ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေး
စည်သူကျော်
နှစ်စဉ် စက်တင်ဘာလ ၂၇ ရက်နေ့သည် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ (World Tourism Day) ဖြစ်သည်။ ထိုနေ့ရောက်တိုင်း ကမ္ဘာ့နိုင်ငံအသီးသီးတို့သည် ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားများကို ပြုလုပ်ကျင်းပကြသည်။
ကျင်းပသည်ဆိုရာ၌လည်း ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့(United Nations World Tourism Organization- UNWTO)က ထိုနှစ်အတွက်ချမှတ်ပေးသော ဆောင်ပုဒ်အကြောင်း အရာ(Theme) အပေါ် အခြေခံ၍ ကျင်းပကြခြင်းဖြစ်သည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကြီးက နှစ်စဉ်ကမ္ဘာပေါ်၌ လတ်တလောဖြစ်ပေါ်နေသော အားလုံးက အလေးထားဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရမည့် အကြောင်းအရာ (Global Agenda) များကိုအခြေခံ၍ သက်ဆိုင်ရာနှစ်အတွက် ဆောင်ပုဒ်ကို ဖော်ထုတ်ချမှတ်ပေးခြင်းဖြစ်သည်။
ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေး
ယခုလည်း ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့သို့ ရောက်တော့မည်ဆိုသော အမှတ်ရစိတ်ဖြင့် ယခုနှစ်အတွက် ဆောင်ပုဒ်ကို ရှာဖွေကြည့်မိသည်။ ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့အတွက် ဆောင်ပုဒ်သည်(Tourism and Peace) ဖြစ်သည်။ အလွယ်မြန်မာပြန်ရသော် ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေးဖြစ်သည်။ မှန်ပေသည်။
ယနေ့ကမ္ဘာပေါ်တွင် စစ်မက်ဖြစ်ပွားနေသော နေရာဒေသ မြောက်မြားစွာရှိနေသည်။ အလားတူ စစ်မက်ဖြစ်ပွားရန် တာစူစိုင်းပြင်းနေသောနေရာ ဒေသများလည်း ရှိနေသည်။ ကမ္ဘာ့လူသားများအတွက် ရတက်မအေးဖွယ်ဖြစ်သည်။ နျူကလီးယား စစ်ပွဲ (Nuclear War)ဆိုသော စကားလုံးကိုလည်း ခပ်စိပ်စိပ် တွေ့မြင်ကြားသိနေရသည်။ သို့ဖြစ်ရာ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ကြီး၏ ၂၀၂၄ ခုနှစ် အတွက် ဆောင်ပုဒ်သည် လက်ရှိကမ္ဘာကြီး၏ အနေ အထားကို တိုက်ရိုက်မီးမောင်းထိုးပြနေသလို ငြိမ်းချမ်းရေး၏ အရေးပါပုံ၊ ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေးတို့ အပြန်အလှန်ဆက်စပ်နေပုံတို့ကို ပေါ်လွင်စေသည်။
ခရီးသွားလုပ်ငန်းနှင့်ပတ်သက်သော စာအုပ်စာတမ်းများကို လေ့လာခဲ့စဉ်က ဖတ်ရှုခဲ့ဖူးသော စာတမ်းတစ်စောင်ပါ စာသားအချို့ကို အမှတ်ရမိသည်။ Tourism and War ဆိုသော စာတမ်းဖြစ်သည်။ ဘာသာပြန်ကြည့်ရလျှင် စစ်နှင့်ခရီးသွား လုပ်ငန်းဟု ပြန်ဆိုရမည်ထင်သည်။ အမှတ်ရမိသည် ဆိုရာ၌ စာရေးဆရာကြီး လီယိုတော်စတွိုင်း ရေးသားခဲ့ပြီး ဆရာမြသန်းတင့် ဘာသာပြန်ဆိုခဲ့သော စစ်နှင့်ငြိမ်းချမ်းရေး (War and Peace) စာအုပ်နှင့်အမည် အနည်းငယ်ဆင်တူသောကြောင့် ဖြစ်သည်။
ကမ္ဘာပေါ်တွင် ဖြစ်ပွားခဲ့သော ထင်ရှားသည့် စစ်ပွဲအချို့နှင့် ခရီးသွားလုပ်ငန်း၏ သဘောသဘာဝတို့ကို ယှဉ်တွဲရေးသားထားခြင်းဖြစ်သည်။ ကနဦးဆွဲထုတ်ပြထားသော အယူအဆမှာ ခရီးသွား လုပ်ငန်းဆိုသည်မှာ ဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်အေးချမ်းမှု(ဝါ)ငြိမ်းချမ်းမှုရှိရန် လိုအပ်သော ဖြစ်ရပ်တစ်ခုဆိုသည်ပင် ဖြစ်သည်။ ဆိုလိုသည်မှာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ်အေးချမ်းသော အခြေအနေတစ်ရပ်ရှိရန် လိုအပ်သည်။ ထို့နောက်တွင်ကား ခရီးသွားလုပ်ငန်းကဏ္ဍ၏ အလျင်အမြန်ဖွံ့ဖြိုးတိုးတက်လာသော အနေအထားကြောင့် ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက်တွန်းအား တစ်ရပ်သဖွယ်ဖြစ်သည်ဟု အသိအမှတ်ပြုလာကြသည်။ ခရီးသွားလုပ်ငန်းသည် ဖြစ်မှုအနေအထားတစ်ခုမှ ပြုမှုအနေအထားတစ်ရပ်သို့ အသွင်ပြောင်းလဲသွားခြင်း ဖြစ်သည်။
ခရီးသွားလုပ်ငန်းကို ဘာသာရပ်တစ်ခုသဖွယ် သုတေသနပြုလေ့လာ
ခရီးသွားလုပ်ငန်းကဏ္ဍ ကျယ်ပြန့်လာသည်နှင့်အမျှ ခရီးသွားလုပ်ငန်းနယ်ပယ်တွင် ခရီးသွားလုပ်ငန်းကို ဘာသာရပ်တစ်ခုသဖွယ် သုတေသနပြုလေ့လာကြသော ပညာရပ်ဆိုင်ရာ အခန်းကဏ္ဍများ၊ ပညာရှင်များပါဝင်လာခဲ့ရာ ခရီးသွားလုပ်ငန်း၏ အခြားသောကဏ္ဍများ၌ ပါဝင်ပတ်သက်မှု၊ လွှမ်းခြုံနိုင်မှု၊ ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ ဖြစ်ပေါ်နိုင်မှုတို့ကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာ ဖော်ထုတ်တင်ပြလာကြသည်။ ၎င်းတို့တွင် ငြိမ်းချမ်းရေးနှင့် ခရီးသွားလုပ်ငန်းတို့၏ အပြန်အလှန် ဆက်စပ်သက်ရောက်မှုများအပေါ် လေ့လာတင်ပြ ခြင်းများ ရှုထောင့်ပေါင်းစုံမှ ပေါ်ထွက်လာသည်။
သို့ဖြစ်ရာ စစ်ပွဲ၊ ငြိမ်းချမ်းရေးနှင့် ခရီးသွားလုပ်ငန်းတို့အကြား (ပညာရပ်ဆိုင်ရာ ပုဂ္ဂိုလ်များ၏) အပြန်အလှန် မေးခွန်းထုတ်မှုများလည်း ရှိခဲ့သည်။ မှန်ပေသည်။ ၎င်းတို့တင်ပြလာသော အယူအဆမှာ စစ်မက်ဖြစ်ပွားနေသော(ဝါ) ငြိမ်းချမ်းမှုမရှိ သောနေရာတွင် ခရီးသွားလုပ်ငန်း မဖြစ်ထွန်းနိုင်ဟူ၍ ဖြစ်သည်။ သို့ဖြစ်ရာ ခရီးသွားလုပ်ငန်းပေါ်ထွန်း ဖွံ့ဖြိုးလိုသော် ငြိမ်းချမ်းမှုရှိအောင် လုပ်ရမည်ဟူသည့် သဘောဖြစ်သည်။ အချို့ကလည်း ခရီးသွားလုပ်ငန်းသည် ငြိမ်းချမ်းရေးတည်ဆောက်မှုကို တိုက်ရိုက်မဖြစ်ပေါ်စေနိုင်၊ ငြိမ်းချမ်းရေးပေါ်ပေါက်လာစေခြင်းတွင် အထောက်အပံ့ပြုသော အကြောင်း အချက်တစ်ခုဖြစ်သည်ဟု ဆိုကြသည်။
မည်သို့ပင်ဆိုစေကာမူ ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေးသည် ကြီးမားသော ဆက်နွှယ်မှုရှိနေသည်ကို ငြင်းမရ။ ခရီးသွားလုပ်ငန်းသည် ငြိမ်းချမ်းရေးအတွက် ကြီးစွာသော အထောက်အပံ့ဖြစ်သည် ဆိုသော အယူအဆသည် ကျယ်ကျယ်ပြန့်ပြန့် ခိုင်မာလာသည်။ ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေး အယူအဆရေးရာ ဂုရုကြီးတစ်ဦးဖြစ်သော Louis D’ Amore (လူးဝစ်ဒမော)က ခရီးသွားလုပ်ငန်းကို “Tourism-The World’s Peace Industry” ဟု ရဲရဲဝံ့ဝံ့ ကျယ်ကျယ်ပြန့်ပြန့် ချပြလိုက်သောအခါ ပိုမို၍ လှုပ်လှုပ်ခတ်ခတ် ဖြစ်သွားခဲ့သည်။
ငြိမ်းချမ်းရေး(Peace) ဆိုသည်ကို လူးဝစ်ဒမောက ၎င်း၏ စာတမ်းတွင် စစ်ပွဲများမရှိခြင်း(absence of war)ဟု ရိုးရိုးရှင်းရှင်းပင် အဓိပ္ပာယ်ဖွင့်ခဲ့သည်။ စစ်ပွဲများမရှိခြင်းသည် ငြိမ်းချမ်းခြင်းပင်ဖြစ်သည်။ သို့ဖြစ်ရာ ခရီးသွားလုပ်ငန်းဖြစ်ထွန်းရာ နေရာသည် စစ်ပွဲများမရှိ၊ ငြိမ်းချမ်းသောနေရာပင်ဖြစ်သည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းကို ငြိမ်းချမ်းရေးလုပ်ငန်းကဏ္ဍ (The World’s Peace Industry) ဟု အမည်ပေးကင်ပွန်းတပ်ခဲ့ခြင်းဖြစ်သည်။ ဒမော၏ အမြင်ဖြစ်သော ငြိမ်းချမ်းရေးအပေါ် ခရီးသွား လုပ်ငန်း၏ တွန်းအားမှာ ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့လူသားအချင်းချင်း၊ ကမ္ဘာ့နိုင်ငံများအချင်းချင်း နီးကပ်စွာ ဆက်သွယ်ဆက်ဆံရေးကို တိုးတက်ကောင်းမွန်စေခြင်းဖြင့် ငြိမ်းချမ်းရေးဖြစ်တည်မှုကို အထောက်အကူပြုစေခြင်းဖြစ်သည်။
ပြန်လှန်မေးခွန်းထုတ်သူများ၏ မေးခွန်းဖြစ်သော ခရီးသွားလုပ်ငန်းအတွက် ငြိမ်းချမ်းရေးလော၊ ငြိမ်းချမ်းရေးအတွက် ခရီးသွားလုပ်ငန်းလောဟူသည်ကို ဤအချက်ဖြင့် အဖြေထုတ်နိုင်ခဲ့သည်။ ခရီးသွားလုပ်ငန်း (ဖြစ်မှု)အတွက် ငြိမ်းချမ်းရေး (ပြုမှု) မဟုတ်၊ ငြိမ်းချမ်းရေး(ဖြစ်မှု)အတွက် ခရီးသွား လုပ်ငန်း(ပြုမှု)ဖြစ်သည် ဆိုခြင်းပင်။ ခရီးသွားလုပ်ငန်းသည် တကယ်ပင်ငြိမ်းချမ်းရေးကို အထောက် အကူပြုပါသလားဟု မေးခွန်းထုတ်လာသော် ခရီးသွားခြင်းဖြင့် အခြားမတူကွဲပြားသောသူများ၏ ယဉ်ကျေးမှု၊ ဘာသာစကား၊ ဖြစ်တည်မှုတို့ကို တန်ဖိုးထားလေးစားမှု တိုးပွားလာပြီး မိမိတို့သည် ကမ္ဘာ့မိသားစုကြီး၏ မိသားစုဝင်များဖြစ်ပါပေသည်ဟု နားလည်စာနာ ခံစားတတ်လာပါက၊ ဟုတ်ပါသည်၊ ခရီးသွားလုပ်ငန်းသည် ကမ္ဘာ့ငြိမ်းချမ်းရေး ဖြစ်ထွန်းပေါ်ပေါက်ရေးကို အထောက်အကူပြုပါပေသည်ဟု ဆိုရမည်ဖြစ်ပါသည်။
ခရီးသွားလုပ်ငန်းသည် ငြိမ်းချမ်းရေးဖြစ်ပေါ်တိုးတက်မှုအတွက် တွန်းအားဆိုသည်ကို ထောက်ပြ နိုင်သည့် အချက်တစ်ချက်မှာ ခရီးသွားလုပ်ငန်း၏ အခြားသော ကဏ္ဍများအပေါ် ပြောင်းလဲပစ်လိုက်နိုင်သည့် စွမ်းအား (Transformative Force) ဖြစ်သည်။ ခရီးသွားလုပ်ငန်းကဏ္ဍ ဖြစ်ထွန်းလာပါက (သို့မဟုတ်) တစ်မုဟုတ်ချင်းဖွံ့ဖြိုးတိုးတက်လာပါက အခြားသော ဆက်စပ်ကဏ္ဍများသို့ သိသာသော သက်ရောက်မှုများ ပေါ်ပေါက်လာစေခြင်းဖြစ်သည်။
ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှု၏ သက်ရောက်မှုများ
စီးပွားရေး၊ လူမှုရေး၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာများတွင် ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာမှု၏ သက်ရောက်မှုများကို အထင်အရှား တွေ့ရသည်။ ခရီးသွားလုပ်ငန်းကြောင့် ဒေသတစ်ခု (သို့မဟုတ်) နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာခြင်း၊ ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်မှု ယန္တရားများအားကောင်းလာခြင်း၊ ၎င်းတို့သည် ခရီးသွားလုပ်ငန်းကြောင့် အပြုသဘောဆောင်သော ပြောင်းလဲမှုများဖြစ်သည်။ သို့သော် အချို့သောဒေသများတွင် ခရီးသွားလုပ်ငန်းကို တာဝန်သိစွာအကောင်အထည် ဖော်ဆောင်ရွက်မှုမပြုခြင်းကြောင့် ဒေသခံများ၏ လူမှုစံတန်ဖိုးနှင့် သဘာဝပတ်ဝန်းကျင်တို့ ယုတ်လျော့ပျက်စီးခဲ့သည့် သာဓကများလည်း အမြောက်အမြားရှိသည်။ ဆိုလိုသည်မှာ ခရီးသွားလုပ်ငန်းသည် ဖော်ဆောင်သည့်ဒေသ၏ စရိုက်လက္ခဏာအသွင်အပြင် (Characteristics)ကို ပြောင်းလဲပေးနိုင်သည့်စွမ်းအား(Transformational Force or Transformational Power) ရှိသည် ဆိုသော အချက်ဖြစ်သည်။
ယင်းကြောင့်လည်း ယနေ့ခေတ်၌ဒေသကို ပြောင်းလဲပေးနိုင်သော ခရီးသွားလုပ်ငန်းပုံစံ (Transformative Tourism)၊ ဒေသကို ပြန်လည်ကောင်းမွန်တိုးတက်လာစေသော ခရီးသွားလုပ်ငန်း (Regenerative Tourism) စသောခရီးသွားလုပ်ငန်း (Ideology)ပုံစံအသစ်များ ပေါ်ထွန်းလာခြင်းဖြစ်သည်။ သို့ဖြစ်ရာ ခရီးသွားလုပ်ငန်းသည် ငြိမ်းချမ်းရေးအသွင်ပြောင်းလဲခြင်း၊ ငြိမ်းချမ်းရေး ဖော်ဆောင်ခြင်း လုပ်ငန်းစဉ်များတွင် ပါဝင်နိုင်သည်၊ တွန်းအားပေးပြောင်းလဲနိုင်သည်ဟု ဆိုနိုင်ပေသည်။
ခရီးသွားလုပ်ငန်းသည် အစိုးရအချင်းချင်းဆက်ဆံမှု (Government to Government Relationship)၊ အစိုးရနှင့်ပုဂ္ဂလိကဆက်ဆံမှု (Government to Private Citizens Relation- ship)၊ ပုဂ္ဂလိကအချင်းချင်း အပြန်အလှန်ဆက်သွယ်ဆက်ဆံမှု (Citizens to Citizens Relationship)တို့ကို တိုးတက်ကောင်းမွန်စေပြီး ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန်နားလည်မှု၊ ယဉ်ကျေးမှုနှင့် သတင်းအချက်အလက် မျှဝေဖလှယ်မှုတို့တွင် ထိရောက်သော အကျိုးဖြစ်ထွန်းမှုတို့ကို ဖြစ်ပေါ် စေသည်။ ယင်းအလေ့အထများကို အာဆီယံနှင့် မဟာမဲခေါင်ဒေသတွင်း ခရီးသွားလုပ်ငန်းဖိုရမ်များ၊ ခရီးသွားလုပ်ငန်းဆိုင်ရာ အစည်းအဝေးများတွင် ထူထောင်ဆောင်ရွက်လျက်ရှိသည်ကို ဝမ်းမြောက်ဖွယ် တွေ့ရှိနိုင်သည်။
တရားဥပဒေ၏ အကာအကွယ်ကို လုံလောက်စွာ ပေးအပ်နိုင်ရမည်
ထို့ပြင် ငြိမ်းချမ်းရေးဆိုသည့်နေရာတွင် လက်နက်ကိုင်သောင်းကျန်းမှုများသာမက တရားဥပဒေစိုးမိုးရေးကိစ္စရပ်များလည်း ပါဝင်ပါသည်။ တရားဥပဒေ၏ အကာအကွယ်ကို လုံလောက်စွာ မရရှိခြင်းသည်လည်း ခရီးသွားလုပ်ငန်းအပေါ်များစွာ သက်ရောက်မှုရှိသည်။ နိုင်ငံခြားသား ခရီးသွားများတွင်သာမက ပြည်တွင်းခရီးသွားများတွင်ပါ ဖြစ်လေ့ဖြစ်ထရှိသည့် ခိုးယူမှု၊ အကြမ်းဖက် လုယက်မှု၊ လူကုန်ကူးမှုနှင့် ကလေးသူငယ်နှင့် အမျိုးသမီးများအား ခေါင်းပုံဖြတ် မတရားစေခိုင်းမှုများသည် ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်မှုဖြစ်စဉ်တွင် အားနည်းချက်တစ်ရပ်ဖြစ်ပြီး ကုစားရန်ခက်ခဲသော အနုတ်လက္ခဏာဆောင်သည့် ပုံရိပ်တစ်ခုလည်းဖြစ်ပါသည်။ သို့ဖြစ်ရာ ခရီးသွားလုပ်ငန်း တိုးတက်ဖွံ့ဖြိုးစေရေးအတွက် ခရီးသွားဧည့်သည်များကိုသာမက ခရီးသွားလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်နေသူများကိုပါ တရားဥပဒေ၏ အကာအကွယ်ကို လုံလောက်စွာ ပေးအပ်နိုင်ရမည်ဖြစ်သည်။
အထက်ဖော်ပြပါအချက်များအရ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် စိန်ခေါ်မှုများတွင် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့သည် အဓိကကျသော အချက်များဖြစ်သည် ဆိုခြင်းပင်ဖြစ်သည်။ အညီအမျှအားဖြင့် ခရီးသွားလုပ်ငန်းသည် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုတိုးပွားလာစေရေးနှင့် ယဉ်ကျေးမှုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေးတို့တွင် တိုက်ရိုက်၊ သွယ်ဝိုက် (သို့မဟုတ်) တစ်ဆင့်ခံအကျိုးသက်ရောက်စေခြင်းဖြင့် ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့ကို ဖြစ်ပေါ်စေသည်။
ကုလသမဂ္ဂ၏ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးရည်မှန်းချက်ပန်းတိုင် (Sustainable Development Goals- SDGs) (၁၇)ချက်တွင် အမှတ်စဉ်(၁၆)၌ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုး ရေးနှင့် ဖွဲ့စည်းပုံခိုင်မာ အားကောင်းလာရေးဟူသော အချက်တစ်ချက် ပါဝင်ပါသည်။ ယနေ့ ကမ္ဘာပေါ်တွင် အကောင်အထည်ဖော်သော လုပ်ငန်းအားလုံးတို့သည် ၎င်း SDGs (၁၇) ချက်နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိရာ ခရီးသွားလုပ်ငန်းကဏ္ဍသည်လည်း SDGs ကို လိုက်နာဦးတည်အကောင်အထည် ဖော်ခြင်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေး တည်ဆောက်ခြင်း ကို တစ်တပ်တစ်အားပါဝင်အားဖြည့် ဖော်ဆောင် လျက်ရှိပါသည်။ ကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်ကြီး၏ နှစ်စဉ်ချမှတ်ခဲ့သော ကမ္ဘာ့ခရီးသွားလုပ်ငန်း နေ့ဆောင်ပုဒ်များကို ကြည့်ပါက အောက်ပါအတိုင်း တွေ့ရမည်ဖြစ်သည်-
- ၂၀၂၀ ပြည့်နှစ် - ခရီးသွားလုပ်ငန်းနှင့် ကျေးလက်ဖွံ့ဖြိုးရေး (Tourism and Rural Development)
- ၂၀၂၁ ခုနှစ် - ကဏ္ဍစုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးသွားလုပ်ငန်းဖြင့် ဖော်ဆောင်ပေး (Tourism for Inclusive Growth)
- ၂၀၂၂ ခုနှစ် - ခရီးသွားလုပ်ငန်းဖွံ့ဖြိုးဖို့ ပြန်လည်ကြံဆဆောင်ရွက်စို့ (Rethinking Tourism)
- ၂၀၂၃ ခုနှစ် - ခရီးသွားလုပ်ငန်းနှင့်အစိမ်းရောင် ရင်းနှီးမြှုပ်နှံမှု (Tourism and Green Investment)
အထက်ပါဆောင်ပုဒ်များအနက် ၂၀၂၂ ခုနှစ် ဆောင်ပုဒ်တစ်ခုတည်းသာ ကိုဗစ်-၁၉ အလွန်ကာလ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုးတက်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ကြံဆဆောင်ရွက်နိုင်ရန် (Rethinking Tourism) ဟူသော ဆောင်ပုဒ်ကို ချမှတ်ခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်များ၏ ဆောင်ပုဒ်များ ကို လေ့လာကြည့်ပါက Sustainable Development Goals များနှင့် ဆက်စပ်ထင်ဟပ်လျက်ရှိသည်ကို တွေ့ရမည် ဖြစ်ပါသည်။
၂၀၂၅ ခုနှစ်ဆောင်ပုဒ်သည်လည်းစာရေးသူ အထက်ကတင်ပြခဲ့သည့်အတိုင်း ခရီးသွားလုပ်ငန်း၏ ပြောင်းလဲဖော်ဆောင်နိုင်သည့် အနေအထား တစ်ရပ်အတွင်းမှ ရေရှည်တည်တံ့သော ပြောင်းလဲမှုကို ဖြစ်ပေါ်စေသည့် အနေအထားတစ်ရပ်ကို မီးမောင်းထိုးပြသည့်အနေဖြင့် (Tourism and Sustainable Transformation) ဟူသော ဆောင်ပုဒ်ကို ချမှတ်ထားသည်။
ယခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ဆောင်ပုဒ် (Tourism and Peace) နှင့် နောင်လာမည့် ကမ္ဘာ့ ခရီးသွားလုပ်ငန်းနေ့ဆောင်ပုဒ် (Tourism and Sustainable Transformation) ဆောင်ပုဒ်နှစ်ခုကို ယှဉ်တွဲရင်းစဉ်းစားမိသည်မှာ(Tourism- Transfor-mation for Peace) ဆိုသော ဆောင်ပုဒ်ဆိုလျှင် ပို၍ကောင်းမည်လားဟုပင်။ “ငြိမ်းချမ်းရေးအတွက် ပြောင်းလဲမှုစွမ်းအား၊ တို့များရဲ့ခရီးသွား” ဆိုလျှင်ဖြင့်။
ကမ္ဘာကြီးငြိမ်းချမ်းပါစေ။
ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ပါစေ။ ။