Skip to main content

ခရီးသွားနှင့်ငြိမ်းချမ်းရေး လက်တွဲတူယှဉ် ဖော်ဆောင်ပေး

၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ် ပထမဆုရဆောင်းပါး

သီတာအောင် (ဟိုတယ်/ခရီး)

ယခုသက္ကရာဇ် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလတွင် ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့(UN Tourism)၏ ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို ကျင်းပရန်အချိန်သည် ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်ပါသည်။ ယေဘုယျအားဖြင့် ခရီးသွားလုပ်ငန်းဟူသည် အပန်းဖြေခရီးသွားခြင်း၊ အပျော်ခရီးထွက်ခြင်း(သို့မဟုတ်) စီးပွားရေးလုပ်ငန်းဆောင်တာများအတွက် သွားလာခြင်းများကို ဝန်ဆောင်မှုပေးနေသောလုပ်ငန်း သက်သက်သာသာဖြစ်သည်ဟု မှတ်ယူကြပေသည်။ သို့ရာတွင် ခရီးသွားလုပ်ငန်းသည် ခရီးသွားသက်သက်နှင့် သာသက်ဆိုင်သောလုပ်ငန်းမျိုး မဟုတ်ကြောင်းနှင့် ၎င်း၏ နောက်ကွယ်တွင်ရှိနေသောအနှစ်သာရများကို ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့ကြီးမှ နှစ်စဉ်၊ နှစ်တိုင်းဖော်ထုတ်ပြပြီး ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ကို ကျင်းပပြုလုပ်လာခဲ့သည်မှာ ယခုအခါတွင် (၄၅) ကြိမ်မြောက် ရှိလာခဲ့ပြီဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့သည် ယခုနှစ် ၂၀၂၄ ခုနှစ်အတွက် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့ အထိမ်းအမှတ်အခမ်းအနားကိုကျင်းပရန် ခရီးသွားလုပ်ငန်းမှရရှိနိုင်သော ကြီးမားသော အကျိုးတရားတစ်ခုကို ဖော်ထုတ်ပြလိုက်ပြန်သည်။ ၎င်းမှာ အဖွဲ့ဝင်နိုင်ငံများအကြား နားလည်မှုနှင့် ငြိမ်းချမ်းရေးတည်ဆောက်မှုတို့၌ ခရီးသွားလုပ်ငန်း၏အခန်းကဏ္ဍကို သိသာပေါ်လွင်စေရန်၊ မတူကွဲပြားသည့်ယဉ်ကျေးမှုများနှင့် မတူကွဲပြားသည့် အခြေအနေများအောက်၌ စည်းလုံးညီညွတ်မှုရရှိရန် ခရီးသွားလုပ်ငန်းကဏ္ဍမှတစ်ဆင့် မြှင့်တင်ပေးနိုင်ကြောင်းသိရှိစေရန်နှင့် ယနေ့အချိန်အခါထက် ပိုမိုငြိမ်းချမ်းသောကမ္ဘာကို တည်ဆောက်ရန်အတွက် ခရီးသွားလုပ်ငန်းကဏ္ဍမှ နည်းလမ်းများစွာဖြင့် အထောက်အကူပြုနေကြောင်းကို သတိပြုမိစေရန်ရည်ရွယ်၍ “ခရီးသွားနှင့်ငြိမ်းချမ်းရေး လက်တွဲ တူယှဉ်ဖော်ဆောင်ပေး” (Tourism and Peace) ဟူသောခေါင်းစဉ်ဖြ င့်ကျင်းပသွားမည်ဖြစ်ပါသည်။

ဤတွင် ငြိမ်းချမ်းရေးဆိုသည်မှာ ပဋိပက္ခများ၊ ခြိမ်းခြောက်မှုများ၊ အနှောင့်အယှက်များမှ ကင်းဝေးခြင်းကိုဆိုလိုပြီး လွတ်လပ်မှုနှင့်အတူ ယှဉ်တွဲနေပါသည်။ ပဋိပက္ခဟူသည်မှာကား ပြင်းထန်သော သဘောထားကွဲလွဲမှု (သို့မဟုတ်) ငြင်းခုံမှုတစ်ရပ်ပင်ဖြစ်ပါသည်။

ယခုအခါတွင် ကမ္ဘာ့နေရာအနှံ့အပြား၌ နိုင်ငံရေးပြဿနာများသည် တစ်စထက်တစ်စကြီးထွားလာကာ ပြည်တွင်း၊ ပြည်ပကျူးကျော်စစ်များအဖြစ်သို့ ရောက်ရှိလာကြသည်ကို တွေ့ရှိရပါသည်။

ဒုတိယကမ္ဘာစစ်အပြီး နှစ်ပေါင်း ၈၀ နီးပါးအကြာ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ စတင်ခဲ့သော ရုရှားနှင့်ယူကရိန်းတို့ဖြစ်ပွားသော စစ်သည် ကမ္ဘာ့စားနပ်ရိက္ခာထုတ်လုပ်မှုကို ကြီးမားစွာ ရိုက်ခတ်ခဲ့ပြီး ၎င်းနှင့်အတူ လောင်စာဆီမလုံလောက်မှုကလည်း ကမ္ဘာ့ထုတ်ကုန်များအပေါ် ဈေးနှုန်းမြင့်တက်မှုကို ဖြစ်ပေါ်စေခဲ့ပါသည်။ ထိုမှ တစ်ဖန်အစ္စရေးနှင့်ပါလက်စတိုင်း၊ အစ္စရေးနှင့် အီရန်နိုင်ငံတို့၏ စစ်ရေးပဋိပက္ခများသည်လည်းကောင်း၊ တောင်တရုတ်ပင်လယ်တွင် ဖြစ်ပွားနေသည့် ပဋိပက္ခများသည်လည်းကောင်း ကမ္ဘာ့ငြိမ်းချမ်းရေးကို ပိုမိုယိုယွင်းလာစေခဲ့ပါသည်။

သို့ဖြစ်ပါ၍ ကုလသမဂ္ဂခရီးသွားလုပ်ငန်းအဖွဲ့သည် ခရီးသွားလုပ်ငန်းဖြင့် ကမ္ဘာ့ငြိမ်းချမ်းရေးကို မြှင့်တင်ပေးနိုင်ရန်အလို့ငှာ ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေးတို့၏ ဆက်နွှယ်နေပုံကို အောက်ပါအတိုင်း ဖွင့်ဆိုဖော်ပြခဲ့ပါသည်-

ငြိမ်းချမ်းရေးကြိုးပမ်းမှုသည် စဉ်ဆက်မပြတ်လုပ်ဆောင်နေရသော အားထုတ်မှုတစ်ရပ်ဖြစ်ပြီး ယခုအခါငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် တိုးတက်မှုရရှိစေရန်အတွက် ခရီးသွားလုပ်ငန်း၏အခန်းကဏ္ဍသည် ယခင်ကထက် ပိုမိုသက်ဆိုင်လာပေသည်။ ခရီးသွားလုပ်ငန်းသည် နိုင်ငံများနှင့်ယဉ်ကျေးမှုများအကြား ငြိမ်းချမ်းရေးနှင့်နားလည်မှုကိုမြှင့်တင်ရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များကို ပံ့ပိုးပေးရန်အတွက် အရေးကြီးသောအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ထို့အပြင် ခရီးသွားလုပ်ငန်းသည် လူမှုရေး၊ တရားမျှတမှု၊ လူ့အခွင့်အရေး၊ စီးပွားရေးသာတူညီမျှရှိမှု၊ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုစသည့်ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အဓိကပါဝင်နေသောအပိုင်းများနှင့် ပဋိပက္ခများကို အကြမ်းမဖက်သောနည်းဖြင့် ဖြေရှင်းနိုင်မည့် လွတ်လပ်သောဒီမိုကရေစီဝါဒတို့သည် ပီပီပြင်ပြင် ဆက်စပ်နေပါသည်။

ထို့အပြင် ခရီးသွားလုပ်ငန်း၏ အကြီးမားဆုံးအားသာချက်မှာ မတူကွဲပြားသောအခြေအနေများအောက်ရှိ လူတို့အားအတူတကွ စုစည်းပေးနိုင်စွမ်းရှိသော စီးပွားရေးလုပ်ငန်းကြီးတစ်ခုဖြစ်နေခြင်းပင်ဖြစ်ပါသည်။

တစ်ဖန်ခရီးသွားလုပ်ငန်းသည် ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုများအတွက် ရေခံမြေခံကောင်း တစ်ခုဖြစ်ပြီး တီထွင်ဖန်တီးမှုဆိုင်ရာ ဖြေရှင်းဆောင်ရွက်ချက်များနှင့် စီးပွားရေးပုံစံသစ်များကို အားပေးခြင်းဖြင့် စီးပွားရေးတိုးတက်မှုကို တွန်းအားပေးနိုင်ပြီး အရည်အချင်းရှိသော လူငယ်များအတွက် အထူးအခွင့်အရေးများကို ပံ့ပိုးပေးနိုင်သည့်အပြင်၊ ခရီးသွားလုပ်ငန်းတွင် စွန့်ဦးတီထွင်လုပ်ဆောင်မှု များစတင်ခြင်းကို ပံ့ပိုးကူညီခြင်းစသည်တို့ဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်နိုင်စေရေးကို အထောက်အကူပြုသည့် ငြိမ်းချမ်းရေးတည်ဆောက်မှု မဟာဗျူဟာသစ်များအတွက် မူဝါဒလမ်းစဉ်များ ဖန်တီးပေးရမည်ဖြစ်ပါသည်။

ယခုအခါတွင် ခရီးသွားလုပ်ငန်းသည် ပုံစံအမျိုးမျိုးဖြင့် ဝန်ဆောင်မှုများပေးနေသည်ကို ကျွန်ုပ်တို့တွေ့ရှိနိုင်ပါသည်။ ဥပမာအားဖြင့် တစ်နိုင်ငံနှင့် တစ်နိုင်ငံသွားရောက်လည်ပတ်ခြင်း၊ အစည်းအဝေးပွဲများလက်ခံကျင်းပခြင်း၊ ပညာရေး၊ ကျန်းမာရေးတို့နှင့်ပတ်သက်သည့် လေ့ကျင့်ရေး၊ သင်ကြားရေးဆိုင်ရာလဲလှယ်ရေး (ဖလှယ်ရေး) အစီအစဉ်များလုပ်ကိုင်ခြင်း၊ ချစ်ကြည်ရေးဆိုင်ရာ လေ့လာရေးခရီးစဉ်များဖိတ်ခေါ်ခြင်း၊ လူမှုရေးဆိုင်ရာ ပူးပေါင်းလှုပ်ရှားမှုများ ပြုလုပ်ခြင်းစသည်တို့ဖြစ်ကြပါသည်။ ၎င်းတို့သည် မည်သို့ပင်ဖြစ်စေကာမူ မတူညီသောနိုင်ငံများနှင့် လူ့အဖွဲ့အစည်းများအကြား၊ ယဉ်ကျေးမှုများအကြား ကောင်းမွန်သောဆက်ဆံရေးနှင့် ငြိမ်းချမ်းရေးကို ပိုမိုဖြစ်ထွန်းစေပါသည်။

ထို့ကြောင့် ခရီးသွားလုပ်ငန်း၏ ဆက်နွှယ်ပတ်သက်မှုအခန်းကဏ္ဍများကို အောက်ပါအတိုင်း ထင်ဟပ်၍ တွေ့မြင်နိုင်ပါသည်။

(က) ငြိမ်းချမ်းရေးသံတမန်အဖြစ်ဆောင်ရွက်သောခရီးသွားလုပ်ငန်း

ခရီးသွားလုပ်ငန်းတွင် လူအချင်းချင်းကူးလူးဆက်ဆံခြင်း(People to People Connectivity) ဆိုသည့်စကားရပ်သည် ယနေ့ကမ္ဘာ့နိုင်ငံရေးအခြေအနေအရ ပိုမိုအရေးပါလာသည်ကို တွေ့ရှိရပါသည်။ အဘယ်ကြောင့်ဆိုသော် လူအချင်းချင်းကူးလူး ဆက်ဆံခြင်းဖြင့် ခရီးစဉ်ဒေသ နိုင်ငံတစ်နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ရိုးရာဓလေ့ထုံးစံများ၊ လူနေမှုပုံစံများကို အခြားနိုင်ငံမှခရီးသွားဧည့်သည် များအနေဖြင့် ထဲထဲဝင်ဝင်လေ့လာသိရှိနိုင်ပြီး ဒေသခံတို့၏ စိတ်ရင်းသဘောထားအမှန်ကိုလည်း တွေ့မြင်နိုင်မည်ဖြစ်ပေသည်။ နိုင်ငံ့ခေါင်းဆောင်များမှအစပြု၍ ပြည်သူအချင်းချင်းတို့သည် တစ်ဖက်နှင့်တစ်ဖက် ကောင်းမွန်သည့်အမြင်နှင့် ခင်မင်ရင်းနှီးမှုရှိမှသာလျှင် အပြန်အလှန်လည်ပတ်ခြင်း၊ ခရီးသွားခြင်းများကို ပြုလုပ်ကြပါသည်။ ထို့အပြင် အချို့ကိစ္စရပ်များတွင် အခြားသောနည်းဖြင့် ဆက်သွယ်မှုများထက် လူပုဂ္ဂိုလ်ချင်းသွားရောက်တွေ့ဆုံ၍ ရင်းနှီးပွင့်လင်းစွာပြောဆိုဆက်ဆံဆွေးနွေးခြင်းသည် ပိုမိုထိရောက်အောင်မြင်သဖြင့် ခရီးသွားလုပ်ငန်းသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် သံတမန်အဖြစ် ပါဝင်လာရပါတော့သည်။

အမှန်စင်စစ် ခရီးသွားလုပ်ငန်းကို ငြိမ်းချမ်းရေးတည်ဆောက်မှုအတွက် ကြားခံကိရိယာအဖြစ် အသုံးပြုမှုသည် ယခုမှပေါ်ပေါက်လာခြင်းမဟုတ်ပေ။ မြန်မာနိုင်ငံ၏ သမိုင်းကိုပြန်ပြောင်းကြည့်လျှင်လည်း ခရီးသွား၍ ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်ခဲ့သည့် ကြီးမားသောသာဓကရှိခဲ့ပါသည်။ ၎င်းမှာ (၁၃) ရာစုတွင် ပုဂံပြည့်ရှင် နရသီဟပတေ့မင်းလက်ထက်၌ ပုဂံကိုမွန်ဂိုတရုတ်တို့ ဝင်ရောက်တိုက်ခိုက်မှုကြောင့် ငြိမ်းချမ်းရေးစကားဆိုရန် ရှင်ဒိသာပါမောက် ရဟန်းသည် တရုတ်နိုင်ငံပေကျင်းသို့ ခရီးထွက်ခဲ့ရပေသည်။ ၎င်း၏ဂုဏ်ဆောင်မှုကြောင့် မြန်မာနိုင်ငံသားတို့သည် မွန်ဂိုတို့၏အပြီးတိုင်ချေဖျက်မှုဘေးမှ ကင်းဝေးခဲ့ရပါသည်။ ဤသည်ကိုလည်း ကမ္ဘာကျော် ခရီးသည်ကြီး မာကိုပိုလိုက မှတ်တမ်းတင်ခဲ့ပါသည်။

(ခ) ကမ္ဘာ့ငြိမ်းချမ်းရေးကို အထောက်အကူပြုနေသည့်ခရီးသွားလုပ်ငန်း

ရေရှည်တည်တံ့သော တာဝန်သိခရီးသွားလုပ်ငန်း၏ အလေ့အကျင့်များသည် သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းခြင်း၊ ဒေသခံများ၏ လူမှုစီးပွားရေးဘဝကို တိုးတက်စေခြင်း၊ ရိုးရာယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းခြင်းစသည့်အကျိုး တရားများကိုရရှိစေပြီး ခရီးသွားဧည့်သည်များနှင့် ဒေသခံများအကြား မျှတသောဆက်ဆံရေးကို ဖြစ်ပေါ်စေပါသည်။ ထို့အပြင် မတူညီသောယဉ်ကျေးမှုနှင့် နောက်ခံများမှလူများကို အတူတကွပေါင်းစည်းစေခြင်းဖြင့် ခရီးသွားလုပ်ငန်းသည် အတားအဆီးများကို ချိုးဖျက်နိုင်ပြီး အပြန်အလှန်နားလည်မှုကို တည်ဆောက်ကာ သဟဇာတဖြစ်မှုကို မြှင့်တင်နိုင်ပေသည်။ ဥပမာအားဖြင့် ၂၀ ရာစုနှစ် နှောင်းပိုင်းကာလများတွင် အစ္စရေး၊ ပါလက်စတိုင်းနှင့် ဂျော်ဒန်နိုင်ငံတို့မှ လူငယ်များကို ခရီးသွားလုပ်ငန်းတွင်လုပ်ကိုင်ရန် စုစည်းပေးခြင်းဖြင့် ၎င်းဒေသရှိ လူငယ်တို့သည် မိမိတို့၏ယဉ်ကျေးမှုများကို အချင်းချင်းမျှဝေကြပြီး ရန်ဘက်များထက် မိတ်ဖက်များအဖြစ် အချင်းချင်းသိမြင်လာကြသဖြင့် “ခရီးသွားလုပ်ငန်းမှတစ်ဆင့် ငြိမ်းချမ်းရေးဆီသို့” သွားသည့် အစီအစဉ်သည် သိသာထင်ရှားသောခြေလှမ်းများ ဖြစ်လာခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ ဤသည်ကားခရီးသွားလုပ်ငန်း၏ အသွင်ကူးပြောင်းနိုင်မှု စွမ်းပကားကို မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်ပါသည်။ ထို့အပြင် ခရီးသွားလုပ်ငန်းလုပ်ကိုင်ခြင်းသည် ကမ္ဘာ့ကုလသမဂ္ဂမှချမှတ်ထားသည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ့ရည်မှန်းချက်ဖြစ်သည့် “ငြိမ်းချမ်းရေး”ဆိုသည့် ရည်မှန်းချက်ပန်းတိုင်ကို ဖော်ဆောင်ရာလည်းရောက်ပါသည်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုသည် ငြိမ်းချမ်း သည့်လူ့အဖွဲ့အစည်းကို ဖြစ်ပေါ်စေပြီး အပြန်အလှန်အားဖြင့် ငြိမ်းချမ်းသည့်လူ့အဖွဲ့အစည်းရှိ မှသာလျှင် ခရီးသွားလုပ်ငန်းလုပ်ကိုင်ရာ၌ ပိုမိုအောင်မြင်ဖြစ်ထွန်းသည်ကို တွေ့ရှိရပါသည်။

(ဂ) ဆန်းသစ်တီထွင်မှုကိုဖြစ်ပေါ်စေပြီး ငြိမ်းချမ်းရေးတည်ဆောက်မှု မဟာဗျူဟာများကို အထောက်အကူပြုသည့် ခရီးသွားလုပ်ငန်း

ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်စေရန်မှာ ဆန်းသစ်တီထွင်မှုနှင့် စွန့်ဦးတီထွင်မှုတို့ အမြဲလိုအပ်လျက်ရှိပြီး ၎င်းတို့ကိုမြှင့်တင်အားပေးခြင်းဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်မှုသည် ငြိမ်းချမ်းရေးတည်ဆောက်မှု မဟာဗျူဟာများချမှတ်ရာတွင် ဆန်းသစ်သောနည်းဖြင့် အထောက်အကူ ဖြစ်စေနိုင်ပါသည်။

(ဃ) ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးရရှိမှုတွင် လူငယ်များ၏အခန်းကဏ္ဍ

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုနှင့် ငြိမ်းချမ်းရေးရရှိမှုတွင် လူငယ်များပါဝင်ပတ်သက်မှုသည် အရေးကြီးကြောင်းကို ကုလသမဂ္ဂခရီးသွား လုပ်ငန်းအဖွဲ့က ဤကဲ့သို့အလေးအနက်ဖော်ပြခဲ့ပါသည်-

ခရီးသွားလုပ်ငန်း၏ အနာဂတ်သည် လူငယ်များ၏လက်ထဲတွင် ရှိနေပါသည်။ လူငယ်များ အတွက်ရင်းနှီးမြှုပ်နှံပေးရာတွင် ၎င်းတို့၏ ပညာရေးကို ပံ့ပိုးကူညီပေးခြင်း၊ လေ့ကျင့်ရန်အခွင့်အလမ်းများနှင့် ခရီးသွားကဏ္ဍတွင် ၎င်းတို့၏တက်ကြွစွာပါဝင်မှုကို အားပေးခြင်းတို့ဖြင့် လူမှုဆက်ဆံရေးနယ်ပယ်တွင် အပြောင်းအလဲများ ပြုလုပ်ပေးနိုင်ပြီး ငြိမ်းချမ်းရေးကို မြှင့်တင်ပေးရန်အတွက် ၎င်းတို့၏စွမ်းပကားများကို အသုံးပြုနိုင်ပါသည်။

သို့ဖြစ်ပါ၍ ခရီးသွားလုပ်ငန်း၏ အနာဂတ်ကိုပုံဖော်ရာတွင် လူငယ်များ၏အခန်းကဏ္ဍကို အလေးထားပြီး ၎င်းတို့ကို ဆွဲဆောင်ခြင်းဖြင့်မှန်ကန်သော အသိအမြင်များကိုရရှိစေပြီး အချင်းချင်းနားလည်မှုနှင့် ငြိမ်းချမ်းရေးကို ဦးစားပေးတတ်သော မျိုးဆက်သစ်ခရီးသွားများကို ပြုစုပျိုးထောင်ပေးနိုင်ပါသည်။ ဤသို့ဖြင့် ခရီးသွားခြင်းကို အားလပ်ရက်တွင် အနားယူအပန်းဖြေခြင်း သက်သက်ထက် ပိုမိုသည့်ငြိမ်းချမ်းရေးကို မြှင့်တင်ပေးသည့်လုပ်ငန်းစဉ်အဖြစ် ပိုမိုသိမြင်လာစေပြီး ခရီးသွားလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ရသည်ကို ပိုမိုပျော်ရွှင်၊ ဂုဏ်ယူတတ်လာကြမည်ဖြစ်ပါသည်။

(င) ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် သတင်းမီဒီယာများ၏ အခန်းကဏ္ဍ

ခရီးသွားလုပ်ငန်းမြှင့်တင်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်ရာတွင် သတင်းမီဒီယာများသည် လူအများစုသတိမမူမိသော အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ မီဒီယာသည်သတင်းအချက်အလက်အတွက် မရှိမဖြစ်လိုအပ်သော လမ်းကြောင်းတစ်ခုအဖြစ် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းသည်ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်သည့် ကဏ္ဍနှစ်ခုလုံးအတွက် ပုံဖော်ပေးခြင်းဖြင့် လူထု၏အမြင်ကိုလွှမ်းမိုးနိုင်ပါသည်။ မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံတကာခရီးသွားများအကြား အထင်လွဲမှားနေမှုများကို သတင်းမီဒီယာများ၏ အစွမ်းဖြင့် ချေဖျက်၍ မိမိနိုင်ငံ၏ ကောင်းမွန်သော ပုံရိပ်ကိုတည်ဆောက်ပြရမည်ဖြစ်ပါသည်။ နိုင်ငံတကာသုံး အင်္ဂလိပ်ဘာသာဖြင့် မှန်ကန်၊ မြန်ဆန်စွာ အချိန်နှင့်တစ်ပြေးညီ ကမ္ဘာကိုထိုးဖောက်နိုင်သော မီဒီယာများသည် မိမိနိုင်ငံ၏ ပကတိအခြေအနေမှန်များနှင့် ကောင်းမွန်သောပုံရိပ်ကို မီးမောင်းထိုးပြသနိုင်ပြီး မတူညီသောအသိုက်အဝန်းများအကြား နားလည်မှုနှင့် ငြိမ်းချမ်းစွာအပြန်အလှန် ဆက်သွယ်မှုကို ဖြစ်ပေါ်စေပါသည်။ ဤသို့ဖြင့် သတင်းမီဒီယာများ၏ အခန်းကဏ္ဍဖြင့် ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် မြှင့်တင်ပေးနိုင်သကဲ့သို့ ငြိမ်းချမ်းရေးကိုလည်း ဖော်ဆောင်ပေးနိုင်ပါသည်။

(စ) ခရီးသွားလုပ်ငန်းကိုအနှောင့်အယှက်ဖြစ်စေသော ပြည်တွင်းမငြိမ်သက်မှုများ

ဒေသတစ်ခုသည် သယံဇာတများ မည်မျှပေါများကြွယ်ဝစေကာမူ ပဋိပက္ခများရှိနေလျှင် ၎င်းဒေသသည် မည်သို့မျှစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု မဖြစ်နိုင်ပေ။ ကျွန်ုပ်တို့နိုင်ငံသည်လည်း ကမ္ဘာ့အင်အားကြီးနိုင်ငံများအကြား အားပြိုင်မှုတွင် မြေဇာပင်ဖြစ်နေ၍ ပြည်တွင်းမငြိမ်သက်မှုများနှင့် နိုင်ငံရေးပဋိပက္ခများကလည်း နိုင်ငံ၏ပုံရိပ်ကို ကျဆင်းစေပါသည်။ ၎င်းဖြစ်ရပ်များသည် ခရီးသွားလုပ်ငန်းကို များစွာအနှောင့်အယှက်ဖြစ်စေကြောင်းကို အိမ်နီးချင်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန်တွင် မိမိတို့နိုင်ငံသို့ နိုင်ငံတကာခရီးသွားဧည့်သည် ရောက်ရှိမှုအရေအတွက် အနည်းဆုံးဖြစ်သည်က သက်သေပြလျက်ရှိနေပေသည်။ ဤသို့ဖြစ်ရခြင်းမှာ ခရီးသွားလုပ်ငန်းနှင့် ငြိမ်းချမ်းရေးတို့သည် ယှဉ်တွဲဆက်စပ်နေခြင်းကြောင့်ဖြစ်ပါသည်။

အချုပ်အားဖြင့်ဆိုရလျှင် ခရီးသွားခြင်းဖြင့် ယဉ်ကျေးမှု၊ နားလည်မှုများကို ဖလှယ်ပေးနိုင်ပြီး မတူကွဲပြားမှုများကို နည်းပါးသွားအောင် ဖန်တီးပေးနိုင်စွမ်းရှိသဖြင့် ၂၀၂၄ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်း နေ့၏ အနှစ်သာရအဖြစ် ငြိမ်းချမ်းရေးကိုဖော်ဆောင်ပေးရန် ရည်ရွယ်၍ ကျင်းပသွားမည်ဖြစ်ပါသည်။ ငြိမ်းချမ်းရေးသည် ကျွန်ုပ်တို့လူသားအားလုံးအတွက် မရှိမဖြစ်လိုအပ်ပြီး လူသားအားလုံးကလည်း လိုလား တောင့်တကြသည့်အရာဖြစ်ပေရာ ငြိမ်းချမ်းရေးကိုတည်ဆောက်ရာတွင် ခရီးသွားလုပ်ငန်းကဏ္ဍအနေဖြင့် ပါဝင်ဖြည့်ဆည်း အကျိုးပြုခြင်းသည် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် မူဝါဒနှင့်လည်းကိုက်ညီပါသည်။ ထို့အပြင် ပဋိပက္ခများသည် ငြိမ်းချမ်းမှု၊ လုံခြုံမှုများကို ကင်းမဲ့စေပြီး စားဝတ်နေရေး ကျပ်တည်းမှုတို့ကို ဖြစ်ပေါ်စေသည့်အပြင် လူ့အခွင့်အရေးများကိုဆုံးရှုံးစေရာ ငြိမ်းချမ်းရေး၏တန်ဖိုးကို မငြိမ်းချမ်းသည့်ဒေသများတွင် နေထိုင်သူများက ပိုမိုသိရှိကြပါသည်။

သို့ဖြစ်ပါ၍ ပဋိပက္ခများနှင့်သဘောထားကွဲလွဲမှုများ ရှိနေဆဲဖြစ်သော ယနေ့ကမ္ဘာတွင်အတိတ်မှ ဖြစ်ရပ်များကို သင်ခန်းစာယူ၍ ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာကြီးကို နောင်လာနောက်သားများအား ငြိမ်းချမ်းသည့်ကမ္ဘာကြီးအဖြစ် အမွေပေးနိုင်စေရန် ကြိုးစားဖို့လိုအပ်ပါသည်။ ဤတွင် ကျွန်ုပ်တို့သည် နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် အထောက်အကူပြုပေးသော၊ ငြိမ်းချမ်းရေးသံတမန်အဖြစ် လုပ်ကိုင်နေသော၊ မတူညီသော ယဉ်ကျေးမှုနှင့်နောက်ခံများမှလူများကို အတူတကွပေါင်းစည်းပေးသော၊ ဆန်းသစ်တီထွင်မှုများကို ဖြစ်ပေါ်စေသော စသည့်အနှစ်သာရများနှင့် ပြည့်စုံနေသည့် ခရီးသွားလုပ်ငန်းနှင့် ၎င်းနှင့်အပြန်အလှန်မှီခို ဖြစ်တည်လျက်ရှိနေသော ငြိမ်းချမ်းရေးကိုရရှိအောင် လူငယ်များ၏ အင်အားကိုယူ၍ အတူယှဉ်တွဲ ဖော်ဆောင်ကြပါစို့ဟု တိုက်တွန်းရေးသားလိုက်ရပါသည်။

ကိုးကား

- UN Tourism ၏ Concept Note (2024)