Skip to main content

ရှေ့သို့လှမ်းချီ အေဂျီအမ်ဆီသို့ . . . . .

 

လူဟန် (အိမ်ခြံမြေ)

မိမိတို့နိုင်ငံသည် ရှေးနှစ်ပေါင်းထောင်ချီကာ မြန်မာမင်းများတည်ဆောက် အစပြုခဲ့သော အချုပ်အခြာအာဏာပိုင် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ တိုင်းရင်းသား လူမျိုးပေါင်းစုံ ၁၀၀ ကျော် အေးအတူ၊ ပူအမျှချစ်ကြည်ရင်းနှီးစွာ ရှေးပဝေသဏီကတည်းက အတူတကွ နေထိုင်ခဲ့ကြသော ပြည်ထောင်စုနိုင်ငံတစ်နိုင်ငံလည်း ဖြစ်ပါသည်။ တစ်ဦးနှင့်တစ်ဦး ယုံကြည်စွာဖြင့် ကူးလူးဆက်ဆံခြင်း၊ ချစ်ကြည်ရင်းနှီးမှုနှင့် လူမျိုးစွဲ၊ ဝါဒစွဲ၊ ဒေသစွဲမထားရှိဘဲ ငြိမ်းချမ်းစွာ အတူတကွနေထိုင်ခြင်းစသော ချစ်စရာကောင်းသည့် အမူအကျင့်များဖြင့် ပေါင်းစည်းကာ ပြည်ထောင်စုစိတ်ဓာတ်အရင်းခံ၍ ဥမကွဲသိုက်မပျက် စုပေါင်းညီညာ တင့်တယ်စွာနေထိုင်ခဲ့သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါသည်။

ထိုသို့သော အခြေအနေတွင် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း (MRESA)သည် ၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်နေ့က စတင်သန္ဓေတည်ကာ ပြည်ထောင်စုတိုင်းရင်းသားများ စိတ်တူကိုယ်တူ ပေါင်းစည်းကာ အတူလက်တွဲ ဆောင်ရွက်ခဲ့သော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ ယနေ့ဆိုရင် ၁၂ နှစ် တည်ထောင်ဖွဲ့စည်းထားသော ပြည်ထောင်စုအင်န်ဂျီအိုအဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

ဆီဒိုးနားဟိုတယ်၌ အစည်းအဝေးကျင်းပသွားမည်

နှစ်စဉ် တစ်နှစ်တစ်ခါ ကျင်းပသော အထွေထွေညီလာခံ (AGM) အစည်းအဝေးကိုဥက္ကဋ္ဌ ဒေါ်မို့မို့အောင် ဦးဆောင်သော မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း(MRESA)က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ချုပ် (UMFCCI)နှင့် ပူးပေါင်းဆောင်ရွက်ပြီး နိုင်ငံအတွင်း မှီတင်းနေထိုင်ကြသောနိုင်ငံသူ နိုင်ငံသားများအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုစေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၈ ရက်နေ့ (စနေနေ့)တွင် ရန်ကုန်မြို့ရှိ ဆီဒိုးနားဟိုတယ်၌ အစည်းအဝေး ကျင်းပသွားမည်ဖြစ်ပါသည်။

ထိုအစည်းအဝေးသို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ တိုင်းရင်းသားလူမျိုးပေါင်းစုံ အသင်းသူအသင်းသား တစ်ထောင်ဝန်းကျင်ခန့် တက်ရောက်ကြမည်ဖြစ်ပါသည်။ အဆိုပါ အခမ်းအနား တွင် ပြည်တွင်းဆောက်လုပ်ရေးလုပ်ငန်း ရှင်များဆောက်လုပ်ထားသော အိမ်ရာများ၊ ကွန်ဒိုများ၊ တိုက်ခန်းများကို ပြခန်း၌ထားရှိ၍ တက်ရောက်လာသော ပုဂ္ဂိုလ်များ စိတ်ဝင်စားစေရန် ပြသဆောင်ရွက် သွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း (MRESA) ၏ အထွေထွေညီလာခံ (AGM) အစည်းအဝေးသို့ ပြင်သစ်နိုင်ငံ တွင် အခြေစိုက်ထားသည့် ကမ္ဘာ့အိမ်ခြံမြေအဖွဲ့(FIABCI) အဖွဲ့အစည်းမှ တာဝန် ရှိသူများ၊ အရှေ့တောင်အာရှအိမ်ခြံမြေ (အာဆီယံ)အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်အားပေးမည်ဖြစ်သကဲ့သို့ မြန်မာနိုင်ငံအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ NGO အဖွဲ့အစည်းမှ တာဝန်ရှိသူများ ပါဝင်တက်ရောက်မည်ဖြစ်ပါသည်။

၂ဝ၂၄ ခုနှစ် ဩဂုတ်လ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ Amari Hotel ၌ ကျင်းပသော 2024 Asia Pacific Real Estate Convention အစည်းအဝေး သို့ ပြင်သစ်နိုင်ငံအခြေစိုက် ကမ္ဘာ့အိမ်ခြံမြေ အဖွဲ့ (FIABCI)က ဖိတ်ကြားခဲ့သဖြင့် မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းဥက္ကဋ္ဌ ဒေါ်မို့မို့အောင်၊ ဒုတိယဥက္ကဋ္ဌဦးလူဟန်၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးမောင်အေး ဦးဆောင်သော ဗဟိုအလုပ်အမှုဆောင်များ၊ အသင်းသူ အသင်းသား ၂၀ ခန့် တက်ရောက်လေ့လာခဲ့ပါသည်။

“နေရေး”ဆိုသည့် လောကတစ်ပါး

လူတိုင်း “စားဝတ်နေရေး” ဆိုသည့် အရေးကြီးသည့် သုံးပါးကို မဖြစ်မနေ ရင်ဆိုင်ရမည်ဖြစ်ပြီး ထိုအထဲမှ “နေရေး” ဆိုသည့် လောကတစ်ပါးကိုမည်သူမဆို ရင်ဆိုင်ရမည်ဖြစ်ပါသည်။ အရွယ်ရောက်၍ အိမ်ထောင်ပြုလာသည်နှင့် ကိုယ့်အိုးကိုယ့်အိမ် ထူထောင်ကြရမည်ဖြစ်ပါ သည်။ ထိုအခါတိုက်ခန်း(သို့) အိမ်ရာ တစ်ခုကို ငှားရမ်းခြင်း၊ ဝယ်ယူခြင်းကို မလွဲမသွေ ရင်ဆိုင်ရမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်းသည် ပြည်ထဲရေးဝန်ကြီးဌာန အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ကြီးကြပ်မှုအောက်တွင် ပူးပေါင်းကာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးများက မြေယာအုပ်ချုပ် ရေးသမိုင်းများ၊ အသုံးချမြေယာဥပဒေများ၊ မြေအမျိုးအစားများ၊ မြို့များနှင့်ကျေးရွာမြေများ စီမံခန့်ခွဲမှုဆိုင်ရာများ၊ ခရိုင်ကော်လိတ္တော်အရာရှိ တာဝန်များစသော ကျယ်ပြန့်သည့် မြေယာကိစ္စများ ရှင်းလင်းခြင်း၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင် ကြီးကြပ်ရေးအာဏာပိုင်များ ဖွဲ့စည်းထားရှိခြင်း၊ အိမ်ခြံမြေအကျိုးဆောင်အဖွဲ့များ ဖွဲ့စည်းထားရှိမှု၊ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း အသိအမှတ်ပြု မှတ်ပုံတင်လက်မှတ် လျှောက်ထားရေးကိစ္စရပ်များကို လည်းကောင်း၊ သက်ဆိုင်ရာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ တာဝန်ရှိပုဂ္ဂိုလ်များက ငွေကြေးခဝါချ တိုက်ဖျက်ရေးကိစ္စရပ်များ (AML/ CFT) ကိုလည်းကောင်း၊ ဥပဒေပညာရှင်များကအိမ်ခြံမြေရောင်းဝယ်/ငှား လိုက်နာကျင့်သုံးရမည့်ဥပဒေ၊ နည်းဥပဒေများကို လည်းကောင်း၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများကမြို့ပြ အိမ်ရာဆိုင်ရာ လိုက်နာကျင့်သုံးရမည့် အချက်များကိုလည်းကောင်း၊ တက္ကသိုလ်ပါမောက္ခ (အငြိမ်းစား)များ ပါဝင်သော ဆရာများက စိတ်ပိုင်းဆိုင်ရာ ပြုပြင်လိုက်နာရမည့် အချက်များကို လည်းကောင်း၊ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (MRESA)မှ တာဝန်ရှိ ပုဂ္ဂိုလ်များက အိမ်ခြံမြေ အသင်းသူ အသင်းသားများလိုက်နာရမည့် စည်းကမ်းများ၊ ကျင့်ဝတ်သိက္ခာများ၊ ရောင်းမှား/ ဝယ်မှားမရှိစေရန် စိစစ်စစ်ဆေးရမည့် အချက်များ၊ အဖွဲ့အစည်းနှင့် ပူးပေါင်း ဆောင်ရွက်မှုများကို လည်းကောင်း သင်တန်းကာလနှစ်ရက်တာကာလအတွင်း သင်ကြားပေးလျက်ရှိပါသည်။ အိမ်ခြံမြေအသိပညာပေးသင်တန်းများကို လစဉ်ပို့ချလျက်ရှိရာ ယခုဆိုလျှင် တစ်နိုင်ငံလုံးအနေဖြင့် သင်တန်းသား ပေါင်းတစ်သောင်းကျော် အပတ်စဉ် (၄၄/၂၀၂၄) အထိ၊ နောက်ဆုံးသင်တန်း တက်ရောက်ခဲ့သည့် အသင်းသားနံပါတ်(၁၂၇၂၉)အထိ ရောက်ရှိခဲ့ပြီဖြစ်ပါသည်။

အိမ်ခြံမြေအသိပညာပေး သင်တန်းသို့ ညွှန်ကြားရေးမှူးချုပ်(အငြိမ်းစား)များ၊ ညွှန်ကြားရေးမှူး/ ဒုတိယညွှန်ကြားရေးမှူး/ လက်ထောက်ညွှန်ကြားရေးမှူး (အငြိမ်းစား)များ၊ တပ်မတော်အရာရှိ (အငြိမ်းစား)များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အရာရှိ(အငြိမ်းစား)များ၊ တက္ကသိုလ် ပါမောက္ခ(အငြိမ်းစား)များ၊ တိုင်းဥပဒေ အရာရှိ(အငြိမ်းစား)များ၊ အခြေခံပညာ အထက်တန်းကျောင်း ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမ(အငြိမ်းစား)များ၊ သင်္ဘောကပ္ပတိန်များ၊ ဆရာဝန်များ၊ အင်ဂျင်နီယာများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကုမ္ပဏီများမှ ဒါရိုက်တာအဖွဲ့ဝင်များ၊ လူထုလူတန်းစားအလွှာအသီးသီးမှ အသိပညာရှင်၊ အတတ်ပညာရှင်များ အပါအဝင် တက်ရောက်လေ့လာခဲ့သည်ကို စိစစ်တွေ့ရှိရပါသည်။

မိမိတို့ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (MRESA) သည် ကိုယ်ကျင့်တရား ကောင်းမွန်သော အိမ်ခြံမြေလုပ်ငန်း အတွေ့အကြုံရှိသော ဌာနဆိုင်ရာများ၊ အတွေ့အကြုံရှိသော ပုဂ္ဂိုလ်များနှင့် စုစည်းဖွဲ့စည်းထားသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံ ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)နှင့် အပေါင်းလက္ခဏာ ဆောင်သော ပူးပေါင်းဆောင်ရွက်မှုနှင့် ၂၀၁၈ ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်းအတိုင်း ယုံကြည်စွာ လိုက်နာ၍ ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။

မြေကြောင့် ကြီးပွားချမ်းသာ

အိမ်ခြံမြေလုပ်ငန်းသည် လူတိုင်းနှင့် သက်ဆိုင်သော လုပ်ငန်းတစ်ခုဖြစ်ပြီး အချို့ဝန်ထမ်းများက အိမ်ခြံမြေလုပ်ငန်းကို မသိနားမလည်၍ မိမိတစ်သက်တာ စုဆောင်းထားသော ငွေကြေးဖြင့် တစ်အိုးတစ်အိမ်ထူထောင်ရန် ဝယ်ယူသည့်အခါ ရောင်းမှား၊ ဝယ်မှားဖြစ်ပြီး ငွေကြေးဆုံးရှုံးမှုများ ကြုံတွေ့ရသည့် ဖြစ်စဉ်များကို စိတ်မကောင်းစွာကြားသိရပါသည်။ မြန်မာနိုင်ငံတွင် ကြီးပွားချမ်းသာသော လူ ၁၀၀ ကို စနစ်တကျ စိစစ်၍ လေ့လာကြည့်ရှုပါက ချမ်းသာ သော ပုဂ္ဂိုလ်များ၏ ၆၅ ရာခိုင်နှုန်းသည်မြေကြောင့် ကြီးပွားချမ်းသာကြောင်း တွေ့ရှိရပါသည်။ ဟိုတယ်လုပ်ငန်းရှင် အချို့ နေပြည်တော်တွင် မြေဝယ်ယူခွင့်ရ ၍ ထိုစဉ်ကာလ မြေတစ်ဧကတန်ဖိုးသည် ရာဂဏန်းမျှသာ ရှိပါသည်။ ယခုဖွံ့ဖြိုး တိုးတက်လာသောအခါ ယခုခေတ် မြေတစ်ဧကတန်ဖိုးသည် ထောင်သောင်း ဂဏန်းနီးပါး တန်ဖိုးတက်လာသည်ကို တွေ့ရှိရပါသည်။ ငယ်စဉ်ကလူကြီးသူမ ပြောကြားသော စကားကို ပြန်လည်ကြား ယောင်မိပါသည်။

“မြေဝယ်မကျ၊ နားထောင်ပါ” ဆိုတဲ့ စာသားလေးပါ။ ပြည်သူတွေအနေဖြင့် မိမိပိုင်ဆိုင်သည့် ငွေကြေးနှင့် တစ်ပိုင် တစ်နိုင်ဝယ်ထားပါက ဆယ်စုနှစ်တစ်စုဆိုလျှင် တန်ဖိုးရှိလာသည်ကို တွေ့ရမည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း (MRESA) အသင်းကြီးသည် နိုင်ငံတော်အစိုးရနှင့်ပူးပေါင်းပြီး မိမိတို့၏ ကျရာအခန်းကဏ္ဍမှ ပါဝင်လှုပ်ရှား လျက်ရှိပါသည်။ အဓိကမှာ နိုင်ငံတော် တည်ငြိမ်အေးချမ်းစေရန် ဖြစ်ပါသည်။ နိုင်ငံတော်တည်ငြိမ်အေးချမ်းလာသည်နှင့် မြို့ရွာအိုးအိမ်များလည်း ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။ အိမ်ခြံမြေ ဖွံ့ဖြိုးတိုးတက်လာသည်နှင့် ဆောက်လုပ် ရေးလုပ်ငန်းရှင်များ၊ ရင်းနှီးမြှုပ်နှံသူများ၊ ကန်ထရိုက်ဆောက်လုပ်သူများ၊ အိမ်ခြံမြေ လုပ်ငန်း လုပ်ကိုင်သူများ ရင်းနှီးမြှုပ်နှံ လာသည်နှင့် စီးပွားဖွံ့ဖြိုးတိုးတက်လာမည် ဖြစ်ပါသည်။ စီးပွားတိုးတက်လာ သည်နှင့်အမျှ ၎င်းတို့နှင့်ဆက်နွှယ်သော အုတ်သဲကျောက် လုပ်ငန်းလုပ်ကိုင်သူ၊ ဆောက်လုပ်ရေးပစ္စည်းနှင့် ဆက်စပ်သော လုပ်ငန်းလုပ်ကိုင်သူ၊ ဘိလပ်မြေ၊ သံမဏိလုပ်ငန်း၊ လျှပ်စစ်နှင့် စက်ပစ္စည်းလုပ်ငန်း၊ စက်ယန္တရားလုပ်ငန်း၊ စက်သုံး ဆီရောင်းဝယ်သည့်လုပ်ငန်း၊ သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများ ဆက်စပ်ပြီး ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါသည်။

အလားတူ လုပ်ငန်းများ ကောင်းမွန်လာသည်နှင့်အမျှ ဘဏ်လုပ်ငန်းများ ငွေသွင်းငွေထုတ်များပြားလာပြီး ဘဏ်စီးဆင်းမှု မှန်ကန်လာသည်နှင့်အမျှ ငွေကြေးတည်ငြိမ် တန်ဖိုးရှိလာမည်ဖြစ်ပါ သည်။ ထိုအချိန်တွင် ပို့ကုန်လုပ်ငန်းများ၊ သွင်းကုန်လုပ်ငန်းများ မျှတလာသည် နှင့်အမျှ နိုင်ငံခြားငွေလဲလှယ်နှုန်းထား များသည်လည်း တည်ငြိမ်လာမည်ဖြစ် ပါသည်။ လူမှုစီးပွားများ ဖွံ့ဖြိုးတိုးတက် လာသည်နှင့် နိုင်ငံတော်အတွင်း ပြည်သူများ စီးပွားရေးကောင်းမွန်လာကာ မြန်မာပြည်အနှံ့ လည်ပတ်ခရီးစဉ်များ ဖွံ့ဖြိုးလာမည်ဖြစ်ပါသည်။ ယင်းလုပ်ငန်းနှင့် ဆက်စပ်သည့် ဟိုတယ်လုပ်ငန်းသည် လည်း ပြန်လည်ကောင်းမွန်လာမည်ဖြစ်ပါသည်။

ထို့အတူ စားသောက်ဆိုင်လုပ်ငန်း များလည်း ပြန်လည်ကောင်းမွန်လာပြီး အခြေခံစားကုန်များဖြစ်သည့် စိုက်ပျိုးရင်းနှီးမြှုပ်နှံမှုများလည်း ဖွံ့ဖြိုးတိုးတက် လာမည်ဖြစ်ပါသည်။ “ပြည့်အင်အား သည် ပြည်တွင်းမှာသာရှိသည်” ဖြစ်ရာ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှပြည်သူများလည်း အလုပ်အကိုင်များ ပေါများလာမည် ဖြစ်ပါသည်။ ပြည်သူများ စီးပွားရေးကောင်းမွန်လာ သည်နှင့် ဝင်ငွေပိုရလာကာ ဒုစရိုက်မှုခင်းများ ကျဆင်းလာမည်ဖြစ်ပါသည်။ “အူမတောင့်မှ သီလစောင့်မယ်” ဆိုသည့် စကားရှိရာ ပြည်သူများ စားဝတ်နေရေး ပြေလည်လာလျှင်၊ စိတ်ဓာတ်လန်းဆန်း တက်ကြွလာလျှင် ကောင်းမွန်သည့် စိတ်ထားလေးများ ပြောင်းလဲလာမည် ဖြစ်ပါသည်။

ပျော်ရွှင်စွာ ဆင်နွှဲပါဝင်

မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှု အသင်း(MRESA)က ကျင်းပမည့် အစည်းအဝေးတွင် အာဆီယံမြန်မာသီချင်း၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုအက၊ ကချင်တိုင်းရင်းသားတို့၏ ရိုးရာယိမ်းအက၊ ကရင်တိုင်းရင်းသားတို့၏ ရိုးရာဒုံးယိမ်းအက စသည့်အကများဖြင့် ဖျော်ဖြေ တင်ဆက်မည်ဖြစ်ရာ တာဝန်ရှိသူများနှင့် အသင်းသူ အသင်းသားများ ပျော်ရွှင်စွာဆင်နွှဲပါဝင် တက်ရောက်ကြပါရန် ဖိတ်ခေါ်အပ်ပါကြောင်းနှင့် “ရှေ့သို့လှမ်းချီ အေဂျီအမ်ဆီသို့” ဟု တိုက်တွန်းနှိုးဆော် ရေးသားလိုက်ရပါသည်။ ။