တရားမရှိအယူမှား၍ အမုန်းတရားအာဃာတများ မတိုးပွားစေရန် .....
မိုးကေနိုင်
တစ်ခါတစ်ရံရေးသားချက်၊ ပြောဆိုချက်တွေက တရားစကားကို အခြေခံသော်လည်း လိုရင်းကအဆိုးဘက်ရောက်ပြီး အမုန်းနှင့်အာဃာတချည်း သာဖြစ်နေတတ်သည်။ မြတ်စွာဘုရား၏ တရားတော်များကိုတလွဲအသုံးချ၊ အမှန်ကိုအမှားပြုကာ ကုသိုလ်စကားပြောနေသော်လည်း ကိုယ်လုပ်နေသည့်အလုပ်က အကုသိုလ်ဖြစ်နေမှန်းမသိ၊ ထိုသူ ကိုယ်တိုင်ပင်ကုသိုလ်၊ အကုသိုလ်ကို ခွဲခွဲခြားခြားမသိ၍ ဖြစ်ပါလိမ့်မည်။ ထိုသို့ခွဲခြားမသိသည်က မောဟဆိုသည့် ဉာဏ်မဲ့မှုတရား တစ်နည်းအမှန်ကိုအမှားထင်၊ အမှားကိုအမှန်ထင်၊ အမြင်မှား၊ အယူမှား ဖုံးလွှမ်းလွန်း၍ ကိုယ်ပြောလိုက် ရေးလိုက်သော စကားတစ်ခွန်း၊ စာတစ်ကြောင်းက လူအများကို တွေဝေမိုက်မဲစေပြီး အကုသိုလ်ဖြစ်သွားတတ်သည်ကို မသိတော့၊ ထိုသူတို့၏ မသာယာမသင့်လျော်သည့် အမူအကျင့်များအောက်တွင် တရားမဲ့မှုများဖြင့် ပျက်စီးခြင်းများသာဆိုက်၍ အကျည်းတန်ဖြစ်ကြရတော့သည်။
ဒုဇ္ဇန တဲ့ ဗာလတဲ့ ကီနာသတဲ့..ပြောဆိုရေးသားချက်တွေက
လူတစ်ယောက်ကတစ်ယောက်ကို၊ အဖွဲ့တစ်ခုကတစ်ခုကို မဟုတ်တာ၊ မမှန်တာ၊ အခြေအမြစ်မရှိတာကို စွပ်စွဲပြစ်တင်ဝေဖန်ခြင်းသည် ကောင်းသောအရာမဟုတ်ပါ။ သာမန်လူအချင်းချင်းက တော်သေးသည်၊ သီလ၊ သမာဓိ၊ ပညာရှိသူများ အပေါ်မမှန်ဘဲ စွပ်စွဲပြစ်တင်မိလျှင် ပို၍အပြစ်ကြီးသွားသည်။ သီလရှိသူ၊ သမာဓိရှိသူ၊ ပညာပြည့်သူမှာ သူကြားရ၊ မြင်ရအာရုံတိုင်းမှာ လိုက်မခံစား၊ သူများအကုသိုလ်ကို ကိုယ့်အကုသိုလ်မဖြစ်အောင်နေ၊ ကုသိုလ်ဖြစ်အောင်လုပ်ပြီး ကိုယ်ရောအများပါ ငြိမ်းချမ်းအောင် ပြုနိုင်စွမ်းသူများ ဖြစ်ကြသည်။ စိတ်ထားဖြူစင်၍ မေတ္တာတရားကြီးသူများ ဖြစ်တတ်သည်။
အကြောင်းအကျိုး၊ အကောင်းအဆိုး၊ အမှားအမှန် ချင့်ချိန်တတ်သူများဖြစ်၍ ထိုကဲ့သို့ လူကောင်းသူကောင်းများကို သွားစော်ကားမိဖို့ မသင့်ပါပေ။ သူယုတ်မဟုတ်ပါဘဲ ဘာကြောင့် သူယုတ်ဟု စွပ်စွဲရသနည်း၊ လူမိုက်မဟုတ်ဘဲ ဘာကြောင့်လူမိုက်ဟု ပြစ်တင်နေရသနည်း။ သူများအသက်ခန္ဓာများကို မတရားသတ်ဖြတ် နေကြသူများမှာ အဘယ်သို့သော လူမျိုးနည်း။ အကြောင်းအကျိုး မျှတမှန်ကန်စွာဖြင့် ပြောတတ်၊ ဆိုတတ်၊ ပြုမူတတ်ရပါမည်။ ဘုရားရှင်၏စကားများကို တိုက်ရိုက်ရေးချပြီး အဓိပ္ပာယ်မသိဘဲ ပြောနေရုံနှင့်မပြီးပါ။ ဒုဇ္ဇနဟုသတ်မှတ်ရန်၊ ဗာလဟုဆိုရန်၊ ကီနာသဟုညွှန်းရန် အဘယ်အကြောင်း အချက်တွေရှိသနည်း။ တစ်ဦးတစ်ယောက်ကို သူယုတ်ဟုပြောလျှင် သူယုတ်တစ်ယောက်၏ အမှတ်အသား လက္ခဏာများ၊ သူယုတ်တစ်ယောက်၏ လုပ်ပုံကိုင်ပုံ၊ ပြောပုံဆိုပုံ၊ သူ့အနေဖြင့် ဘာကြောင့် ဒီလိုဖြစ်နေရသလဲ နောက်ခံအကြောင်းတရား၊ ထို့နောက်မှ သူယုတ်မာဟု သတ်မှတ်နိုင်လောက်သည့် မိမိ၏ဉာဏ်ပညာအတိုင်းအတာ စသည်တို့ကို ပိုင်းခြား ဆန်းစစ်နိုင်သူ ဖြစ်သင့်ပါသည်။ ထိုသို့မဟုတ်ဘဲ အကြောင်းမဲ့၊ မခိုင်လုံဘဲ ပြောကြားနေရုံဖြင့် အလုပ် မဖြစ်၊ မိမိကိုယ်တိုင်ပင် မကောင်းသူ သူယုတ်မာဖြစ်သွားနိုင်သည်ကို သတိပြုစေချင်ပါသည်။
မနုဿဟူသောလူတို့မှာ ပုထုဇဉ်ဖြစ်၍ အမှားနှင့်တော့မကင်းနိုင်ပါ။ သို့သော် လူ့အဖွဲ့အစည်းကို ငြိမ်းချမ်းအောင်ဆောင်ရွက်နေသူ၊ အေးချမ်းသာယာ အောင်ဆောင်ကြဉ်းနေသူ၊ မြတ်စွာဘုရားသာသနာ အဆုံးအမများကို ထိန်းသိမ်းစောင့်ရှောက်နေသူများ၊ ဘာသာသာသနာကို ချီးမြှင့်နေသူများသည်အများထက်သာ၍ အမှားနည်းမှာတော့ သေချာပါသည်။ အမှားနည်းတော့အကုသိုလ်လည်းနည်းမည်။ မနောကံစိတ်ထား မည်သို့ရှိသည်မသိ၊ ကာယကံမြောက်အပြုအမူ၊ ဝစီကံမြောက်အပြောအဆိုမှာတော့ ကုသိုလ်၊ အကုသိုလ် ကွဲပြားသွားမှာသေချာသည်။ သူယုတ်မဟုတ်သည့်သူကို သူယုတ်ဟုစွပ်စွဲခြင်း၊ လူမိုက်မဟုတ်သူကို လူမိုက်ဟုသမုတ်ခြင်း၊ လူမသတ်ဘဲ လူသတ်သမားဟု ထပ်ကာထပ်ကာ အကြိမ်များစွာ ဝေဖန်မိသူကိုယ်တိုင်မှာ ယခုပစ္စုပ္ပန်မှာတင် အကုသိုလ်ဇောများ အကြိမ်များစွာဖြစ်နေမှာ သေချာသည်။ လူကောင်းကို လူမိုက်ဟုစွပ်စွဲပြီး ကိုယ်ကိုယ်တိုင်ကမူ လူယုတ်လူမိုက်၊ ဒုစရိုက်သမား ဖြစ်နေလျှင်ပိုဆိုးသည်။ လားရာဂတိ ဘယ်လိုမှကောင်းစရာမရှိ အပါယ်လားမှာ သေချာလှသည်။
အမှတ်မှားခဲ့သည့် သညာကြောင့်သာ
ပြန်ဆန်းစစ်လျှင် ထိုကဲ့သို့ အဓိပ္ပာယ်မဲ့၊ တရားလက်လွတ်ပြောဆိုရေးသားသူများမှာ တစ်စုံတစ်ခုသော အကြောင်းအရာတစ်ခု၊ ကိစ္စတစ်ခုလူတစ်ယောက်ကို မှတ်သားထားစဉ်ကတည်းကပင် ကောင်းတာကို ကောင်းသည်ဟုမမှတ်၊ အမှားအဖြစ်သာ မှတ်ထားမိ၍ဖြစ်သည်။ “သညာ” ဟုခေါ်သည့် ထိုကိုယ်မှတ်သားထားသောအရာကိုလည်း ကောင်းစွာမစီမံတတ်သည့်အပြင် မကောင်းသောအနိဋ္ဌာရုံကို ကောင်းသောဣဋ္ဌာရုံဟု၊ ကောင်းသောဣဋ္ဌာရုံအစစ်ကို မကောင်းသောအနိဋ္ဌာရုံအဖြစ် အမှတ်မှားမှတ်ထားလေ့ရှိကြပြီး အကုသိုလ်ကို အကုသိုလ်မှန်းမသိလောက်အောင် ဝမ်းမြောက်ဝမ်းသာ ဖြစ်လေ့ရှိကြသည်။ မကောင်းတာကို ကြိုက်တတ်ပြီးကောင်းတာကိုမူ ပစ်ပယ်လေ့ရှိကာ အနှစ်မဟုတ်သည်ကို အနှစ်ဟု ထင်မှတ်မှား၍ အမှားမှာယစ်မူးလေ့ရှိကြသည်။ ထို့ကြောင့်လည်း လူကောင်းကို လူကောင်းဟုမထင်၊ လူမိုက်ကိုလည်း လူမှန်ဟု ထင်မှတ်မှားနေကြခြင်းဖြစ်သည်။ အတိတ်ဘဝ၊ အတိတ်ကာလများက သူတို့မှတ်သားထားသည့် သညာဟုခေါ်သည့် မှတ်သားမှုများ မကောင်းခဲ့၍ဖြစ်သည်။ မှတ်သားမှုများမကောင်းခဲ့၍ ဝေဒနာဟုခေါ်သည့်အာရုံမှာ ခံစားမှုများလည်း မကောင်းဘဲအကုသလဝိပါက်ဖြစ်သည့် အကုသိုလ်အကျိုးများ ကြုံလာရခြင်းဖြစ်သည်။
ကောင်းသောအာရုံဖြစ်သော်ငြား ဒေါသနှင့် ဒေါသဇော၊ မကောင်းသောအာရုံဖြစ်သော်လည်း လောဘနှင့် လောဘဇောဖြစ်ပြီး မစင်တောထဲက လောက်များနှယ်၊ မစင်တွင်းထဲက ဝက်များနှယ် ဖြစ်နေရကာ အမှန်မှာသနားစရာပင်ကောင်းနေတော့သည်။ ဪ..သူတို့မှာ မသိမှုအဝိဇ္ဇာခြံရံနေပါ လား၊ အမှန်အမှားမသိမှုကြောင့် တဏှာအရင်းခံပြီး ပြောမိပြောရာ၊ လုပ်မိလုပ်ရာတွေဖြစ်နေပါလား၊ သူတို့ပြုခဲ့၊ ပြောခဲ့အကုသိုလ်တွေကြောင့် အပါယ်သို့ လားရမှာပါလား၊ သူတို့ကသာ တကယ့်ကို လူ့ဗာလ၊ သနားစရာကောင်းသူများဖြစ်၍ အပြစ်လည်း မတင်မိ၊ ထို့ကြောင့်လည်း တကယ့်ဗုဒ္ဓဘာသာဝင် သူတော်စင်ကြီးများ၊ သံဃာတော်ကြီးများ၊ ရတနာ သုံးပါးကြည်ညို၍ အများအကျိုးဆောင်နေသူပုဂ္ဂိုလ်များမှာ သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးရပ်ပြည့်ဝကြ သူများဖြစ်၍ ဘယ်လောက်ခံရခံရ ကံအကျိုးပေးဟုမှတ်၍ ဘာအာရုံနှင့်တွေ့တွေ့ ဘာမှမတုံ့ပြန် ဆိတ်ဆိတ်နေနိုင်ကြခြင်းဖြစ်ဟန်တူသည်။ ဒါသည်ပင် စွပ်စွဲပြောဆိုနေသူများအပေါ် မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာဖြင့် ခွင့်လွှတ်နေခြင်းဖြစ်သည်။
ကိုယ့်ဘက်က တုံ့ပြန်လိုက်လျှင် သူတို့မှာ ပညာအားနည်းသူများဖြစ်၍ သူတို့မှာဒေါသတွေသာ ပိုထွက်လာမည်၊ လောဘတွေပိုများလာမည်၊ အမိုက်မှောင်မှာ အကုသိုလ်ပိုကြီးသွားမှာစိုး၍ မိမိဘက်က မတုံ့ပြန်ခြင်းလည်း ဖြစ်ဟန်တူသည်။ တချို့များ ဒီလိုမတုံ့ပြန်တာကိုပင် သူတို့ပြောတာ၊ ဆိုတာ မှန်နေ၍၊ ဟုတ်နေ၍ဟု ထင်မှတ်မှားနေကြပြန်သည်။ ပညာရှိသူဟူသည် သူဆဲတိုင်း လိုက်မဆဲတတ်၊ သူရန်ပြုတိုင်းလည်း လိုက်ပါရန်မဖွဲ့တတ်၊ ရန်မီးမပွားဘဲ ငြိမ်းအေးလိုသည့်ဆန္ဒသာရှိသည်၊ ဘာဝနာ ပညာပြည့်သူများအနေဖြင့်မူ လောကမှာနှိပ်စက်မှု၊ ပူလောင်မှုမှန်သမျှကို ဒုက္ခအဖြစ်သာမြင်၍ ထိုသို့ ပြုသူများအပေါ် အပြစ်မမြင်တတ်။ ထို့ကြောင့်လည်း တတ်နိုင်သမျှသည်းခံပြီး ငြိမ်းချမ်းရေးလမ်းစဉ်ကိုသာ တစိုက်မတ်မတ် လိုက်နေခြင်းဖြစ်သည်။
သူတော်ကောင်းဟူသည် အငြိုးအတေးမထားတတ်၊ အသာစီးကမနေတတ်၊ ဆန့်ကျင်ဘက် အငြိုးအတေးထားသူများ၊ နေရာတကာအသာစီးရလိုသူများအနေဖြင့်မူ ငါတို့သည် သူတော်ကောင်းတရားနှင့် ဆန့်ကျင်ဘက်ဖြစ်ကာ သူယုတ်မာလူမိုက်များ ဖြစ်နေပါလားဟူ၍ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်နိုင်အောင်သာ ကြိုးစားသင့်ကြသည်။ သူတို့အဖြစ်ကိုကြည့်၍ အလွန်သနားနေသည့် ကရုဏာမေတ္တာရှင်များ၏ အတွင်းအဇ္ဈတ္တကိုသာ မြင်နိုင်စွမ်းရှိအောင် ကြည့်ကြပါစို့လား..။ ထိုသူတွေ၊ ထိုလိုလူတွေနှင့် ဖွဲ့စည်းထားသည့်အဖွဲ့အစည်း၊ သူတို့နှင့်ပတ်သက်သည့်ပတ်ဝန်းကျင်များမှာ အဘယ်မှာလျှင် ဒုဇ္ဇနဗာလကီနာသတို့ ဖြစ်နိုင်တော့မှာလဲ၊ မိမိကိုယ်တိုင်သာ ပြန်လည်ဆန်းစစ်စေချင်လှသည်။
ပရာဘဝ မဖြစ်နိုင်ပါ
အထက်ပါ သူတော်ကောင်းတရားများနှင့် ပြည့်စုံပါက ပျက်စီးဆုတ်ယုတ်ကြောင်းဖြစ်သည့် ပရာဘဝအဖြစ်နှင့် မည်သို့မှမကြုံနိုင်ပါ။ ပရာဘဝဟူသည် မင်္ဂလာတရားနှင့် ဆန့်ကျင်ဘက်ဖြစ်ကြောင်း ဘုရားရှင်ကဟောကြားခဲ့သည်။ ယနေ့ဗုဒ္ဓဘာသာဝင်သူတော်စင်များသည် အချိန်ရပါက ဗုဒ္ဓ၏တရားတော်များကို နာယူကြ၏။ အချိန်လု၍ လည်း တရားနာယူကြခြင်းမှာ သူတော်ကောင်း တရားများကို နှစ်သက်၍ဖြစ်သည်။ တရားနာ၍ အသိတိုးသိရုံမက လိုက်နာကျင့်ကြံခြင်းဖြင့် မိမိပတ်ဝန်းကျင်၊ မိမိလူ့အဖွဲ့အစည်း၊ မိမိနိုင်ငံသာယာလှပအောင် အတတ်နိုင်ဆုံး ကြိုးပမ်းအားထုတ်နေကြသည်ကို လက်တွေ့မြင်နိုင်ပါသည်။ ဆန့်ကျင်ဘက်တို့ကား ပုတ်ခတ်စွပ်စွဲရုံမှလွဲ၍ အခြားဘာမျှ မလုပ်တတ်။ မင်္ဂလာတရားနှင့်ဆန့်ကျင်၍ မိမိကိုယ်တိုင်ပရာဘဝဖြစ်၊ မဖြစ်ဆန်းစစ်ရန်နှင့် ဆန်းစစ်နိုင်သည့်အသိဉာဏ်ရှိရန်လည်း လိုပါသည်။
ကိုယ်လုပ်သည့်အပြုအမူ အပြောအဆိုတွေက အများအကျိုးရှိရဲ့လား၊ အများပြည်သူဒုက္ခပူဆွေးသောကရောက်အောင် ပြုမိနေသလား၊ ကိုယ်ပိုင်ပစ္စည်းဥစ္စာ၊ အိုးအိမ်တိုက်တာ၊ အများပိုင်ပစ္စည်းတွေ၊ လမ်းတွေ၊ တံတားတွေဖျက်ဆီးရာမှာ၊ သူများအသက်ကိုသတ်ဖြတ်ရာမှာ အားပေးပါဝင်တိုက်တွန်းမိနေပါသလား၊ မကောင်းသည့်အနိဋ္ဌာရုံတို့ကို ထောက်ပံ့ဝန်းရံသလိုများ ဖြစ်နေပါသလား၊ သူတော်ကောင်းအပြုအမူရှိ၊ မရှိ၊ မင်္ဂလာတရားများနှင့်အညီဖြစ်၊ မဖြစ် အကဲဖြတ်ကြည့်စေလိုပါသည်။
မြတ်စွာဘုရား၏ တရားတော်များကို ယနေ့ဆရာတော်သံဃာတော်များ၊ သူတော်ကောင်း များစွာက လက်ဆင့်ကမ်းထိန်းသိမ်းကာ ဟောကြားသည်များကို နှစ်သက်မြတ်နိုးစွာဖြင့် အစဉ်မပြတ်နာယူမှတ်သား လိုက်နာကျင့်ကြံကြသူများသည် လူယုတ်မာဟူ၍ မည်သို့မျှမဖြစ်နိုင်သလို ကိုးကွယ်ဆည်းကပ်မှုမှားသည်ဟုလည်း မဆိုနိုင်ပါ။ တရားကြောင့် ဒါနကိုလည်းပြုနိုင်ကြသည်၊ သီလကိုလည်း စောင့်ထိန်းနိုင်၊ ဘာဝနာကိုလည်း အားထုတ်နိုင်ကြသည်ကိုကြည့်၍ အကဲဖြတ်နိုင်သလို လူတို့ကိုညှဉ်းဆဲသတ်ဖြတ်ခြင်း၊ သူများဥစ္စာခိုး၊ အတင်းအဓမ္မစော်ကားပြုကျင့်ခြင်း၊ ကြမ်းတမ်းသောစကား၊ မလျော်ကုန်း တိုက်သောစကားများဖြင့် လိမ်ညာပုတ်ခတ်စွပ်စွဲခြင်း၊ မူးယစ်ဆေးရောင်းဝယ်ဖောက်ကား၊ ကိုယ်တိုင် လည်း သုံးစွဲကြသည်ကို ကြည့်၍လည်း သီလနှင့်ညီ၊ မညီဆန်းစစ်နိုင်ပါသည်။ သီလရှိသူ၊ ကုသိုလ်ပြုနေသူကိုစွပ်စွဲမိလျှင် ကိုယ်တိုင်ကသီလမရှိ၊ အကုသိုလ်သာဖြစ်နေကြောင်းကိုတော့ သတိပြုရမည်ဖြစ်သည်။
ယခုခေတ်ကာလကြီးကား ဆုတ်ကပ်ထဲရောက်နေပြီး ပျက်ချိန်တန်ပျက်၍ ပြဿနာများနှင့် ပျက်စီးခြင်းကြုံရသူများ များပြားလာသည်ကို သတိထားမိသည်။ အပျက်များကြားမှာ ကိုယ်မပါစေရန် မဖြစ်သေးသည့်အကုသိုလ်ကို မဖြစ်မိအောင် အကုသိုလ်အမှုမှန်သမျှ တတ်နိုင်သမျှ ရှောင်ရှားကြပြီး ကုသိုလ်အလုပ်များ ပိုတွေး၊ ပိုပြော၊ ပိုလုပ်ဖြစ်အောင်သာ ဝီရိယထားသင့်ပါသည်။ ဘယ်အရာမဆို အကြောင်းကြောင့် အကျိုးရသည်ချည်းသာ။ အကြောင်းဟူသည် တစ်ခုတည်းလည်း ဘယ်တော့မှမလာ၊ အကြောင်းတရားတို့ပေါင်းစုံညီညွတ်၍သာ အကျိုး တရားဖြစ်လာရသည်ကို သိထားလျှင် ဘယ်သူ့ကိုမှ တရားလက်လွတ် စွပ်စွဲနေတော့မည် မဟုတ်ပါ။ သူ့ကြောင့်လို့သာ စွပ်စွဲပြောဆိုဝေဖန်နေတာ၊ တကယ်တမ်းကျတော့ ကိုယ်ကိုယ်တိုင်လည်း လောဘဒေါသကမလျော့၊ အယူကတလွဲ၊ အတွေးက မမှန်၊ အပြောမှား၊ အလုပ်မှားများဖြစ်နေပါသလား၊ ထပ်ကာထပ်ကာ ဆန်းစစ်စေလိုပါသည်။
ကိုယ့်အပြော၊ ကိုယ့်အရေးတစ်ခုကြောင့် လူ့အဖွဲ့အစည်းအတွင်း ပဋိပက္ခပိုကြီးထွားလာသည် ဆိုလျှင်ဒါသည်ကိုယ့်ဘက်က အမှားဟုဆင်ခြင်နိုင်စွမ်းရှိရပါမည်။ ထို့ကြောင့် ကိုယ့်ကိုယ်ကိုယ်သာ ဆင်ခြင်သုံးသပ်၍ ဗုဒ္ဓ၏တရားတော်များကို သိအောင်လုပ်ကြပါ၊၊ ကုသိုလ်မြဲ၍ တရားရှိသူကို အနှောင့်အယှက်ပေးရန်ခက်သည့်အတွက် တရားသဘော မသိဘဲ သူများအပေါ် မကောင်းပြောခြင်းမှ ရှောင်ကြဉ်ကြပြီး လောကကြီးကို အလှဆင်နိုင်ကြပါစေ။ မှန်မှန်ကန်ကန်ပြုလုပ်သူများအပေါ် ဒုဇ္ဇနဗာလ ကီနာသဟု တရားလက်လွတ်ပြောဆိုခြင်းများမှ ရှောင်ရှားပြီး ကိုယ်ကိုယ်တိုင်ပင်ပရာဘဝအဖြစ်ဆိုးများမှ လွတ်ကင်းကြပါစေဟု ဆုတောင်းလိုက်ပါသည်။ ။