Skip to main content

နိုင်ငံခြားငွေယိုစိမ့်မှုများ လျှော့ချရေး ဝိုင်းဝန်းကူညီပေး

ရွှေရည်ဦး

နိုင်ငံခြားငွေဆိုတာဘာလဲ

နိုင်ငံခြားငွေဆိုတာ မိမိတို့နိုင်ငံမဟုတ်တဲ့ အခြားနိုင်ငံတစ်နိုင်ငံက အသိအမှတ်ပြုထုတ်ဝေသုံးစွဲတဲ့ ငွေကြေးကိုဆိုလိုပါတယ်။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ သုံးစွဲနေတဲ့ နိုင်ငံအလိုက် ငွေကြေးအမျိုးမျိုးအနက် နိုင်ငံအများအပြားက သုံးစွဲကြတဲ့ နိုင်ငံခြားငွေတွေ တစ်နိုင်ငံမှ အခြားနိုင်ငံသို့ စီးဆင်းရွှေ့ပြောင်းမှုများဟာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးကဏ္ဍအတွက် အင်မတန်မှအရေးပါပါတယ်။ ကမ္ဘာ့မှာ အများဆုံးအရောင်းအဝယ်ပြုလုပ်နေကြတဲ့ ထိပ်တန်းနိုင်ငံခြားငွေကြေး ၁၀ မျိုးကတော့ အမေရိကန်ဒေါ်လာ၊ ယူရို၊ ဂျပန်ယန်း၊ ပေါင်စတာလင်၊ ဩစတြေးလျဒေါ်လာ၊ ကနေဒါဒေါ်လာ၊ ဆွစ်ဖရန့်၊ တရုတ်ယွမ်၊ ဟောင်ကောင်ဒေါ်လာနဲ့ နယူးဇီလန်ဒေါ်လာတို့ပဲဖြစ်ပါတယ်။ အဆိုပါငွေကြေးများနဲ့ တစ်ကမ္ဘာလုံးမှာ တစ်နေ့ပျမ်းမျှရောင်းဝယ်မှုပြုနေတဲ့ပမာဏကို လေ့လာကြည့်ပါက အောက်ပါအတိုင်းတွေ့ရှိရပါတယ် -

တစ်နေ့တာရောင်းဝယ်မှု ပမာဏနှင့် ထိပ်တန်းငွေကြေး ၁၀ မျိုး၌ ပါဝင်မှုအခြေအနေ

ဆောင်းပါး

ဇာစ်မြစ်။ https://www.bankbazaar.com/currency-exchange/most-traded-currencies-in-the-world ပေါ်အခြေခံ၍ စာရေးသူမှ တွက်ချက်ခြင်းဖြစ်ပါသည်။

မြန်မာနိုင်ငံမှာလည်း အများဆုံးရောင်းဝယ်ဖောက်ကားအသုံးပြုနေတဲ့ နိုင်ငံခြားငွေမှာ အမေရိကန်ဒေါ်လာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာနဲ့အတူ ယူရို၊ ထိုင်းဘတ်ငွေ၊ တရုတ်ယွမ်၊ မလေးရှားရင်းဂစ်၊ စင်ကာပူဒေါ်လာနဲ့ ဂျပန်ယန်းတို့ကိုလည်း သုံးစွဲမှုများပါတယ်။ အဲဒီနိုင်ငံခြားငွေတွေကို တရားဝင်အသုံးပြုခြင်းကြောင့် ငွေကြေးလည်ပတ်စီးဆင်းနေမှု ကောင်းမွန်သလောက် ဥပဒေပြင်ပက အသုံးပြုမှုတွေများလာတဲ့အခါ နိုင်ငံတော်ရဲ့အရေးကြီးကဏ္ဍတွေမှာ အသုံးပြုဖို့ နိုင်ငံခြားငွေလိုအပ်ချက်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

နိုင်ငံခြားငွေ ဘယ်ကရတာလဲ

နိုင်ငံခြားငွေရနိုင်တဲ့ အခွင့်အလမ်းတွေကတော့ ပို့ကုန်ဝင်ငွေများ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများနှင့် ပြည်ပ၌ ရင်းနှီးမြှုပ်နှံမှုများမှ ရငွေများ၊ ပြည်တွင်းသို့ လွှဲပို့ငွေများ၊ ခရီးသွားလုပ်ငန်းနှင့် လေကြောင်းဝန်ဆောင်မှုမှ ဝင်ငွေများ၊ ပြည်တွင်း၌ နိုင်ငံခြားငွေဖြင့် ငှားရမ်းခြင်း၊ ရောင်းချခြင်း၊ ချေးယူရရှိငွေနှင့် ပြည်ပထောက်ပံ့ငွေစသည်တို့ ဖြစ်ပါတယ်။

နိုင်ငံခြားငွေလိုအပ်ချက်က ဘယ်နေရာတွေမှာလဲ

နိုင်ငံခြားငွေကို ပြည်တွင်း သုံးစွဲမှုအနေနဲ့ စက်သုံးဆီ၊ စားသုံးဆီ၊ လူသုံးကုန်နဲ့ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း၊ ဆေးဝါးကုန်ကြမ်း၊ စက်ကိရိယာများ၊ ပြည်ပကြွေးမြီပေးဆပ်ခြင်း၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းများသို့ နှစ်စဉ်ထည့်ဝင်ကြေးများ၊ ပြည်ပသို့သွားရောက်အလုပ်လုပ်ကိုင်ခြင်း၊ ဆေးကုသခြင်း၊ ပညာသင်သွားရောက်ခြင်း၊ အပန်းဖြေခရီးအပါအဝင် ပြည်ပဘုရားဖူးသွားရောက်ခြင်းစသည့် စရိတ်အမျိုးမျိုးအတွက် နိုင်ငံခြားငွေကို သုံးစွဲရပါတယ်။ အဲဒီအသုံးစရိတ်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့ ပြည်တွင်းထုတ်ကုန်ပစ္စည်းများကို သုံးစွဲခြင်း၊ ပြည်တွင်းမှ စီးထွက်နေတဲ့စရိတ်များကို လျှော့ချသုံးစွဲခြင်းနဲ့ ပြည်ပတင်ပို့မှုမှ ရရှိတဲ့ရငွေများကို ပြည်တွင်းသို့ ပြန်လည်စီးဝင်စေခြင်းတို့ကို ဆောင်ရွက်ရပါတယ်။

နိုင်ငံခြားငွေ ယိုစိမ့်နေမှုများ

ပြည်ပသို့ သွားရောက်ရာမှာလည်း တရားဝင်သွားရောက်ခြင်းများရှိသလို တရားမဝင်သွားရောက်နေခြင်းများလည်းရှိပါတယ်။ မူလသွားရောက်စဉ်က တရားဝင်အလည်အပတ် သွားရောက်ခြင်းဖြစ်သော်လည်း သက်ဆိုင်ရာနိုင်ငံရောက်မှ အလုပ်လုပ်တာ၊ ပညာသင်တာတွေ ဖြစ်သွားကြတာကြောင့် တရားဝင်သွားရာကနေ တရားမဝင်လမ်းကြောင်းသို့ ရောက်သွားတာကိုလည်း တွေ့ရပါတယ်။

ပြည်ပသို့ နှစ်စဉ်သွားရောက်နေသည့်အရေအတွက်

ကိုဗစ် - ၁၉ နောက်ပိုင်းမှာ နယ်စပ်ထွက်ပေါက်များအပါအဝင် ပြည်ပသို့သွားရောက်တဲ့ ခန့်မှန်းလူဦးရေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်-

ဆောင်းပါး

ဇာစ်မြစ်။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

အထက်ဖော်ပြပါ ဇယားတွင်ပါရှိတဲ့အခြားဆိုတာက နိုင်ငံတော်မှ တရားဝင်စေလွှတ်တဲ့ ကိုယ်စားလှယ်အဖွဲ့များ၊ သံရုံးဝန်ထမ်းများနဲ့ ယင်းတို့၏ မိသားစုဝင်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ သင်္ဘောသားများစသည်တို့ ပါဝင်ပါတယ်။ သွားရောက်တဲ့သူတွေထဲမှာ အလည်အပတ်ရည်ရွယ်ချက်နဲ့သွားတဲ့ဦးရေက အများစုဖြစ်သော်လည်း သွားရောက်သူအချို့ကတော့ တစ်ဖက်နိုင်ငံသို့ ရောက်တဲ့အချိန်မှာ မူလရည်ရွယ်ချက်အတိုင်းမဟုတ်ဘဲ အလုပ်ရှာ၊ အလုပ်လုပ်ရင်းနဲ့ တရားမဝင်ရွှေ့ပြောင်းသွားလာသူအဖြစ် ရောက်ရှိသွားတာတွေလည်း ရှိပါတယ်။ သူတို့တွေ ပြည်ပမှာ ဒုက္ခရောက်နေလို့ နိုင်ငံတော်စရိတ်နဲ့ ပြန်ခေါ်ရတဲ့ သာဓကများလည်း ရှိပါတယ်။

နိုင်ငံခြားသွားရောက်တဲ့သူတစ်ဦးအတွက် သုံးစွဲရတဲ့ အနည်းဆုံး နိုင်ငံခြားသုံးငွေ

နိုင်ငံခြား ခရီးသွားမယ်ဆိုရင် သွားရောက်တဲ့ရည်ရွယ်ချက်နှင့် ကိုင်ဆောင်သည့် နိုင်ငံကူးလက်မှတ် အမျိုးအစားပေါ်မူတည်၍ ဗီဇာကြေးပေးသွင်းရပါတယ်။ ဗီဇာဆောင်ရွက်ခငွေပမာဏနဲ့ နေထိုင်ခွင့်ပေးတဲ့ကာလကလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူကြပါ။ ဥပမာ - ထိုင်းနိုင်ငံသို့ ဆေးကုသဖို့သွားရောက်သူအနေနဲ့ Medical Tourist Visa လို့ခေါ်တဲ့ ဆေးဘက်ဆိုင်ရာ ခရီးသွားဗီဇာကို လျှောက်ထားရပါတယ်။ ဗီဇာကြေးကတော့ တစ်ကြိမ်ဝင်ခွင့် အမေရိကန် ဒေါ်လာ ၄၀ ဖြစ်ပြီး သက်တမ်းကာလ သုံးလပေးထားပါတယ်။ သုံးလအတွင်း မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်လာပြီး ဆေးကုသရန် ရက်ချိန်းကြောင့် ထပ်မံသွားရောက်မည်ဆိုပါက ဗီဇာကြေး ထပ်ပေးရမှာ ဖြစ်ပါတယ်။

အလားတူ ထိုင်းနိုင်ငံမှာ ကျောင်းတက်ဖို့ ကျောင်းသားဗီဇာ (Student Visa) လျှောက်ထားတဲ့အခါမှာလည်း အမေရိကန်ဒေါ်လာ ၆၅ ဒေါ်လာ၊ ယူရို ၆၀ ဝန်းကျင်ခန့် ပေးရမှာဖြစ်ပါတယ်။ တရုတ်နိုင်ငံသို့ ပညာသင်သွားပါကလည်း ကနဦး ၃ လခန့် ဗီဇာကြေး အမေရိကန် ဒေါ်လာ ၃၈ ဒေါ်လာခန့် ပေးသွင်းရပါတယ်။ ဒါ့အပြင် ဆောင်ငွေနဲ့ အာမခံကြေး၊ ဆေးစစ်မှုခံယူဖို့နဲ့ ကြိုတင်ပေးသွင်းမှုများအတွက် ဆောင်ငွေ ယွမ် ၅,၀၀၀ နဲ့ ညီမျှတဲ့ အမေရိကန်ဒေါ်လာ ၇၀၀ ကျော်က ယူဆောင်သွားဖို့လိုပါတယ်။ စင်ကာပူဗီဇာကြေးကတော့ နိုင်ငံကူးလက်မှတ်နှင့် သွားရောက်မယ့်အကြောင်းအရာများအလိုက် အနည်းဆုံး ဒေါ်လာ ၉၉ ဒေါ်လာမှ စပေးရပါတယ်။ လေယာဉ်လက်မှတ်ခကတော့ သွားရောက်မယ့် နိုင်ငံအလိုက် ကွာခြားနိုင်ပြီး အာဆီယံနှင့် အိမ်နီးနားချင်းနိုင်ငံများသို့သွားရောက်ပါက ခရီးအနီးအဝေးနဲ့ လေကြောင်းလိုင်းများပေါ်မူတည်ပြီး ပျမ်းမျှအားဖြင့် အနည်းဆုံးဒေါ်လာ ၁၀၀ ကျော်မှ ၁,၀၀၀ ကျော်ခန့် ကုန်ကျနိုင်ပါတယ်။ ဘုရားဖူးခရီးစဉ်များဆိုရင် ၂၀၂၃ ခုနှစ်၊ ဗုဒ္ဓဂယာဘုရားဖူးတစ်ဦးကို ဘုရားဖူးရက်နဲ့ ခရီးစဉ်ပေါ်မှာ မူတည်ပြီး ဒေါ်လာ ၅၀၀ ကျော်မှ ဒေါ်လာ ၁,၀၀၀ ကြား ကုန်ကျပါတယ်။

ဟဂျ်ဘုရားဖူးတစ်ဦးစရိတ်မှာ ဒေါ်လာ ၄,၀၀၀ ကျော်မှ ၅,၀၀၀ ကျော်အထိ ကုန်ကျပါတယ်။ ဗီဇာကြေး၊ လေယာဉ်ခတွေဟာ ပြည်တွင်းမှာကတည်းက နိုင်ငံခြားငွေသုံးစွဲရတဲ့ စရိတ်တွေဖြစ်ပါတယ်။ ဒီကနဦး နိုင်ငံခြားငွေကုန်ကျစရိတ်တွေကို ခရီးသွားမယ့်သူများကလည်း ရရာနည်းနဲ့ရှာကြသလို ပြင်ပမှာ တရားမဝင်ရောင်းချသူတွေကလည်း ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းထက်ပိုပြီး ဈေးနှုန်းတင်ရောင်းချနေကြတာကိုလည်း တွေ့ရပါတယ်။

အလည်အပတ်နဲ့ ဘုရားဖူးခရီးသွားလာမှုများမှာလည်း အနည်းဆုံးတစ်ဦးလျှင် လေယာဉ်လက်မှတ်ခနှင့် နေထိုင်စရိတ်များအပါအဝင် အနည်းဆုံး အမေရိကန်ဒေါ်လာ ၁,၀၀၀ မှ ၆,၀၀၀ ကျော်အထိရှိနိုင်ကြောင်း ခန့်မှန်းရရှိပါတယ်။ ပြည်ပတွင် နေထိုင်ရက် ပိုမိုကြာရှည်ပါက ယခုထက်မက ငွေကြေးကုန်ကျနိုင်ပါတယ်။

ဒါ့အပြင် နိုင်ငံတော်ကလည်း အလုပ်လုပ်ကိုင်မည့်သူ၊ ဆေးကုသမည့်သူနဲ့ ပညာသင်သွားရောက်မယ့်သူ တစ်ဦးလျှင် ငွေသား အမေရိကန်ဒေါ်လာ ၃၀၀ မှ ၅၀၀ အတွင်း ရောင်းချပေးရတာကြောင့် မသွားခင် သုံးစွဲရတဲ့ ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၇၀၀ မှ ၁,၅၀၀ အတွင်း အနည်းဆုံးရှိကြောင်း ခန့်မှန်းနိုင်ပါတယ်။ ဒါဟာ တရားဝင်အမေရိကန်ဒေါ်လာ အနည်းဆုံးစီးထွက်မှုများဖြစ်ပါတယ်။

နိုင်ငံခြားရောက်သွားတဲ့အခါ နေထိုင်မှုစရိတ်အတွက် သက်ဆိုင်ရာနိုင်ငံရဲ့ ငွေကြေးကို ရှာရပါသေးတယ်။ ဥပမာ - ပညာသင်မယ့်သူက ပညာသင်ထောက်ပံ့ကြေးရရှိပါက သက်ဆိုင်ရာပညာသင်ထောက်ပံ့ကြေးပေးတဲ့ အဖွဲ့အစည်း/ တက္ကသိုလ်စရိတ်နဲ့ ကျောင်းတက်နိုင်ပြီး မရပါက နေထိုင်မှုစရိတ်အတွက် သက်ဆိုင်ရာနိုင်ငံမှာ အလုပ်လုပ်ရင်း ရှာဖွေရတာရှိပါတယ်။ နမူနာအားဖြင့် ထိုင်းနိုင်ငံမှာ ပညာသင်တစ်ဦး အခြေခံလိုအပ်တဲ့ နေထိုင်မှုစရိတ်က ကျောင်းလခမပါ လစဉ်အမေရိကန်ဒေါ်လာ ၄၅၃ ဒေါ်လာခန့်ရှိပါတယ်။ ဒီစရိတ်တွေကိုပေးချေဖို့ ပညာသင်စရိတ်နဲ့ အလုပ်လုပ်ကိုင်ရင်း ရရှိတဲ့စရိတ် လုံလောက်မှုမရှိပါက မိဘ၊ ညီအစ်ကို မောင်နှမများက နိုင်ငံခြားငွေရောင်းချတဲ့နေရာတွေကနေ တရားဝင်နဲ့ တရားမဝင်တဲ့ နည်းလမ်းများနဲ့ရှာဖွေပြီး ပေးပို့ကြရပါတယ်။

အလားတူ ဆေးကုသမှုစရိတ်မှာလည်း သာမန်ဆေးစစ်မှုမှသည် ရောဂါအမျိုးအစားအလိုက် ဆေးကုသည်အထိ ဆေးကုသစရိတ်များ ကွာခြားမှုရှိပါတယ်။ ထိုင်းနိုင်ငံမှာ ဆရာဝန်စမ်းသပ်ခအနေနဲ့ ပုဂ္ဂလိက ဆေးခန်း၊ ဆေးရုံနဲ့ ရောဂါအမျိုးအစားပေါ်မူတည်ပြီး ဘတ် ၇၀၀ မှ ၃,၀၀၀ ၊ အမေရိကန်ဒေါ်လာအားဖြင့် ၂၂ ဒေါ်လာမှ ၉၄ ဒေါ်လာထိရှိပြီး အစိုးရဆေးရုံများမှာ ဘတ် ၂၀၀ မှ ၅၀၀၊ အမေရိကန်ဒေါ်လာအားဖြင့် ၆ ဒေါ်လာမှ ၁၆ ဒေါ်လာထိရှိကြောင်းတွေ့ရပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို CT Scan ရိုက်ပါက အနည်းဆုံး အမေရိကန် ဒေါ်လာ ၇၀၀ မှ ၇၈၀ အတွင်း ကုန်ကျကြောင်း တွေ့ရပါတယ်။ ဒါကြောင့် ပြည်ပမှာ သွားရောက်ပြီး ဆေးစစ်မယ်ဆိုရင် အနည်းဆုံး သုံးစွဲရမယ့်စရိတ်က ဒေါ်လာ ၁,၀၀၀ အထက်အထိ ရှိနိုင်ပါတယ်။

ယခုခန့်မှန်းရရှိတဲ့ အနည်းဆုံး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာ ၁,၀၀၀ ကို ပြည်ပသို့ ထွက်ခွာနေတဲ့ လူဦးရေ (ရှေ့မှာဖော်ပြခဲ့တဲ့ ပြည်ပသို့ ခရီးသွားရောက်တဲ့ ဇယားရှိ အခြားစာရင်းမပါ) နှင့် တွက်ချက်ကြည့်ပါက အနည်းဆုံး နိုင်ငံခြားငွေစီးထွက်မှုမှာ နှစ်စဉ် ဒေါ်လာသန်း ၁,၀၀၀ နီးပါးရှိတယ်လို့ ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ အကြောင်းအရာပေါ်မူတည်ပြီး ဒီထက်လည်း ပိုနိုင်ပါတယ်။

တရားမဝင် စီးထွက်နိုင်တဲ့ ခန့်မှန်းချက်များ

တရားမဝင် စီးထွက်နိုင်တဲ့ကဏ္ဍများအနက်မှ အာမခံကဏ္ဍမှာ နိုင်ငံခြားငွေနဲ့ ပေးချေရတဲ့ အာမခံထားသူတွေဟာ မြန်မာ့အာမခံလုပ်ငန်းမှတစ်ဆင့် နိုင်ငံခြားအာမခံကုမ္ပဏီများထံသို့ ချိတ်ဆက်ဆောင်ရွက်ခြင်းမပြုဘဲ နိုင်ငံခြားအာမခံကုမ္ပဏီသို့ တိုက်ရိုက်ချိတ်ဆက်ပြီး အာမခံထားရှိနေကြတဲ့အတွက် တရားဝင်နည်းလမ်းနဲ့မဟုတ်ဘဲ ပြည်ပကို နိုင်ငံခြားငွေ တရားမဝင်စီးဆင်းမှုတွေရှိနေပါတယ်။

ခရီးသွားအာမခံမှာလည်း အချို့သောသံရုံးများက နိုင်ငံခြားအာမခံကုမ္ပဏီတွေရဲ့ ကျန်းမာရေးအာမခံနဲ့ ခရီးသွားအာမခံတွေကိုသာ လက်ခံတဲ့အတွက် ဒီလိုအခြေအနေမျိုးနဲ့လည်း နိုင်ငံခြားငွေများ ပြည်ပသို့ စီးဆင်းမှုများ ရှိနေပါတယ်။

ယေဘုယျအနေနဲ့ကြည့်မယ်ဆို ခရီးသွားကာလပေါ် မူတည်ပြီးတော့ ခရီးသွားကုမ္ပဏီတစ်ခုလျှင် ပြည်ပသွားရောက်တဲ့ ခရီးသွားဦးရေဟာ တစ်လလျှင် လူဦးရေ ၃၀ မှ ၅၀ အကြားရှိတဲ့အတွက် တစ်ဦးလျှင် အာမခံကြေးအနည်းဆုံး အမေရိကန်ဒေါ်လာ ၁၈ ဒေါ်လာနဲ့ တစ်နှစ်လျှင် ခန့်မှန်းခြေအားဖြင့် ခရီးသွား ကုမ္ပဏီတစ်ခုကနေပြီး အမေရိကန်ဒေါ်လာ ၁၀,၀၀၀ ကျော် ပြည်ပသို့ စီးဆင်းလျက်ရှိနေပါတယ်။ လက်ရှိရန်ကုန်တိုင်းဒေသကြီးမှာ ခရီးသွားကုမ္ပဏီ ၂,၈၆၂ ခု ရှိတဲ့အတွက် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၆၂ သန်းခန့် ပြည်ပသို့ စီးဆင်းနိုင်ခြေရှိကြောင်း ခန့်မှန်းနိုင်ပါတယ်။

ဒါ့အပြင် ကုန်ပစ္စည်းအရောင်းအဝယ်လုပ်ငန်းတွေမှာ သတ်မှတ်ရက်အတွင်း ဝယ်သူက ငွေပေးချေနိုင်ခြင်းမရှိတဲ့အခါ ကုစားပေးနိုင်မယ့် ပို့ကုန်/ သွင်းကုန်လုပ်ငန်းများအတွက်ထားရှိတဲ့ Trade Credit Insurance အမျိုးအစားကိုလည်း နိုင်ငံခြားကုမ္ပဏီများနှင့် တိုက်ရိုက်ချိတ်ဆက်ဆောင်ရွက်နေခြင်းများလည်း ရှိနေပါတယ်။

ကုန်စည်ပို့ဆောင်သူများ တာဝန်ယူမှုအာမခံ (Freight Forwarders Liability Insurance) နဲ့ ဘက်စုံပို့ဆောင်ရေးလုပ်ငန်းဆောင်ရွက်မှုအာမခံ (Multimodal Transport Operator Liability Insurance) တွင်လည်း လုပ်ငန်းဆောင်ရွက်နေတဲ့ သင်္ဘောလိုင်းများ၊ ကုမ္ပဏီများ ၅၇ ခုရှိတဲ့အနက် နိုင်ငံခြားအာမခံကုမ္ပဏီများတွင် တိုက်ရိုက်အာမခံထားရှိတဲ့ကုမ္ပဏီ ၅၀ ကျော်ရှိတဲ့အတွက် နိုင်ငံခြားငွေယိုစိမ့်မှုတွေ ရှိနေနိုင်ပါတယ်။

သင်္ဘောပိုင်ရှင်တွေအတွက် အကာအကွယ်နဲ့ လျော်ကြေးအာမခံ (Protection & Indemnity (P&I) Insurance) ကို နိုင်ငံတကာရေပိုင်နက်တွင် တွေ့ကြုံရနိုင်တဲ့ အန္တရာယ်များအတွက် အာမခံအကာအကွယ် ကျယ်ကျယ်ပြန့်ပြန့်ပေးနိုင်တဲ့ နိုင်ငံခြားအာမခံကုမ္ပဏီများနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး နိုင်ငံခြားငွေပေးချေခြင်းတွေလည်း ရှိနေပါတယ်။

အလားတူပင် မီးတစ်ဆင့်အာမခံအမျိုးအစား လက်ခံဆောင်ရွက်မှုအပိုင်းမှာလည်း ရန်ကုန်တိုင်းဒေသကြီးတစ်ခုတည်းတွင်ပင်လျှင် စက်ရုံ အလုပ်ရုံပေါင်း ၈,၀၆၃ ခုခန့် ရှိတဲ့အနက် မြန်မာနိုင်ငံရှိအာမခံကုမ္ပဏီများကတစ်ဆင့် နိုင်ငံခြားအာမခံကုမ္ပဏီများမှာ တစ်ဆင့်အာမခံထားရှိသည့် စက်ရုံအရေအတွက်ဟာ ၆၈၃ ခုသာရှိတဲ့အတွက် ပြည်တွင်းသို့ စီးဆင်းတဲ့ နိုင်ငံခြားငွေဟာ ၈ ရာခိုင်နှုန်းခန့်သာရှိပြီး ကျန် ၉၂ ရာခိုင်နှုန်းဟာ နိုင်ငံခြားအာမခံကုမ္ပဏီများနဲ့ တိုက်ရိုက်ချိတ်ဆက်ပြီး နိုင်ငံခြားငွေပေးချေခြင်းများကို ဆောင်ရွက်နေနိုင်ခြေရှိပါတယ်။

ဟွန်ဒီနဲ့ တရားမဝင်နည်းလမ်းကနေ ငွေလွှဲတာတွေ၊ အိမ်ခြံမြေပွဲစားများရဲ့ အကူအညီနဲ့ နိုင်ငံရပ်ခြားမှာ တိုက်ခန်းများ၊ ကွန်ဒိုများဝယ်ယူခြင်း၊ အိမ်နီးချင်းနိုင်ငံများနဲ့ ရွှေအရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်ကြခြင်းစတဲ့လုပ်ငန်းများ၊ တရားမဝင်လောင်းကစားလုပ်ငန်းများမှလည်း နိုင်ငံခြားငွေစီးဝင်/စီးထွက်မှု များလည်း ရှိနေပါတယ်။

နိုင်ငံရပ်ခြားမှ ကုန်စည်ပစ္စည်းတွေကိုဝယ်ယူရာမှာ ဟွန်ဒီလို တရားမဝင်ငွေလွှဲဆောင်ရွက်တဲ့ ကြားခံဆောင်ရွက်ပေးသူတွေကတစ်ဆင့် ဝယ်ယူတာတွေကိုလည်း ရှောင်ရှားဖို့ လိုပါတယ်။

နိုင်ငံခြားငွေ တိုးတက်ရရှိရေး၊ ဝင်ငွေသုံးငွေမျှတရေးနှင့် နိုင်ငံခြားငွေ ယိုစိမ့်မှုများလျှော့ချရေး

ပြည်ပနိုင်ငံကြီးများမှ မိမိတို့နိုင်ငံရဲ့စီးပွားရေးကို နည်းလမ်းမျိုးစုံဖြင့် ပိတ်ဆို့မှုများကြောင့် ပြည်တွင်းသို့ စီးဝင်လာနိုင်တဲ့ငွေကြေးများမှာ စီးဝင်ရန် အကန့်အသတ်ဖြစ်ပေါ်နေပါတယ်။ ဒါ့ကြောင့် နိုင်ငံခြားငွေတိုးတက်ရရှိရေးအတွက် နိုင်ငံခြားဝင်ငွေရရှိနိုင်မယ့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ပြီး ပို့ကုန်တိုးမြှင့်နိုင်ရေး၊ လွှဲပို့ငွေများ တရားဝင်စီးဝင်မှုပိုမိုစေရေး၊ တရားမဝင်ကုန်သွယ်မှုများ လျှော့ချရေး၊ ပြည်ပရင်းနှီး မြှုပ်နှံမှုများ တိုးတက်ရရှိရေးတို့ကို ကြိုးပမ်းကြရမှာဖြစ်ပါတယ်။

ဝင်ငွေနဲ့အသုံးစရိတ်မျှတဖို့ဆိုရင် ဝင်ငွေတိုးတက်ဖို့လိုသလို သုံးငွေကိုလည်း ခြိုးခြံချွေတာဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မလိုလားအပ်တဲ့ ယိုဖိတ်မှုများမရှိစေရေး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။

နိုင်ငံခြားငွေ ဒေါ်လာသုံးစွဲမှုနဲ့ ယိုစိမ့်မှုများ လျှော့ချနိုင်ရေးအတွက် မလွှဲမရှောင်သာကိစ္စရပ်များမှတစ်ပါး ခြိုးခြံချွေတာရမယ့် ကိစ္စရပ်များအတွက် မိမိတို့ ပြည်တွင်းဝန်ဆောင်မှုများကို ရယူသုံးစွဲခြင်း၊ တရားဝင်လမ်းကြောင်းမှ ဆောင်ရွက်လို့ရပါလျက် တရားမဝင်လမ်းကြောင်းဘက်သို့ ရောက်သွားတဲ့ ကိစ္စရပ်များ မပြုလုပ်မိစေရေးကို သတိပြုဆောင်ရွက်ခြင်းဖြင့် နိုင်ငံတော်အတွက် နိုင်ငံခြားငွေလိုအပ်ချက်နဲ့ ယိုစိမ့်မှုများ လျှော့ချနိုင်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံခြားငွေယိုစိမ့်မှုများ လျော့ကျလာပါက နိုင်ငံတော်အနေနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများမှာ ယခုထက်ပိုမိုသုံးစွဲလာနိုင်မှာဖြစ်ပါတယ်။ ပြည်သူ့ဝန်ဆောင်မှုပေးနေတဲ့ဌာနများဘက်ကလည်း ယခုထက်ပိုမိုပြီး ပြည်သူများရဲ့ လိုအပ်ချက်များကို ပိုမိုကောင်းမွန်အောင် ဝန်ဆောင်မှုပေးနိုင်ဖို့ ကြိုးပမ်းကြရမှာဖြစ်ပါတယ်။

မိမိတို့ပြည်တွင်းလိုအပ်ချက်များ ဖြည့်ဆည်းဆောင်ရွက်နိုင်ရေးနှင့် သာယာဝပြောမှုရှိစေရေးအတွက် မိမိတို့မိသားစုဝင်ပြည်သူများကိုယ်တိုင်က ကိုယ်စီအသိနဲ့လိုက်နာစောင့်ထိန်းရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် နိုင်ငံတော်စီးပွားရေးနဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်ကောင်းမွန်စေရေးအတွက် နိုင်ငံသားတစ်ဦးချင်းတစ်ယောက်ချင်း ကိုယ်စီအသိနဲ့ နိုင်ငံခြားငွေယိုစိမ့်မှုများ လျှော့ချရေးကို တက်ညီလက်ညီ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။