဘာမြေပေါ်တွင် ရှင်သန်ရပ်တည်နေခြင်းနှင့် မည်သည့်နိုင်ငံရေးစနစ်ကို ကျင့်သုံးစေကာမူ မတူကွဲပြားမှုကြားမှ ရုန်းကန်ရှင်သန်ရပ်တည်နေသည်က လက်တွေ့ဆန်လွန်းလှပါသည်။ မျက်မှောက်ကာလတွင် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးလျက်ရှိသည့် အမိနိုင်ငံတော်တွင်လည်း သမဝါယမလုပ်ငန်းများ ရှင်သန်ရပ်တည်လာခဲ့သည်မှာ နှစ်ပေါင်း ၁၂၀ တိုင်ခဲ့ပြီဖြစ်ပေသည်။ ခေတ်အဆက်ဆက်အစိုးရများ၏ စီးပွားရေးစီမံကိန်းအကောင်အထည်ဖော်မှုများတွင် ကျရာအခန်းကဏ္ဍမှ မဆုတ်မနစ်ကြိုးပမ်းဆောင်ရွက်ခဲ့သည့် ယနေ့ခေတ် သမဝါယမလောကသားများအနေဖြင့် ပြည်သူများ၏လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို အလေးထားဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးတွင် အခန်းကဏ္ဍတစ်ခုအဖြစ် ဖော်ဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါသည်။
ကမ္ဘာ့နိုင်ငံများတွင် သမဝါယမလုပ်ငန်းများ အောင်မြင်လျက်ရှိပြီး သက်ဆိုင်ရာနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးမှုများတွင် သမဝါယမများက ပံ့ပိုးကူညီမှုများပြုနေသည်က ငြင်း၍မရနိုင်ပါ။ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံအရ စုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများက သမဝါယမစနစ် အောင်မြင်မှုရရှိစေရေး တွန်းအားတစ်ရပ် အဖြစ်ရှိနေပါသည်။ ကမ္ဘာ့နိုင်ငံများတွင် စီးပွားရေးချိန်ခွင်လျှာကို ထိန်းညှိရန် သမဝါယမများအား သက်ဆိုင်ရာအစိုးရများက ပံ့ပိုးမှုများ ရှိနေသကဲ့သို့ မြန်မာနိုင်ငံရှိ ဖွဲ့စည်းပြီးသမဝါယမအသင်းများအား နိုင်ငံတော်၏ ပံ့ပိုးကူညီမှုများဖြင့် ဆောင်ရွက်မည်ဆိုပါက ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ ပိုမိုမြင့်မားလာပြီး ဆင်းရဲချမ်းသာကွာဟမှုကို လျော့ကျစေနိုင်မည်ဟု ယုံကြည်မျှော်လင့်မိပါကြောင်း ၁၉-၈-၂၀၂၄ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ သမဝါယမအဖွဲ့ချုပ်၏ (၁၂၉) နှစ်မြောက် နှစ်ပတ်လည်နေ့ကို ဂုဏ်ပြုရေးသားလိုက်ရပါသည်။ ။
ကိုးကား-
၁၉၉၂ ခုနှစ်၊ သမဝါယမအသင်းဥပဒေ