သတိထားရှောင်ရှားရန်လိုအပ်သော မျောက်ကျောက်ရောဂါ ကူးစက်မှုအန္တရာယ်
မောင်သောင်းဝင်း (တမန်ဟောင်း)
၁၉၅၈ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံ၌ သုတေသနပြုလုပ်ရန် မွေးမြူထားသော မျောက်များ၌ မျောက်ကျောက်ရောဂါ (Mpox) ကို ပထမဆုံးတွေ့ရှိခဲ့သည်။ ၁၉၇၀ ပြည့်နှစ်တွင် ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ ကိုးလအရွယ် ယောကျ်ားလေးတစ်ဦးတွင် မျောက်ကျောက်ရောဂါဖြစ်ပွားမှုကို စတင်တွေ့ရှိခဲ့သည်။ မျောက်ကျောက်ရောဂါသည် လူအချင်းချင်းသော်လည်းကောင်း၊ တိရစ္ဆာန်မှ လူသို့လည်းကောင်း ကူးစက်ပျံ့နှံ့နိုင်သည်။ ထို့နောက် မျောက်ကျောက်ရောဂါသည် ဗဟိုအာဖရိက၊ အရှေ့နှင့် အနောက်အာဖရိကတို့တွင် တဖြည်းဖြည်းကူးစက်ပျံ့နှံ့လာခဲ့ရာ ၂၀၂၂-၂၀၂၃ ခုနှစ်တွင် တစ်ကမ္ဘာလုံးသို့ ကူးစက်ပျံ့နှံ့လာခဲ့သည်။ မျောက်ကျောက်ရောဂါပိုးအစပျိုးဖြစ်စဉ်နေရာကို အတိအကျမသိရှိရသော်လည်း ရှဉ့်နှင့်မျောက်ကဲ့သို့သော နို့တိုက်သတ္တဝါများတွင် တွေ့ရှိနိုင်သည်ဟု သိရသည်။
နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ်အခြေအနေ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ကမ္ဘာတစ်ဝန်း မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ရေးအတွက် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် နိုင်ငံတကာပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေအဖြစ် ကြေညာခဲ့သည်။ ထို့နောက် ဖြစ်ပွားမှုကျဆင်းလာသည့်အတွက် ၂၀၂၃ ခုနှစ် မေလ ၁၁ ရက်နေ့တွင် အရေးပေါ်အခြေအနေမှ ဖြေလျှော့ခဲ့သည်။ ၂၀၂၄ ခုနှစ် နှစ်ဆန်းမှ ဩဂုတ်လအထိ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် မျောက်ကျောက်ရောဂါဖြစ်ပွားသူ ၁၆၇၀၀ ကျော်ရှိခဲ့ပြီး သေဆုံးသူ ၅၇၀ ကျော်ရှိကြောင်း နိုင်ငံတကာသတင်းမီဒီယာများတွင် ဖော်ပြခဲ့သည်။ မျောက်ကျောက်ရောဂါကူးစက်ပျံ့နှံ့မှုသည် အာဖရိကရှိ နိုင်ငံ ၁၇ နိုင်ငံအပြင် အခြားသောနိုင်ငံများတွင်လည်း ကူးစက်ပျံ့နှံ့လျက်ရှိပြီး အသက် ၁၅ နှစ်အောက် ကလေးငယ်များတွင် အဖြစ်များသည်။ ထို့ကြောင့် WHO သည် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့တွင် မျောက်ကျောက်ရောဂါကူးစက်မှုအား နိုင်ငံတကာပြည်သူကျန်းမာရေး အရေးပေါ်အခြေအနေအဖြစ် ဒုတိယအကြိမ် ထပ်မံကြေညာခဲ့ရသည်။
ကူးစက်နိုင်ခြေရှိသော နည်းလမ်းများ
မျောက်ကျောက်ရောဂါ ကူးစက်နိုင်ခြေရှိသောနည်းလမ်းများမှာ ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်း၊ ရောဂါပိုးရှိသူနှင့် အရေပြားချင်းထိတွေ့ခြင်း၊ နမ်းရှုပ်ခြင်း၊ ပွေ့ဖက်ခြင်း၊ ရောဂါပိုးရှိသူနှင့် မျက်နှာချင်းဆိုင် အနီးကပ်တွေ့ဆုံခြင်း (စကားပြောခြင်း၊ အသက်ရှူခြင်း)၊ ရောဂါပိုးရှိသူ၏ အနာများ၊ အညစ်အကြေးများနှင့် တိုက်ရိုက်ထိတွေ့မိခြင်း၊ ရောဂါပိုးများ ကပ်တင်ကျန်နေသည့် အသုံးအဆောင်ပစ္စည်းများ၊ မျက်နှာပြင်များကို လက်ဖြင့်ကိုင်တွယ်ထိတွေ့ခြင်း၊ မသန့်ရှင်းသော ဆေးထိုးအပ်နှင့် ဆေးရုံသုံး ပစ္စည်းများ၊ Mpox ဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသည့် တိရစ္ဆာန်များနှင့် တိုက်ရိုက်ထိတွေ့မိခြင်း၊ မိခင်မှ ကလေးသို့ ကိုယ်ဝန်ဆောင်စဉ်၊မွေးဖွားစဉ်နှင့် မွေးဖွားပြီးနောက်တွင် ကူးစက်ခြင်းတို့ဖြစ်သည်။
သံသယဖြစ်ဖွယ်ရောဂါလက္ခဏာများ
ရောဂါပိုးစတင်ဝင်ရောက်ပြီး ၁ ရက်မှ ၂၁ ရက်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ်ပွားနိုင်သည်။ မျက်နှာ၊ ပါးစပ်၊ လက်နှင့် ခြေထောက်၊ ခန္ဓာကိုယ်၊ စအိုဝန်းကျင်နှင့် လိင်အင်္ဂါများတွင် အနီကွက်များထွက်ခြင်း၊ အရည်ကြည်ဖုများ ပေါက်ခြင်း၊ ဖျားခြင်း၊ အကျိတ်များ ရောင်ရမ်းခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားများ နာကျင်ခြင်း၊ ကျောအောင့်ခြင်း၊ မောပန်း နွမ်းနယ်ခြင်းတို့ဖြစ်သည်။
ကာကွယ်နိုင်မည့်နည်းလမ်းများ
မျောက်ကျောက်ရောဂါ ကာကွယ်ရေးအတွက် ၎င်းရောဂါလက္ခဏာခံစားနေရသူနှင့် အရေပြားချင်းထိတွေ့ခြင်း၊ မျက်နှာချင်းဆိုင် အနီးကပ်ထိတွေ့ခြင်း၊ လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံခြင်းများကို ရှောင်ကြဉ်ခြင်း၊ အနီးကပ်ထိတွေ့မှုကို ရှောင်လွှဲ၍မရပါက လက်အိတ်ဝတ်ဆင်ခြင်းနှင့် နှာခေါင်စည်း (Mask) ကို တပ်ဆင်ခြင်း၊ ရောဂါလက္ခဏာခံစားနေရသော သံသယလူနာ၏ အသုံးအဆောင်များကို လက်အိတ်ဖြင့် ကိုင်တွယ်ခြင်း၊ နှာခေါင်စည်း (Mask) တပ်ဆင်ခြင်း၊ လက်ကို ဆပ်ပြာနှင့် ရေ သို့မဟုတ် အယ်လ်ကိုဟော အနည်းဆုံး ၆၀ ရာခိုင်နှုန်း ပါဝင်သော ရေမလို လက်သန့်စင်ဆေးရည်အသုံးပြု၍ စနစ်တကျ ဆေးကြောခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်ဝန်းကျင်သန့်ရှင်း ရေးကောင်းမွန်စေရန် ဆောင်ရွက်ခြင်း၊ နှာချေ၊ ချောင်းဆိုးသည့်အခါတွင် လက်ကိုင်ပဝါ သို့မဟုတ် တံတောင်ကွေးဖြင့် လုံခြုံစွာဖုံးအုပ်ခြင်း၊ အသုံးအဆောင်ပစ္စည်းများဖြစ်သည့် အိပ်ရာခင်း၊ မျက်နှာ သုတ်ပဝါ၊ အဝတ်အထည်များကို ရေ၊ ဆပ်ပြာနှင့် စနစ်တကျလျှော်ဖွပ်၍ အသုံးပြုခြင်း၊ တိရစ္ဆာန်များကို အကာအကွယ်မပါဘဲ ထိတွေ့ကိုင်တွယ်မှုကို ရှောင်ကြဉ်ခြင်းနှင့် အသားများကို ကျက်အောင် ချက်ပြုတ် စားသောက်ခြင်းစသည်တို့ လုပ်ဆောင်သွားရန် လိုအပ်သည်။
ရောဂါလက္ခဏာစောင့်ကြပ်ကြည့်ရှု
ကျန်းမာရေးဝန်ကြီးဌာနသည် WHO က မျောက်ကျောက်ရောဂါအား နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (Public Health Emergency of International Concern-PHEIC) အဖြစ် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၃ ရက်နေ့တွင် ပထမအကြိမ် ထုတ်ပြန်ကြေညာခဲ့စဉ်ကပင် ရောဂါလက္ခဏာစောင့်ကြပ်ကြည့်ရှုခြင်း (Fever with Vesicular Rash Surveillance) လုပ်ငန်းအား နေပြည်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ ပြည်သူ့ဆေးရုံများနှင့် ကျန်းမာရေးဌာနများတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိသည်။
၂၀၂၃ ခုနှစ် မေလ ၁၁ ရက်နေ့တွင် WHO က PHEIC မှ ဖြေလျှော့ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ရောဂါလက္ခဏာစောင့်ကြပ်ကြည့်ရှုခြင်းအား ဆက်လက်ဆောင်ရွက်ခဲ့ရာ ၂၀၂၂ ခုနှစ်မှ လက်ရှိအချိန်အထိ သံသယလူနာများ၏ ဓာတ်ခွဲနမူနာ ၁၂၉ ခုအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးခဲ့ရာတွင် မျောက်ကျောက်ရောဂါ အတည်ပြုလူနာမရှိသေး ကြောင်း သိရသည်။
အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
WHO က ရောဂါဖြစ်ပွားနိုင်ခြေသတ်မှတ်ချက်အရ မျောက်ကျောက်ရောဂါသည် မြန်မာနိုင်ငံတွင် ကူးစက်ဖြစ်ပွားနိုင်ခြေနည်းပါးသော်လည်း အိမ်နီးချင်းနှင့် ဒေသတွင်းနိုင်ငံများတွင် ကူးစက်ဖြစ်ပွားမှုများရှိနေသဖြင့် ကျန်းမာရေးဝန်ကြီးဌာနသည် မျောက်ကျောက်ရောဂါ ကာကွယ်ရေးအတွက် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဆိပ်ကမ်းနှင့် နယ်စပ်ဝင်/ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုအား နှီးနွှယ်ဝန်ကြီးဌာနများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ လူနာတွေ့ရှိပါက ရောဂါကာကွယ်ထိန်းချုပ်ကုသရေးအတွက် သီးခြားလူနာဆောင်များ၊ လိုအပ်သောဆေးနှင့် ဆေးပစ္စည်းများ အသင့်ပြင်ဆင်ထားရှိခြင်း၊ ပြည်သူလူထုအတွင်း ရောဂါ ကာကွယ်ရေးနည်းလမ်းများအား ကျန်းမာရေးအသိပညာပေးခြင်းတို့ကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည်။
သတိထားရှောင်ရှားသွားရန် လိုအပ်သော မျောက်ကျောက်ရောဂါ ကူးစက်မှုအန္တရာယ်
ပြည်သူများအနေဖြင့် ဖျား၍ မျက်နှာ၊ လက်၊ ခြေထောက်၊ ပါးစပ်နှင့် လိင်အင်္ဂါများတွင် အနီကွက်များနှင့်အတူ အရည်ကြည်ဖုများ ပေါက်ခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ မောပန်းနွမ်းနယ်ခြင်းတို့အပြင် ရောဂါလက္ခဏာခံစားနေရသူများ(အထူးသဖြင့် လွန်ခဲ့သည့် ၂၁ ရက် အတွင်း ရောဂါပိုးတွေ့ရှိရာ နိုင်ငံ/ဒေသများမှ ပြန်လည်ဝင်ရောက်လာသူများ) နှင့် ထိတွေ့မိခြင်းရှိပါက ခရီးသွားလာခြင်းရှောင်ကြဉ်သင့်ပြီး နီးစပ်ရာကျန်းမာရေးဌာနသို့ အမြန်ဆုံးသတင်းပို့၍ ကုသမှု ခံယူသွားရန် လိုအပ်သည်။
လက်ရှိအချိန်တွင် မျောက်ကျောက်ရောဂါ ကူးစက်ပျံ့နှံ့မှု များပြားလာသည့်အတွက် WHO သည် ကျွမ်းကျင်သူအရေးပေါ်ကော်မတီကို ထူထောင်ခဲ့ရသည်။ အခြေအနေမှာ အလွန်စိုးရိမ်ဖွယ်ရာကောင်းသည်ဟု WHO ၏ ညွှန်ကြားရေးမှူး တက်ဒရို့စ်က သတင်းထောက်များကို ပြောကြားခဲ့သည်။ မျောက်ကျောက်ရောဂါသည် ပေါ့ဆ၍မရသည့် ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး အိမ်နီးချင်းထိုင်းနိုင်ငံသို့ စတင်ရောက်ရှိလာပြီဖြစ်သည်။ ပြည်သူများအနေဖြင့် ကျန်းမာရေးဗဟုသုတရှိနေမည်ဆိုလျှင် ကူးစက်ရောဂါကို သတိထားရှောင်ရှားနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာနည်းလမ်းများကို အလေးထားလိုက်နာရင်း မျောက်ကျောက်ရောဂါကူးစက်မှုအန္တရာယ်ကို သတိထားရှောင်းရှားသွားနိုင်ရန် တိုက်တွန်းရေးသားလိုက်ရပါသည်။
ရည်ညွှန်းကိုးကား
(၁) ကျန်းမာရေးဝန်ကြီးဌာန၏ ၁၉-၈-၂၀၂၄ ရက်နေ့ သတင်းထုတ်ပြန်ချက်။