သန်းခေါင်စာရင်းကောက်ယူရေး လူတိုင်းလက်တွဲဆောင်ရွက်
အောင်ထက်လင်း (ကြိမ်ချောင်း)
ရောမခေတ်ကပင်ရှိ
သန်းခေါင်စာရင်း ကောက်ယူသောစနစ်သည် ရောမခေတ်ကပင်ရှိခဲ့သည်။ နိုင်ငံသူ နိုင်ငံသားများသည် ငါးနှစ်လျှင်တစ်ကြိမ် မိမိတို့၏အသက်၊ အလုပ်အကိုင်၊ သားသမီး၊ ကျေးကျွန်၊ မြေယာမှအစ အကြောင်းအရာအစုံအလင်ကို သူကြီးများထံ သွားရောက်စာရင်းပေးကြရကြောင်း သိရသည်။ မြန်မာနိုင်ငံတွင်လည်း သာလွန်မင်းတရားကြီးလက်ထက် သက္ကရာဇ် ၉၉၉ ခုနှစ်နှင့် ဘိုးတော်ဘုရားလက်ထက် ၁၁၄၅ ခုနှစ်တို့တွင် လူဦးရေအင်အား လက်ရှိအခြေအနေမှန်တို့ကို သိရှိရန်အတွက် နိုင်ငံတော်၏လူဦးရေ၊ အိမ်ခြေ၊ မြေအကျယ်အဝန်း၊ သီးနှံအထွက်နှုန်း၊ စီးပွားရေးအခြေအနေနှင့် ပေးဆောင်ရသည့် အခွန်အတုတ်နှုန်း စသည်တို့ပါဝင်သော စစ်တမ်းများကို ကောက်ယူခဲ့ကြောင်း မှတ်တမ်းများက ဖော်ပြကြသည်။
သန်းခေါင်စာရင်းကို ရှေးမြန်မာဘုရင်များလက်ထက်က စစ်တမ်းအသွင်ဖြင့် စတင်ခဲ့ကြောင်း သိရသည်။ စစ်တမ်းတွင် လူဦးရေစာရင်းထက် မြို့ရွာအုပ်ချုပ်သူများ၏ မျိုးရိုးစဉ်ဆက်နှင့် အခွန်တော် အမျိုးမျိုးကိုသာ ဦးစားပေးဖော်ပြလေ့ရှိခဲ့သည်။ စနစ်တကျ လူဦးရေစာရင်းကောက်ခံမှုကို ဗြိတိသျှအစိုးရလက်ထက် အောက်မြန်မာပြည်တွင် ၁၈၇၂ ခုနှစ် ညသန်းခေါင်အချိန်၌ စတင်ကောက်ယူခဲ့သည်။ မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက်ကျရောက်ခဲ့ပြီး နောက် ၁၈၇၂ ခုနှစ်တွင် သန်းခေါင်စာရင်း စတင်ကောက်ယူခဲ့ရာမှ ယင်းနောက်ပိုင်းတွင် ၁၈၈၁ ခုနှစ်မှစ၍ ယေဘုယျအားဖြင့် ၁ဝ နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်း ဆက်လက်ကောက်ယူခဲ့သည်။ ၁၈၈၁ ခုနှစ်က အောက်မြန်မာပြည်၏ လူဦးရေမှာ နှစ်သန်းကျော်၊ သုံးသန်းခန့်သာရှိခဲ့သည်ဆိုသည်။ ၁၈၈၆ ခုနှစ်တွင် မြန်မာတစ်ပြည်လုံး ဗြိတိသျှလက်အောက်သို့ ကျရောက်ခဲ့ပြီးနောက် ၁၉၉၁ ခုနှစ်မှစ၍ အောက်မြန်မာပြည်အတွက်သာမက အထက်မြန်မာပြည်အတွက်ပါ ကောက်ယူခဲ့ကြသည်။
၁၈၉၁ ခုနှစ်တွင် သန်းခေါင်စာရင်းကောက်ယူခဲ့ရာ၌ အောက်မြန်မာပြည် လူဦးရေ ၄၄ဝ၈၄၆၆ ဦး၊ အထက်မြန်မာပြည် လူဦးရေ ၃၃၁၃၅၈၇ ဦး စုစုပေါင်း ၇၇၂၂၀၅၃ ဦးရှိခဲ့သည်။ သို့သော် ယင်းစာရင်းတွင် ကရင်နှင့် ကရင်နီ (ယခုကယား) ပြည်နယ်ဒေသများ ပါဝင်ခဲ့ခြင်းမရှိပေ။ ဗြိတိသျှတို့၏ သွေးခွဲစနစ်အရ သီးခြားချန်လှပ်ထားခဲ့သည်။ ၁၉၃၁ ခုနှစ်တွင် အောက်မြန်မာပြည်၌ လူဦးရေ ၇၇၆၅၈၇၃ ဦး၊ အထက်မြန်မာပြည်၌ လူဦးရေ ၆၈၈၁၈၈၃ ဦး စုစုပေါင်း ၁၄၆၄၇၇၅၆ ဦးရှိသည်။ ၁၉၃၁ ခုနှစ်တွင် ရန်ကုန်မြို့၏ လူဦးရေမှာ ၄ဝဝ၄၁၅ ဦးရှိကြောင်း သိရှိရသည်။ ၁၉၃၁ ခုနှစ် သန်းခေါင်စာရင်းကောက်ယူစဉ်က တိုင်းရင်းသားများအဖြစ် ကချင်၊ ကရင်၊ ကယား၊ ဝ၊ လီဆူး၊ နာဂ၊ ပဒေါင်၊ ဆလုံ၊ ချင်း၊ တောင်သူ၊ ပအိုဝ်း၊ ပလောင်၊ မွန်၊ မြန်မာ၊ ရခိုင်၊ ရှမ်းစသော လူမျိုးစု ၁၆ မျိုးနှင့် အစုငယ်ပေါင်း ၁၃၈ မျိုးရှိကြောင်းဆိုသည်။
မှတ်တမ်းများ ပျောက်ပျက်ခဲ့ရ
၁၉၄၁ ခုနှစ်တွင် အောက်မြန်မာပြည် လူဦးရေ ၈၉၁၇၅၃၃ ဦး၊ အထက်မြန်မာပြည် လူဦးရေ ၇၉ဝ၆၂၆၅ ဦး စုစုပေါင်း ၁၆၈၂၃၇၉၈ ဦးရှိသည်။ ထိုစဉ်က မြန်မာပြည်၏ အကျယ်အဝန်း ဧရိယာ ၂၃၃၄၉၂ စတုရန်းမိုင်တွင် စာရင်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ၁၉၄၁ ခုနှစ် သန်းခေါင်စာရင်းများမှာ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားလာမှုကြောင့် ဗြိတိသျှတို့ မြန်မာမြေပေါ်မှ ထွက်ခွာသွားခဲ့ရသဖြင့် မှတ်တမ်းများပျောက်ပျက်ခဲ့ရသည်။ ၁၉၄၁ ခုနှစ်က ရန်ကုန်မြို့၏ လူဦးရေမှာမူ ၅ဝဝ၈ဝဝ ရှိကြောင်းဆိုသည်။ သန်းခေါင်စာရင်းကောက်ယူရခြင်းနှင့်ပတ်သက်၍ ဗြိတိသျှတို့၏ ရည်ရွယ်ချက်မှာ အခွန်တော်ရရှိရေး၊ စစ်မှုထမ်းနိုင်သည့် လူဦးရေကို သိရှိနိုင်ရေးနှင့် မြန်မာ့အဆီအနှစ်များအား တတ်နိုင်သမျှ ထုတ်ယူကြရေးအတွက်သာဖြစ်သည်။ လွတ်လပ်ရေးရရှိပြီးနောက်ပိုင်းမှစ၍ သန်းခေါင်စာရင်းကောက်ယူရာတွင် စိစစ်ရရှိသည့် အချက်အလက်များအရ တိုင်းပြည်၏ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးလိုအပ်ချက်များကို စီမံကိန်းများဖြင့် စနစ်တကျ ဖြည့်ဆည်းပေးနိုင်ရန် ကောက်ယူခဲ့ကြခြင်းဖြစ်သည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးရရှိခဲ့ပြီးနောက် ပြည်တွင်းသောင်းကျန်းသူများကြောင့် မူလသတ်မှတ်ထားသော ၁၉၅၁ ခုနှစ်တွင် သန်းခေါင် စာရင်းကောက်ယူနိုင်ခဲ့ခြင်းမရှိပေ။ သန်းခေါင်စာရင်း မင်းကြီးဦးကျော်ခိုင် ဦးဆောင်သောအဖွဲ့က စနစ်တကျ သန်းခေါင်စာရင်းကောက်ခံနိုင်ရန်အတွက် ပုံစံများကြိုတင်ပြင်ဆင်ခဲ့ကြသည်။ ယင်းပုံစံတွင် လူဦးရေစာရင်းကိုသာမက ဘာသာစကား၊ စစ်မဖြစ်မီနေရပ်၊ စစ်ပြီးနေရပ်၊ ဝင်ငွေ၊ အလုပ်အကိုင် စသည့်အချက်အလက်များကိုပါ ထည့်သွင်းထားခဲ့သည်။ ၁၉၅၃ ခုနှစ်တွင်မှ မြန်မာပြည်တစ်ဝန်း သန်းခေါင်စာရင်းကောက်ယူဖြစ်ခဲ့ကြသည်။ ထိုစဉ်က ရန်ကုန်မြို့တွင် လူဦးရေ ၇၃၇ဝ၇၉ ဦး နေထိုင်ကြောင်း သိရသည်။ ၁၉၅၃ ခုနှစ်တွင် မြို့ပေါင်း ၂၅၂ မြို့မှ မြို့နေလူဦးရေစာရင်းကို ကောက်ယူခဲ့သည်။ ၁၉၆၁ ခုနှစ်တွင် စာရင်းကောက်ယူရန် ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ကြသော်လည်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် လက်လျှော့ခဲ့ရသည်။ ၁၉၆၂ ခုနှစ်တွင် တော်လှန်ရေးကောင်စီတက်လာခဲ့ပြီးနောက် ၁၉၆၄ ခုနှစ်တွင် ဗဟိုစာရင်းအင်းနှင့် စီးပွားရေးဌာန၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် သန်းခေါင်စာရင်းဌာနတို့ ပူးပေါင်းလျက် ကျောင်းဆရာ ဆရာမများ၊ ကျောင်းသားများအကူအညီဖြင့် (လူဦးရေ) စီးပွားရေးစစ်တမ်း ကောက်ယူမှုပြုခဲ့သည်။
သန်းခေါင်စာရင်း အမျိုးအစားစုံလင်စွာရှိ
မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရလက်ထက် ၁၉၇၃ ခုနှစ်တွင် သန်းခေါင်စာရင်း ကောက်ယူခဲ့သည်။ တော်လှန်ရေးကောင်စီခေတ် ၁၉၇၂ ခုနှစ်တွင် သန်းခေါင်စာရင်းဥပဒေကို ပြဋ္ဌာန်းကာ ၁၉၇၃ ခုနှစ် ဧပြီလ ၅ ရက်နေ့အထိ သန်းခေါင်စာရင်းကောက်ယူခဲ့ခြင်းဖြစ်သည်။ ၁၉၇၃ ခုနှစ်တွင် ရန်ကုန်တိုင်းဗဟိုသန်းခေါင်စာရင်းဦးစီးဌာနကမေးခွန်း ၂၅ ခုပါ သန်းခေါင်စာရင်းပုံစံသစ်များကို အပိုင်းလေးပိုင်းခွဲခြား၍ ထုတ်ပြန်ပေးခဲ့သည်။ သန်းခေါင်စာရင်းတွင် တိုင်းရင်းသားမျိုးနွယ်စုအလိုက် သတ်မှတ်ကောက်ယူခဲ့သည်ဆိုသည်။ ယခင်က သန်းခေါင်စာရင်းကောက်ယူရာတွင် တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးအပေါ် အခြေပြုကောက်ယူ ခဲ့ကြကြောင်းဆိုသည်။ ယင်းမျိုးနွယ်စု ၁၃၅ မျိုးတွင် ကချင် ၁၂၊ ကယား ၉၊ ကရင် ၁၁၊ ချင်း ၅၃၊ ဗမာ ၉၊ မွန် ၁၊ ရခိုင် ၇၊ ရှမ်း ၃၃ မျိုး ပါဝင်သည်။ သန်းခေါင်စာရင်းတွင် အပြည့်ကောက်လူဦးရေသန်းခေါင် စာရင်း၊ နမူနာလူဦးရေသန်းခေါင်စာရင်း၊ နမူနာအိမ်အကြောင်းအရာ သန်းခေါင်စာရင်း၊ စက်မှုလက်မှု သန်းခေါင်စာရင်း၊ အိမ်တွင်းစက်မှုလက်မှုသန်းခေါင်စာရင်း၊ အိမ်တွင်းစားသုံးကုန်ထုတ်လုပ်ခြင်း သန်းခေါင်စာရင်း၊ စိုက်ပျိုးရေး သန်းခေါင်စာရင်း စသည်ဖြင့် အမျိုးအစားစုံလင်စွာရှိရာ ၁၉၇၃ ခုနှစ် သန်းခေါင်စာရင်းမှာ အပြည့်ကောက် လူဦးရေသန်းခေါင်စာရင်း အမျိုးအစားဖြစ်သည်။
၁၉၇၃ ခုနှစ်တွင် ရန်ကုန်တိုင်းတာမွေမြို့နယ် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရေးကို နံနက် ၄ နာရီမှ စတင်ခဲ့သည်။ စမ်းသပ်ကောက်ယူပုံကို ဗဟိုသန်းခေါင်စာရင်း ကော်မတီအတွင်းရေးမှူးနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီးသန်းညွန့်၊ ကော်မတီဝင်များနှင့် လေ့လာရေးအဖွဲ့ဝင်များက လှည့်လည်လေ့လာ ကြည့်ရှုခဲ့ကြသည်။ ဒုတိယနေ့ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူရာသို့ ကမ္ဘာ့ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် ဒေသဆိုင်ရာ အကြံပေးအရာရှိ မစ္စတာဗီယာနိုကာနစ္စတို လာရောက်လေ့လာခဲ့သည်။ ဗဟိုသန်းခေါင်စာရင်း ကော်မတီဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီး ဦးကိုကို၊ အတွင်းရေးမှူး ဗိုလ်မှူးကြီးသန်းညွန့်နှင့် အဖွဲ့ဝင်များ လှည့်လည်ကြည့်ရှုကာ လိုအပ်သောအကူအညီများ ပေးအပ်ခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် သန်းခေါင် စာရင်းကောက်ယူခဲ့ခြင်းမှာ ပြည်သူသို့အာဏာ ပြန်အပ်ရေးအတွက် ပြည်သူ့ကောင်စီအဆင့်ဆင့် သော ရွေးကောက်ပွဲများ၌ မဲဆန္ဒရှင်စာရင်းပြုစုရေးနှင့် ပြည်သူတို့၏ လူမှုရေး၊ စီးပွားရေး စီမံကိန်း အရပ်ရပ်ကို ချမှတ်အကောင်အထည်ဖော်ရန်ဖြစ်ကြောင်း သမိုင်းမှတ်တမ်းတင်ခဲ့ကြသည်။
၁၉၈၃ ခုနှစ်တွင် လူဦးရေသန်းခေါင်စာရင်း ကောက်ယူခဲ့သော်လည်း ၁၉၇၃ ခုနှစ်ကဲ့သို့ ကျယ်ကျယ်ပြန့်ပြန့် ကောက်ယူနိုင်ခဲ့ခြင်းမရှိပေ။ ၁၉၈၃ ခုနှစ်တွင် ရှေ့ပြေးလူဦးရေစာရင်းအဖြစ် မြန်မာတစ်နိုင်ငံလုံး၌ လူဦးရေ ၃၅ ဒသမ ၃ သန်းကျော်ရှိကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။ နိုင်ငံ တစ်နိုင်ငံ၏ တိုးတက်မှုကို ကိန်းဂဏန်းအရေအတွက်တို့ဖြင့် အကဲဖြတ်သကဲ့သို့ ဖွံ့ဖြိုးမှုကိုလည်း လူ့စွမ်းအားအရင်းအမြစ်တို့၏ အရည်အသွေးတို့ဖြင့် တိုင်းတာလေ့ရှိသည်။ ခိုင်မာပြီး အရည်အသွေး ပြည့်ဝသော စာရင်းအင်းများသည် တိုင်းပြည်ဖွံ့ဖြိုးမှုအတွက် မူဝါဒများကိုချမှတ်ရာ၌ အရေးပါလျက် ရှိရာ နိုင်ငံတိုင်းသည် သန်းခေါင်စာရင်းကောက်ယူမှု လုပ်ငန်းကို အလေးထားဆောင်ရွက်လေ့ရှိသည်။
အရည်အသွေးပြည့်ဝသော သန်းခေါင်စာရင်းများသည် စာရင်းအင်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၏ ရလဒ် ပြန်လည်ရရှိချက် လွန်စွာကြီးမားကြောင်းကိုလည်း ဖွံ့ဖြိုးမှုရှေ့တန်းရောက်နေသည့် နိုင်ငံများကို ပမာထား၍ ရှုမြင်နိုင်သည်။ သန်းခေါင်စာရင်းဟူသော ဝေါဟာရသည် ၁ဝ နှစ်တစ်ကြိမ် လူဦးရေ ရေတွက်ခြင်း သို့မဟုတ် လူဦးရေစာရင်းများ ကောက်ယူခြင်းဟု အဓိပ္ပာယ်ဖွင့်ဆိုနိုင်သည်။ နိုင်ငံ အတွင်း မှီတင်းနေထိုင်ကြသော လူဦးရေအားလုံး၏ အသက်၊ လူမျိုး၊ ကိုးကွယ်သည့် အယူဝါဒ၊ ယောက်ျား၊ မိန်းမ၊ အလုပ်အကိုင်မှအစ တစ်ယောက်ချင်းစီနှင့် သက်ဆိုင်သမျှ အကြောင်းအရာစုံလင်စွာ မှတ်သားထားသောစာရင်းကို သန်းခေါင်စာရင်းဟု ခေါ်ဆိုကြသည်။
မြန်မာ့သမိုင်းတစ်လျှောက် အပြည့်စုံဆုံးနှင့် အခိုင်မာဆုံး စာရင်းမှတ်တမ်းများဖြစ်
မြန်မာနိုင်ငံတွင် လွတ်လပ်ရေးမရမီကာလ ၁၈၇၂ ခုနှစ်မှ ၁၉၄၁ ခုနှစ်အတွင်း သန်းခေါင်စာရင်း ရှစ်ကြိမ်အထိ ကောက်ယူခဲ့သည်။ ထိုအချိန်ကကောက်ယူမှုများမှာ တစ်နိုင်ငံလုံးအတိုင်းအတာ ဆောင်သည့် ကောက်ယူမှုမဟုတ်ခဲ့ပေ။ လွတ်လပ်ရေးရပြီးနောက် ၁၉၇၃ ခုနှစ်၊ ၁၉၈၂ ခုနှစ်နှင့် ၂ဝ၁၄ ခုနှစ်တို့တွင်မူ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူနိုင်ခဲ့သည်။ မြန်မာ နိုင်ငံတွင် ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းကောက်ယူ ပြီးနောက်ပိုင်း အကြောင်းအမျိုးမျိုးကြောင့် နှစ်ပေါင်း ၃ဝ တိုင်အောင် သန်းခေါင်စာရင်း ကောက်ယူနိုင်ခြင်းမရှိခဲ့ပေ။ ၂၀၁၄ ခုနှစ်တွင် ကောက်ယူနိုင်ခဲ့သော သန်းခေါင်စာရင်းပါ အချက်အလက်များသည် မြန်မာ့သမိုင်းတစ်လျှောက် အပြည့်စုံဆုံးနှင့် အခိုင်မာဆုံး စာရင်းမှတ်တမ်းများဖြစ်သည်။ လူဦးရေသန်းခေါင်စာရင်းနှင့် အိမ်ထောင်စုစစ်တမ်း၊ လုပ်သားအင်အားစု စစ်တမ်း အပါအဝင် အခြားသော ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ မွေးနှုန်း၊ သေနှုန်း၊ ရွှေ့ပြောင်းသွားလာမှု၊ အိမ်အကြောင်းအရာ စသည်ဖြင့် အရည်အသွေးမီ အချက်အလက်များဖြင့် ကောက်ယူထုတ်ပြန်နိုင်ခဲ့သည်။ နိုင်ငံတွင်ရှိသည့် လူဦးရေနှင့်အိမ်အကြောင်း အရာများ ပြည့်စုံမှန်ကန်စွာရရှိထားမှသာ နိုင်ငံနှင့်ပြည်သူအကျိုးစီးပွားအတွက် ထိရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ နယ်မြေဒေသများရှိ လူဦးရေနှင့် အိမ်အကြောင်းအရာများကို အစဉ်အမြဲ မှန်ကန်ပြည့်စုံအောင် ကောက်ယူထားနိုင်မှသာ ဒေသခံပြည်သူများအတွက် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ လုံခြုံရေး စသည့်လိုအပ်ချက်များကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးနိုင်မည်ဖြစ်သည်။ ပြည်သူတို့သည် များသောအားဖြင့် မိမိတို့ဒေသ တွင်သာ အတည်တကျနေထိုင်ကြရာမှ ပြောင်းလဲ လာသော လူမှုဘဝအခြေအနေများအရ ရွှေ့ပြောင်း နေထိုင်လုပ်ကိုင်မှုများ ရှိလာကြသည်။
လူဦးရေနှင့် အိမ်အကြောင်းအရာ အချက်အလက်များ မှန်ကန်စွာရရှိရန်အတွက် သန်းခေါင် စာရင်းကောက်ယူရေးလုပ်ငန်းကို ဆယ်စုနှစ်အလိုက် ဆောင်ရွက်ကြသည်။ တိုးပွားနေသော လူဦးရေနှင့် အတည်တကျမရှိသော ရွှေ့ပြောင်းသွားလာနေထိုင်မှုများကြောင့် တိကျမှန်ကန်သော လူဦးရေစာရင်းရရှိရန်အတွက် အခက်အခဲများရှိမည်ဖြစ်ရာ မှန်ကန်သော အချက်အလက်များ ရရှိရေးအတွက် ဝိုင်းဝန်းပူးပေါင်း ကူညီဆောင်ရွက်ကြရန်လိုအပ်သည်။ မြန်မာနိုင်ငံတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၂၀၁၄ ခုနှစ်က ဆောင်ရွက်ခဲ့ပြီး လာမည့် ၂၀၂၄ ခုနှစ်၌ ၁ဝ နှစ်ပြည့်ပြီဖြစ်၍ ပြောင်းလဲလာသော ကိန်းဂဏန်းအချက်အလက်များ မှန်ကန်စွာရရှိရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်သည်။
လာမည့်ကာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ မဲဆန္ဒရှင်စာရင်းများ မှန်ကန်စွာရရှိရေး၊ နိုင်ငံသားတိုင်း အသိအမှတ်ပြု ကတ်ပြားတစ်မျိုးမျိုး မဖြစ်မနေရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် သတ်မှတ်ကာလအတွင်း ဆောင်ရွက်ခဲ့ရာ တိုင်းလုံးကျွတ်လျာထားချက် ရာခိုင်နှုန်းပြည့်မြောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့ပေသည်။
သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်
၂ဝ၂၄ ခုနှစ်တွင် လူဦးရေနှင့် အိမ်အကြောင်းအရာ စာရင်းကောက်ယူရာ၌ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူရမည်ဖြစ်ရာ လုပ်ငန်းပမာဏအများဆုံးနှင့် အကျယ်ပြန့်ဆုံးဖြစ်၍ မြေပုံရေးဆွဲပြုစုခြင်းနှင့် စာရင်းကောက်ကွက်များ ဖွဲ့စည်းခြင်းလုပ်ငန်းများကို အချိန်အကြာဆုံး၊ လူအင်အားနှင့် ငွေအင်အား အများဆုံးအသုံးပြုနေကြောင်း သိရသည်။ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းကောက်ယူစဉ်က GIS နည်းပညာဖြင့် မြေပုံရေးဆွဲခြင်းလုပ်ငန်းကို စတင်ဆောင်ရွက်နိုင်ခဲ့ပြီး ယခုအခါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အချက်အလက်များ မှန်ကန်စွာရရှိရေးအတွက် ရပ်ကွက်/ကျေးရွာ တည်နေရာပွိုင့်များ ကောက်ယူခြင်းကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဆောင်ရွက်နိုင်ရန် သင်တန်းများ ဖွင့်လှစ်ဆောင်ရွက် နေပြီဖြစ်သည်။ နိုင်ငံတော်စီမံချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းများ အောင်မြင်စေရန် သက်ဆိုင်ရာဌာနများက ကြိုးပမ်းဆောင်ရွက်နေစဉ် အများပြည်သူနှင့်သက်ဆိုင်သည့် အဖွဲ့အစည်းများကလည်း လူဦးရေနှင့် အိမ်အကြောင်းအရာစာရင်းများ တိကျမှန်ကန်စွာရရှိခြင်းသည် နိုင်ငံအတွက်အရေးပါပြီး ပြည်သူများ အကျိုးစီးပွားအတွက် များစွာအထောက်အကူ ပြုပုံတို့ကို အသိပညာပေးမှုများ ကျယ်ကျယ်ပြန့်ပြန့် လွှမ်းခြုံပြုလုပ်ပေးသင့်သည်။ သို့မှသာ ပြည်သူများ နားလည်သဘောပေါက်ပြီး လုပ်ငန်းများ အောင်မြင်ရန်အတွက် ပူးပေါင်းပါဝင်မှုအားကောင်းလာမည်ဖြစ်သည်။ မျက်မှောက်ကာလတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အရေးပါလျက်ရှိရာ အများပြည်သူနှင့် သက်ဆိုင်သည့်အဖွဲ့အစည်းများအနေဖြင့် ပြည်သူများအား အကောင်းဆုံးဝန်ဆောင်မှုပေးခြင်း၊ အကောင်းဆုံး ကူညီဆောင်ရွက်ပေးခြင်း၊ အကောင်းဆုံးနွေးထွေး ပျူငှာစွာဆက်ဆံခြင်းဖြင့် ပြည်သူများ ပူးပေါင်းပါဝင်လာအောင် ဆောင်ရွက်ကြရမည်ဖြစ်သည်။
၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းကို နိုင်ငံတော်စီမံချက်ဖြင့် ဆောင်ရွက်ရာတွင် ကြိုတင်ပြင်ဆင်ခြင်း၊ စာရင်းကောက်ယူခြင်း၊ စာရင်းဇယားပြုစုခြင်း၊ လုပ်ငန်းဆန်းစစ်လေ့လာခြင်းနှင့် အစီရင်ခံစာထုတ်ပြန်ခြင်း လုပ်ငန်းစဉ်လေးရပ်ကို ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ အချိန် ၅၁ လခန့်ဖြင့် လျာထားဆောင်ရွက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်းအရ နိုင်ငံလူဦးရေ ၅၁ ဒသမ ၅ သန်းရှိပြီး ပေါ်ထွက်လာသော စာရင်းအချက်အလက်ရလဒ်များအရ နိုင်ငံနှင့်လူမျိုးအတွက် သတိပြုဆင်ခြင် ပြုပြင်ပြောင်းလဲဖြည့်ဆည်းဆောင်ရွက်ရမည့် အကြောင်းအရာများ ရရှိခဲ့သည်။ နိုင်ငံနှင့် ပြည်သူများအတွက် အရေးပါ သည့် ၂ဝ၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်း စီမံချက်အောင်မြင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်းလက်တွဲ ဆောင်ရွက်ကြရပါမည်။
သန်းခေါင်စာရင်းနှင့် ကင်းကွာမရ
၂၀၂၄ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သန်းခေါင်စာရင်းကောက်ယူနိုင်ရေးအတွက် သက်ဆိုင်ရာက စီစဉ်လျက်ရှိသည်။ တိကျမှန်ကန်သော စာရင်းအင်းအချက်အလက်များသည် တိုင်းပြည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သည်။ ကုလသမဂ္ဂအဖွဲ့ ကြီးကလည်း နိုင်ငံအသီးသီးအနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးမှုနှင့် လူဦးရေတိုးတက်မှုကို တိုင်းတာရန် အတွက် ၁ဝ နှစ်လျှင်တစ်ကြိမ် သန်းခေါင်စာရင်းကောက်ယူရန် အကြံပြုထားသည်။ နိုင်ငံတစ်နိုင်ငံတွင် မည်သည့်လုပ်ငန်း၊ မည်သည့်စီမံကိန်းများကို ဆောင်ရွက်သည်ဖြစ်စေ သန်းခေါင်စာရင်းနှင့် ကင်းကွာမရပေ။ သန်းခေါင်စာရင်းကိုသာ အခြေခံ၍ တိုင်းပြည်ဖွံ့ဖြိုးရေးဆိုင်ရာ မူဝါဒများကို ရေးဆွဲအကောင်အထည်ဖော်ကြရသည်။ သန်းခေါင်စာရင်း ကောက်ယူမှုသည် ပြည်သူတစ်ဦးချင်းအတွက်သော်လည်းကောင်း၊ နိုင်ငံအတွက်သော်လည်းကောင်း များစွာအရေးပါသည့် လုပ်ငန်းတစ်ရပ်ဖြစ်ပါကြောင်း ရေးသားလိုက်ရပါသည်။ ။