ကောင်းကျိုးအဖြာဖြာ ဝဥပဒေသာ
ဒေါက်တာလပြည့်ခင်
“ဝဥ” ကို သိတဲ့သူရှိသလို မသိတဲ့သူတွေလည်း ရှိနိုင်ပါတယ်။ “ဝဥ” အမည်ကို နောက်တစ်မျိုးအနေနဲ့ “ဖျံဥ” လို့လည်း ခေါ်ကြပါတယ်။ “ဝဥ” ဆိုတာက အာဟာရပြည့်ဝတဲ့ သစ်ဥသစ်ဖုတစ်ခုပါ။ အင်္ဂလိပ် လို Elephant Foot Yam (သို့) White Yam (သို့) Telingo လို့ ခေါ်ပါတယ်။ “ဝဥ” ရဲ့ မျိုးရင်းက Araceae ဖြစ်ပြီး မျိုးစုက Amorphophallus မျိုးစိတ်က A. konjac ဖြစ်တာကြောင့် ဒွိနာမအနေနဲ့ Amorphophallus Konjac လို့ ခေါ်ပါတယ်။ ရုက္ခဗေဒအမည်အနေနဲ့ Amorphophallus Companuatus ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ “ဝဥ” မျိုးစိတ်ပေါင်း ၁၃၀ ခန့်ရှိတဲ့အနက် ၁၂ မျိုးခန့်သာ ဖော်ထုတ်သုံးစွဲလျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။
Conjak “ဝဥ” မျိုးစိတ်နဲ့ Campanulatus “ဝဥ” မျိုးစိတ်
ပြည်ပနိုင်ငံတွေက အကြိုက်များတဲ့ Conjak “ဝဥ” မျိုးနဲ့ Campanulatus “ဝဥ” မျိုးစိတ်တွေက အခြား “ဝဥ” မျိုးတွေနဲ့ မတူတဲ့အချက်တွေရှိပါတယ်။ Conjak မျိုးက ရိုးတံစိမ်းပြီး ဥရဲ့အရောင်က ပန်းရောင်အနုဖြစ်ပါတယ်။ အစေ့အိမ်တွေ ပိုမိုများပြားစွာပါဝင်ပြီး အရွက်မှာ “ဝဥ” ပုံလို မျိုးပွားဖို့ ဥငယ်ကလေး (ဂလင်း) တွေရှိပါတယ်။ Campa-nulatus မျိုးရဲ့ရိုးတံကချောမွတ်ပြီး အဖြူကွက်လေး တွေအနည်းငယ်ပါပါတယ်။ “ဝဥ” ရဲ့အရောင်က အဝါနုရောင်ဖြစ်ပြီး အစေ့အိမ်တွေ ပိုမိုများပြားစွာ ပါဝင်ပေမယ့်အရွက်မှာ Conjak လိုမျိုးပွားဖို့ ဥငယ်ကလေးတွေ မပါပါဘူး။ သို့သော်လည်း ကြီးရင့်လာတဲ့ “ဝဥ” တွေမှာ ဥကနေသားတက်တွေ ထွက်ပေါ်လေ့ရှိပါတယ်။ Conjak မျိုးက အေးမြတဲ့ရာသီဥတုရှိတဲ့ တောင်ပေါ်ဒေသတွေမှာ ပေါက်ရောက်ရှင်သန်ပြီး Campanulatus မျိုးကတော့ ရာသီဥတုမျှတမှုရှိတဲ့ တောင်ပေါ်ဒေသတွေမှာပဲ ပေါက်ရောက်ပါတယ်။ “ဝဥ”က သဘာဝအလျောက် ပေါက်ရောက်ပြီး အစေ့ကမျိုးပွားနိုင်သလို ဥကဖြာထွက်တဲ့ အမြစ်တွေကနေ ဖြစ်ပေါ်လာတဲ့ ဥကလေးတွေကနေ လည်း မျိုးပြန့်ပွားကြပါတယ်။
“ဝဥ”ထွက်တဲ့အရပ်နဲ့ “ဝဥ”အမျိုးအစားများ
“ဝဥ”ရဲ့ မူရင်းဒေသက အရှေ့တောင်အာရှဖြစ်ပြီး အပူပိုင်းအာရှနှင့် အာဖရိကဒေသတွေမှာ “ဝဥ”အပင်တွေ သဘာဝအလျောက်ပေါက်ရောက်ဖြစ်ထွန်းမှုရှိပြီး အအေးပိုင်းဒေသတွေနဲ့ တောင်ပေါ်ဒေသတွေမှာဆိုရင် စိုက်ပျိုးဖြစ်ထွန်းမှုတဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးတို့ရဲ့ တချို့ဒေသတွေမှာ သဘာဝပေါက်ပင်အဖြစ် ပေါက်ရောက်ပါတယ်။ စိုက်ပျိုးရလွယ်ကူပြီး ဝင်ငွေတိုးစေတဲ့ ပိန်းမျိုးရင်းတစ်မျိုးဖြစ်တဲ့ “ဝဥ” ပင်တွေကို စီးပွားဖြစ်စိုက်ပျိုးလေ့ရှိကြပါတယ်။ ‘‘ဝဥ’’ ရဲ့ အတွင်းသားက အဖြူရောင်၊ ပန်းရောင်၊ အဝါရောင်နဲ့ အနီရောင်ဆိုပြီးတော့ အရောင်လေးရောင်တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်ကထွက်တဲ့ “ဝဥ” က အဝါရောင်မျိုးဖြစ်ပြီး ချင်းပြည်နယ်က “ဝဥ”က ပန်းရောင်မျိုး၊ ပဲခူးရိုးမက “ဝဥ” အနီမျိုးနဲ့ “ဝဥ” အဖြူမျိုးတို့ထွက်ကြပါတယ်။ ‘‘ဝဥ” အဖြူမျိုးနဲ့ အဝါမျိုးက ချက်ချင်းချက်ပြုတ်စားနိုင်ပြီး ‘‘ဝဥ” အနီမျိုးက ယားယံတတ်တယ်လို့ သိရှိရပါတယ်။ မြန်မာနိုင်ငံဈေးကွက်မှာ “ဝဥ” အနီရောင်က ပထမတန်းစား၊ အဝါရောင်က ဒုတိယတန်းစားနဲ့ အဖြူရောင်က တတိယတန်းစားအနေနဲ့ အရောင်းအဝယ်ပြုကြတယ်လို့ သိရပါ တယ်။
ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ “ဝဥ” ကို စီးပွားဖြစ်စိုက်ပျိုးကြပြီး ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမှာရှိတဲ့ ရွှေတောင်မြို့မှာလည်း ‘‘ဝဥ’’တွေ အများအပြား စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိတာတွေ့ရပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ကသာ၊ အင်းတော်၊ ဗန်းမောက်၊ ပင်လည်ဘူး၊ ကောလင်း၊ ဝန်းသို၊ ကလေး၊ ဖောင်းပြင်မြို့တို့ရဲ့ တောတောင်တွေမှာ အဖြူရောင်မျိုးစိတ်တွေကို သဘာဝပေါက်ပင်အဖြစ် တွေ့ရှိရပါတယ်။ စိုက်ပျိုးသူအများစုက ချင်းပြည်နယ်ကထွက်တဲ့ ပန်းရောင် ‘‘ဝဥ” မျိုးကို ပိုကြိုက်ကြပါတယ်။ ချင်းပြည်နယ်မှာစိုက်တဲ့ ‘‘ဝဥ” ရဲ့ အားသာချက်က ဥကြီးထွားနှုန်းကောင်းပြီး အရွက်ပေါ်မှာ အသီးသီးပါတယ်။ ၂၀၂၂- ၂၀၂၃ ခုနှစ်အတွင်း ချင်းပြည်နယ် မတူပီမြို့မှာ ‘‘ဝဥ” ဧက ၂၆၀ဝ နဲ့ မင်းတပ်မြို့မှာ ‘‘ဝဥ” ဧက ၄၃၁၀ စိုက်ပျိုးထားတယ်လို့ သိရပါတယ်။ တနင်္သာရီတိုင်းဒေသကြီးထဲက တောတောင်တွေထဲမှာလည်း ဒေသအခေါ် ပိန်းဥလို့ခေါ်တဲ့ “ဝဥ” တွေ သဘာဝအလျောက်ပေါက်ရောက်နေကြပါတယ်။
“ဝဥ” စိုက်ပျိုးနည်း
“ဝဥ” ပင်တွေကို မိုးဦးကျကာလ ဇွန်လမှာ မိုးစက်မိုးပေါက်လေးတွေ ကျလာတာနဲ့တစ်ပြိုင်နက် စတင်စိုက်ပျိုးလေ့ရှိပြီး ဇူလိုင်လမှာ အရွက်ဖားဖားနဲ့ အပင်တွေကြီးထွား ဖြစ်ထွန်းလာပါတယ်။ စက်တင်ဘာလလောက်မှာ ပင်စည်အရင်းဘက် မြေကြီးအတွင်းမှာ ‘‘ဝဥ” တွေ ကြီးထွားလာပြီး အောက်တိုဘာလပိုင်းရောက်ရင် အရွက်တွေပေါ်မှာ မျိုးဥသီးတဲ့ အဖြူရောင် ‘‘ဝဥ” နဲ့ ဖူးတံထွက်ပြီး အသီးပန်းခိုင်သီးတဲ့ အဝါရောင် ‘‘ဝဥ” တွေ ထွက်လာပါတယ်။ အရွက်တွေပေါ်ကထွက်တဲ့ မျိုးဥတွေကို စနစ်တကျခူးဆွတ်ပြီး စိုက်ပျိုးဖို့ မျိုးဥတွေအဖြစ် ပြန်လည်ရောင်းချကြပါတယ်။ အဝါရောင် “ဝဥ” က ထွက်လာတဲ့ဖူးတံတွေက နိုဝင်ဘာလကုန်ပိုင်းလောက်မှာ အသီးရင့်လာပြီး နီရဲနေတဲ့အသီးတွေ မြေပြင်ပေါ်ကြွေကျပြီးတော့ မိုးဦးကျကာလမှာ အပင်တွေပေါက်ရောက်တတ်တာကြောင့် မျိုးဆက်ပျံ့နှံ့လွယ်ပါတယ်။ ပင်စည်နဲ့အရွက်တွေ အဝါရောင်သန်းပြီး အရွက်တွေညှိုးကျတဲ့ နိုဝင်ဘာလကုန်ပိုင်းနဲ့ ဒီဇင်ဘာလကိုရောက်ရင် “ဝဥ” တွေကို စတင်တူးဖော်နိုင်ကြပြီဖြစ်ပါတယ်။
‘‘ဝဥ” စိုက်ပျိုးတဲ့အခါ မျိုးရွေးချယ်မှု မှန်ကန်ဖို့လိုပါတယ်။ ‘‘ဝဥ” က မြေပွကိုကြိုက်ပါတယ်။ ‘‘ဝဥ” ပင်ရအောင် ဥကနေလည်း စိုက်လို့ရပြီး အရွက်ကနေလည်း စိုက်လို့ရသလို ဖူးတံကလည်း စိုက်လို့ရပါတယ်။ ဥကိုစိုက်ရင် သုံးဆကနေ ၁၂ ဆအထိ ကြီးထွားနိုင်ပါတယ်။ ဖိအားနည်းတဲ့ ဆင်ခြေလျှော တောင်စောင်းမြေတွေမှာ သုံးပေကနေ လေးပေတန်းကြား စိုက်ပျိုးကြပါတယ်။ အပင်အရေအတွက် အနေနဲ့ တစ်ဧကကို တန်းကြားလေးပေ၊ ပင်ကြား နှစ်ပေစိုက်ပျိုးပြီး ‘‘ဝဥ” အပင် ၅၅၀၀ ကျော် ဝင်ဆံ့အောင် စိုက်ပျိုးသင့်ပါတယ်။ ‘‘ဝဥ” ကို စိုက်ပျိုးပြီး နှစ်ဝက်အတွင်းမှာ သတ်မှတ်အရွယ်အစားရောက်ရင် တူးဖော်ကြရပါတယ်။ ‘‘ဝဥ” ကို တူးဖော်နိုင်တဲ့ သတ်မှတ်အရွယ်အစားက အမြင့်ခြောက်လက်မကနေ ရှစ်လက်မအတွင်း၊ အချင်း ၁၀ လက်မနဲ့ လုံးပတ်အရွယ်အစားက နှစ်ပေ ခြောက်လက်မကနေ သုံးပေအထိ ရှိနိုင်ပါတယ်။
“ဝဥ”ပင်တွေကို စိုက်ပျိုးတဲ့အခါ ရေမဝပ်စေဖို့ သတိပြုရပါတယ်။ စိုက်ခင်းမှာ အရိပ်မရှိရင် ၆၀ ရာခိုင်နှုန်း အရိပ်ရအောင် ပြုလုပ်ပေးသင့်ပြီး အရိပ်ကြိုက်တဲ့အပင်မျိုးဖြစ်ပေမယ့် အရိပ်ထူရင် အလင်းရရှိတဲ့ဘက်ကို အပင်တွေ ယိုင်သွားတတ်ပါတယ်။ “ဝဥ” တစ်ဧကစိုက်ပျိုးရင် ငွေကျပ် သုံးသိန်းကနေ ငါးသိန်းအထိ ကုန်ကျပြီး အထွက်အနေနဲ့ တစ်နှစ်ပျမ်းမျှ “ဝဥ” အစို ပိဿာ ၃၀၀၀ ကနေ ၅၀၀၀ အထိ ထွက်ရှိပါတယ်။ တူးဖော်ရရှိတဲ့ “ဝဥ” တွေက အရွယ်အစားအမျိုးမျိုးရှိပြီး အကြီး ဆုံးအရွယ်အစားအနေနဲ့ တစ်ပိဿာခန့်ရှိတဲ့ ‘‘ဝဥ” တွေလည်းရရှိတတ်ပါတယ်။ တူးဖော်ပြီးတဲ့ “ဝဥ” တွေကို အရိပ်ရပြီး လေသလပ်တဲ့နေရာမှာ ထားသိုရပါတယ်။ တချို့ဒေသခံတွေက ‘‘ဝဥ” တွေကို တောတောင်တွေက တူးဖော်ယူလာပြီး ဒိုင်တွေကိုသွားရောင်းလေ့ရှိပါတယ်။ “ဝဥ”ပင်တွေက အရင် က တောတောင်တွေထဲမှာ သဘာဝပေါက်ပင်တွေအနေနဲ့သာရှိခဲ့ရာကနေ ယခုအခါ စိုက်ပျိုးရလွယ်ကူပြီး ဝင်ငွေရရှိနေတာကြောင့် မိမိတို့ရဲ့ အိမ်ခြံဝင်းတွေထဲမှာ တစ်နိုင်တစ်ပိုင်စိုက်ပျိုးမှုတွေ ပိုမိုများပြားလာကြပြီဖြစ်ပါတယ်။ ဒါ့ပြင် အဲဒီ ‘‘ဝဥ” အစိုတွေကို အခြောက်ပြုလုပ်ပြီး ပြည်ပကို တွင်တွင်ကျယ်ကျယ် တင်ပို့ပြီး နိုင်ငံခြားဝင်ငွေတိုးစေတဲ့ အပင်ဖြစ်တာကြောင့်လည်း “ဝဥ”တွေကို စနစ်တကျနဲ့ အများအပြား စိုက်ပျိုးထုတ်လုပ်လာကြတာဖြစ်ပါတယ်။ ချင်းပြည်နယ်ကထွက်တဲ့ “ဝဥ” ထုတ်ကုန်တွေကို မန္တလေးပွဲရုံဈေးကွက်ကို အများဆုံးတင်ပို့လျက်ရှိပါတယ်။
“ဝဥ” ကိုဘယ်လိုသုံးသလဲ
ချင်းပြည်နယ်ကထွက်တဲ့ “ဝဥ” အမျိုးအစားက အကောင်းဆုံးဖြစ်တယ်လို့ အများက ထောက်ခံထားကြပါတယ်။ အကောင်းဆုံး ချင်းပြည်နယ်ထွက် ‘‘ဝဥ” တွေကို စားသောက်ကုန်ထုတ်လုပ်ငန်း၊ ဆေးဝါးထုတ်လုပ်ရးလုပ်ငန်း၊ အလှကုန်ပစ္စည်းထုတ်လုပ်ရေးလုပ်ငန်း၊ စက္ကူလုပ်ငန်း၊ မျက်နှာပေါင်းတင်ဆေးများ၊ ကော်အမျိုးမျိုးထုတ်လုပ်ရေးလုပ်ငန်း၊ ချည်ထည်လုပ်ငန်း၊ ဆေးဆိုးပန်းရိုက်လုပ်ငန်းစတဲ့လုပ်ငန်းတွေမှာ စက်မှုကုန်ကြမ်းသီးနှံအဖြစ် အသုံးပြုကြတဲ့အပြင် တိရစ္ဆာန်အစာအဖြစ်လည်း စိုက်ပျိုးထုတ်လုပ်ပြီး အသုံးပြုကြပါတယ်။
“ဝဥ” ပြည်ပတင်ပို့မှုအခြေအနေ
“ဝဥ”ခြောက်တွေ ပြည်ပကို တင်ပို့ရောင်းချနိုင်ဖို့ ချင်းပြည်နယ်ရဲ့အကြီးဆုံး “ဝဥ” အခြောက်ခံစက်ရုံကြီးကို ၂၀၁၉ ခုနှစ်က ချင်းပြည်နယ် မင်းတပ် မြို့က ထင်းချောင်းအနီးမှာ ဖွင့်လှစ်ခဲ့ပါတယ်။ မင်းတပ်မြို့၊ မတူပီမြို့နဲ့ ကန်ပက်လက်မြို့တို့မှာ ‘‘ဝဥ” စိုက်ပျိုးတောင်သူ ၈၀ဝ ကျော်ရှိပြီး အသင်းအဖွဲ့တွေလည်း ဖွဲ့စည်းထားရှိပါတယ်။
ချင်းပြည်နယ် မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့မှာစိုက်တဲ့ ‘‘ဝဥ” တွေက အရည်အသွေးပိုကောင်းတာကြောင့် ၂၀၁၈ ခုနှစ်ကစပြီး ဂျပန်နိုင်ငံက ဝယ်ယူတယ်လို့ သိရပါတယ်။ “ဝဥ”ခြောက်တွေကို ဂျပန်နိုင်ငံ၊ လာအိုနိုင်ငံနဲ့ တရုတ်နိုင်ငံတွေကို တင်ပို့ရောင်းချပေးရပြီး “ဝဥ”ခြောက်တွေကို အစား အသောက်အနေနဲ့ ပြုလုပ်စားသောက်ပေးမယ်ဆိုရင် အသက်ရှည်တယ်လို့ ဆိုကြပါတယ်။ “ဝဥ” ခြောက်တွေရဖို့ “ဝဥ”အစိုတွေကို အပြားညီအောင် ပါးပါးလှီးပြီး နှစ်ရက်ခန့် နေအခြောက်လှန်းရပါတယ်။ လှီးဖြတ်တဲ့အခါမှာ လက်တွေယားယံတတ်လို့ လက်အိတ်စွပ်ပြီး လှီးဖြတ်ရပါတယ်။ “ဝဥ” အစိုခုနစ်ပိဿာခန့် အခြောက်လှန်းရင် “ဝဥ” အခြောက်တစ်ပိဿာခန့်သာထွက်ရှိပါတယ်။ ဂျပန်ကိုတင်ပို့တဲ့ “ဝဥ”ခြောက်တွေကို နေလှန်းခြင်းနည်းနဲ့ အခြောက်ပြုလုပ်တင်ပို့ပေးသော်လည်း တရုတ် နိုင်ငံကိုတင်ပို့တဲ့ “ဝဥ”ခြောက်တွေကတော့ ဖိုတွေမှာ မီးငွေ့ငွေ့နဲ့ အခြောက်ပြုလုပ်ပြီး တင်ပို့ပေးတယ်လို့ သိရပါတယ်။ နေလှန်းနည်းက အရောင်အဆင်းမလှဘဲ ဖိုတွေမှာမီးတင်ပြီး အခြောက်ပြုလုပ်တဲ့နည်းက အရောင်အသွေးပိုမိုလှပပါတယ်။
“ဝဥ” ရဲ့ ကျန်းမာရေးအကျိုးသက်ရောက်မှုတွေမှာ ကစီဓာတ်၊ ရေဓာတ်၊ အဆီဓာတ်၊ ပရိုတင်း၊ အမျှင်ဓာတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဆိုဒီယမ်၊ ဇင့်၊ ကော့ပါး၊ ဆီလီနီယမ်စတဲ့ အာဟာရဓာတ်မျိုးစုံနဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတို့ ပါဝင်ပါတယ်။ “ဝဥ” စားသုံးခြင်းကို ကျန်းမာရေးရှုထောင့်ကကြည့်မယ်ဆိုရင် ပရိုတင်းပါဝင်နေတဲ့ “ဝဥ” က ကိုယ်ခံအားကို ကောင်းစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ ထောက်ကူပေးပါတယ်။ “ဝဥ” မှာ အမျှင်ဓာတ် ပါဝင်မှုများတာကြောင့် အစာချေဖျက်မှုအားကောင်းပြီး ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေပါတယ်။ အာရုံစူးစိုက်မှုကို ကောင်းစေသလို ဦးနှောက်ကျန်းမာစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ “ဝဥ”မှာ ပါဝင်နေတဲ့ ဗီတာမင်စီကြောင့် အသားအရေကို ကြည်လင်စေသလို အရေးအကြောင်းတွေကို သက်သာစေပြီး အရွယ်တင်နုပျိုစေပါတယ်။
“ဝဥ”မှာ ပေါကြွယ်ဝစွာပါဝင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကိုယ်တွင်းက အဆိပ်အတောက်တွေကို ထိထိရောက်ရောက် ဖယ်ရှားပေးနိုင်တဲ့အပြင် ကိုယ်တွင်းရောင်ရမ်းမှုကို သက်သာစေပြီး သွေးကြောတွေကိုလည်း ကျန်းမာစေနိုင်ပါသေးတယ်။ မျက်စိကျန်းမာရေးကို အထောက်အကူပြုကာ သွေးတွင်းသကြားဓာတ်နဲ့ အင်ဆူလင်ကို လျှော့ချပေးလို့ ဆီးချိုရောဂါသည်တွေ ထမင်းအစားထိုးစားသုံးနိုင်ပြီး သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။ သွေးတွင်းသကြားဓာတ် ကို ထိန်းညှိပေးပြီး ကိုလက်စထရောပမာဏနဲ့ အစာချေကျန်းမာရေးအတွက် အကျိုးကျေးဇူးတွေ ရှိပါတယ်။ ကိုယ်တွင်းက ကိုလက်စထရောပမာဏ ကိုနည်းစေလို့ နှလုံးရောဂါနဲ့ လေဖြတ်တာကို ကာကွယ်နိုင်ပါတယ်။ အရေပြားချောမွတ်စေကာ လက်သည်းတွေအတွက်လည်း ကောင်းမွန်ပြီး ကိုယ်အလေးချိန်လျော့ကျစေတဲ့အပြင် အမျိုးသမီးတွေ ဓမ္မတာလာစဉ် ခံစားရတတ်တဲ့ဝေဒနာတွေ ကိုလျော့ကျစေတဲ့အတွက် စားသုံးဖို့သင့်တော်ပြီး ကျန်းမာရေးကောင်းကျိုးများစွာကို ရရှိစေတဲ့ ဆေးဖက်ဝင်အပင်တစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် “ဝဥ”ကို အမျိုးသမီးတွေဗိုက်ရွှဲတာနဲ့ ဆီးအိမ်ကြီး တာကို ကာကွယ်ဖို့နဲ့ လူ့ခန္ဓာကိုယ်မှာ လိုအပ်တာထက်ပိုပြီးတော့ အဆီတွေ အစိုင်အခဲဖြစ်တာကို ဟန့်တားဖို့အတွက်လည်း အသုံးပြုကြပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ “ဝဥ”က အစာအိမ်ကို ကျန်းမာစေသလို အူတွေရဲ့လှုပ်ရှားမှုကို ကောင်းမွန်စေပြီး အာဟာရစုပ်ယူနိုင်စွမ်းကောင်းစေဖို့နဲ့ ဝမ်းမှန်စေဖို့ပါ ထောက်ကူပေးနိုင်ပါတယ်။
“ဝဥကြာဆံ”ရဲ့ကောင်းကျိုးအဖြာဖြာ
“ဝဥကြာဆံ”က အစာချေမှုလုပ်ငန်းစဉ် နှေးကွေးတာကြောင့် အစာပိုစားခြင်းကိုရှောင်ရှားဖို့ ကူညီပေးတဲ့အနေနဲ့ အချိန်ကြာကြာ ဗိုက်ပြည့်စေပါတယ်။ အူလမ်းကြောင်းမှာရှိတဲ့ ကျန်းမာတဲ့ ဗက်တီးရီးယားပိုးတွေဟာ အူလမ်းကြောင်းကျန်းမာရေးကို တိုးတက်ကောင်းမွန်လာစေဖို့ ကူညီပေးနိုင်တဲ့ အမျှင်ဓာတ်ကို ကျွေးမွေးတာကြောင့် အူလမ်းကြောင်းကျန်းမာရေးကိုတိုးတက်စေပါတယ်။ “ဝဥကြာဆံ”မှာ သကြားဓာတ်၊ အဆီဓာတ်နဲ့ အာဟာရဓာတ်တွေ မပါရှိတာကြောင့် ကိုယ်တွင်းအချိုဓာတ်တွေကို လျော့ကျစေပါတယ်။ ဝမ်းချုပ်သူတွေ၊ သွေးတိုး ဆီးချိုရှိသူတွေ၊ ကိုယ်အလေးချိန်ထိန်းလိုသူတွေအတွက် အထူးသင့်လျော်တဲ့ ကျန်းမာရေးဓာတ်စာအဖြစ် ဝယ်ယူစားသုံးကြပါတယ်။ ဆီးချိုရောဂါ ကုသဆေးတွေ၊ ဝမ်းရောဂါဆေးတွေနဲ့ သွေးတိုးရောဂါကုဆေးဝါးတွေ ထုတ်လုပ်တဲ့အခါမှာလည်း ပါဝင်ပစ္စည်းတွေအဖြစ် အသုံးဝင်တဲ့အပင်မျိုး ဖြစ်ပါတယ်။
လက်ရှိအခြေအနေမှာ “ဝဥ” က ဈေးကွက်ဝယ်လိုအားများနေတယ်လို့ သိရပါတယ်။ ချင်းပြည်နယ်မှာ “ဝဥ” သီးနှံကို ကိုယ့်အားကိုယ်ကိုးစနစ်နဲ့ အတိုင်းအတာတစ်ခုအထိပဲ လုပ်နိုင်ပါသေးတယ်။ စိုက်ဧကတွေတိုးလာဖို့နဲ့ အရည်အသွေးပြည့်မီတဲ့ “ဝဥ”တွေ တိုးမြှင့်ထုတ်လုပ်နိုင်ဖို့ဆိုရင် တောင်သူတော်တော်များများအတွက်တော့ “ဝဥ”ပင် စိုက်ပျိုးရင် ကုန်ကျမယ့် စိုက်ပျိုးစရိတ်နဲ့ လုပ်အားခအပါအဝင် မတည်ရင်းနှီးငွေနဲ့ နိုင်ငံတော်ရဲ့ နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီပေးမှုတွေ လုပ်ဆောင်ပေးနိုင်မယ်ဆိုရင် ဝဥထုတ်ကုန်နဲ့ နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် များစွာအကျိုးရှိထိရောက်လာစေမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ ။