ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်မြို့ဖြစ်သည့် ဒလမြို့ဟောင်း (ခေါ်) တွံတေးမြို့
တွံတေးမြို့သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း တည်ရှိပြီး ရှေးဟောင်းစေတီပုထိုးများ၊ မြို့ရိုးမြို့ဟောင်းများ၊ ကျုံးများ၊ စဉ့်ဖိုများ စသည့် မြို့အင်္ဂါရပ်နှင့်အညီ တည်ဆောက်ထား သည့် ရှေးဟောင်းအမွေ အနှစ်များစွာရှိသော ဒေသတစ်ခုပင် ဖြစ်သည်။ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနနှင့် မြန်မာနိုင်ငံစဉ့်အသင်းတို့ ပူးပေါင်း၍ ၁၉၉၉ ခုနှစ်က တူးဖော်ထိန်း သိမ်းထားသော တွံတေးတောကြီးတန်း ရန်ကုန်ပါဒကျေးရွာအုပ်စု ကန်ကြီးကုန်းကျေးရွာ ကျောက်ဖျာစမ်းရှိ ဦးကြာသန်း-ဒေါ်ညွန့်ရီခြံအတွင်း၌ ရှေးဟောင်းစဉ့်ဖိုအမှတ် (၁) နှင့် စဉ့်ဖိုအမှတ်(၂) ဟူ၍ အမြွှာညီနောင်ဖို နှစ်ဖိုနှင့် ဘုရားကြီးကျေးရွာ၌ စဉ့်ဖို(၁)ဖို စုစုပေါင်းသုံးခုတို့ကို ရှာဖွေတူးဖော်တွေ့ရှိခဲ့ရာ အေဒီ ၁၅ ရာစုခန့်က ရှေးဟောင်းစဉ့်ဖိုများအဖြစ် မှတ်တမ်းတင် ထားရှိပြီးယခုအခါ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း သိရသည်။
မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဇုန်အဖြစ် ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် တွံတေးမြို့နယ် စမ်းရွာရှိ မောင်းတီးစေတီတော်နှင့် စေတီပရိဝုဏ်ကို ၂၀၀၈ ခုနှစ် ဇူလိုင် ၄ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၀၈ ဖြင့်လည်းကောင်း၊ ရွှေဆံတော်ရပ်ကွက်ရှိ ဆံတော်ရှင်ဆုတောင်းပြည့် ရွှေဆံတော်စေတီတော်မြတ်ကြီးကို ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၅ ရက် ရက်စွဲပါ အမိန်ကြော်ငြာစာအမှတ် ၁၀/၂၀၀၉ ဖြင့်လည်းကောင်း သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနမှ ရှေးဟောင်းအထိမ်းအမှတ်အဆောက်အဦတည်ရှိရာဇုန်အဖြစ် ထုတ်ပြန်သတ်မှတ်ခဲ့သည်။ ယခုအခါ ပညာရှင်များ၊ သုတေသီများ၊ စာတမ်းပြုစုသူများ၊ လေ့လာသူများ နှင့် ခရီးသွားဧည့်သည်များ လေ့လာမှုများပြားခဲ့သော ရှေးဟောင်းမြို့တစ်မြို့အဖြစ် လူသိများထင်ရှားလာခဲ့ခြင်း ဖြစ်သည်။
တွံတေးမြို့သည် မြို့ပေါ်ရပ်ကွက် ရှစ်ရပ်ကွက်၊ ကျေးရွာအုပ်စုပေါင်း ၆၅ အုပ်စု၊ ကျေးရွာခွဲစုစုပေါင်း ၂၃၅ ရွာ၊ လူဦးရေစုစုပေါင်း နှစ်သိန်းကျော် မှီတင်းနေထိုင်ပြီး မြို့အကျယ်အဝန်းမှာ ၃၆၅ ဒသမ ၉၃၉ စတုရန်းမိုင်၊ အရှေ့မှ အနောက်သို့ ၂၇ မိုင်၊ မြောက်မှ တောင်သို့ ၂၅ မိုင် ခန့်ရှိသည်။ ကျေးလက်တွင် နေထိုင်သော ပြည်သူများစွာ ရှိရာ အများစုသည် လယ်ယာလုပ်ငန်းကို လုပ်ကိုင်ကြသည်။
လက်ရှိအချိန်တွင် သမိုင်းပညာရှင်များ၊ စဉ့်ပညာရှင်များနှင့် အများပြည်သူလေ့လာနိုင်စေရန် ရည်ရွယ်၍ ဂျပန်နိုင်ငံ၏ အကူအညီအထောက်အပံ့ဖြင့် ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနနှင့် မြန်မာနိုင်ငံ စဉ့်အသင်းတို့ ပူးပေါင်း၍ တွံတေးမြို့ ညောင်တံခါးကျေးရွာတွင် စဉ့်သုတေသနပြတိုက်ကို တည်ဆောက်ပြီး ရှေးဟောင်းစဉ့်ဖိုများမှ ရှာဖွေတူးဖော်တွေ့ရှိသော စဉ့်အိုးများ၊ အိုးခြမ်း ကွဲများကို ထိန်းသိမ်းပြသထားကြောင်း သိရသည်။
“ရှေးဟောင်းစဉ့်ဖိုမှာ ရှာဖွေတူးဖော်တွေ့ရှိတဲ့ စဉ့်ထည်အများစုက အမှတ်အသားတွေပါတယ်။ တချို့က မပါဘူး၊ စဉ့်ထည်နဲ့ ပြုလုပ်ထားတဲ့ဆေးတံတွေ၊ စဉ့်ပန်းကန် လုံးတွေ တွေ့ရှိရတယ်။ ရှေးက ဒလမြို့ဟောင်းလို့ခေါ်တဲ့ တွံတေးတောကြီးတန်းတစ်လျှောက် ရွှေဆံတော် စေတီတော်မြတ်ကြီးရဲ့ တစ်မိုင်ဝန်းကျင်အတွင်းမှာ ရှေးမြန်မာ မင်းတွေ နေထိုင်ခဲ့ကြတဲ့ နန်းတော်ကုန်းနေရာ၊ ရှေးဟောင်းစေတီပုထိုးများ၊ စဉ့်ဖိုပေါင်းများစွာရှိတယ်။ ရှေးဟောင်းစေတီတွေဆိုရင်လည်း ပုဂံကစေတီပုထိုးပုံစံမျိုး တည်ထားတာ တွေ့ရတယ်။ တူးဖော်ရရှိတဲ့အုတ်တွေ၊ အုတ်ကြွပ်ပြားအပိုင်းအစတွေကြည့်ပြီး သမိုင်းသုတေသန ပညာရှင်များက ပုဂံခေတ်ကတည်းက ပြုလုပ်ခဲ့ကြ တယ်လို့ ခန့်မှန်းကြတယ်။ တွံတေးမြို့နယ်မှာ စေတီပုထိုးများ၊ စဉ့်ဖိုများ၊ မြို့ရိုး၊ မြို့ဟောင်းများ၊ ကျုံးများကျန်ရှိသေးတယ် လို့ ပညာရှင်တွေက ပြောကြတယ်” ဟု တွံတေးမြို့နယ် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီမှ အဖွဲ့ဝင် ဦးလှမျိုးက ပြောသည်။
တွံတေးမြို့နယ်အတွင်းရှိ ဇောတိကျေးရွာ၊ အရိုး တောင်ကျေးရွာ၊ ငှက်ပျော်စမ်းကျေးရွာအုပ်စု၊ ကော့မှူးမြို့နယ် သပြုစမ်းကျေးရွာ၊ ငှက်အော်စမ်းကျေးရွာ၊ ကွမ်းခြံကုန်း မြို့နယ်တို့၌ မတူးဖော်ရသေးသော စဉ့်ဖိုဟောင်းများစွာ ကျန်ရှိပြီး ၂၀၁၀ ပြည့်နှစ်အတွင်း ဂျပန်အဖွဲ့၊ မြန်မာနိုင်ငံစဉ့်အသင်း၊ တွံတေးမြို့နယ်၊ ကော့မှူးမြို့နယ်၊ ကွမ်းခြံကုန်းမြို့နယ်များရှိ ဌာနဆိုင်ရာ များနှင့် ပူးပေါင်း၍ ကွင်းဆင်းသုတေသနပြုချက်အရ စုစုပေါင်း ၂၀၀၀ ကျော်ခန့် မှတ်တမ်းကောက်ယူခဲ့ကြောင်း သိရသည်။
အိုးမြို့တော်လို့ တင်စားခေါ်ဝေါ်ကြသည့် တွံတေးမြို့နယ်ရှိ အိုးလုပ်ငန်းသည် ယနေ့အချိန်၌ အကြောင်းအမျိုးမျိုးကြောင့် အိုးလုပ်ငန်းရှင်များ နည်းပါးလာပြီး တိမ်မြုပ် ပျောက်ကွယ်လုနီးပါးဖြစ်နေကြောင်း သိရသည်။
“ကျွန်မတို့ အိုးလုပ်ငန်းကို လုပ်ကိုင်လာတာ မိဘအစဉ်အဆက်ကတည်းက ခုချိန်ထိပါ။ တချို့က ပြင်ပစီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံခြားသွားပြီးတော့ အလုပ် လုပ်ကိုင်ကြတယ်။ တစ်နိုင်တစ်ပိုင် စီးပွားဖြစ်လုပ်ကိုင်တဲ့ သူတွေလည်း ရှိတယ်။ မိဘတွေရှိစဉ်အချိန်ကထက် မများတော့ဘူး၊ မြေကြီးကိုဝယ်ယူပြီး ပြုလုပ်နေရတဲ့ အနေအထားဆိုတော့ အိုးလုပ်ငန်းကို လုပ်ကိုင်လာတဲ့သူနည်းပါးသွားကြတယ်” ဟု အိုးဘို အနောက်ရပ်ကွက် အိုးလုပ်ငန်းလုပ်ကိုင်သူ ပိုင်ရှင်တစ်ဦးက ပြောသည်။
အိုးလုပ်ငန်းလုပ်ကိုင်ရာတွင် တွံတေးတူးမြောင်းအတွင်းမှ မြေကြီးကို တူးယူခြင်း၊ လယ်ကွင်းများမှ မြေကြီးများနှင့် ငါးကန်များ တူးဖော်သည့်အချိန်မျိုးတွင် မြေကြီး ဝယ်ယူခြင်းဖြင့် အိုးအမျိုးမျိုးကို ပြုလုပ်ကြသည်။ ယခင်က တွံတေးတူးမြောင်းအတွင်းမှ မြေကို တူးဖော်ရရှိခြင်းကြောင့် အဆင်ပြေသော်လည်း ကမ်းပါး များပြိုကျ ပျက်စီးခြင်းကြောင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြေကြီးများ တူးဖော်ခွင့်မပြုတော့ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ အိုးလုပ်ကိုင်သူများနည်းပါးလာခြင်းသည် ထင်းနှင့် မြေကြီးရှားပါးမှုကြောင့်ဖြစ်ပြီး အိုးလုပ်ငန်း စဉ်ဆက်မပြတ် ရေရှည်တည်တံ့နိုင်ရန် နည်းပညာ အကူအညီများစွာ လိုအပ်လျက်ရှိကြောင်း၊ စဉ့်ရေနွေးအိုး၊ သောက်ရေအိုး၊ ပန်းကန် စသည်တို့ကို တန်ဖိုးမြှင့် ကုန်ထုတ်လုပ်နိုင်မှသာ အိုးလုပ်ငန်းရှင်များအတွက် အဆင်ပြေလာနိုင်မည်ဖြစ်ကြောင်း၊ ထင်းနှင့် မြေရှားပါးမှု၊ အလုပ်သမားခ ကြီးမြင့်လာမှု အခက်အခဲများကြောင့် အိုးလုပ်ငန်းရှင်တွေ နည်းပါးသွားပြီး လက်ရှိအချိန်၌ မိရိုးဖလာစဉ်ဆက်မပြတ် လုပ်ကိုင်ကြသည့် အိုးလုပ်ငန်းရှင် ၁၀ ဦးခန့်သာ ကျန်ရှိတော့ကြောင်း တွံတေးမြို့နယ် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး ကော်မတီမှ အဖွဲ့ဝင် ဦးလှမျိုးထံမှ သိရသည်။
ယခုအခါ တွံတေးမြို့၌ အိုးလုပ်ငန်းလုပ်ကိုင်ကြသည့် အိုးရုံများသို့ ဓာတ်ပုံဆရာများ ရိုက်ကူးမှုများရှိသလို နိုင်ငံခြားသား ခရီးသွားဧည့်သည်များလည်း လေ့လာ လည်ပတ်မှုများရှိကြောင်း သိရသည်။
ဒလ-တွံတေးကားလမ်းမကြီးတစ်လျှောက်၌ ခပင်း မြို့ဟောင်း၊ ကျိုက်ပါမြို့ဟောင်းများနှင့် တွံတေးတောကြီး တန်းတစ်လျှောက် စေတီပုထိုးများ၊ မပြုပြင်ရသေးသော စေတီပုထိုးများ၊ မြို့ရိုးမြို့ဟောင်းများ၊ ကျုံးနှင့် စဉ့်ဖိုများစသည့် ရှေးဟောင်းအမွေအနှစ်များစွာနှင့် ဘိုးဘွားများ လက်ထက်မှစ၍ သားသမီးမြေးမြစ်အထိ လက်ဆင့် ကမ်း ထိန်းသိမ်းလာသည့် လက်မှုလုပ်ငန်းဖြစ်သည့် အိုးရုံများ၌ အိုးဖုတ်လုပ်သည့် အိုးလုပ်ငန်း၊ ဝါးဖြင့်ရက်လုပ်သည့် တောင်းလုပ်ငန်းတို့ကို လာရောက်လေ့လာ နိုင်ပေသည်။
တွံတေးမြို့၏ ဒြပ်မဲ့ယဉ်ကျေးမှုဖြစ်သည့် ရှမ်းတိုင်းရင်းသားတို့၏ ရှမ်းရိုးရာသဲပုံစေတီပွဲတော်ကို နှစ်စဉ် မြန်မာနှစ်ဆန်း ၁ ရက်နေ့၌ ရွှေဆံတော်စေတီတော်မြတ်ကြီး ရင်ပြင် တနင်္ဂနွေထောင့်ရှိ မဟာအောင်မြေတွင် စည်စည် ကားကား ကျင်းပသည့် ရိုးရာဓလေ့ကို ယနေ့ထိတိုင် ထိန်းသိမ်းထားဆဲဖြစ်သည်။
တွံတေးမြို့ ကျက်သရေဆောင် မေရုဒကုန်းတော်ပေါ်တွင် တည်ထားသည့် ဆံတော်ခြောက်ဆူ ကိန်းဝပ်တော်မူသော ရှေးဟောင်းသမိုင်းဝင် ဆံတော်ရှင် ဆုတောင်း ပြည့်ရွှေဆံတော်စေတီတော်မြတ်ကြီး၊ တဖုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့၏ ဇာတိဖြစ်သော ပေါက္ခရဝတီမြို့ဟောင်း၌ ကျိုက်ကေသာ ဆံတော်ကြိုစေတီ၊ တွံတေးမြို့နှင့် ကော့မှူးမြို့နယ်ဘက်သို့ လမ်းခွဲသောနေရာဖြစ်သည့် စမ်းရွာတွင် အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့သော ရှေးဟောင်းမောင်းတီးစေတီ၊ ဆင်ဖြူရှင်ဗညား ဦးမင်းလက်ထက်က တ ည်ထားသော နောင်တရစေတီတော်နှင့် ပါဠိ-မွန်ဘာသာဖြင့် ရေးထိုးထားသည့် ကျောက်စာတို့သို့ သွားရောက်ဖူးမြော် ကြည်ညိုနိုင်ပေသည်။
ထို့ကြောင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များကျန်ရှိနေသည့် ဒလမြို့ဟောင်း(ခေါ်) တွံတေးမြို့သို့ ခရီးသွား ဧည့်သည်များနှင့် အနယ်နယ်အရပ်ရပ်မှ မိတ်ဆွေများ လာရောက်လည်ပတ်ကြဖို့ ဖိတ်ခေါ် လိုက်ရပါသည်။
သတင်းဆောင်းပါးနှင့် ဓာတ်ပုံ -မျိုးလှိုင်၊ နိုင်လင်းကျော်