အဆိုးထဲက အကောင်းများ
မိုးကေနိုင်
မြန်မာနိုင်ငံမှာ ကပ်ဘေးတစ်ခုခုကြုံတိုင်း အခက်အခဲကြုံရသူတွေကို ကုသိုလ်နဲ့ယှဉ်တဲ့ ကာယကံ၊ ဝစီကံ၊ မနောကံအလုပ်တွေ ပြုခွင့်ရကြတာဟာ အဆိုးထဲက အကောင်းတစ်ခုပါပဲ။ အထူးသဖြင့် ဘယ်သူမှ မျှော်လင့်မထား ပြင်းထန်တဲ့သဘာဝဘေးအန္တရာယ်ကြုံရတဲ့အခါမျိုး၊ အစာရေစာရှားပါး ပြီး ငတ်မွတ်ခေါင်းပါးဒဏ်ကြုံရတဲ့အခါများမှာ ဖြစ်ပါတယ်၊၊
ကျွန်တော်တို့အားလုံး ကမ္ဘာ့ကပ်ရောဂါဆိုးကြီးကြုံခဲ့ရသလို လေမုန်တိုင်းဒဏ်၊ ရေကြီးရေလျှံ ရေလွှမ်းမိုးမှုဒဏ်တွေကြောင့် လူ့အသက်ပေါင်းများစွာနဲ့ အိုးအိမ်စည်းစိမ်တွေ တစ်ခဏလေးအတွင်းမှာ နေ့ချင်းညချင်းထိခိုက်ဆုံးရှုံးရတဲ့ အတွေ့အကြုံများလည်းကြုံခဲ့ရဖူးပါပြီ။ ဆူပူသောင်းကျန်း စစ်မက်ဘေးဒဏ်နဲ့လည်း ကြုံရဆဲဖြစ်တယ်။ တည်ဆောက်ဖို့ထက် ဖျက်ဆီးဖို့လွယ်နေတဲ့ ဒီခေတ်ကြီးမှာ သောကတွေအပြည့်၊ စိုးရိမ်စိတ်များစွာနဲ့ သွားလာလှုပ်ရှားနေထိုင်ကြရတဲ့ လူတွေအတွက် အလွန့်အလွန်ခက်ခဲတဲ့ အခြေအနေတစ်ခု ဖြစ်နေပါတယ်။
စဉ်းစားကြည့်ပါ။ ရေဘေးကြုံနေချိန်သူတို့တွေ ရေဘယ်လောက်ငတ်နေမလဲ၊ ဘယ်လောက် ဆာလောင်မွတ်သိပ်နေကြမလဲ၊ နေစရာအိမ်မရှိ၊ အလွန်ချမ်းအေးနေတဲ့ အခြေအနေမှာ အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ စားစရာအစာ၊ သောက်စရာရေမရှိ၊ စီးစရာဖိနပ်မရှိတဲ့အခြေအနေ၊ ဘယ်မှာလဲလျှပ်စစ်မီး၊ ဖျားလို့၊ ဝမ်းသွားလို့ သောက်စရာ ဆေးမရှိ၊ အဆက်အသွယ်လုပ်ဖို့ဖုန်းမရှိ၊ ဆုံးရှုံး သွားရတဲ့တိရစ္ဆာန်တွေ၊ အစစအရာရာ ချို့တဲ့ဆင်းရဲ ဒုက္ခကြုံဖူးမှ တူညီတဲ့ခံစားမှုချင်း ထပ်တူရမယ့် အခြေအနေပါ။ ကိုယ်ချင်းစာနိုင်မှနားလည်မှာ၊ ဒီလိုဆိုးရွားတဲ့အခြေအနေကို သူမတူထူးတဲ့ စိတ်ထားတွေနဲ့အရင်းခံပြီး ကူညီဖေးမမှသာ အဆင်ပြေပါမယ်။ ဘယ်လိုစိတ်ဓာတ်စိတ်ထားမျိုးတွေ ဖြစ်သင့်ပါသလဲ...။
လူပီသပြီး လူသားဆန်တဲ့ စိတ်ထားနဲ့သာ
ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ အရင်းခံစိတ်ကနူးညံ့သိမ်မွေ့ပါတယ်။ စိတ်ကောင်းစေတနာကောင်းများစွာ ပိုင်ဆိုင်ကြတယ်။ မေတ္တာ၊ ကရုဏာတရားအလွန်ကြီးမားပြီး သူတော်ကောင်းစိတ်ထားနဲ့ အမြဲရိုင်းပင်းကူညီကြတယ်။ စိတ်မကောင်းစရာကို ကိုယ်ချင်းစာထား၊ ထပ်တူထပ်မျှခံစားပြီး အချို့ နေရာတွေမှာ အသက်စွန့်ပြီးတောင် ကူညီလေ့ ရှိတယ်။
ကိုယ်တိုင်ပါဝင် မလှူဒါန်းနိုင်ရင်တောင်နှုတ်အားဖြင့် အားပေးနှစ်သိမ့်ပေးကြတယ်။ ကူပြီးရင်းကူဖို့ပဲ စဉ်းစားနေအောင်ကို သနားကြင်နာ တတ်တဲ့လူမျိုးတွေပါ။ လှူဖို့ပိုက်ဆံတွေစု၊ အဝတ်အထည်၊ လိုအပ်တဲ့ပစ္စည်းပစ္စယတွေစုကြတယ်။ ရှိသမျှ၊ ရသမျှ၊ လူအင်အား၊ ငွေအင်အား၊ ပစ္စည်းအင်အားကို အပြည့်အဝအသုံးချ၊ စနစ်တကျလှူဒါန်းနိုင်ဖို့ ဦးဆောင်သူကဦးဆောင်ပြီး နှိုးဆော်တိုက်တွန်းကြတယ်။ လှူတဲ့နေရာမှာလည်း ပီတိ သောမနဿ ဝမ်းမြောက်ဝမ်းသာစိတ်နဲ့ ဘယ်သူမှ မတိုက်တွန်းရဘဲနဲ့ကို အပြိုင်အဆိုင်လှူကြတန်းကြတာ၊ အရောင်မရှိ၊ ညီညီညွတ်ညွတ်နဲ့ လှူဒါန်းကြခြင်းဖြစ်တယ်။ ဘုန်းကြီးကျောင်း၊ စာသင်စာချကျောင်းဆောင်များ၊ တရားရိပ်သာများ၊ စာသင်ကျောင်းများဟာ ရေဘေးသင့်ပြည်သူတွေအတွက် ကယ်ဆယ်ရေးစခန်းတွေအဖြစ် တစ်ခဏချင်း ပြောင်းလဲသွားတယ်။ တပ်မတော်၊ ရဲတပ်ဖွဲ့၊ မီးသတ်၊ ပရဟိတအဖွဲ့အစည်းတွေကတော့ အမြဲရှေ့ဆုံးကပါသလို မြို့ရွာမလပ် မည်သည့်ဌာနမကျန်၊ နိုင်ငံရေးပါတီတွေ၊ အနုပညာရှင်တွေအပါအဝင် စေတနာအလှူရှင်တွေ၊ ကူညီကယ်ဆယ်ရေးအသင်းအဖွဲ့တွေရဲ့ အားတက်သရောကူညီမှုက ကဏ္ဍစုံကနေ အလျှိုအလျှိုပေါ်လာတယ်၊ ဒါဟာ နှလုံးသားလှတဲ့မြန်မာတို့ရဲ့မြန်မာစိတ်ဓာတ်အဖြစ် ညွှန်းဆိုစရာ ဖြစ်ပါတယ်။
သဘာဝဘေးအန္တရာယ်မှာ အများဆုံးကူညီပံ့ပိုးမှုက ဒါနအရာဖြစ်ပါတယ်။ ဒါနဆိုတာ ကိုယ်ပိုင်ပစ္စည်း၊ ကိုယ့်ဥစ္စာစတာတွေကို စွန့်လွှတ်လိုက်ခြင်းဖြစ်ပြီး အကုသိုလ်ဖြစ်တဲ့ လောဘစိတ်ကို လျော့ပါးသွားစေတယ်၊ တွယ်နေတဲ့အတွယ်အတာကိုလည်း လျော့သွားစေတယ်။ မူလလောဘစိတ်မရှိမှလည်း စွန့်လွှတ်လှူဒါန်းနိုင်တာဖြစ်တဲ့အတွက် လောဘတဏှာက လွတ်စေတဲ့အကျိုးထူးကိုပေးပါတယ်။ ဘာသာလူမျိုး၊ အသွေးအရောင်မခွဲ၊ ကိုယ်မသိဖူးတဲ့လူတွေအတွက် ဒုက္ခဖြစ်နေသူတွေ ဆိုတဲ့အသိနဲ့ လှူဒါန်းတာဖြစ်တဲ့အတွက် အလွန်ကုသိုလ်အရာမြောက်တဲ့အပြင် အချို့ဆိုရင် မိမိဘေးအန္တရာယ်ရှိတာတောင်မမှု စာဂနဲ့အသက်ခန္ဓာစွန့်ပြီး ကူညီကယ်ဆယ်တာတွေဟာ အလွန်ပဲကုသိုလ်တရားကြီးမားလှပြီး နောင်သံသရာ အဆက်ဆက်အတွက်လည်း ဒီကောင်းမှုတွေဟာ ကောင်းကျိုးသက်ရောက်နေမှာ ဖြစ်ပါတယ်။
လူသားဆန်စွာ လူပီသဖို့လည်းလို
ကုသိုလ်နဲ့ယှဉ်ပြီး အကုသိုလ်အမှုများဟာလည်း အမြဲကပ်ငြိပါလာတတ်တာဟာ သဘာဝပါ။ အရေးကြီးတာကလူအများ ဒုက္ခရောက်ချိန်မှာ ကိုယ့်ကျိုးအတ္တကို ရှေ့တန်းမတင်မိအောင် အမနာပ ကောလာဟလများ မပြောမိ၊ မဖြန့်မိအောင်၊ အပူကိုအပူထပ်မဆင့်မိအောင် သတိထားကြဖို့ပါ၊ တောမီးလောင်ရင် လက်ခမောင်းခတ်တဲ့ တောကြောင်တွေရဲ့အပြုအမူကို အားမပေးမိအောင် ဂရုပြုကြရပါမယ်၊ ကုသိုလ်ပြုကြတဲ့အထဲ ကိုယ်တိုင်မပါမိရင်တောင် အကုသိုလ်စိတ်မဖြစ်အောင် သူများအကုသိုလ် ကိုယ်မယူမိအောင်သတိကပ်ပြီး ကုသိုလ်ပြုနေသူတွေအပေါ် သာဓုခေါ်နိုင်ရပါမယ်၊၊ အရေးကြီးပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့ အကုသိုလ်စိတ်များက မနာလိုဝန်တိုစိတ်နဲ့ သူများကိုသေကျေလိုစိတ်၊ သူများဥစ္စာပျက်စီးလိုစိတ်များပဲ ဖြစ်ပါတယ်။ လောဘနဲ့လည်းယှဉ် ဒေါသနဲ့လည်းယှဉ်ပါတယ်၊ ကိုယ့်ဆီမဝင်အောင်သတိပြုရမယ့် အကုသိုလ်စိတ်များပါပဲ။
အပြုသဘောစဉ်းစားရင် အဆိုးကနေ အကောင်း ဖြစ်သွားနိုင်တာတွေ အများကြီးတွေ့ရပါတယ်၊၊ ဒီလိုနဲ့ ကျွန်တော်တို့ရဲ့စိတ်ထားတွေ၊ ခံယူချက်တွေ ပြောင်းလဲသွားနိုင်ပါတယ်၊ အားနည်းနေနိုင်တဲ့ မေတ္တာ၊ ကရုဏာစတဲ့ သူတော်ကောင်းစိတ်ထားတွေတိုးလာမယ်၊ ရှိနေတဲ့ အမုန်းတွေအာဃာတတွေ ပျောက်ကွယ်သွားနိုင်တယ်၊ ကိုယ်ချင်းစာ စာနာသနားစိတ်ကတစ်ဆင့် ပရဟိတစိတ်တွေ ကိန်းအောင်းလာနိုင်တယ်၊ ရှေ့တန်းကတက်တက် ကြွကြွပါဝင်နေသူတွေအပေါ် အားကိုးယုံကြည်မှုတွေ ပိုတိုးလာမယ် ကျေးဇူးတင်တတ်လာမယ်။ ဒီလို စိတ်ဓာတ်တွေကတစ်ဆင့် အနီ၊ အစိမ်း၊ အဝါ ကာလာစုံအနေအထားကနေ တစ်ရောင်တည်း တစ်သွေးတည်းဆိုတဲ့ခံယူချက် ထိုကတစ်ဆင့် အားလုံးပြန်လည်ညီညွတ်ရေးဆိုတဲ့ စုစည်းသွေးစည်းလိုတဲ့စိတ်ဓာတ်စသဖြင့် ထိုအရာတွေဟာ ကောင်းတဲ့လက္ခဏာတွေဖြစ်တဲ့အတွက် အခွင့်အလမ်းတစ်ခုအဖြစ်တိုးပွားအောင် ကြိုးစားကြပါစို့၊ တစ်ပါးသူဒုက္ခရောက်မှ ကိုယ်အဆင်ပြေ မယ့်အထဲ မပါအောင်နေခြင်းဖြင့်လည်း လူ့အဖွဲ့အစည်းအတွင်း လူသားဆန်တဲ့လူပီသတဲ့စိတ်တွေ ကိန်းအောင်းလာစေဖို့ရန် အထောက်အကူပြုကြ ရအောင်လား...။
အတွေ့အကြုံကနေ သင်ခန်းစာယူစရာအမြောက်အမြား
ကျွန်တော်တို့တစ်တွေ ယခုလိုရေကြီးရေလျှံ အဖြစ်ဆိုးကနေ သင်ခန်းစာယူစရာတွေ အမြောက် အမြားရရှိပါလိမ့်မယ်။ တွေးမိတာတစ်ခုက ငါတို့မြန်မာနိုင်ငံမှာ ရောဂါကပ်ဆိုးကြီးပြီးတော့ စစ်မက်ဘေးတွေကြုံနေရတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် မငြိမ်းချမ်းတဲ့ဒေသတွေလည်းရှိနေတယ်၊ တိုက်ခိုက်မှုတွေမရှိဘဲ တည်ငြိမ်အေးချမ်းတဲ့ဒေသတွေလည်းရှိတယ်။ ယခု သဘာဝဘေးကြီးမှာ ငြိမ်းချမ်းတဲ့ဒေသက ပြည်သူတွေက ငြိမ်းချမ်းတဲ့ ဒေသကဒုက္ခရောက်နေသူတွေကိုသာ အဓိကလှူနိုင်ကြ ကူညီနိုင်ကြတာတွေ့ရတယ်။ သူတို့လှူနိုင်ပံ့ပိုးနိုင်တာက ငြိမ်းချမ်းတဲ့အဖြူရောင် နယ်မြေကဖြစ်လို့ မငြိမ်းချမ်းတဲ့ အမည်းအညို ဖြစ်နေရင်ဘယ်လိုကူညီနိုင်ပါ့မလဲ၊ ဒါကြောင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းခြင်းဟာ အလွန်ကိုအရေးကြီးပါတယ်။ ကမ္ဘာတစ်ဝန်း သဘာဝကပ်ဘေးကြီးတွေက ယခုလည်းလာဆဲဖြစ်သလိုနောင်လည်း ကြုံနေရဦးမှာပါ၊ ရင်ဆိုင်ရဦးမှာပါ။ ဒေသတစ်ခုမှာကပ်ဘေးသင့်ရင် ပြည်ထောင်စုတစ်ဝန်းရှိကျန် ဒေသအားလုံးက ပြည်သူတွေအားလုံး ညီညီညွတ်ညွတ်နဲ့ ပါဝင်ကူညီနိုင်ကြရင် ပိုပြီးအားရှိမှာပေါ့၊ ထိခိုက်ဆုံးရှုံးမှုပိုနည်းပြီး ပိုပြီးလည်းထိရောက်နိုင်မယ်။ ကပ်ဘေးသင့်ပြည်သူတွေကို ပိုကယ်တင်နိုင်မယ်၊ စားဝတ်နေရေးပိုစီစဉ်ပေးနိုင်မယ်၊ နိုင်ငံတော်အနေနဲ့လည်း ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ မြန်မြန်ဆန်ဆန် ဦးစားပေးလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။
နောက်သင်ခန်းစာတစ်ခုက ခံယူချက်အပိုင်း။ မူလရောင်စုံကာလာ အနေအထားတစ်ခုကနေ တစ်သွေးတည်း၊ တစ်ရောင်တည်း၊ တစ်စိတ်တည်း အနေအထားတစ်ခုကို ဖျတ်ခနဲသတိထားမိရာ ကနေရေရှည်ရင်ကြားစေ့ရေး အခြေခံကောင်းလေးတစ်ခုများ ဖန်တီးနိုင်လေမလားတွေးမိတယ်။ ယခုလို ညီညွတ်မှုအစိတ်အပိုင်းလေးတစ်ခုကို ကောင်းတဲ့ဘက်မှာ အသုံးချနိုင်မယ့်အခွင့်အလမ်းတစ်ခုအဖြစ် မြင်ကြည့်မယ်ဆိုရင် သဘာဝဘေးအန္တရာယ်မှန်သမျှ ရင်ဆိုင်နိုင်မယ့်အပြင် စစ်ဘေးသတ္တန္တရကပ်ကိုလည်း ရပ်တန့်နိုင်မယ်၊ ယခင်ထက်ပိုပြီး ကောင်းမွန်တဲ့ဝန်းကျင်တစ်ရပ်ကို တည်ဆောက်နိုင်မယ်လို့ ယုံကြည်မိတယ်။
နောက်ထပ်သင်ခန်းစာတစ်ခုက ခါးသီးတဲ့အတွေ့အကြုံကရလိုက်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ သင်ခန်းစာ၊ အရင်းအနှီးကြီးကြီးနဲ့ရလိုက်တဲ့ သင်ခန်းစာပါ၊ မမျှော်လင့်ဘဲရောက်လာတတ်တဲ့ ဘေးအန္တရာယ်ကို ဘယ်လိုကာကွယ်မလဲ၊ ဘယ်လိုရင်ဆိုင်မလဲဆိုတဲ့ ကြိုတင်ပြင်ဆင်မှုက အရေးကြီးပါတယ်၊၊ မိုးလေဝသသတင်း နားစွင့်မယ်၊ အစားအသောက်၊ ရေ၊ ဆေးဝါး ဘယ်လိုစုထားမလဲ၊ အရေးကြီးပစ္စည်းတွေ ဘယ်ကိုရွှေ့ထားမလဲသိသွားပါပြီ၊ ဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကအစ အန္တရာယ်ဖြစ်နိုင်မယ့်နေရာတွေရှောင်ဖို့ အရေးပေါ်ပြောင်းရွှေ့ ရမယ့်နေရာတွေ၊ လမ်းကြောင်းတွေ ကြိုတင်မှတ်သားထားရပါပြီ။ မလိုအပ် မသွားသင့်တဲ့နေရာ မသွားမိဖို့လည်းလိုတယ်၊ အသက်ကယ်အင်္ကျီ၊ ဗောကွင်း၊ လေလုံပိတ်ပုံးအလွတ်၊ ငှက်ပျောတုံး၊ သစ်တုံး၊ ကားတာယာကအစ အသက်ကယ်ပစ္စည်းတွေ ကြိုတင်ရှာဖွေသိမ်းဆည်းထားဖို့တွေ လျှပ်စစ်ပစ္စည်းတွေ သတိထားကိုင်တွယ်ဖို့ကအစ မြွေစတဲ့ အဆိပ်ရှိတဲ့သတ္တဝါတွေရန်က ကာကွယ်နိုင်ဖို့တွေလိုအပ်ကြောင်း သင်ခန်းစာရလိုက်ပါပြီ။
နောက်ထပ်သင်ခန်းစာက သံဝေဂဆင်ခြင်မှုပါတဲ့တရားသဘော၊ လက်တွေ့ပြနေတဲ့ဘာမှ အစိုးမရမမြဲတဲ့ဖြစ်ပျက်သင်္ခါရသဘော၊ ကိုယ်ချစ်ရတဲ့သူနဲ့ ကွေကွင်းရတယ်၊ ကိုယ်နှစ်သက်တဲ့ဥစ္စာပစ္စည်းတွေဆုံးရှုံးရတဲ့ ဆင်းရဲခြင်းရဲ့တည်ရာတွေကိုမြင်ရင် ကိုယ့်ကိုယ်ကိုယ်ရော ပတ်ဝန်းကျင်ကိုပါ ဒုက္ခပေးတတ်တဲ့ ဥပါဒါန်အစွဲတွေလည်း လျော့တန် ကောင်းရဲ့လို့ ဆင်ခြင်မိတယ်။ ယခုလို သောက၊ ပရိဒေဝဆိုတဲ့ စိုးရိမ်ပူပန်မှုတွေနဲ့ ငိုကြွေးခြင်းသင်္ခါရဒုက္ခတွေ၊ ဒုက္ခဒေါမနဿဆိုတဲ့ ကိုယ်ဆင်းရဲစိတ်ဆင်းရဲခြင်းတွေ၊ နောက်ဆုံး ဆိုးရွားလှတဲ့ပြင်းစွာသော ပူလောင်နာကျင်မှုအားလုံးအားလုံးဟာ ဒုက္ခ၊ ဒုက္ခအစစ် ဆင်းရဲခြင်းအစစ်တွေပါပဲလား... ခံယူပြီး နှလုံးသွင်းလာတတ်ရင် အကုသိုလ်ကနေ ကုသိုလ်ပြောင်းပြီပေါ့။
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ မြတ်သောဗြဟ္မာစိုရ်တရားများကြောင့် မြင်မြင် သမျှခံစား၊ တွေ့တွေ့သမျှ အပြစ်မြင်တတ်တဲ့စိတ်တွေ လျော့ပါးသွားနိုင်တာကလည်း အမြတ်တစ်ခုပါ။ ဒီတရားသဘောလေးအခြေခံပြီး နောင်မှာကိုယ်တွေး၊ ကိုယ်ပြော၊ ကိုယ်လုပ်တာကိုင်တာ တွေကို ဆင်ခြင်နိုင်ကောင်းရဲ့လို့တွေးပြီး ကုသိုလ်ဖြစ်မယ့်ကိစ္စတွေ များများလုပ်လာပြီး အကုသိုလ် တွေကနေ ဖယ်ခွာနိုင်မယ်လို့ ဆင်ခြင်မိလာတယ်။
ကုသိုလ်တွေပိုတိုးလုပ်လေ ယခုလိုအကုသိုလ်အနိဋ္ဌာရုံတွေကနေ ပိုဝေးလေပေါ့၊ တစ်ဦး တစ်ယောက်ချင်းကနေ သူတော်စိတ်ထားလူအများကပါ လိုက်ပါလာရင် အများညီတော့ ပွဲစည်ဆိုသလို လူကောင်းတွေများတဲ့ ကုသိုလ်ဝန်းကျင်တွေ ဖြစ်လာမယ်။ တည်ငြိမ်အေးချမ်းသာယာသန့်ရှင်းတဲ့ လောကတစ်ခုကိုလည်း လက်တွေ့ပါတဲ့တရား သဘောကတစ်ဆင့် ဖန်တီးနိုင်လာနိုင်မယ်လို့ စွဲမြဲစွာယုံကြည်လိုက်မိပါတယ်။ ။