မူမှန်သောအတွေး မူမှန်သောအကျင့်
မောင်မောင်လင်း
လူတိုင်းအတွက် မိမိကိုယ်ကို နားလည်တတ်ဖို့ဆိုတာက အလွန်အရေးကြီးသလို ဒါဟာ ကိုယ့်ဘဝကို ပိုမိုပြည့်စုံအောင်ပြုလုပ်ပေးနိုင်တဲ့ အရည်အချင်းတစ်ခုလည်း ဖြစ်ပါတယ်။ အလုပ်အကိုင်၊ ပတ်ဝန်းကျင်နဲ့ လူမှုဆက်ဆံရေးတွေမှာ အောင်မြင်မှုရရှိဖို့အတွက် ကိုယ့်စွမ်းရည်နဲ့ စိတ်ခံစားချက်တွေကို သေချာနားလည်ထားဖို့ လိုအပ်ပါတယ်။ လူတွေက မိမိကိုယ်ကို နက်နက်ရှိုင်းရှိုင်းနားလည်တယ်လို့ ယုံကြည်ထားကြပေမယ့် အဲဒါဟာ တကယ်ရောမှန်ကန်ပါရဲ့လား။ ဒါကြောင့် မိမိကိုယ်ကို နားလည်တတ်ခြင်းဟာ ကိုယ်တိုင်တိုးတက်မှုနဲ့ အဖွဲ့အစည်းတစ်ရပ်ရဲ့ အနာဂတ်အောင်မြင်မှုအတွက် အရေးကြီးကြောင်း ဆွေးနွေးမျှဝေလိုပါတယ်။
မိမိကိုယ်ကိုနားလည်တတ်ခြင်း ဆိုရာဝယ်
မိမိကိုယ်ကို နားလည်တတ်ခြင်းဆိုတာ ကိုယ်တိုင်ရဲ့စိတ်နေစိတ်ထား၊ အတွေးအခေါ်၊ ခံစားချက်တွေနဲ့ ကိုယ့်ရဲ့အပြုအမူတွေကို အရှိအတိုင်းသိရှိနေခြင်း ဖြစ်ပါတယ်။ တစ်နည်းဆိုရရင် ကိုယ့်ရဲ့အားနည်းချက်၊ အားသာချက်၊ တန်ဖိုးထားမှုစံနှုန်းနဲ့ စိတ်ကူးအိပ်မက်တွေကို နားလည်နိုင်ပြီး တော့ လက်ခံနိုင်ခြင်းပင် ဖြစ်ပါတယ်။ မိမိကိုယ်ကို နားလည်ထားမယ်ဆိုရင်-
(က) ကိုယ့်ရဲ့စွမ်းရည်တွေကို ပိုမိုပြည့်စုံစွာ အသုံးချနိုင်ပါမယ်။
(ခ) ကိုယ့်ရဲ့ အားနည်းချက်တွေကိုသိပြီး ဆန်းစစ်လေ့လာနိုင်ပါမယ်။
(ဂ) ကိုယ့်ရဲ့ရည်မှန်းချက်တွေကို ပိုမို ရှင်းလင်းစွာ သတ်မှတ်နိုင်ပါမယ်။
(ဃ) ကိုယ့်ရဲ့ချွတ်ယွင်းနေမှုကိုလည်း လက်ခံ လာနိုင်ပြီး တိုးတက်ဖို့ လုပ်ဆောင်နိုင်ပါမယ်။
ဒါဆိုရင် ကိုယ့်ရဲ့ရပ်တည်ချက်ကဘာလဲ၊ ကိုယ်ကဘာတွေကို တန်ဖိုးထားလေးစားလိုက်နာ တတ်သလဲ၊ ကိုယ့်မှာ ဘယ်လိုအားသာချက်တွေ ရှိနေသလဲ၊ ကိုယ့်ရဲ့အားနည်းချက်တွေကကော ဘာတွေလဲ၊ ကိုယ်ဖြစ်ချင်တဲ့ဆန္ဒကရောဘာလဲ အစရှိတာတွေကို သေချာနားလည်သဘောပေါက် လာမှာဖြစ်ပါတယ်။ မိမိကိုယ်ကို အသေအချာနားလည်နိုင်မယ်ဆိုရင် ကိုယ့်ရဲ့တန်ဖိုးထားမှုစံနှုန်း တွေနဲ့အညီ နေ့စဉ်ဘဝမှာ ပြုမူဆောင်ရွက်လာနိုင်မှာ ဖြစ်တဲ့အတွက် ဆန္ဒနဲ့ဘဝ ထပ်တူနီးပါးကျပြီး အဓိပ္ပာယ်ပြည့်ဝတဲ့ ဘဝနေထိုင်မှုပုံစံကို ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။
ဒါဆိုရင် မိမိကိုယ်ကို နားလည်သဘောပေါက်အောင် တစ်နည်းပြောရရင် မိမိကိုယ်ကို သေချာ သိအောင် ဘယ်လိုလုပ်လို့ရလဲဆိုတာကို လေ့လာကြည့်လိုက်ရအောင်ပါ။ ကိုယ်တိုင်နဲ့ အခြားသူတွေ အပေါ် ယေဘုယျအားဖြင့် နားလည်လိုတယ်ဆိုရင် ဒိန်းမတ်နိုင်ငံသားစီးပွားရေးဂုရုကြီး Uffe Elbaek ရဲ့ အများသူငှာသဘောထား ပြဒါးတိုင်လေးနဲ့ စထားကြည့်လို့ရပါတယ်။
Uffe Elbaek မိုဒယ် ဆိုရာဝယ်
ဒီမိုဒယ်က လူတစ်ဦးတစ်ယောက်ရဲ့ စရိုက်လက္ခဏာနဲ့ သဘောထားတွေကို ဖော်ထုတ်ပေးနိုင်ပါတယ်။ အဲဒီအတွက် ကိုယ်ဟာမတူညီတဲ့ ရှုထောင့်လေးခုကနေ အမြဲတမ်းအကြည့်ရှုခံနေဖို့ လိုအပ်တယ်ဆိုတာကိုတော့ သတိပြုထားရပါမယ်။ အဲဒါတွေကတော့-
(က) မိမိကိုယ်ကို ဘယ်လိုမြင်လဲ။
(ခ) ကိုယ်တိုင်ကကော မိမိကိုယ်ကို ဘယ်လို မြင်ချင်နေတာမျိုးလဲ။
(ဂ) တစ်ပါးသူတွေက ကိုယ့်အပေါ် ဘယ်လို မြင်နေတာမျိုးလဲ။
(ဃ) သူတစ်ပါးက မိမိကို ဘယ်လိုမြင်စေ ချင်တာလဲစတာတွေပဲ ဖြစ်ပါတယ်။
အဲဒါနဲ့ပတ်သက်ပြီးတော့ အောက်မှာဖော်ပြ ထားတဲ့ စံတွေနဲ့ချိန်ထိုးကြည့်ပြီး မိမိကိုမိမိ ၁ ကနေ ၁၀ အတွင်း အမှတ်ပေးကြည့်လိုက်ပါ-
(က) အဖွဲ့လိုက်နေတတ်မှုနဲ့ ထီးတည်း နေတတ်မှု။
(ခ) အသွင်အပြင်နဲ့ အနှစ်သာရမှာ ဘယ်ဟာ ကို ပိုအလေးထားလဲ။
(ဂ) ရုပ်ပိုင်းနဲ့ စိတ်ပိုင်းနှစ်ခုထဲမှာ ဘယ် တစ်ခုက ကိုယ့်အတွက် ပိုအရေးပါလဲ။
(ဃ) ကမ္ဘာ့အရေးနဲ့ ဒေသအရေးဘယ်အရေးမှာ ပိုခံစားမိလဲစတာတွေနဲ့ မိမိကိုယ်ကို ချိန်ထိုးဆန်းစစ် ကြည့်လိုက်ရင် ကိုယ်ဟာဘယ်လိုလူစားမျိုးဆိုတာကို အတိုင်းအတာတစ်ခုအထိ သိရှိနားလည်နိုင်မှာ ဖြစ်ပါတယ်။
ဒီလိုသိသွားပြီးပြီဆိုရင်တော့ ကိုယ်ဟာ အများ နဲ့လိုက်လျောညီထွေဖြစ်အောင်နေနိုင်တဲ့ လူမျိုးလား၊ လက်တွေ့ကျတဲ့လူမျိုးလား၊ စိတ်ကူးယဉ်ကမ္ဘာလေးထဲမှာပဲ ပျော်မွေ့နေတဲ့လူမျိုးလား စတာတွေကို ဖော်ထုတ်နိုင်မှာဖြစ်ပြီး မိမိကိုယ်ကို ကိုယ်တိုင်နဲ့ လူအများက ရှုမြင်စေချင်တဲ့ ပုံစံမျိုးဖြစ်အောင် ပြုမူနေထိုင်သွားလို့ရမှာ ဖြစ်ပါတယ်။
ဥပမာအားဖြင့် အသင်းအဖွဲ့လိုက်ကျွမ်းကျင်မှုအရည်အချင်းအလွန်လိုအပ်တဲ့ လုပ်ငန်းနယ်ပယ်အတွက် အလုပ်စလျှောက်တဲ့အခါမှာ မိမိကိုယ်ကိုတော့ အသင်းအဖွဲ့လိုက် လုပ်ဆောင်တတ်သူလို့ ထင်ကောင်းထင်နေနိုင်ပေမယ့် လုပ်ဖော်ကိုင်ဖက် ဟောင်းတွေကတော့ ပေါင်းစည်းဆောင်ရွက်မှု အားနည်းသူလို့ ထင်နေတာမျိုးကို သိထားခဲ့မယ်ဆိုရင်တော့ အင်တာဗျူးအတွက် ပြင်ဆင်ချိန်မှာ ကိုယ့်ရဲ့လိုအပ်ချက်ရှိနေတာတွေကို အထူးဂရုစိုက် ပြင်ဆင်နိုင်ဖို့အခွင့်အရေးရရှိမှာ ဖြစ်ပါတယ်။ ဒီမိုဒယ်ကို နားလည်အသုံးချခြင်းအားဖြင့် ကိုယ့်ရဲ့အရည်အသွေး၊ အရည်အချင်းမြှင့်တင်ရမယ့်အရာတွေကို သိမြင်လာနိုင်သလို ကိုယ့်ရဲ့ဆက်သွယ်ပြောဆိုမှုတွေ တိုးတက်ကောင်းမွန်လာပြီး လူမှုဆက်ဆံရေး ပိုမိုခိုင်မာအောင် လုပ်ဆောင်နိုင်လာမှာ ဖြစ်ပါတယ်။
စွမ်းအင်မိုဒယ် (Energy Model) ဆိုရာဝယ်
ဒါကတော့ ကိုယ်ဟာအတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်သုံးခုထဲက ဘယ်အပိုင်းကို ဘယ်လောက် အာရုံစိုက်သင့်သလဲဆိုတာမျိုး ဖြစ်ပါတယ်။ လက်ရှိအချိန်နဲ့နေရာကိုပဲ အာရုံစိုက်သင့်တယ်လို့ ပြောဆိုတာမျိုး မကြာခဏကြားဖူးမှာပါ။
ဆွစ်လူမျိုးစာရေးဆရာ Pascal Mercier ကတော့ “ဒါဟာမှားပါတယ်။ အဓိပ္ပာယ်မရှိတဲ့ အတင်းအဓ္ဓမပြုမှုမျိုးဖြစ်ပြီး မရှိမဖြစ်လိုအပ်တဲ့ အရာတွေကို ဆုပ်ကိုင်ထားတယ်ဆိုတဲ့ခံယူချက်နဲ့ လက်ရှိနေရာနဲ့အချိန်ကို အာရုံစိုက်ခိုင်းနေတာမျိုးပါ။ ကျွန်တော်တို့ဟာ ပြီးဆုံးခဲ့တဲ့ အဖြစ်အပျက် တွေအပေါ်မှာလည်း ကိုယ့်ရဲ့စိတ်အတွင်းပိုင်း သက်သာရာရစေဖို့အတွက် ခဏတစ်ဖြုတ် ဆွေးမြည့်စရာ၊ ရယ်မောစရာ စသည်ဖြင့် သင့်လျော် သလိုထားရှိပြီး ဘဝအမောတွေကနေ အေးချမ်းသေချာစွာ ဖြတ်သန်းနိုင်ဖို့လည်း အရေးကြီးပါတယ်” လို့ ဆိုခဲ့ပါတယ်။
ဒါဆိုရင် ဒီလိုမေးခွန်းလေးတွေကို ကိုယ့်ဘာသာ ကိုယ်မေးမြန်းကြည့်လို့ရပါတယ်။ အတိတ်ကာလကို ပြန်တွေးတောနေတာကြောင့် အချိန်တွေ ဘယ်လောက်ကုန်နေလဲ၊ ပစ္စုပ္ပန်နဲ့ အနာဂတ်အတွက်ရော ဘယ်လောက်သုံးနေသလဲ။ တစ်နည်းပြောရရင် ဖြစ်ပြီးခဲ့တဲ့အကြောင်းအရာနဲ့ ပတ်သက် ပြီး မကြာခဏဆိုသလိုမျိုး ပြန်ပြန်ပြီး စိတ်လှုပ်ရှား တာမျိုး၊ တသသဖြစ်နေတတ်တာမျိုးရှိသလား။ လက်ရှိလုပ်ဆောင်နေဆဲ အခိုက်အတန့်မှာပဲ အဲဒီအရာတွေအပေါ် တကယ်ပဲ အာရုံစူးစိုက်မိနေတယ်ဆိုတဲ့ ခံစားချက်မျိုး ဘယ်နှခါဖြစ်ခဲ့ဖူးသလဲ။ အနာဂတ်မှာ ဘာတွေဖြစ်လာနိုင်မလဲဆိုတာကို မကြာခဏ တွေးကြည့်တတ်တာမျိုးနဲ့ ဖြစ်ပေါ်လာမယ့် အရာတွေအတွက်ရော မကြာခဏ တွေးပူနေတတ်သလား စတာတွေပဲဖြစ်ပါတယ်။
ယဉ်ကျေးမှုတန်ဖိုးဆိုင်ရာ စံနှုန်းအပေါ် သုတေသနပြုမှုတွေအရ ဥရောပသားတွေဟာ အတိတ်ကို တသသဖြစ်လေ့ရှိတာနဲ့အညီ မှတ်သားမှုနဲ့ မောင်းနှင်တတ်ကြသူတွေ ဖြစ်တာကြောင့် သူတို့ရဲ့ဦးနှောက်ကို အလုပ်ပေးလေ့ရှိတဲ့ ရာခိုင်နှုန်းတွေကတော့ အတိတ်အတွက် ၄၀၊ ပစ္စုပ္ပန်အတွက် ၃၀ နဲ့ အနာဂတ်အတွက် ၃၀ ပဲရှိပြီး စိတ်ကူးအိပ်မက်နဲ့ မောင်းနှင်တတ်ကြသူ အမေရိကန်တွေကတော့ အတိတ်အတွက် ငါးနဲ့ပစ္စုပ္ပန်အတွက် ၃၀ ပဲ အသုံး ပြုလေ့ရှိပေမယ့် အနာဂတ်အတွက် ၆၅ တောင် အသုံးချကြတယ်လို့ တွေ့ရှိထားပါတယ်။ လုံ့လဝီရိယကို ဦးစားပေးပြီး လက်တွေ့ကျမှုနဲ့ မောင်းနှင် လေ့ရှိတဲ့ ကျွန်တော်တို့လို အာရှသားတွေကတော့ ပစ္စုပ္ပန်အတွက် ၇၀ အသုံးချပြီး အတိတ်အတွက် ၁၀ နဲ့ အနာဂတ်အတွက် ၂၀ လောက်ပဲ အသုံးချကြတယ်လို့ ဆိုပါတယ်။
သေချာတာကတော့ ပြီးဆုံးသွားတဲ့အတိတ်ကို ပြန်လည်ပြင်ဆင်လို့မရတော့ပေမယ့် အနာဂတ်ကို စိတ်ပူပင်နေတာမျိုးကြောင့် လက်ရှိပစ္စုပ္ပန်ကို မဖျက်ဆီးမိစေဖို့ အရေးကြီးပါတယ်။ အချုပ်အားဖြင့် အချိန်တိုင်းကို သတိတရားလက်ကိုင်ထားပြီး ပြုမူလုပ်ဆောင်ဖို့လိုအပ်တာကို ဂရုမူစေဖို့ပဲ ဖြစ်ပါတယ်။
ဒီလိုအခါမျိုးမှာ အသိဉာဏ်ဘက်လိုက်မှု (Cognitive Bias) ဆိုတာမျိုးကိုလည်း သတိပြုမိဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ ဆုံးဖြတ်ချက်ချနိုင်ဖို့ စဉ်းစားတွေးတောချိန်မှာ လူ့သဘောသဘာဝအရ စိတ်မှန်းတွက်ဆမှုနဲ့အစွဲတွေ တွယ်ငြိနေတတ်တာကြောင့် အမှန်မမြင်နိုင်တာမျိုး ဖြစ်တတ်ပါတယ်။
လူသားတွေရဲ့ အသိဉာဏ်ဘက်လိုက်မှု (Cognitive Bias) လေးမျိုး
(က) Anchoring (အာရုံမှာစွဲထင်နေမှု)။ ကိုယ်ကတော့ ဆုံးဖြတ်ချက်မချမီ အကြောင်းရင်းအားလုံးကို သုံးသပ်ခဲ့တယ်လို့ ယူဆထားပေမယ့် ပထမဆုံးရရှိလိုက်တဲ့ အချက်အလက်အပေါ်မှာ သာ အလေးအနက် ယုံကြည်မှုအရှိဆုံး ဖြစ်သွားတတ်တာမျိုး ဖြစ်ပါတယ်။ ဥပမာအားဖြင့် အိမ်ခန်းငှားဖို့လိုက်ရှာ နေချိန်မျိုးမှာ ပထမဦးဆုံးကြည့်တဲ့ အခန်းကတစ်လကို ငါးသိန်းဆိုပါစို့။ နောက်တစ်ခန်းက ခြောက်သိန်းဆိုတာနဲ့ အဲဒီအခန်းက ပထမအခန်းထက် ပိုကောင်းတာတို့၊ ဘာတို့ ဘေးချိတ်ထား ဈေးကြီးလိုက်တာလို့ တန်းပြီးဆုံးဖြတ်မိသွားတာမျိုး ဖြစ်ပါတယ်။ အဲဒီလိုမျိုးပဲ တစ်စုံတစ်ဦး၊ ဒါမှမဟုတ်တစ်စုံတစ်ခုနဲ့ စပ်လျဉ်းပြီး ကြားသိထားတဲ့အရာတွေအပေါ်မူတည်ပြီး သူ့အပေါ်ကောက်ချက်ချတာတို့၊ အဆုံးအဖြတ်ပေးရတာတို့ ပြုလုပ်ရချိန်မှာ လွှမ်းမိုးသွားတတ်ပါတယ်။ အချက်အလက်၊ ဖြစ်စဉ် အကြောင်းအရာ၊ ကိန်းဂဏန်းတစ်ခုဟာ အာရုံမှာ ငြိတွယ်စွဲထင်နေရင် ဆုံးဖြတ်ရချိန်မှာ အဲဒီနောက်ကိုပဲ လိုက်သွားလေ့ရှိတာမျိုးကို ဆိုလိုတာပါ။ ဒါကြောင့် တစ်ခုခုဆုံးဖြတ်ရတော့မယ်ဆိုရင် ပထမဆုံးထင်ထားမြင်ထားတွေကိုသာ မယုံစားဘဲနဲ့ ရနိုင်သမျှ အချက်အလက်တွေကို စုဆောင်းရှာဖွေသင့်ပါတယ်။
(ခ) The Confirmation Bias (အတည်ပြုချက်အစွဲ)။ လူ့သဘောသဘာဝအရ ကိုယ်တွေးထင်ယုံကြည်ထားရှိပြီးသား အကြောင်းအရာနဲ့ ကိုက်ညီတဲ့အချက် အလက်မျိုးကိုသာ လက်ခံရယူလိုလေ့ ရှိပါတယ်။ အဲဒါနဲ့ဆန့်ကျင်တာမျိုးကို လက်မခံလိုကြပါ။ ဥပမာအားဖြင့် ကိုယ်က ယုံကြည်မကိုးစားလောက် ဘူးလို့ လက်ခံယူဆထားပြီးဖြစ်တဲ့ အကြောင်းခြင်းရာနဲ့ စပ်လျဉ်းတဲ့ မကောင်းသတင်းတွေကိုသာ ကြားချင်နေတာမျိုးဖြစ်ပါတယ်။ လူမှုကွန်ရက် ပလက်ဖောင်းတွေကသုံးစွဲသူနဲ့ ကိုက်ညီတဲ့ အကြောင်းအရာတွေကို မပြတ်ပေးပို့နေတာမျိုးကိုလည်း တွေ့ရှိရမှာ ဖြစ်ပါတယ်။ ဒီလိုနည်းလမ်းမျိုးနဲ့ သူတစ်ဦးတစ်ယောက်ရဲ့ စိတ်အတွင်းက ထင်မြင်ယူဆချက် ပိုပြီးအားကောင်းသည်ထက်အားကောင်းလာအောင် ပြုလုပ်ပေးလိုက်သလို ဖြစ်သွားပြီး ကိုယ်ဟာတစ်ဖက်ပိတ်၊ အစွန်းရောက်ဘဝကို ရောက်မှန်းမသိ ရောက်ရှိသွား မှာဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဟာ မှားနိုင်တယ်လို့ လက်ခံလိုက်ပြီး ကိုယ့်ရဲ့ရှိရင်းထင်မြင်ယူဆထားချက်တွေနဲ့ ဆန့်ကျင်တဲ့ အတွေးအမြင်၊ အယူအဆတွေအပေါ် စိတ်တံခါးဖွင့်ပြီး လက်ခံတတ်ဖို့ လိုအပ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)