မူမှန်သောအတွေး မူမှန်သောအကျင့်
မောင်မောင်လင်း
(ယမန်နေ့မှအဆက်)
(ဂ) Availability (ဒါမျိုးကြီးတွေပဲရရှိနေမှု)။ မီဒီယာမှာ ဒါကိုပဲထပ်တလဲလဲ တွေ့နေရတော့ ဟုတ်မှာပဲလို့ အမှန်ထင်သွားတတ်တာမျိုး ဥပမာအားဖြင့် ငါးမန်းကိုက်ခံရတဲ့ နောက်ဆုံးသတင်း အသစ်တစ်ခုကို ကြားသိလိုက်ရတာနဲ့ပဲ ပင်လယ်ထဲရေကူးတဲ့အခါမျိုးမှာ စိတ်မလုံမခြုံ ဖြစ်လာတတ်တာမျိုး၊ ရောဂါအသစ်အဆန်းတစ်ခုဖြစ်နေတဲ့ သတင်းကြားသိခဲ့ရင် ကိုယ့်မှာများ အဲဒီလိုရောဂါဆန်းရှိနေသယောင် ထင်မြင်မိတာမျိုးစတာတွေပဲ ဖြစ်ပါတယ်။ ဒီအစွဲကို ရှောင်ရှားနိုင်ဖို့အတွက် ဖြစ်စဉ်ဖြစ်ရပ်တိုင်းမှာ ဖြစ်နိုင်ခြေနှုန်းထားရှိတာကို သတိပြုဖို့လိုအပ်သလိုပဲ သီးခြားဆုံးဖြတ်ချက်တစ်ခုချနိုင်ဖို့ဆိုရင် ကိုယ့်ဆီမှာကောင်းမွန်တဲ့ အကြောင်းပြချက်တွေလည်း ရှိထားရပါမယ်။
(ဃ) Thinking Fast နှင့် Thinking Slow ပုံစံနှစ်ခုအစွဲ။ လူတွေတွေးတော ဆင်ခြင်မှုပြုရတဲ့အချိန်မျိုးမှာ လူရဲ့ဦးနှောက်အတွင်းက System-1 နဲ့ 2 ဆိုပြီး စနစ်ပုံစံနှစ်ခုရှိနေပါတယ်။ System-1 က မြန်တယ်၊ စိတ်ခံစားချက်ပါတယ်။ အားထုတ်စရာမလိုဘဲ အလိုအလျောက် (Automatic) ချက်ချင်းလုပ်ဆောင်လေ့ရှိတယ်။ System-2 ကတော့ မိမိရဲ့အသိစိတ်နဲ့ဦးနှောက်ကို အလုပ်ပေးစေခိုင်းတာမျိုး၊ တွေးတောစဉ်းစားဖို့လိုအပ်လာတာမျိုး ဖြစ်ပါတယ်။ စီးပွားရေးနိုဘယ်ဆုရှင် Daniel Kahneman က System-1 (လျင်မြန်ပြီး အလိုလိုသိမြင်နိုင်သော) နဲ့ System-2 (နှေးကွေးပြီးသတိထား) တွေးခေါ်ပုံ နှစ်မျိုးဆိုပြီး ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ ဥပမာအားဖြင့် ကော်ဖီတစ်ခွက်နဲ့ ကွတ်ကီးတစ်ခုဝယ်တာ တစ်ဒေါ်လာနဲ့ ၁၀ ဆင့်ကျပြီး ကော်ဖီက ကွတ်ကီးထက် တစ်ဒေါ်လာပိုခဲ့ရင် ကော်ဖီက တစ်ဒေါ်လာ၊ ကွတ်ကီးက ၁၀ ဆင့် တန်တယ်လို့ အလွယ်မတွက်မိစေပါနဲ့။ ကော်ဖီက တစ်ဒေါ်လာ ငါးဆင့်နဲ့ ကွတ်ကီး ငါးဆင့်ဖြစ်ပါတယ်။ အွန်လိုင်းဈေးရောင်းတဲ့အချိန်မျိုးမှာ ဝယ်သူရဲ့ System-1 ပေါ်ပေါက်လာအောင် နှိုးဆွပေးနေတာမျိုးကို မကြာခဏတွေ့မြင်နေရပါတယ်။ ဒါကြောင့် System-1 စပြီး အလုပ်လုပ်ပြီဆိုတာနဲ့ System-2 က အမှန်ကန်ဆုံးသော အဆုံးအဖြတ်တစ်ခု ထွက်ပေါ်လာစေရေးအတွက် ထိန်းကျောင်းပေးနေရမှာဖြစ်ပြီး ကိစ္စရပ်တိုင်းမှာ System-2 ကို ခုန်ကျော်ပြီး ကောက်ချက်မချမိဖို့ သတိပြုစေချင်ပါတယ်။ အထူးသဖြင့် အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ လိုအပ်နေတဲ့ အခြေအနေမျိုးမှာ ဖြစ်ပါတယ်။
အထက်မှာဖော်ပြခဲ့တဲ့ အသိဉာဏ်ဘက်လိုက်မှု (Cognitive Bias) တွေဟာ ကျွန်တော်တို့အားလုံး မသိစိတ်အတွင်းကနေပြီး စည်းစနစ်တကျနဲ့ကို ပြုမူလုပ်ဆောင်မိလိုက်တဲ့ အကဲဖြတ်၊ တွက်ချက်မှုဆိုင်ရာ အမှားတွေဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဆုံးဖြတ်ချက်တွေအပေါ် လွှမ်းမိုးမှုရှိနေပါတယ်။ အဲဒီဘက်လိုက်မှုတွေကို ဖယ်ရှားနိုင်စွမ်းမရှိပေမယ့်လည်း အဲဒါတွေကို ဂရုတစိုက်ထိန်းကျောင်းနိုင်ခဲ့ရင်တော့ ကိုယ့်ရဲ့တွေးခေါ်မှုတွေဟာ ပိုပြီးထက်မြက်လာမှာ ဖြစ်ပါတယ်။
မိမိကိုယ်ကိုနားလည်မှု တိုးတက်အောင်ပြုလုပ်နည်း
အထက်မှာဖော်ပြထားတဲ့ မိုဒယ်တွေကို လေ့လာကြည့်ပြီးတဲ့အခါမှာ မိမိကိုယ်ကို နားလည်မှုတိုးတက်အောင် လုပ်ဆောင်နိုင်ဖို့အတွက် အောက်ပါနည်းလမ်းတွေကို ဖော်ထုတ်တွေ့ရှိရပါတယ်
(က) ကိုယ့်အတွေးအခေါ်နဲ့ ခံစားချက်တွေကို ဆန်းစစ်ပါ။ ကိုယ့်ရဲ့အတွေးအခေါ်နဲ့ ခံစားချက်တွေဟာ အခြားသူများနဲ့ ကွဲပြားမှုရှိနေတယ်ဆိုတာ သတိပြုမိတာနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်ဆန်းစစ်ပါ။
(ခ) ကိုယ့်ရဲ့အပြုအမူတွေကို အမြဲသုံးသပ်ပါ။ ကိုယ့်ရဲ့အပြုအမူတွေကို ပြန်လည်ဆန်းစစ်ပြီး ဘာကြောင့်အဲဒီလိုပြုမူခဲ့ ရတာလဲဆိုတာ သေချာစွာနားလည် အောင် ကြိုးစားပါ။
(ဂ) ကိုယ့်ရဲ့အတိတ်က အဖြစ်အပျက်တွေကို ပြန်လည်စဉ်းစားပါ။ ကိုယ့်ရဲ့အတိတ်ကအမှတ်တရ၊ အတွေ့အကြုံတွေကို ပြန်လည်ဆန်းစစ်ခြင်းအားဖြင့် ကိုယ့်ကိုယ်ကို ပိုမိုနားလည်လာနိုင်ပါလိမ့်မယ်။
(ဃ) ကိုယ့်ရဲ့ကောင်းကျိုးလိုလားသူတွေနဲ့ဆွေးနွေးပါ။ ကိုယ့်ရဲ့အတွေးအခေါ်နဲ့ အပြုအမူတွေကို အမှန်တကယ်နားလည်ပြီး ကိုယ့်ရဲ့ကောင်းကျိုးလိုလားတဲ့သူတွေနဲ့ဆွေးနွေးပြီး အကြံဉာဏ်ရယူပါ။
ဒီလိုလုပ်ဆောင်ကြည့်တဲ့အခါ ကိုယ့်ရဲ့အတွေးအခေါ်နဲ့ အပြုအမူနှစ်ခုအကြားမှာ ဝိရောဓိဖြစ်နေ တာမျိုးရှိတတ်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တာကိုသိလျက်နဲ့ လူတွေကဘာလို့ဆေးလိပ်သောက် နေကြတာလဲဆိုတဲ့ မေးခွန်းလေးလိုမျိုးပဲ လူသားတွေဟာ အကျင့်ပျက်တာ၊ မှားနေတာ၊ မိုက်မဲတာမှန်းသိသိကြီးနဲ့ လုပ်နေတာမျိုးတွေလည်း ရှိနိုင်ပါတယ်။ အဲဒီလိုမျိုး ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်တွေဟာ သိရှိလက်ခံထားမှုတွေနဲ့ မကိုက်ညီတဲ့အခါမျိုးမှာ ကျွန်တော်တို့ရဲ့စိတ်အခြေအနေကို ဖော်ပြနိုင်ဖို့အတွက် စိတ်ပညာရှင် Leon Festinger က “စိတ်အပူအငြိုး (Cognitive Dissonance)” ဆိုတဲ့ အသုံးအနှုန်းကို သုံးစွဲခဲ့ပါတယ်။ ဥပမာအားဖြင့် မှားယွင်းနေတယ်လို့ သက်သေပြနိုင်တဲ့ ဆုံးဖြတ်ချက်တစ်ခုချလိုက်မိလျက်နဲ့ ကျွန်တော်တို့ဟာ အဲဒါကိုဝန်ခံလိုခြင်းမရှိတာမျိုး ဖြစ်ပါတယ်။
စိတ်အပူအငြိုး (Cognitive Dissonance) မိုဒယ်ဆိုရာဝယ်
ဆေးလိပ်သောက်တဲ့ ဥပမာအရဆိုရင် ဆေးလိပ်သောက်ခြင်းရဲ့အန္တရာယ်တွေကို သိသိကြီးနဲ့ မဖြတ်နိုင်တဲ့သူဟာ သူ့ရဲ့အတွေးအခေါ်နဲ့ အပြုအမူအကြား ဆန့်ကျင်ဘက်ဖြစ်နေမယ်။ ဒါကို ဖြေရှင်းဖို့ဆိုရင် ကိုယ့်ရဲ့အတွေးအခေါ်ကို ပြောင်းလဲရမလား၊ ကိုယ့်ရဲ့အပြုအမူကို ပြောင်းလဲရမလားဆိုတာကို ဆုံးဖြတ်ရတော့မှာပါ။ ဥပမာအားဖြင့် ဆေးလိပ်သောက်သူတစ်ဦးဟာ ဆေးလိပ်သောက်တာကို ရပ်လိုက်မယ် ဒါမှမဟုတ် ဆေးလိပ်ရဲ့ဆိုးကျိုးတွေကို လက်ခံသိမြင်သွားပြီး လျှော့သောက်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူတွေဟာ ကိုယ့်ရဲ့အတွေး၊ ခံစားသိမြင်မှုနဲ့ အပြုအမူတွေကို တစ်ထပ်တည်းကျနေအောင် ကြိုးစားလုပ်ဆောင်နေဖို့ လိုအပ်လို့ပဲဖြစ်ပါတယ်။ တစ်ခုခုများ လွဲချော်နေခဲ့ရင်တော့ Cognitive Dissonance ဆိုတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ရမှာ ဖြစ်ပါတယ်။
ဒါပေမယ့် တချို့ကတော့ ဆေးလိပ်မသောက်လည်း သေနေကြတာပဲဆိုပြီး ဆက်သောက်နေကြတဲ့ လူမျိုးတွေလည်း ရှိနိုင်ပါသေးတယ်။ တချို့ဆိုရင် ဆေးလိပ်ရဲ့ဆိုးကျိုးကို ဖော်ပြထားတဲ့ ဆောင်းပါးတွေတွေ့ရင်တောင် မဖတ်တော့တာမျိုးအထိ ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် ဒီ “စိတ်အပူအငြိုး (Cognitive Dissonance)” မိုဒယ်ကနေ ဘာကိုထပ်မံဖော်ထုတ်တွေ့ရှိရသလဲဆိုတော့ လူတွေက သူလက်ခံယုံကြည်ထားခဲ့မှုတစ်ခုဟာ မှားယွင်းနေမှန်း သိနေတာတောင်မှ တစ်ခါတစ်ရံမှာ ပြောင်းလဲဖို့ ခက်ခဲတတ်ကြတာမျိုးဖြစ်ပါတယ်။ အမှန်ကတော့ မိုဒယ်အရ အတွေးအခေါ်နဲ့ အပြုအမူတွေ လိုက်လျောညီထွေဖို့ ကြိုးစားရမှာဖြစ်ပြီး လူတစ်ယောက်ရဲ့စိတ်အစွဲကို ဖျောက်ပေးနိုင်စွမ်းရှိတဲ့ လှုံ့ဆော်မှုဖြစ်နိုင်ရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အဲဒီလိုစိတ်မျိုး အလွန်မြင့်မားလွန်းတဲ့သူတွေကတော့ အဆုံးအဖြတ်လွဲမှားတာမျိုး၊ မိမိထင်မြင် ယူဆထားတဲ့အထဲမှာပဲ ချောင်ပိတ်နေတတ်တာမျိုးတွေလည်း ဖြစ်သွားတတ်ပါတယ်။ Cognitive Dissonance ကို လျော့နည်းစေဖို့ အောက်ပါ နည်းလမ်းတွေကို စဉ်းစားကြည့်ရမှာ ဖြစ်ပါတယ်-
(က) ကိုယ့်ရဲ့စိတ်အခံနဲ့အစွဲကို သတိပြုပါ။ ကိုယ့်စိတ်မှာရှိတဲ့ တုံ့ပြန်မှုတွေနဲ့ အယူအဆတွေကို အသိအမှတ်ပြုပါ။
(ခ) သတင်းအချက်အလက်အသစ်တွေကိုလက်ခံပါ။ ကိုယ်ယုံကြည်ထားတာနဲ့ ကိုက်ညီသည်ဖြစ်စေ၊ ဆန့်ကျင်သည်ဖြစ်စေ သတင်းအချက်အလက် အသစ်အဆန်းအားလုံးကို လက်ခံရယူပါ။
(ဂ) ဆုံးဖြတ်ချက်တွေကို အတိအကျ အကဲဖြတ်ပါ။ ဆုံးဖြတ်ချက်မပြုလုပ်မီ အဲဒီအရာတွေဟာ ခိုင်လုံမှု ရှိ၊ မရှိ။ ယုံကြည်စိတ်ချရမှု ရှိ၊ မရှိ ချင့်ချိန်စဉ်းစားပါ။
(ဃ) ပြောင်းလဲမှုတွေကိုလက်ခံပါ။ ကြောင်းကျိုးဆီလျော်မှုရှိပြီး အချက်အလက် ပြည့်စုံမှန်ကန်နေခဲ့ရင်တော့ မိမိရဲ့စိတ်အခံနဲ့အစွဲကို ပြင်ဖို့ဝန်မလေးသင့်သလို ကိုယ့်ရဲ့ယုံကြည်ချက်တွေကို ပြောင်းလဲဖို့လည်း အဆင်သင့်ဖြစ်ရပါမယ်။
ဒါပေမယ့်လည်း ရှေ့မှာဖော်ပြခဲ့သလိုပဲ လူတွေဟာ ကိုယ့်ရဲ့အမှားကို လက်သင့်ခံဖို့ ခက်ခဲတတ်သလို ချို့ယွင်းအားနည်းချက်တွေ တွေ့နေလျက်သားနဲ့လည်း ကိုယ့်ရဲ့လုပ်ရပ်အပေါ် ပိုလို့တောင်မှ အကာအကွယ်ပေးချင်နေတာမျိုးလည်း ရှိတတ်ပါတယ်။ အခြေအနေတစ်ရပ်အရ ကိုယ်မလုပ်သင့်တာကို လုပ်ခဲ့မိတာ၊ လုပ်သင့်တာကိုလုပ်ဖို့ ပျက်ကွက်ခဲ့တယ်ဆိုရင် ကိုယ့်လုပ်ရပ်အပေါ်တာဝန်ယူပြီး အမှားပြင်ဆင်မှုတွေ ပြောင်းလဲဆောင်ရွက်ရမယ့်အစား မဟုတ်မှန်းသိသိချည်းနဲ့ကို မိမိကိုယ်မိမိ တော်တည့်မှန်ကန်တဲ့သူကြီး ဖြစ်လေဟန် ပြုမူနေတတ်ကြပြီး ညအိပ်ရာဝင်ချိန်မှာ စိတ်ရှင်းရှင်းနဲ့ အိပ်စက်နိုင်ဖို့ ကြိုးပမ်းနေကြပါတယ်။ ကိုယ်မြင်လိုတဲ့အရာကိုသာမြင်ပြီး ကိုယ့်အမြင်နဲ့ဆန့်ကျင်ဘက်ဖြစ်တဲ့ အရာအားလုံးကို လျစ်လျူရှုထားတတ်ကြပါတယ်။ ကိုယ့်ရဲ့ရပ်တည်ချက်ကို ခိုင်မာစေမယ့် အကြောင်းတရားတွေကိုသာ ရှာဖွေနေကြတာမျိုးလည်း ရှိတတ်ပါတယ်။
အထက်ပါအခြေအနေနဲ့စပ်လျဉ်းလို့ တရုတ်ပညာရှိကြီး လောင်ဇူရဲ့အဆိုအမိန့်ကို မျှဝေပေး လိုပါတယ်။ သူက “ကြီးမြတ်သောနိုင်ငံဆိုတာ ကြီးကျယ်မြင့်မြတ်တဲ့ လူတစ်ဦးတစ်ယောက်လိုပဲ ဖြစ်ပါတယ်။ အဲဒီလူဟာ အမှားလုပ်မိခဲ့ရင် သူ့အမှားကို သူကိုယ်တိုင်သိဖို့လိုအပ်ပါတယ်။ သိသွားပြီးခဲ့ရင်လည်း အဲဒီအမှားကို ဝန်ခံတတ်ရပါမယ်။ ဝန်ခံပြီးရင်လည်း ဒါကိုပြင်ရမှာ ဖြစ်ပါတယ်။ သူ့ရဲ့အမှားအပေါ် ဝေဖန်ထောက်ပြသူတွေကိုလည်း စေတနာအထားဆုံးသော ဆရာသမားတွေလို့ မှတ်ယူရပါမယ်” လို့ သင်ကြားပေးခဲ့ပါတယ်။
ဒါကြောင့် ကိုယ်တိုင်အတွက် ကောင်းကျိုးဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေကို မှန်ကန်စွာချမှတ် နိုင်ဖို့ဆိုရင် မိမိကိုယ်ကို သိရှိနားလည်မှုရှိဖို့နဲ့ ကိုယ့်ရဲ့စိတ်ကူးစိတ်သန်းတွေအပေါ် ကန့်သတ်ချက် ဖြစ်နေတာက ဘာတွေလဲဆိုတာသိထားဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ့်အတွေးအမြင်တွေနဲ့ လုပ်ရပ်တွေကို မကြာခဏဆိုသလို ပြန်လေ့လာပြီး အမှားတွေကို ပြုပြင်နိုင်မှသာ ပိုပြီးတိကျမှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါမှသာ ကိုယ်တိုင်ရဲ့ ပြုမူ၊ ပြောဆို၊ လုပ်ဆောင်မှု အားလုံးဟာတော်တည့် မှန်ကန်လာမှာဖြစ်ပြီး ကိုယ်ပိုင်ဘဝဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။
နိဂုံးချုပ်အားဖြင့် လူတွေဟာ မိမိကိုယ်ကိုကောင်းစွာသိမြင်နားလည်နိုင်မှုရှိမှသာ ကိုယ့်ရဲ့အားသာချက်၊ အားနည်းချက်၊ အားသာချက်တွေနဲ့ တန်ဖိုးထားမှုစံနှုန်းတွေအပေါ်မူတည်ပြီး တည့်မတ်မှန်ကန်တဲ့အတွေး၊ ကောင်းမွန်တဲ့လုပ်ဆောင်မှုများမှသည် တစ်ဦးချင်းစီရဲ့ ကိုယ်တိုင်တိုးတက်မှုကို ဖန်တီးနိုင်ရုံမျှသာမက အဖွဲ့အစည်းတစ်ရပ်ရဲ့ ပေါင်းစည်းဆောင်ရွက်မှုနဲ့ စဉ်ဆက်မပြတ် ဖွံ့ဖြိုးစည်ပင်လှပတဲ့အနာဂတ်ကို အတူတကွ တည်ဆောက်နိုင်မှာဖြစ်ပါကြောင်း မျှဝေလိုက်ရပါတယ်…။ ။