Skip to main content

စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ဖို့ မြေဆီလွှာထိန်းသိမ်းစို့

သစ်တောမောင်

မြေဆီလွှာ (Soil)

အပင်များရှင်သန်ကြီးထွား ဖြစ်ထွန်းအောင်မြင်ရန် အဓိကအားဖြင့် “မျိုး၊ မြေ၊ ရေ၊ နည်း” ပြည့်စုံ ကောင်းမွန်ရန် လိုအပ်ပါသည်။ အဆိုပါ လေးမျိုးအနက် မြေဆီလွှာ(Soil)သည် အပင်များ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် အထောက်အကူပြုသော အပေါ်ယံမြေလွှာဖြစ်ပါသည်။ တစ်နည်းအားဖြင့် မြေဆီလွှာဆိုသည်မှာ ကြေကွဲပျက်စီးနေသော သတ္တုများ(Minerals)၊ ဆွေးမြည့်နေသည့် အော်ဂဲနစ်ပစ္စည်းများနှင့် အလွှာအမျိုးမျိုးပါသော သဘာဝမြေသားကို ဆိုလိုပါသည်။ ပြိုကွဲကြေပျက်ပြီးသော တွင်းထွက်သတ္တုများနှင့် ဆွေးမြည့်သက်ရှိပစ္စည်းများ ရောနှောပါဝင် ဖွဲ့စည်းထားသော အရင်းအမြစ်လည်းဖြစ်သည်။ မြေဆီလွှာသည် အစားထိုးမရသော သဘာဝသယံဇာတဖြစ်ပြီး အပင်များကြီးထွားရန်အတွက် အထောက်အကူပြုသည့် ကမ္ဘာ့အပေါ်ယံရှိ အလွှာပါးဖြစ်ပါသည်။ မြေဆီလွှာသည် လူသားတို့အတွက် အစားအစာ၊ ဆေးဝါး၊ အဝတ်အထည်နှင့် နေထိုင်စရာတို့ကို ထောက်ပံ့ပေးနေသည့် သဘာဝသယံဇာတဖြစ်ပါသည်။

မြေဆီလွှာတွင် အာဟာရဓာတ်များရှိရန် လိုအပ်သကဲ့သို့ ကောင်းမွန်သော ရုပ်ပိုင်းဆိုင်ရာ ဖွဲ့စည်းမှုရှိရန်လည်း လိုအပ်ပါသည်။ အကျိုးပြုအဏုဇီဝသက်ရှိများ ကျန်းမာစွာရှိနေနိုင်ရန် မြေသားအတွင်းတွင် ရေနှင့်အောက်ဆီဂျင် စိမ့်ဝင်နေနိုင်ရန်အတွက် နေရာအလုံအလောက်ရှိရန်လည်း လိုအပ်ပါသည်။ မြေဆီလွှာကို ယေဘုယျအားဖြင့် ရွှံ့စေး၊ သဲမြေနှင့်နုန်းမြေဟူသည့် မြေမှုန်အမျိုးအစား သုံးမျိုးဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ရွှံ့စေးမြေသည် အလွန်သေးငယ်သော မြေသားအမှုန်အမွှားများ အတူစုပေါင်းပြီး ကြီးမားသော မြေသားအနေဖြင့် ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ ရွှံ့စေးမြေသည် မြေဆီကြွယ်ဝသော်လည်း ၎င်းမြေသား၏ လျင်မြန်စွာ သိပ်သည်းမှုကြောင့် စိုက်ပျိုးရန် မြေပြုပြင်သည့်အခါ ခက်ခဲမှုရှိနိုင်ပါသည်။ သဲမြေသည် ဖွာသည့်အနေအထားရှိပြီး စိုက်ပျိုးခြင်း အတွက် မြေပြုပြင်ရာတွင် အလွယ်တကူဆောင်ရွက်နိုင်သော်လည်း လျင်မြန်စွာ ခြောက်သွေ့ပြီး အာဟာရဓာတ်များ ပါဝင်မှုနည်းပါးကာ လျင်မြန်စွာပျောက်ကွယ်ဆုံးရှုံးသွားလေ့ရှိပါသည်။ နုန်းမြေ သည် သီးနှံစိုက်ပျိုးရန်အတွက် အကောင်းဆုံးမြေအမျိုးအစားဖြစ်ပါသည်။ ၎င်းမြေမှာ အော်ဂဲနစ်ပစ္စည်းများ ကြွယ်ဝစွာပါဝင်ပြီးရေကိုလည်း ကောင်းစွာထိန်းထားနိုင်သည့် ဂုဏ်သတ္တိများရှိသဖြင့် သစ်ပင်များ အောင်မြင်ဖြစ်ထွန်းရန် အလွန်အရေးပါပါသည်။

မြေဆီလွှာပျက်စီးရခြင်းအကြောင်းရင်းများ

မြေဆီလွှာအပေါ်ယံမြေတစ်လက်မဖြစ်ပေါ်ရန် နှစ် ၅၀၀ မှ ၁၀၀၀ အထိကြာနိုင်သော်လည်း မိနစ်ပိုင်း၊ အချိန်ပိုင်းအတွင်း ပျက်စီးဆုံးရှုံးနိုင်ပါသည်။ မြေဆီလွှာပျက်စီးဆုံးရှုံးရခြင်း အကြောင်းရင်း အမျိုးမျိုးရှိပါသည်။ အဓိကအကြောင်းရင်းများမှာ သစ်တောများပြုန်းတီးခြင်း၊ တောမီးလောင်ကျွမ်းခြင်း၊ စားကျက်အလွန်အကျွံ လွှတ်ကျောင်းခြင်း၊ ရွှေ့ပြောင်းတောင်ယာများ ချဲ့ထွင်ခြင်း၊ ရွှေ၊ ကျောက်မီးသွေးနှင့် ဓာတ်သတ္တုအမျိုးမျိုး တူးဖော်ထုတ်လုပ်ခြင်း၊ သစ်တောမြေမှ အခြားမြေအသုံးချမှုသို့ ပြောင်းလဲခြင်း၊ စိုက်ပျိုးနည်းစနစ်များ မမှန်ကန်ခြင်း၊ ရေနှင့်လေတိုက်စားခြင်း၊ ဆား/ဆပ်ပြာပေါက်ခြင်း၊ မြေချဉ်ခြင်း၊ အာဟာရဓာတ်များ ယုတ်လျော့လာခြင်း၊ မြေဆီလွှာညစ်ညမ်းခြင်း စသည့် အကြောင်းရင်းများဖြစ်သည်။

မြေဆီလွှာပျက်စီးခြင်း၏ လက္ခဏာများမှာများပြားပြီး အထူးသဖြင့်မြေဆီဩဇာကျဆင်းခြင်း၊ အချဉ်ဓာတ်ဖြစ်ထွန်းခြင်း၊ ဆားရည်ထွက်ခြင်း၊ အယ်လ်ကာလီဆန်ခြင်း၊ မြေဆီလွှာတည်ဆောက်မှု ယိုယွင်းခြင်း၊ လေနှင့်ရေတိုက်စားခြင်း၊ အော်ဂဲနစ်ပစ္စည်းများ ဆုံးရှုံးခြင်းနှင့် မြေဆီလွှာအတွင်းရှိ ဇီဝမျိုးစုံမျိုးကွဲများ လျော့နည်းဆုံးရှုံးခြင်းစသည်တို့ ပါဝင်သည်။ မြေဆီလွှာပျက်စီးခြင်းများကို အောက်ဖော်ပြပါအတိုင်း ခွဲခြားလေ့လာနိုင်ပါသည်-

ရုပ်ဂုဏ်သတ္တိများ ပျက်စီးခြင်း

မြေဆီလွှာအားရေနှင့်လေတိုက်စားခြင်းကြောင့် မြေစိုင်မြေခဲများ ကြေမွပျက်စီးကာ လေပေါက်ရေပေါက်များကို ပိတ်ဆို့ပြီးရေစိမ့်ဝင်မှုလျော့နည်းခြင်း၊ ခြောက်သွေ့သည့်အခါတွင်လည်း မြေမှုန့်များဖွဲ့စည်းမှု အားနည်းခြင်းကြောင့် မြေသားဖွဲ့စည်းတည်ဆောက်မှုကို ပျက်စီးစေပါသည်။ ကျပ်သိပ်နေသောမြေများသည် ကျစ်လျစ်သိပ်သည်းပြီး မြေဆီလွှာထဲတွင်ရှိသည့် အပေါက်ငယ်လေးများ၏ ပမာဏကိုလျော့နည်းစေကာ ၎င်းအတွင်းတွင်ရှိနေသော ရေ၊ လေနှင့် အဏုဇီဝသက်ရှိများကို ကန့်သတ်ထိန်းချုပ်မှု ဖြစ်စေပါသည်။ အကြီးစားလယ်ယာသုံး စက်ကိရိယာများ အသုံးပြုခြင်း၊ ထွန်ယက်စိုက်ပျိုးမှု စနစ်မမှန်ကန်ခြင်းတို့ကြောင့် မြေကျပ်ခြင်းကို ဖြစ်ပေါ်စေပြီး အပင်များကြီးထွားရှင်သန်မှုကို ထိခိုက်စေပါသည်။

ရေတိုက်စားခြင်းကြောင့် မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိများ ပျက်စီးစေနိုင်ပါသည်။ ရေတိုက်စားမှုကြောင့် အပေါ်ယံမြေဆီလွှာများရေနှင့်အတူ တိုက်စားသယ်ဆောင်ခြင်းခံရပြီး မြေဆီမြေနှစ်များဆုံးရှုံးကာ အောက်ခံကျောက်သားအထိပေါ်လာပြီး သစ်ပင်များ စိုက်ပျိုးရှင်သန်နိုင်ရန် အလွန်ခက်ခဲစေပါသည်။ ရေတိုက်စားခြင်းကို အမျိုးအစားခွဲခြား လေ့လာပါက Sheet Erosion (အလွှာလိုက်တိုက်စားခြင်း)၊ Rill Erosion (မြောင်းငယ်အဆင့် တိုက်စားခြင်း)၊ Gully Erosion (လျှိုမြောင်အဆင့် တိုက်စားခြင်း)၊ Micro–pedestal/Macro–pedestal (မြေလုံး၊ မြေခဲများဖြစ်ပေါ်ခြင်း)၊ Piping (ပြွန်ပုံ ၊ လိုဏ်ခေါင်းပုံ တိုက်စားခြင်း)၊ Land Slide ( ဒေါင်လိုက် မြေပျိုကျခြင်း)ဟူ၍ ခွဲခြားထားသည်ကို တွေ့ရပါသည်။

အလားတူလေတိုက်စားခြင်း (Wind Erosion)သည်လည်း မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိများ ပျက်စီးစေနိုင်ပါသည်။ လေတိုက်ခတ်မှုကြောင့် မြေမှုန်များတစ်နေရာမှ တစ်နေရာသို့ ရွေ့လျားခြင်းကို လေတိုက်စားခြင်းဟု ခေါ်ဆိုခြင်းဖြစ်သည်။ ပူပြင်းခြောက်သွေ့သည့် လေပူများနှင့် လေနှင့်အတူပါလာသည့် သဲများပွတ်တိုက်ခြင်းကြောင့် အပင်များနှင့် သီးနှံပင်များကြီးထွားဖွံ့ဖြိုးမှုကိုလည်း ထိခိုက်စေပါသည်။ လေတိုက်ခတ်မှုနှုန်းပေါ်မူတည်ပြီး အရွယ်အစားအမျိုးမျိုးရှိသော မြေသားကို အကွာအဝေးတစ်ခုသို့ သယ်ဆောင်သွားနိုင်ပါသည်။ ဥပမာ (၀ ဒသမ ၀၅ မီလီမီတာ) အရွယ်အစားရှိ မြေစေးနုန်းနှင့် မြေဆွေးဓာတ်များကို အလွန်ဝေးကွာသည့် နေရာသို့ သယ်ဆောင်တိုက်စားခြင်း (Suspension)၊ (၀ ဒသမ ၀၅ - ၀ ဒသမ ၅ မီလီမီတာ) ခန့် အရွယ် အစားရှိသည့်သဲများကို သယ်ဆောင်တိုက်စားခြင်း (Saltation)၊ (၀ ဒသမ ၅ - ၂ မီလီမီတာ) အရွယ်အစားကြီးသည့် ကျောက်ခဲနှင့် ပစ္စည်းများကို သယ်ဆောင်တိုက်စားခြင်း (Creep)များကို တွေ့နိုင်ပါသည်။

ဓာတ်ဂုဏ်သတ္တိများပျက်စီးခြင်း

အချို့သောမြေသည် မြေချဉ်/ငန်ဓာတ် အလွန်ပြင်းထန်သော အခြေအနေများရှိပါသည်။ ဆိုးဆိုးရွားရွား မြေချဉ်ခြင်း၊ ငန်ခြင်းဖြစ်ပေါ်လေ့ရှိပါသည်။ အဆိုပါ မြေများတွင် အဏုဇီဝ သက်ရှိလေးများ၏ လုပ်ဆောင်ချက်များကို ထိခိုက်ပျက်စီးစေပြီး ရေရှည်တွင် မြေဆီလွှာ၏ ကျန်းမာရေးကို ထိခိုက်နိုင်ပြီး အပင်များရှင်သန်ကြီးထွားနိုင်မှုအပေါ်တွင် သက်ရောက်မှုများ ဖြစ်စေပါသည်။

မြေချဉ်ခြင်းဖြစ်စဉ်တွင် အဓိကအားဖြင့် အငန်ဓာတ်များရေနှင့်အတူ စိမ့်ဝင်ပျောက်ဆုံးပြီး မြေမှုန်များတွင် ဟိုက်ဒရိုဂျင်နှင့် အလူမီနီယမ်အိုင်း ယွန်းများအစားထိုးဝင်ရောက်လာခြင်း၊ အချဉ်ဓာတ်ဖြစ်စေသော အမိုးနီးယားအခြေခံ (ယူရီးယား ဆာလ်ဖာ) ဓာတ်မြေဩဇာများသုံးစွဲခြင်း၊ အငန်ဓာတ်များရေနှင့်အတူ စိမ့်ဝင်ပျောက်ဆုံးပြီးမြေမှုန်များတွင် ဟိုက်ဒရိုဂျင်နှင့် အလူမီနီယမ်အိုင်းယွန်းများ အစားထိုးဝင်ရောက်လာခြင်း၊ စိုက်ပျိုးသီးနှံပင် အကြွင်းအကျန်များ ဆွေးမြည့်သည့်ဖြစ်စဉ်မှ ဟိုက်ဒရိုအိုင်းယွန်းများ ထွက်ရှိခြင်း၊ ရေဝပ်သော ဒီရေတောများတွင် Acid Sulphate Soil များ ဖြစ်ပေါ်ခြင်းတို့ကြောင့် မြေချဉ်များ ဖြစ်ပေါ်စေပါသည်။ အဆိုပါ မြေအချဉ်ဓာတ်ရှိသည့် မြေများတွင် Calcium Dolomatic Lime Stone (ကယ်လ်ဆီယမ် ဒိုလိုမိုက်ခေါ် ထုံးကျောက်မှုန့်) မဖောက်ထုံးအား ထည့်ပေးခြင်းဖြင့် မြေအချဉ်ဓာတ်ကို လျှော့ချစေနိုင်ပါသည်။

အက်စစ်ဖြစ်ပေါ်မှုကြောင့် သံဓာတ်၊ အလူမီနီယမ်ဓာတ်နှင့် သိပ်သည်းဆမြင့်မားသည့် သတ္တုဓာတ်များ၏ အဆိပ်အတောက်ဖြစ်စေမှုကို တိုးပွားစေပါသည်။ အလွန်အကျွံချဉ်ခြင်း၊ ဆားပေါက်ခြင်း၊ အလူမီနီယမ်နှင့် သံဓာတ်အဆိပ်သင့်ခြင်း၊ အပင်ကြီးထွားရန် အဓိကလိုအပ်သော အာဟာရဓာတ်များ အလွန်နည်းပါးခြင်းနှင့် ဆာလဖိတ်အဆိပ်သင့်ခြင်းတို့ကြောင့် မြေချဉ်များ ဖြစ်ပေါ်စေပြီး ထုတ်လုပ်မှု စွမ်းအားညံ့ဖျင်းသော မြေများအဖြစ် ဖြစ်ပေါ်စေပါသည်။

ဆားပေါက်ခြင်း/ဆပ်ပြာ ပေါက်ခြင်းကြောင့်လည်း မြေဆီလွှာပျက်စီးနိုင်ပါသည်။ ဆားပေါက်ခြင်းဖြစ်စဉ်၌ မိခင်ကျောက်လွှာတွင် ဆိုဒီယမ်များခြင်း၊ မိုးရေချိန်နည်းပါးခြင်း၊ အပူချိန်မြင့်မားခြင်း တို့ကြောင့် မြေအောက်မှဆားများ မျက်နှာပြင်ပေါ်စုပုံလာပြီး ဆားပေါက်ခြင်း၊ ရေသွင်းနည်းစနစ် မမှန်ကန်ခြင်းကြောင့် မြေအောက်ရေ မြင့်တက်ကာ အောက်မှ ဆားများ မျက်နှာပြင်သို့ ရောက်လာခြင်း၊ သွင်းရေအရည်အသွေးညံ့ဖျင်းခြင်းနှင့် ပင်လယ် ရေငန်ဝင်ရောက်ခြင်းကြောင့် ဆား/ဆပ်ပြာပေါက် မြေများဖြစ်ပေါ်စေပါသည်။ ဆားပေါက်မြေတွင် အပင်များ ဖြစ်ထွန်းအောင်မြင်ရန် ခက်ခဲပါသည်။

အာဟာရနှင့် ပတ်သက်၍လည်း အပင်များရှင်သန်ကြီးထွားအောင်မြင်ရန် အဓိကအာဟာရ ဓာတ် ၁၆ မျိုးရှိပါသည်။ Macro-nutrient နှင့် Micro-nutrient ဟူ၍ အဓိကအုပ်စုနှစ်မျိုး ခွဲခြားထားပါသည်။ Macro-nutrients တွင် ကာဗွန် (C)၊ အောက်ဆီဂျင် (O)၊ ဟိုက်ဒရိုဂျင် (H)၊ နိုက်ထရိုဂျင် (N)၊ ဖော့စဖရပ် (P)၊ ပိုတက်စီယမ် (K)၊ ကယ်လ်စီ ယမ် (Ca)၊ မဂ္ဂနီစီယမ် (Mg)၊ Sulphur (S) သည် မရှိမဖြစ်လိုအပ်သော အာဟာရဓာတ်များဖြစ်ပြီး အပင်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပမာဏ များစွာ လိုအပ်ပါသည်။ အခြားတစ်ဖက်တွင်မူ Micro-nutrients တွင် သံဓာတ် (Fe)၊ ဇင့် (Zn)၊ မန်းဂနိစ် (Mn)၊ ဘိုရွန် (B)၊ ကော့ပါး (Cu)၊ မိုလစ်ဘဒင်နမ်(Mo)နှင့် ကလိုရင်း(Cl)တို့ ပါဝင်ပါသည်။ အဆိုပါ အာဟာရဓာတ်များသည် ပမာဏအနည်းငယ်သာ လိုအပ်သော်လည်း ၎င်းတို့သည် အပင်ဖွံ့ဖြိုးမှုနှင့် ကြီးထွားမှုအတွက် အရေးပါလျက်ရှိပါသည်။ အာဟာရဓာတ်များမညီမျှခြင်းနှင့် အာဟာရလုံလောက်စွာ မရသောကြောင့်လည်း အပင်များ ကြီးထွားရှင်သန်အောင်မြင်မှု နည်းပါးခြင်းအကြောင်း အရင်းတစ်ရပ်ဖြစ်ပါသည်။ အပင်များကြီးထွားဖွံ့ဖြိုးရန်အတွက် လိုအပ်သော အာဟာရဓာတ်များ ဖြည့်ဆည်းပေးရာတွင် မြေဆီလွှာအတွင်း ရှိရင်းစွဲအာဟာရပါဝင်မှု ညီညွတ်မျှတရန်လိုပါသည်။ အပင် အမျိုးအစားအပေါ်တွင်လည်း မူတည်ပါသည်။

ဇီဝဂုဏ်သတ္တိများ ပျက်စီးခြင်း

မြေဆီလွှာဇီဝဂုဏ်သတ္တိများသည် မြေဆီလွှာတွင် တွေ့ရှိရသော သက်ရှိများကို ရည်ညွှန်းပြီး အဏုဇီဝပိုးမွှားများနှင့် Macroplants များ၊ တိရစ္ဆာန်များ ပါဝင်သည်။ မြေဆီလွှာရှိ သက်ရှိများ၏ ကွဲပြားခြားနားမှုများ၊ ဇီဝမျိုးစုံမျိုးကွဲများ၊ မြေဆီလွှာအစာကွန်ရက်ကို ဖွဲ့စည်းတည်ဆောက် ပုံများတွင် အသေးငယ်ဆုံး ဆဲလ်တစ်ဆဲလ် ဗက်တီးရီးယား၊ ရေညှိ၊ မှိုနှင့် ပရိုတိုဇိုးများ အရွယ်အစားအထိ၊ ပိုမိုရှုပ်ထွေးသော Nematodes နှင့် Micro-arthropods အထိ၊ မြင်နိုင်သော မြေသန်ကောင်များ၊ အင်းဆက်များနှင့် ကျောရိုးရှိသတ္တဝါ ငယ်များအထိ ပါဝင်ပါသည်။ အချို့သောမြေဆီလွှာ သတ္တဝါများသည် အပင်များတွင် ရောဂါဖြစ်စေနိုင် သော်လည်း မြေဆီလွှာတိရစ္ဆာန်များနှင့် သစ်ပင် ပန်းမန်အများစုသည် မြေဆီလွှာအရည်အသွေးအတွက် အရေးကြီးပါသည်။

မြေတိုက်စားခြင်း၊ သစ်တော၊ သစ်ပင်များ ပြုန်းတီးလာမှုကြောင့် မြေဆွေးဓာတ်များ လျော့နည်းလာခြင်း၊ သီးနှံအကြွင်းအကျန်များ မီးရှို့ခြင်း၊ စိုက်ပျိုးနည်းစနစ်များ မမှန်ကန်ခြင်း၊ မြေယာအသုံးချမှုပုံစံပြောင်းလဲခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ မြေဆီလွှာညစ်ညမ်းခြင်းတို့ကြောင့် မြေဆီလွှာတွင် Micro နှင့် Macro organism များလျော့နည်းသွားပြီး အပင်များ ရှင်သန်ကြီးထွားမှုအပေါ် သက်ရောက်စေနိုင်ပါသည်။ စက်မှုလုပ်ငန်းများမှ စွန့်ပစ်ပစ္စည်းများ၊ စိုက်ပျိုးရေးသုံး ပိုးသတ်ဆေး/ ပေါင်းသတ်ဆေးပစ္စည်းနှင့် မိလ္လာစွန့်ပစ်ရေများ စနစ်တကျစွန့်ပစ်မှု မရှိခြင်းကြောင့်လည်း မြေဆီလွှာညစ်ညမ်းပြီး မြေဆီလွှာ၏ ဇီဝဂုဏ်သတ္တိ လျော့နည်းပျက်စီးစေနိုင်ပါသည်။

မြေဆီလွှာထိန်းသိမ်းခြင်း

မြေဆီလွှာအရည်အသွေးကျဆင်းခြင်း၊ မြေဆီလွှာပျက်စီးခြင်းကြောင့် ဆုံးရှုံးမှုကြီးမားစွာ ဖြစ်ပေါ်နိုင်ပါသည်။ မြေဆီလွှာ၊ ရေသယံဇာတနှင့် သစ်တော၊ သစ်ပင်များသည် တစ်ခုနှင့်တစ်ခု ဆက်နွှယ်နေသဖြင့် မြေ၊ ရေနှင့် သစ်တော၊ သစ်ပင်များကို ဘက်စုံ ကဏ္ဍစုံ နည်းလမ်းအမျိုးမျိုးဖြင့် ထိန်းသိမ်းကြ ရမည်ဖြစ်ပါသည်။ မြေဆီလွှာတိုက်စားဆုံးရှုံးမှုကို လျော့နည်းသက်သာစေရန်နှင့် ရေသယံဇာတများ ထိန်းသိမ်းရန် သစ်တော၊ သစ်ပင်များစိုက်ပျိုးထိန်းသိမ်းခြင်းသည် အခြေခံအကျအဆုံး၊ ကုန်ကျစရိတ်အသက်သာဆုံး၊ ရိုးရှင်းလွယ်ကူဆုံး၊ လူတိုင်းလူတိုင်း နေရာဒေသမရွေး ဆောင်ရွက်နိုင်ဆုံးသော နည်းလမ်းတစ်ခု ဖြစ်ပါသည်။

တစ်နည်းအားဖြင့် ရာသီဥတုပြောင်းလဲမှုလျှော့ချရန်နှင့် လိုက်လျောညီထွေရှိစေရန်၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးစနစ်ကို အထောက်အကူပြုစေရန်၊ မြေဆီလွှာအာဟာရဓာတ်များ တိုးတက် ကောင်းမွန်စေရန်၊ သီးနှံစိုက်ပျိုးထုတ်လုပ်မှုမြင့်မားလာစေရန်၊ အပူပိုင်း မိုးခေါင်ရေရှားဒေသများတွင် မိုးရေအား စုဆောင်းရန်နှင့် ရေသယံဇာတများ ထိန်းသိမ်းနိုင်ရန် မြစ်၊ ချောင်း၊ ဆည်၊ ကန်၊ တာတမံများ၏ ရေဝေရေလဲဒေသများတွင် ရေဝေရေလဲ သဘာဝတောများ ထိန်းသိမ်းခြင်း၊ ရေဝေရေလဲ စိုက်ခင်းများ၊ သစ်ပင်များ စိုက်ပျိုးခြင်းသည် အကောင်းဆုံးနည်းလမ်းတစ်ခု ဖြစ်ပါသည်။ မြေဆီလွှာထိန်းသိမ်းခြင်း လုပ်ငန်းများကိုလည်း နေရာဒေသအလိုက် သင့်လျော်ရာနည်းလမ်းများကို အသုံးပြုဆောင်ရွက်နိုင်ပါသည်။ မြေဆီလွှာထိန်းသိမ်းခြင်းလုပ်ငန်းများ နည်းလမ်းများစွာရှိရာ ရုပ်ဝတ္ထုများ အသုံးပြုထိန်းသိမ်းခြင်း (Physical Measures)၊ သက်ရှိများအသုံးပြုထိန်းသိမ်းခြင်း (Biological Measures) နှင့် စိုက်ပျိုးရေးနည်းစနစ်များဖြင့် ထိန်းသိမ်းခြင်း (Agronomic Measures) အဓိက အသုံးပြုဆောင်ရွက်လျက်ရှိပါသည်။

(က)    ရုပ်ဝတ္ထုများ အသုံးပြုထိန်းသိမ်းခြင်း  (Physical Measures)

(၁) ကွန်တိုကန်သင်းတည်ဆောက်ခြင်း - ကုန်းစောင်းဒေသများတွင် မြေသားထူပါက မြေသားကန်သင်း၊ မြေသားပါးပါက ကျောက်စီကန်သင်း၊ ကွန်တိုအလိုက်ပြုလုပ်၍ မြေဆီလွှာထိန်းသိမ်းခြင်း၊ ရေစိမ့်မြောင်းနှင့် ရေလွှဲမြောင်းများ တူးဖော်ပေးခြင်း၊ နုန်းတားဆည်များ၊ တစ်ဖက်ရပ်ဆည်များ တည်ဆောက်ပေးခြင်း စသည်တို့ ဖြစ်ပါသည်။

(၂)      နုန်းတားဆည်/ကန်သင်း တည်ဆောက်ခြင်း - ရေဝေရေလဲ ဧရိယာများတွင် အမာခံကျောက်ဖြင့် ကန်သင်းပြုလုပ်၍ မြေဆီလွှာထိန်းသိမ်းခြင်းဖြစ်ပါသည်။

(၃)     ရေကျော်ကျောက်တန်း တည်ဆောက်ခြင်း - လျှိုလက်တက်များတွင် ရေစီးနှုန်း နှေးသွားစေရန် ရေကျော်ကျောက်တန်းများ တည်ဆောက်ခြင်းဖြစ်ပါသည်။

(၄)     ရေစုကျင်း၊ ရေစုကန်များ တည်ဆောက်ခြင်း - အပူပိုင်းဒေသ၊ မိုးရေချိန်လက်မ နည်းပါးသောနေရာများတွင် မိုးရေကိုစုဆောင်းနိုင်သော ရေစုကန်များ တူးဖော်ပြီး ဒေသခံပြည်သူများအတွက် သော်လည်းကောင်း၊ တိရစ္ဆာန်များအတွက်သော်လည်းကောင်း၊ သစ်တော၊ သစ်ပင်များအတွက် လည်းကောင်း၊ သီးနှံများ ရေလိုအပ်ချိန်တွင် ဖြည့်စွက်ရေပေးသွင်းနိုင်ရန်အတွက် လည်းကောင်း ရည်ရွယ်တည်ဆောက် အသုံးပြုခြင်းဖြစ်သည်။

(၅)     စိုက်ကျင်းများဖြင့် သစ်ပင်စိုက်ပျိုးခြင်း- အပူပိုင်းဒေသ တောင်စဉ်တောင်တန်းများ၊ လျှောစောက်မြင့်မားသော တောင်ကုန်း၊ တောင်စောင်းများတွင် Zigzag ပုံစံဖြင့် သစ်ပင်များ စိုက်ပျိုးခြင်းနှင့်မိုးရေအများဆုံး စုဆောင်းဖမ်းထိန်းနိုင်ရန် ကွန်တိုအလိုက် မြောင်းရှည်များ တူးခြင်း၊ ရေစုကျင်းငယ်များ တူးဖော်၍ ရေထိန်းခြင်းဖြစ်သည်။

(ခ)     သက်ရှိများအသုံးပြု ထိန်းသိမ်းခြင်း  (Biological Measures)

(၁)     တောင်စောင်းစိုက်ပျိုးရေးစနစ် - လျှောစောက် ၃ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအတွင်း တောင်စောင်းများတွင် ကွန်တိုလိုင်းအလိုက် အကန့်လိုက်သီးနှံများ စိုက်ပျိုးခြင်းဖြစ်သည်။

(၂)      ကွန်တိုလိုင်းအတိုင်း သီးနှံပင်များ၊ မြက်များကိုစိုက်ပျိုးခြင်း - လျှောစောက် ၃-၅ ရာခိုင်နှုန်းရှိသည့်နေရာများတွင် နှစ်ရှည်ခံမြက်များ၊ နွားစာမြက်များ (နေပီယာမြက်၊ Vetiver grass) စပါးလင်နှင့် နာနတ်ကဲ့သို့ သီးနှံများမြေဆီလွှာ တိုက်စားခြင်းမှ ကာကွယ်ပေးရန်ကွန်တိုအလိုက် စိုက်ပျိုးခြင်းဖြစ်သည်။

(၃)     မြေဆီလွှာဖုံးပင်များစိုက်ပျိုးခြင်း - မြေဆီလွှာအပေါ် မျက်နှာပြင်အား တိုက်စားခြင်းမှ ကာကွယ်ရန်၊ အစိုဓာတ်ထိန်းထားနိုင်ရန်၊ အာဟာရပြန်လည်ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပဲမျိုးရင်းဝင်အပင်များအား မြေဆီလွှာဖုံးပင်အဖြစ် စိုက်ပျိုးခြင်း ဖြစ်ပါသည်။

(၄)     လေကာပင်များစိုက်ပျိုးခြင်း - လေတိုက်စားခြင်းမှ ကာကွယ်ရန် စိုက်ခင်းနယ်နိမိတ်တစ်လျှောက်တွင် ဒေသအလိုက် သင့်တော်သည့်အပင်များ စိုက်ပျိုးခြင်းဖြစ်သည်။ ဥပမာ- ပင်လယ်ကဗွီး၊ အုန်း၊ ယူကလစ်၊ ထန်း၊ ဘောစကိုင်း၊ မဲဇလီ၊ မန်ကျည်း၊ တမာ၊ ဝါး၊ မိုးမခ၊ မြေပြန့်ချယ်ရီ၊ ပဲစင်းငုံ၊ နှံစားပြောင်း၊ သီဟိုဠ်သရက်၊ ငှက်ပျော၊ နှစ်ရှည်သီးနှံပင် စသည်တို့ကို စိုက်ပျိုးခြင်းဖြစ်သည်။

(၅)     သစ်စိမ်းမြေဩဇာနှင့် သဘာဝမြေဩဇာထည့်သွင်းခြင်း - ပိုက်ဆံလျှော်ကဲ့သို့ ပဲမျိုးရင်းဝင်အပင်များနှင့် နိုက်ထရိုဂျင်ပါဝင်မှုများသော အပင်များကို သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုစိုက်ပျိုးခြင်းနှင့် ဆွေးမြည့်ပြီးသော တိရစ္ဆာန်စွန့်ပစ်ပစ္စည်းများနှင့် အပင်အကြွင်းအကျန်များအား စိုက်ခင်းအတွင်း ထည့်သွင်း အသုံးပြုခြင်းဖြစ်သည်။

(ဂ)     စိုက်ပျိုးရေးနည်းစနစ်များဖြင့် ထိန်းသိမ်းခြင်း (Agronomic Measures)

(၁)     သီးနှံရောနှောစိုက်ပျိုးခြင်း - သီးနှံများကို အလှည့်ကျစိုက်ပျိုးခြင်း၊ သီးနှံများ ရောနှောစိုက်ပျိုးခြင်းဖြင့်ရောဂါ၊ ပိုးမွှားများ၏ မျိုးဆက်သံသရာစက်ဝန်းကို ဖြတ်တောက်ပေးပြီး မြေဆီလွှာဖွဲ့စည်းမှု ကောင်းမွန်စေ၍ မြေဆီဩဇာထက်သန်စေပါသည်။

(၂)      သစ်ရွက်ခြောက်များ၊ သီးနှံအကြွင်း အကျန်များဖြင့် မြေကိုဖုံးအုပ်ကာကွယ်ခြင်း - ပင်ကြွင်းပင်ကျန်များဖြစ်သည့် သစ်ရွက်ခြောက်များ၊ ကောက်ရိုး၊ စပါးခွံ၊ မြေပဲရိုး၊ မြေပဲခွံ၊ နှမ်းရိုး၊ ပဲရိုး၊ ပြောင်းရိုး၊ မြက်ခြောက်များဖြင့် မြေကြီးကို ဖုံးအုပ်ခြင်း ဖြစ်ပါသည်။

(၃)     ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးခြင်း- ရွာသွန်းသောမိုးရေကို ထိန်းထားနိုင်ပြီး ရေနုတ်မြောင်းပါရှိသဖြင့် ရေဝပ်ခြင်းမရှိစေဘဲ ရေထုတ်ရလွယ်ကူစေပါသည်။ မြေတိုက်စားမှုကို လျှော့ချပေးနိုင်ပြီး ခြောက်သွေ့ရာသီတွင် အစိုဓာတ်ကို ထိန်းထားပေးနိုင်ပါသည်။

(၄)     သီးနှံသစ်တော ရောနှောစိုက်ပျိုးခြင်း- ရာသီသီးနှံများ၊ နှစ်ရှည်သီးနှံပင်များနှင့် သစ်တော၊ သစ်ပင်များ ပုံစံမျိုးစုံဖြင့် ရောနှော၍ စိုက်ပျိုးသည့်နည်းစနစ် ဖြစ်သည်။ ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့် သီးနှံများ ထိခိုက်ပျက်စီးမှုအား လျော့နည်းသက်သာစေသည့် စိုက်ပျိုးခြင်းနည်းစနစ် ဖြစ်ပါသည်။

(၅)     မြေလှပ်ထားခြင်း၊ နွေထယ်ရေးခံခြင်း- မြေလှပ်ထားခြင်း၊ နွေထယ်ရေးခံခြင်း အားဖြင့် မိုးရေကို ထိန်းသိမ်းပေးခြင်း၊ ပိုးမွှားရောဂါ ကာကွယ်ပေးခြင်း၊ မြေဆီလွှာဖွဲ့စည်းမှုကို ကောင်းမွန်စေပြီး လေဝင်လေထွက်ကောင်းမွန်ခြင်း၊ မြေအတွင်း အစိုဓာတ်နှင့် အာဟာရဓာတ် ဆုံးရှုံးမှုကို ထိန်းထားပေးနိုင်သည်။

စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ဖို့ မြေဆီလွှာထိန်းသိမ်းစို့

မြေဆီလွှာထိန်းသိမ်းခြင်းဖြင့် အကျိုးကျေးဇူးများစွာ ရရှိနိုင်မည်ဖြစ်ပါသည်။ အဓိကအားဖြင့် မြေတိုက်စားစီးဆင်းရေ(runoff water)ကို လျော့နည်းစေခြင်း၊ မြေဆီလွှာတိုက်စားခံရမှု လျော့နည်းခြင်း၊ စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် အပေါ်ယံမြေဆီလွှာအား အကာအကွယ်ပေးခြင်း၊ မြေအစိုဓာတ်ကို ထိန်းပေးခြင်း၊ မြေဆွေးဓာတ်များ မြေထဲသို့ ပြန်လည်ရောက်ရှိစေခြင်း၊ မြေ၏ဂုဏ်သတ္တိများ ကောင်းမွန်လာစေခြင်း၊ မြေဆီလွှာအဆင့်အတန်း တက်လာခြင်း၊ သစ်ပင်များ စိုက်ပျိုးဖြစ်ထွန်းအောင်မြင်ခြင်း၊ သီးနှံအထွက်နှုန်းတိုးလာခြင်း၊ စိုက်ပျိုးရေးဆိုင်ရာ ဂေဟစနစ်ကို ကောင်းမွန်တည်မြဲစေခြင်း၊ ကုန်ထုတ်စွမ်းအား တိုးတက်မြင့်မားလာစေခြင်း၊ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်စေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ပါသည်။

သစ်ပင်စိုက်ပျိုးခြင်း၊ သဘာဝတောများ ထိန်းသိမ်းခြင်းကဲ့သို့သော မြေဆီလွှာထိန်းသိမ်းခြင်း အစီအမံများသည် မြေဆီလွှာ၏ အာဟာရဓာတ်များနှင့် အော်ဂဲနစ်ပစ္စည်းများကို အကာအကွယ်ပေးပါသည်။ တောင်စောင်းများတွင် ကွန်တိုနည်းစနစ်ဖြင့် စနစ်တကျ စိုက်ပျိုးခြင်း၊ လေကာပင်တန်းများနှင့် မြေဆီလွှာဖုံးလွှမ်းစေသည့်အပင်များ စိုက်ပျိုးခြင်းကဲ့သို့သော ထိန်းသိမ်းရေး နည်းပညာများသည် မြေဆီလွှာကို တိုက်စားပျက်စီးခြင်း သို့မဟုတ် မြေဆီလွှာဆုံးရှုံးခြင်းတို့မှ ဟန့်တားနိုင်သည့် ထိရောက်သောနည်းလမ်းများ ဖြစ်ပါသည်။ မြေဆီလွှာထိန်းသိမ်းခြင်းသည် စိုက်ပျိုးရေးလုပ်ငန်းများ အတွက်သာမက ဇီဝမျိုးစုံမျိုးကွဲများ ပေါ်တွင်လည်း သက်ရောက်မှုများစွာရှိပါသည်။ ကျန်းမာသော မြေဆီလွှာဂေဟစနစ်သည် အဏုဇီဝသက်ရှိများနှင့် အင်းဆက်ပိုးမွှားများမှ တိရစ္ဆာန်ကြီးများအထိ သက်ရှိများစွာကို ထောက်ပံ့ပေးပါသည်။ မြေဆီလွှာ ထိန်းသိမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခြင်းဖြင့် သဘာဝဂေဟစနစ်ကို ကောင်းမွန်စေပါသည်။

မြေဆီလွှာထိန်းသိမ်းရေးသည် စိုက်ပျိုးရေး၊ သစ်တောနှင့် ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းရေး၊ ရာသီဥတု ပြောင်းလဲမှုနှင့် စီးပွားရေးရေရှည်တည်တံ့ခိုင်မြဲရေး စသည့်လုပ်ငန်းနယ်ပယ်များစွာ ရောယှက်ဆက်နွှယ်လျက်ရှိသဖြင့် ဘက်စုံကဏ္ဍစုံ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရမည့် အရေးကြီးလုပ်ငန်း တစ်ရပ်ဖြစ်ပါသည်။ နည်းပညာအဆင့်မှသည် မူဝါဒရေးရာအထိ၊ ဒေသခံပြည်သူများ၊ တောင်သူလယ်သမားများ၊ တစ်သီးပုဂ္ဂလဆောင်ရွက်မှုများမှသည် အစုအဖွဲ့များ၊ အစိုးရအဖွဲ့အစည်းများ၊ အစိုးရ မဟုတ်သော အဖွဲ့အစည်းများအထိ၊ ရပ်ကွက်၊ ကျေးရွာအဆင့်မှသည် နိုင်ငံတော်အဆင့်အထိ အကျိုးဆက်စပ်ပတ်သက်သူများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြေဆီလွှာထိန်းသိမ်းခြင်းလုပ်ငန်းများ အောင်မြင်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ။