Skip to main content

ခရီးသွားနှင့် ငြိမ်းချမ်းရေး လက်တွဲတူယှဉ်ဖော်ဆောင်ပေး

၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ဆောင်းပါးပြိုင်ပွဲ ဒုတိယဆု

ဇေယျာ

နိဒါန်း

ယဉ်ကျေးမှုများအကြား ဆက်သွယ်ပေးသည့်ပေါင်းကူးတံတားအဖြစ် အမွှမ်းတင်ကာ ချီးကျူးခံရလေ့ရှိသော ခရီးသွားလုပ်ငန်းကို ကမ္ဘာ့နိုင်ငံများအတွက် ချစ်ကြည်ငြိမ်းချမ်းရေးနှင့် အပြန်အလှန်နားလည်မှုမြှင့်တင်ရန် အစွမ်းထက်သည့် ကိရိယာတစ်ခုအဖြစ် ကာလရှည်ကြာကပင် အသိအမှတ်ပြုခဲ့ကြသည်။ သဘောထားကွဲလွဲမှုများ၊ ပဋိပက္ခများ၊ လူမှုရေးနှင့် နိုင်ငံရေးဆိုင်ရာတင်းမာမှုများဖြင့် ပြည့်နှက်လျက်ရှိသော ယနေ့ကမ္ဘာကြီးတွင် ခရီးသွားလုပ်ငန်းသည် တွေ့ဆုံဆွေးနွေးရေး၊ ဆက်ဆံရေးထူထောင်ရေးနှင့် ပိုမိုငြိမ်းချမ်းသော ကမ္ဘာ့အသိုက်အဝန်းတည်ထောင်ရေးတို့အတွက် တစ်မူထူးခြားစွာ ဆက်သွယ်ပေးနိုင်သော လမ်းကြောင်းတစ်ခုဟု ဆိုပါကမှားမည်မဟုတ်ချေ။ သို့ရာတွင် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပထဝီဝင်နိုင်ငံရေးဆိုင်ရာအခြေအနေများ စသည့်လက်ရှိဖြစ်ပေါ်နေသော ကမ္ဘာ့အခင်းအကျင်းများက ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးတို့အပေါ် ကြီးမားစွာသက်ရောက်မှုရှိနေကြောင်း သတိပြုရမည်ဖြစ်သည်။

စီးပွားရေးအရ အပြန်အလှန်အကျိုးပြုရေး

နိုင်ငံခြားဝင်ငွေရရှိရန် နိုင်ငံတကာ ခရီးသွားများအပေါ် အထူးမှီခိုနေရသော နိုင်ငံများအပါအဝင် ကမ္ဘာ့နိုင်ငံများစွာတို့အတွက် ခရီးသွားလုပ်ငန်းသည် အဓိကစီးပွားရေး မောင်းနှင်အားတစ်ရပ်ဖြစ်သည်။ ခရီးသွားလုပ်ငန်းသည် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်ပြီး စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ရရှိနိုင်ခြင်းကြောင့် နိုင်ငံတစ်နိုင်ငံ၏ တည်ငြိမ်ရေးနှင့်ငြိမ်းချမ်းရေးကို အထောက်အကူပြုနိုင်ကြောင်း သက်သေများ အခိုင်အမာ ရရှိထားပေသည်။ သာဓကအနေဖြင့် မော်လ်ဒိုက်နိုင်ငံသည် ခရီးသွားလုပ်ငန်းမှရရှိသောဝင်ငွေကို မှီခိုအားထားနေရသည့် နိုင်ငံတစ်နိုင်ငံဖြစ်သဖြင့် ပြည်တွင်းတည်ငြိမ်ရေးနှင့် နိုင်ငံတကာနှင့် အပြုသဘောဆောင်သော ဆက်ဆံရေးကို ထိန်းသိမ်းနိုင်ရန် အထူးဂရုပြုဆောင်ရွက်ရသည်။ အစိုးရသည် နိုင်ငံ၏ အဓိကဝင်ငွေဖြစ်သော ခရီးသွားလုပ်ငန်းမှရရှိသည့် ဝင်ငွေကိုအသုံးပြု၍ နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက် အောင်ဆောင်ရွက်နိုင်ရုံသာမက အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများအတွက် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကိုပါ ပံ့ပိုးပေးလျက်ရှိသည်။ တည်ငြိမ်မှုနှင့်ငြိမ်းချမ်းမှုရှိသော မော်လ်ဒိုက်နိုင်ငံတွင် ခရီးသွားလုပ်ငန်းကြောင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများရရှိနေပြီး ပြည်သူလူထုသည်လည်း အေးချမ်းတည်ငြိမ်သော လူမှုအသိုက်အဝန်းကို ထူထောင်လာနိုင်ကြောင်း လေ့လာတွေ့ရှိရသည်။

ယဉ်ကျေးမှုဖလှယ်ရေးနှင့် နားလည်မှုတည်ဆောက်ရေး

ခရီးသွားလုပ်ငန်းသည် ပြည်သူချင်း ထိတွေ့ဆက်ဆံမှုများမှတစ်ဆင့် မတူညီသော ယဉ်ကျေးမှုများဖလှယ်ရေးနှင့် နားလည်မှုတည်ဆောက်ရေးကို အထောက်အပံ့ပေးသည်။ ယဉ်ကျေးမှုမတူညီသော နိုင်ငံများအကြား အပြန်အလှန်နားလည်မှု တည်ဆောက်နိုင်ခြင်းသည် တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးရရှိရန်အတွက် အရေးပါသော ကိစ္စရပ်တစ်ခုဖြစ်သည်။ ပါလက်စတိုင်းဒေသရှိ ခရစ်ယာန်ဘာသာဝင်တို့၏ အထွတ်အမြတ်ထားရာ နေရာတစ်ခုဖြစ်သော ခရစ်တော်ဖွားမြင်ရာ Bethlehem မြို့သည် ဘာသာရေးအရ ထူးခြားစွာအရေးပါသဖြင့် နှစ်စဉ်သန်းနှင့်ချီသော ခရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။ အစ္စရေးနှင့် ပါလက်စတိုင်းနိုင်ငံတို့အကြား ပဋိပက္ခများ ဆက်လက်ရှိနေဆဲ ဖြစ်သော်လည်း အဆိုပါဒေသ၏ ခရီးသွားလုပ်ငန်းသည် ဆက်လက်ဖွံ့ဖြိုးတိုးတက်နေပြီး နိုင်ငံတကာမှခရီးသည်များနှင့် ဒေသခံပြည်သူများ၏ ကူးလူးဆက်ဆံမှုများက ပုံမှန်တိုးတက်လျက်ရှိသည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်လာမှုကြောင့် နိုင်ငံတကာခရီးသွားများအနေဖြင့် အဆိုပါဒေသ၏ ရှုပ်ထွေးသောသမိုင်းကြောင်းနှင့် လက်ရှိအခြေအနေများအား နားလည်သဘောပေါက်လာပြီး ဖြစ်ပွားနေသော ပဋိပက္ခများအပေါ် စာနာနားလည်မှုများ ပိုမိုဖြစ်ပေါ်လာစေသည်။ ထိုသို့ နားလည်မှုနှင့် စာနာမှုများက နိုင်ငံတကာအသိုက်အဝန်းနှင့် ဒေသခံပြည်သူများအကြားတွင် စည်းလုံးညီညွတ်မှုကို မြှင့်တင်ရန် အထောက်အကူဖြစ်စေသည်။

လူမှုအသိုက်အဝန်း ပေါင်းစည်းညီညွတ်ရေး

ခရီးသွားလုပ်ငန်းသည် ဒေသခံပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းတစ်ခုဖြစ် သည့်အားလျော်စွာ ညီညွတ်မှုနှင့်ပူးပေါင်း ဆောင်ရွက်မှုရှိလျှင် ပိုမိုလျင်မြန်စွာဖွံ့ဖြိုးတိုးတက်နိုင်သည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းသည် လူမှုအသိုက်အဝန်းအတွင်း ပေါင်းစည်းညီညွတ်မှုကို အားကောင်းစေသည်ဟုဆိုနိုင်သည်။ ရဝမ်ဒါနိုင်ငံရှိ ဟူတူမျိုးနွယ်စုများနှင့် တွတ်ဆီမျိုးနွယ်စုများအကြား ၁၉၉၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် လူမျိုးတုံးသတ်ဖြတ်မှုများ နောက်ပိုင်းအစိုးရ၏ ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း ဆောင်ရွက်မှုများကို အထူးအလေးထား ဆောင်ရွက်ခဲ့သည်။ ရဝမ်ဒါနိုင်ငံအစိုးရသည် နိုင်ငံတကာ ခရီးသွားများကို ရဝမ်ဒါသို့ လာရောက်လည်ပတ်လေ့လာရန် ဆွဲဆောင်နိုင်ရုံသာမက ဒေသခံပြည်သူများအတွက် စီးပွားရေးအခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်သည့် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုများဆောင်ရွက်ခဲ့သည်။ ထိုသို့ဆောင်ရွက်ရာ၌ နိုင်ငံ၏ကြွယ်ဝသော သဘာဝအရင်းအမြစ်များအပေါ်တွင် အခြေခံကာ ရင်းနှီးမြှုပ်နှံမှုအနည်းငယ်ဖြင့် ဆောင်ရွက်နိုင်သည့် ဂေါ်ရီလာမျောက်ဝံများကို ကြည့်ရှုလေ့လာသည့် ခြေကျင်ခရီးကြမ်းများကဲ့သို့သော သဘာဝအခြေခံခရီးသွားလုပ်ငန်းကို အဓိကထား၍မြှင့်တင်ခဲ့သည်။ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရ၏ တွန်းအားပေးဆောင်ရွက်မှုများကြောင့် ဒေသခံပြည်သူများ၏ လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာ စွမ်းဆောင်ရည်များမြင့်မားလာခြင်း၊ ဆင်းရဲနွမ်းပါးမှုကို လျှော့ချနိုင်ခြင်း၊ ပြည်သူများက ယဉ်ကျေးမှုနှင့်သဘာဝအမွေအနှစ်များအပေါ် လေးစားတန်ဖိုးထားမှုများ မြင့်တက်လာခြင်း အစရှိသည့် သိသာထင်ရှားသည့် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုး တိုးတက်ခြင်းမှရရှိလာသည့် စီးပွားရေးနှင့် အခြားအကျိုးကျေးဇူးများကို ဒေသခံပြည်သူများလည်း ခွဲဝေခံစားရရှိလာသဖြင့် ရဝမ်ဒါနိုင်ငံအတွင်းရှိ မတူညီသော မျိုးနွယ်စုများ၊ လူမှုအသိုက်အဝန်းများအကြား တည်ငြိမ်ရေးနှင့်ငြိမ်းချမ်းရေးကို တည်ဆောက်ရာတွင် များစွာအထောက်အကူဖြစ်စေခဲ့သည်။

လူမှုအသိုက်အဝန်းများ တည်ငြိမ်ရေး

ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်း စောင့်ရှောက်ရေးနှင့် လူမှုအသိုက်အဝန်းများ၏ တည်ငြိမ်ရေးကို မြှင့်တင်ပေးသဖြင့် ငြိမ်းချမ်းရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်သည်။ ဝင်ငွေရရှိရေးအတွက် သစ်ထုတ်လုပ်ခြင်းနှင့် သဘာဝပတ်ဝန်းကျင်ကိုထိခိုက်စေနိုင်သည့် စိုက်ပျိုးရေးလုပ်ငန်းများကိုသာ အဓိကထား၍ လုပ်ကိုင်ခဲ့ကြရသည့် ကော်စတာရီကာပြည်သူများသည် အကျိုးဆက်အနေဖြင့် သစ်တောများပြုန်းတီးခြင်း၊ လူမှုရေးပဋိပက္ခများနှင့် မြေယာအသုံးချမှုဆိုင်ရာ ပြဿနာများကို ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ပြည်တွင်းစစ်ပြီးဆုံးသည့် ၁၉၄၈ ခုနှစ် နောက်ပိုင်းတွင် ကော်စတာရီကာအစိုးရသည် ပဋိပက္ခများကို ဖြေရှင်းနိုင်မည့် ငြိမ်းချမ်းသောနည်းလမ်းများကို ရှာဖွေဖော်ထုတ်ဆောင်ရွက်ခဲ့သည်။ ဒေသခံပြည်သူများအတွက် ဝင်ငွေနှင့်အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် သဘာဝအရင်းအမြစ်များကို ကာကွယ်ရန်အတွက် သဘာဝအခြေခံခရီးသွားလုပ်ငန်းကို နည်းလမ်းတစ်ရပ်အနေဖြင့် အလေးထားဆောင်ရွက်ခဲ့သည်။ ခရီးသွားလုပ်ငန်းကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခဲ့သဖြင့် ဒေသခံပြည်သူများ၏ မြေယာအသုံးချမှုနှင့် သဘာဝအရင်းအမြစ်များကို ခွဲဝေအသုံးချရေးဆိုင်ရာ ပဋိပက္ခများကို တားဆီးနိုင်ခဲ့သည်။ ဒေသခံပြည်သူများကလည်း သဘာဝအရင်းအမြစ်များအား ခရီးသွားလုပ်ငန်းတွင် ထိရောက်ကောင်းမွန်စွာ အသုံးချခြင်းဖြင့် အရင်းအမြစ်များကို ထိန်းသိမ်းနိုင်ပြီး ရေရှည်အတွက်ပါ စီးပွားရေးအကျိုးအမြတ်များရရှိနိုင်ကြောင်း သိရှိနားလည်လာခဲ့ကြသည်။ သဘာဝအခြေခံခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမှုကြောင့် နိုင်ငံ၏တည်ငြိမ်ရေးနှင့်ငြိမ်းချမ်းရေးကို ထိန်းသိမ်းလာနိုင်သည့် ကော်စတာရီကာနိုင်ငံသည် ငြိမ်းချမ်းသာယာသောနိုင်ငံ တစ်နိုင်ငံအဖြစ် ကမ္ဘာ့အလယ်တွင် ဂုဏ်သိက္ခာရှိစွာ ရပ်တည်လာနိုင်ခဲ့သည်။

ရင်ဆိုင်နေရသော စိန်ခေါ်မှုများ

ငြိမ်းချမ်းရေးကို မြှင့်တင်ရန် အလားအလာကောင်းများစွာရှိသော ခရီးသွားလုပ်ငန်းသည် ယနေ့အချိန်တွင် စစ်မက်များဖြစ်ပွားမှု၊ ကပ်ရောဂါများဖြစ်ပွားမှုနှင့် ရာသီဥတုပြောင်းလဲမှု စသည့် ဖြစ်စဉ်များနှင့် စိန်ခေါ်မှုများကို ရင်ဆိုင်နေရသည်။

စီမံခန့်ခွဲမှုလိုအပ်ချက်များ

အချို့သောနိုင်ငံများနှင့် ဒေသများတွင် ခရီးသွားလုပ်ငန်းသည် အထိန်းအကွပ်မဲ့စွာ ကြီးထွားလာပြီး ခရီးသွားဧည့်သည်များ အဆမတန်များပြားစွာ လာရောက်လည်ပတ်သဖြင့် ဒေသခံလူမှုအသိုက်အဝန်းများနှင့် သဘာဝပတ်ဝန်းကျင်အပေါ် အနုတ်လက္ခဏာဆောင်သော သက်ရောက်မှုများကို ဖြစ်ပေါ်လာစေသည်။ အီတလီနိုင်ငံရှိ ဗင်းနစ်မြို့သည် ဤကဲ့သို့သောဖြစ်စဉ်၏ အဓိကဥပမာတစ်ခုဖြစ်သည်။ မြို့တော်၏သမိုင်းဝင် ကျက်သရေရှိမှုသည် နှစ်စဉ်ကမ္ဘာလှည့်ခရီးသည် သန်းပေါင်းများစွာကို ဆွဲဆောင်နိုင်သော်လည်း လာရောက်လည်ပတ်သူအရေအတွက် များပြားလွန်းသဖြင့် အဆိုပါမြို့၏အခြေခံအဆောက်အအုံနှင့် ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာလုပ်ငန်းများတွင် မနိုင်ဝန်ထမ်းရသကဲ့သို့ ဖြစ်ပွားစေပြီး ယဉ်ကျေးမှုအမွေအနှစ်များကိုပါ ပျက်စီးယိုယွင်းလာစေသဖြင့် နိုင်ငံတကာခရီးသွားများနှင့် ဒေသခံပြည်သူများအကြားတွင် တင်းမာမှုများ ဖြစ်ပေါ်လာခဲ့သည်။ ထိုကဲ့သို့ ဖြစ်စဉ်များကြောင့် စီမံခန့်ခွဲသူများအနေဖြင့် ခရီးသွားလုပ်ငန်းကြီးထွားရေးနှင့် စီးပွားရေးအမြတ်အစွန်းရရှိရေးကိုသာ အဓိကထားဆောင်ရွက်ခြင်းမပြုရန်၊ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရန်နှင့် ခရီးသွားလုပ်ငန်း၏ ကောင်းမွန်သော အကျိုးခံစားခွင့်များကို ဒေသခံပြည်သူများ အချိုးမျှတစွာရရှိနိုင်စေရေးအတွက် ဟန်ချက်ညီမှုရှိစွာ ဆောင်ရွက်ရန်နှင့် စနစ်တကျစီမံခန့်ခွဲရန် အရေးကြီးကြောင်း ဝေဖန်ထောက်ပြမှုများ ထွက်ပေါ်လာခဲ့သည်။

တည်ငြိမ်မှုနှင့် လုံခြုံရေး

ထို့ပြင် နိုင်ငံရေးမတည်ငြိမ်မှုနှင့် လုံခြုံရေးဆိုင်ရာ စိုးရိမ်နေရမှုများသည် ခရီးသွားလုပ်ငန်းဖြင့် ငြိမ်းချမ်းရေး တည်ဆောက်နိုင်မည့် အလားအလာကောင်းများကို ဟန့်တားနေသည့် အဓိကအတားအဆီးများဖြစ်သည်။ ဆီးရီးယား၊ ယီမင် စသည့် အရှေ့အလယ်ပိုင်းဒေသရှိ နိုင်ငံအချို့တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့် စစ်ပွဲများကြောင့် ခရီးသည်များ လာရောက်လည်ပတ်ခြင်း မရှိတော့သဖြင့် ခရီးသွားလုပ်ငန်းကို ထိခိုက်ပျက်ပြားစေပြီး ဒေသခံများအနေဖြင့် စီးပွားရေးကျပ်တည်းမှုများဖြစ်လာကာ လူမှုရေးတင်းမာမှုများကို ပိုမိုတိုးပွားလာစေခဲ့သည်။ အလားတူစွာ အီဂျစ်နိုင်ငံသည်လည်း မကြာသေးမီနှစ်များအတွင်းက နိုင်ငံရေးမငြိမ်သက်မှုများနှင့် ရင်ဆိုင်ခဲ့ရသည်။ သို့ရာတွင် အီဂျစ်အစိုးရသည် နိုင်ငံအတွင်းတည်ငြိမ်မှုပြန်လည်ရရှိရန်နှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ နိုင်ငံ့ စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အလွန်အရေးပါသောကဏ္ဍဖြစ်သည့် ခရီးသွားလုပ်ငန်းအား ပြန်လည်မြှင့်တင်ရန်အတွက် ပြည်တွင်းတည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဦးစားပေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရသည်။

အကျိုးအမြတ်ခွဲဝေရေးဆိုင်ရာ မမျှတမှုနှင့် ချန်လှပ်ခံရမှု

ခရီးသွားလုပ်ငန်းနှင့် ဆက်နွှယ်နေသည့် ကဏ္ဍများအားလုံးကို ကောင်းမွန်စွာစီမံခန့်ခွဲမှု မပြုလုပ်နိုင်ပါက အကျိုးအမြတ်ခွဲဝေရရှိမှုအပေါ်တွင် မညီမျှမှုများဖြစ်ပေါ်စေပြီး ခရီးသွားလုပ်ငန်းတွင် အများပြည်သူ ပါဝင်ဆောင်ရွက်ခြင်းမပြုနိုင်အောင် ဘေးဖယ်ချန်လှပ်ခံရခြင်းများ ဖြစ်ပွားစေနိုင်သည်။ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ခရီးသွားလုပ်ငန်းအရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာခြင်းကြောင့် စီးပွားရေးအကျိုးအမြတ်များစွာရရှိနေသော်လည်း အဆိုပါအကျိုးအမြတ်များကို ဒေသခံပြည်သူများက အချိုးအစားညီမျှစွာ ခွဲဝေရရှိခြင်းမရှိပေ။ ဒေသခံပြည်သူများအနေဖြင့် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသောလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်လိုသော်လည်း အရင်းအနှီး၊ နည်းပညာနှင့် အဆက်အသွယ် စသည့်အချက်များတွင် စီးပွားရေးလုပ်ငန်းကြီးများ၊ ကုမ္ပဏီကြီးများနှင့် ယှဉ်ပြိုင်လုပ်ကိုင်ရန် မည်သို့မျှ မဖြစ်နိုင်ပေ။ ထို့ကြောင့် ခရီးသွားလုပ်ငန်းမှရရှိသော ဝင်ငွေအများစုကို နိုင်ငံတကာ စီးပွားရေးလုပ်ငန်းစုများ၊ ကုမ္ပဏီကြီးများကသာ သိမ်းယူသွားသောကြောင့် ဒေသခံလူထုမှာ ဝင်ငွေအနည်းငယ်မျှကိုသာ အကန့်အသတ်ဖြင့် ခွဲဝေရရှိနေသည်။ ထိုသို့အကျိုးအမြတ်ခွဲဝေမှုဆိုင်ရာ မညီမျှမှုနှင့် ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုနိုင်စေရန် ဘေးဖယ်ချန်လှပ်ခံရမှုများကြောင့် လူမှုရေးတင်းမာမှုများ၊ အမုန်းတရားများနှင့် ဆန္ဒပြမှုများဖြစ်ပေါ်လာနိုင်ပြီး ဒေသတွင်းမတည်ငြိမ်မှုများ ဖြစ်ပေါ်လာစေနိုင်သည်။ ထို့ကြောင့် ခရီးသွားလုပ်ငန်းဆောင်ရွက်ရာတွင် ဒေသခံပြည်သူလူထုများကို ဘေးဖယ် ချန်လှပ်ထားခြင်းမပြုရန်နှင့် ဒေသခံများ ပိုမိုပါဝင်ဆောင်ရွက်နိုင်စေမည့် ခရီးသွားလုပ်ငန်းဆိုင်ရာမူဝါဒများနှင့် အစီအမံများကို ချမှတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ပညာရှင်များက ထောက်ပြပြောဆိုခဲ့ကြသည်။

တာဝန်သိခရီးသွားလုပ်ငန်းဆိုင်ရာ အလေ့အကျင့်ကောင်းများ

ငြိမ်းချမ်းရေးရရှိရန် အလားအလာများကို အတားအဆီးဖြစ်နေသည့် စိန်ခေါ်မှုများကို ဖြေရှင်းရန်အတွက် ရေရှည်တည်တံ့ခိုင်မြဲပြီး အားလုံးပါဝင်ဆောင်ရွက်နိုင်သည့် တာဝန်သိခရီးသွားလုပ်ငန်းဆိုင်ရာ အလေ့အကျင့်ကောင်းများကို မြှင့်တင်ဆောင်ရွက်ရန် အရေးကြီးကြောင်း ဆက်လက်ဆွေးနွေးတင်ပြသွားမည်ဖြစ်ပါသည်။

လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ကာကွယ်ရေးဆိုင်ရာ အစီအမံများ

ခရီးသွားများ၊ အစိုးရများနှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်သူများအနေဖြင့် ဒေသခံများ၏ ယဉ်ကျေးမှု၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုအသိုက်အဝန်းများ၏ ဓလေ့ထုံးစံများကို လေးစားလိုက်နာတန်ဖိုးထားသော တာဝန်သိ ခရီးသွားလုပ်ငန်းလုပ်ထုံးလုပ်နည်းများကို ဦးစားပေးဆောင်ရွက်ရန် လိုအပ်သည်။ ခရီးသွားလုပ်ငန်းကို ထိရောက်သော စီမံခန့်ခွဲမှုများ မပြုလုပ်နိုင်ပါက ယဉ်ကျေးမှုများ ယိုယွင်းပျက်စီးခြင်း၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်နိုင်ခြင်း၊ စီးပွားရေးအရ ရေရှည်အကျိုးဖြစ်ထွန်းမှုမရှိခြင်း စသည့်ခရီးသွားလုပ်ငန်း၏ ဆိုးကျိုးများကို ရင်ဆိုင်ကြုံတွေ့ရနိုင်သည်။ ဘူတန်နိုင်ငံသည် ခရီးသွားလုပ်ငန်းမှ စီးပွားရေးဆိုင်ရာ အကျိုးအမြတ်နှင့် အခြားသောကောင်းကျိုးများရရှိရန်၊ ဒေသခံများ၏ လူမှုဘဝတိုးတက်မြင့်မားလာစေရန်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်မှုနည်းပါးစေရန် စသည့်ရည်ရွယ်ချက်များဖြင့် "တန်ဖိုးမြင့်မားသော်လည်း ဆိုးကျိုးသက်ရောက်မှုနည်းပါးသည့် ခရီးသွားလုပ်ငန်း” အစီအစဉ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရှိရသည်။ ဘူတန်နိုင်ငံသို့ ကမ္ဘာလှည့် ခရီးသည်အများအပြား အလွယ်တကူ ဝင်ရောက်လည်ပတ်ခြင်းကို တားဆီးရန်နှင့် သင့်တော်သောငွေကြေးပမာဏကို သုံးစွဲနိုင်ပြီးနိုင်ငံ၏ ယဉ်ကျေးမှုနှင့် သဘာဝအမွေအနှစ်များကို အမှန်တကယ် လေးစားတန်ဖိုးထားမည့် နိုင်ငံတကာခရီးသွားများကိုသာ အရေအတွက် အကန့်အသတ်ဖြင့် လာရောက်လည်ပတ် နိုင်စေရန်ရည်ရွယ်၍ ဘူတန်အစိုးရက စည်းမျဉ်းစည်းကမ်းများ ချမှတ်ကာ အဆိုပါအစီအစဉ်အား အကောင်အထည်ဖော်နေခြင်းဖြစ်သည်။ ထိုသို့ချဉ်းကပ်ဆောင်ရွက်မှုသည် နိုင်ငံ၏ လူဦးရေနည်းပါးပြီး တစ်မူကွဲပြားခြားနားသော ယဉ်ကျေးမှုနှင့်သဘာဝအရင်းအမြစ်များကို ပိုင်ဆိုင်ထားသည့် ဘူတန်နိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည်အရေအတွက် များပြားစွာလာရောက်လည်ပတ်ခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုးများကိုရှောင်ရှားနိုင်ရန်နှင့် လာရောက်လည်ပတ်သူများအတွက် ဝန်ဆောင်မှုကောင်းများကို နိုင်နင်းစွာဆောင်ရွက်ပေးနိုင်ရန်ဖြစ်သည်။ ဘူတန်နိုင်ငံသည် ထိုသို့ကန့်သတ်ထားသည့် ခရီးသွားလုပ်ငန်းကို ဆောင်ရွက်ခြင်းဖြင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံ၏တစ်မူထူးခြားသော ယဉ်ကျေးမှုအမွေအနှစ်များနှင့် သဘာဝအရင်းအမြစ်များကို ထိန်းသိမ်းစောင့်ရှောက်ရေးတို့ကို စနစ်တကျ ဆောင်ရွက်နိုင်စေပါသည်။

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှုမှတစ်ဆင့် ပဋိပက္ခများချုပ်ငြိမ်းရေး

နေရာဒေသတစ်ခုအား တည်ငြိမ်မှုနှင့်လုံခြုံမှုမရှိဘဲ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်၍ရနိုင်မည်မဟုတ်ပေ။ ခရီးသွားလုပ်ငန်းမှ ငြိမ်းချမ်းရေးတည်ဆောက်မှုကို အထောက်အကူပြုနိုင်ရန်အတွက် နိုင်ငံရေးမတည်ငြိမ်မှုနှင့် မလုံခြုံမှုတို့၏ မူလဇာစ်မြစ်ဖြစ်သော ပဋိပက္ခများကို ဦးစွာဖြေရှင်းရန်လိုအပ်ပါသည်။ သာဓကအနေဖြင့် ၁၉၆၀ ပြည့်နှစ်တွင် စတင်ခဲ့သော ကိုလံဘီယာ ပြည်တွင်းစစ်သည် လက်တင်အမေရိက ဒေသ၏ အရှည်ကြာဆုံးသောစစ်ပွဲဖြစ်ပြီး အဆိုပါစစ်ပွဲကြောင့် လူဦးရေနှစ်သိန်း နှစ်သောင်းကျော်ခန့် သေဆုံးခဲ့ရကာ လူပေါင်းသန်းနှင့်ချီ၍ နေရပ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်။ ကိုလံဘီယာအစိုးရနှင့် ကိုလံဘီယာတော်လှန်ရေး လက်နက်ကိုင်အဖွဲ့ (FARC) တို့သည် ၂၀၁၆ ခုနှစ် တွင် သမိုင်းဝင်ငြိမ်းချမ်းရေး သဘောတူညီချက် ရယူနိုင်ခဲ့သည်။ အဆိုပါ ငြိမ်းချမ်းရေးသဘောတူညီချက်တွင် အဓိကအားဖြင့် FARC အဖွဲ့အား ကိုလံဘီယာနိုင်ငံ၏ နိုင်ငံရေးလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ခွင့်ပေးအပ်ရန်နှင့် ပဋိပက္ခများဖြစ်ပွားရခြင်း၏ အဓိကအကြောင်းတရားတစ်ခုဖြစ်သည့် ကျေးလက်နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှု ကွာဟချက်အား ဖြေရှင်းရေးကို ဦးစားပေးဆောင်ရွက်ရန် စသည့်အချက်များ ပါဝင်သည်။ အပြန်အလှန်အားဖြင့် FARC အဖွဲ့သည် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး အစိုးရ၏ တိုင်းကျိုးပြည်ပြုလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ရန်ဖြစ်သည်။ ကိုလံဘီယာအစိုးရသည် သဘောတူညီချက်ပါအတိုင်း ကျေးလက်နေပြည်သူများအတွက် မြေယာများပြန်လည်ခွဲဝေချထားမှု၊ ကျေးလက်ဒေသရှိ အခြေခံအဆောက်အအုံများဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖွံ့ဖြိုးရေးတို့အတွက် ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက်ခဲ့သည်။ ငြိမ်းချမ်းရေးသဘော တူညီချက်ပါကိစ္စရပ်များအား အကောင်အထည်ဖော် ဆောင်ရွက်ပြီးသည့် နောက်ပိုင်းတွင် ကိုလံဘီယာနိုင်ငံ၌ ပဋိပက္ခများချုပ်ငြိမ်းသွားသဖြင့် နိုင်ငံ၏ တည်ငြိမ်ရေးနှင့်ငြိမ်းချမ်းရေးကို တည်ဆောက်လာနိုင်ခဲ့သည်။ တည်ငြိမ်အေးချမ်းမှုနှင့် လုံခြုံစိတ်ချမှုများရရှိလာသဖြင့် နိုင်ငံ၏ ကြွယ်ဝသောယဉ်ကျေးမှု နှင့်သဘာဝဆွဲဆောင်မှုများအား စူးစမ်းလိုသော နိုင်ငံတကာမှ ကမ္ဘာလှည့်ခရီးသည်များ ကိုလံဘီယာနိုင်ငံသို့ တိုးတက်လာရောက်လည်ပတ်ခဲ့ကြသည်။ ယခင်က ပြည်တွင်းစစ်နှင့်မူးယစ်ဆေးဝါးထုတ်လုပ်မှုများကြောင့် အမည်ဆိုးဖြင့်ကျော်ကြားသော ကိုလံဘီယာ နိုင်ငံသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ စီးပွားရေးပိုမိုဖွံ့ဖြိုးလာခဲ့သဖြင့် တည်ငြိမ်အေးချမ်းသာယာသော နိုင်ငံတစ်နိုင်ငံအဖြစ် နိုင်ငံ၏အမှတ်တံဆိပ်ပုံရိပ်ကို ပြောင်းလဲနိုင်ခဲ့သည်။

ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး

ခရီးသွားလုပ်ငန်းမှသည် ငြိမ်းချမ်းရေးပန်းတိုင်ဆီသို့ ရောက်ရှိတက်လှမ်းနိုင်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာပူးပေါင်း ဆောင်ရွက်မှုသည် မရှိမဖြစ်လိုအပ်သည်။ ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism)သည် ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို မြှင့်တင်ရန်နှင့် ငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ခရီးသွားလုပ်ငန်း၏ အရေးပါသော အခန်းကဏ္ဍကို အသိအမှတ်ပြုလာစေရန်အတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ နိုင်ငံတကာဆွေးနွေးပွဲ များကျင်းပခြင်းစသည်တို့ကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထို့ပြင် ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့ (UN Tourism)သည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြန်အလှန်နားလည်မှုတို့ကို မြှင့်တင်ပေးနိုင်သည့် တာဝန်သိခရီးသွားလုပ်ငန်းဆိုင်ရာ မူဝါဒများ ချမှတ်အကောင်အထည်ဖော်ရေးအတွက် ကမ္ဘာ့နိုင်ငံများအချင်းချင်း ပူးပေါင်းဆောင်ရွက်ရန် တိုက်တွန်းလျက်ရှိသည်။

နိဂုံး

သဘောထားကွဲလွဲမှုများ၊ ပဋိပက္ခများဖြင့် ရှုပ်ထွေးလျက်ရှိသော ယနေ့ခေတ်တွင် ခရီးသွားလုပ်ငန်းသည် ငြိမ်းချမ်းရေးနှင့် အပြန်အလှန်နားလည်မှုကို မြှင့်တင်ပေးနိုင်သည့် ထူးခြားပြီး အစွမ်းထက်သော လမ်းကြောင်းတစ်ခုဟုဆိုနိုင်ကြောင်း တင်ပြခဲ့ပြီးဖြစ်ပါသည်။ ခရီးသွားလုပ်ငန်းသည် ယဉ်ကျေးမှုဖလှယ်ရေးကို ပံ့ပိုးပေးနိုင်ခြင်း၊ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေနိုင်ခြင်းနှင့် လူမှုအသိုက်အဝန်းများကို အားကောင်းလာစေနိုင်ခြင်း စသည့်အချက်များကြောင့် ငြိမ်းချမ်းသောလူမှုအဖွဲ့အစည်းကို တည်ဆောက်နိုင်ရေးအတွက် အထောက်အကူပြုနေသည်။ သို့သော် ခရီးသွားလုပ်ငန်းတွင် ရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် ခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းရေးအတွက် မူဝါဒများချမှတ်ရန်နှင့် ကောင်းမွန်သော စီမံခန့်ခွဲမှုများကို ကျင့်သုံးဆောင်ရွက်ရန်လိုအပ်ပါသည်။ တာဝန်သိခရီးသွားလုပ်ငန်းဆိုင်ရာ အလေ့အကျင့်ကောင်းများကို လိုက်ပါဆောင်ရွက်ခြင်းဖြင့် ရေရှည်တည်တံ့ခိုင်မြဲသော ခရီးသွားလုပ်ငန်းကို ဖော်ဆောင်နိုင်မည်ဖြစ်ပြီး “ကျွဲကူးရေပါ” ဆိုသကဲ့သို့ ယနေ့ကမ္ဘာကြီး၏ တည်ငြိမ်ရေးနှင့် ငြိမ်းချမ်းရေးကိုပါ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်မည်ဟု ယုံကြည်မိပါသည်။ ။