တိုးတက်အောင်မြင် လုပ်ငန်းခွင်
ကိုယဉ်ချစ် (မန္တလေး)
လူတိုင်းဟာ ဘဝတစ်ခုရှင်သန်ရပ်တည်နေနိုင်ဖို့ စားရေး၊ ဝတ်ရေး၊ နေရေးဆိုတဲ့ အလုပ်သုံးမျိုးကို နေ့စဉ်လုပ်ကိုင်နေကြပါတယ်။ လူချင်းတူပေမယ့် အတိတ်ကံ၊ ပစ္စုပ္ပန်အခြေအနေနဲ့ ပတ်ဝန်းကျင် အခြေအနေတွေကြောင့် ဆင်းရဲချမ်းသာ၊ ရာထူးဂုဏ်ရှိန်ဆိုတဲ့ လူနေမှုအဆင့်အတန်းတွေ ကွဲပြားခြားနားသွားပါတယ်။ အတိတ်ကံဆိုတာကတော့ မွေးကတည်းက ပါလာတာဖြစ်လို့ပြင်မရနိုင်ပါ။ အတိတ်ကံကပါလာတဲ့ ကောင်းကျိုးဆိုးကျိုးတွေကို မလွဲမသွေခံစားကြရမှာ ဖြစ်ပါတယ်။ ပစ္စုပ္ပန်အခြေအနေကတော့ ကာယကံရှင်ကိုယ်တိုင် ကြိုးပမ်းအားထုတ်မှုတွေအပေါ် မူတည်ပါတယ်။ အလားတူတိုးတက်မှု၊ ဆုတ်ယုတ်မှုတွေ ဖြစ်ပေါ်ဖို့အတွက် ပတ်ဝန်းကျင်ဆိုတာကလည်းရှိနေပါတယ်။ ဒါကြောင့် လူတွေတိုးတက်အောင်မြင်ကြဖို့ ပစ္စုပ္ပန်နဲ့ ပတ်ဝန်းကျင်အခြေအနေတွေအပေါ်မှာ မူတည်နေတယ်လို့ ယေဘုယျအားဖြင့် ဆိုနိုင်ပါတယ်။
တစ်ဦးနဲ့တစ်ဦး မတူညီတဲ့အကြောင်းအရာတွေကြောင့် ဆူကြုံနိမ့်မြင့် ဆင်းရဲချမ်းသာ ကွဲပြားခြားနားနေကြပေမယ့် လူ့ဘဝမှာရပ်တည်ရှင်သန်နေရတဲ့ အချိန်လေးမှာ အပူအပင်သောကကင်းကင်းနဲ့ တည်ငြိမ်အေးချမ်းစွာ နေထိုင်လုပ်ကိုင်စားသောက် လိုသူတွေချည်း ဖြစ်ကြပါတယ်။
လူတိုင်း အလုပ်တွေလုပ်နေကြတဲ့အခါ တချို့ကတိုးတက်အောင်မြင်ကြတယ်။ တချို့က တိုးတက် အောင်မြင်မှုနည်းတယ်။ တချို့က တိုးတက်အောင်မြင်မှုမရကြဘူး။ အကြောင်းရင်းကတော့ တစ်ဦးချင်းစီရဲ့ အတိတ်ကံ၊ အရည်အချင်းနဲ့ ပတ်ဝန်းကျင်အခြေအနေတွေ မတူညီကြလို့ဖြစ်ပါတယ်။ မတူညီမှုတွေကို တူညီအောင်၊ တစ်ထပ်တည်းဖြစ်အောင် တန်းညှိယူလို့မရပေမယ့် တစ်ဦးချင်းစီက တိုးတက်အောင်မြင်စေနိုင်တဲ့၊ ကြိုးစားလို့ရနိုင်တဲ့ နည်းလမ်းတွေရှိပါတယ်။
မိမိကိုယ်မိမိ ယုံကြည်မှု
တိုးတက်အောင်မြင်တဲ့ဘဝကို ပိုင်ဆိုင်ဖို့ မိမိကိုယ်မိမိ ယုံကြည်မှုဟာအရေးပါပါတယ်။ အလုပ်တွေ တိုးတက်အောင်မြင်အောင် လုပ်နိုင်ရမယ်ဆိုတဲ့ စိတ်ဆန္ဒပြင်းပြစွာနဲ့ ကြိုးစားလုပ်ကိုင်သူတွေဟာ အောင်မြင်မှုတွေ ပိုင်ဆိုင်ကြပါတယ်။ ဆန္ဒဝတော ကိံနာမကမ္မံ နသဇ္ဇတိ (ဆန္ဒထက်သန် ပြင်းထန်သော အလိုရှိသူအတွက် မအောင်မြင်မပြီးစီးသောအလုပ်ဟူ၍ အဘယ်မှာလျှင် ရှိပါမည်နည်း)ဆိုတဲ့ စကား အတိုင်း စိတ်အားထက်သန်မှု၊ ဝီရိယရှိမှု၊ ဇွဲလုံ့လရှိမှုဆိုတဲ့ အရည်အချင်းတွေကို အသုံးချကြရပါမယ်။ နည်းနေသေးရင် တိုးပွားလာအောင် မွေးမြူရပါမယ်။ မရှိသေးရင်ရှိလာအောင် ပြုစုပျိုးထောင်ယူရပါမယ်။
မိမိအကြောင်းကို မိမိသိအောင် အရင်လုပ်ရပါမယ်။ တချို့က ကိုယ့်အကြောင်းကိုတောင် အလုံးစုံ မသိဘဲ သူတစ်ပါးအကြောင်းတွေသာ ခေါင်းထဲထည့်နေကြလို့ အချိန်ကုန်လူပန်းဖြစ်နေကြပါတယ်။ မိမိမှာရှိနေတဲ့ အားသာချက်အားနည်းချက်တွေကို သိရပါမယ်။ သိထားရုံသာမကဘဲ အားနည်းချက်တွေကို အားသာချက်တွေဖြစ်အောင် ပြုပြင်လုပ်ဆောင်ရပါမယ်။ ကိုယ့်အားနည်းချက်ကို ကိုယ်မမြင်၊ သူတစ်ပါးကိုသာ အပြစ်တင်တတ်သူဟာ ဆင်ခြေအမျိုးမျိုးနဲ့ မိမိအားနည်းချက်ကို ပြန်ပြီးမကြည့်မိကြပါဘူး။ ဆင်ခြေဆိုတာ အလုပ်ပြီးမြောက်အောင်မြင်ဖို့ အဖြေမဟုတ်ပါ။ တိုးတက်အောင်မြင်မှုကို နှောင့်နှေးစေပါတယ်။ သူတစ်ပါးရဲ့အပေါ် အပြစ်လွှဲချတတ်တဲ့ဉာဉ်ရှိရင် မိမိအားနည်းချက်ကို ပြုပြင်လိုစိတ်တွေ လျော့နည်းသွားတတ်ပါတယ်။
ရိုးသားမှု
တိုးတက်အောင်မြင်သူတွေဟာရိုးသားမှုကို တန်ဖိုးထားကြပါတယ်။ ရိုးသားသူဟာနာမည် ကောင်းကိုပိုင်ဆိုင်ကြပါတယ်။ ဘယ်လုပ်ငန်းကို လုပ်လုပ်၊ ရိုးသားသူနဲ့မရိုးသားသူ ယှဉ်ပြိုင်လုပ်ကြရင် ရိုးသားသူကအောင်မြင်မှုကို ပိုပြီးပိုင်ဆိုင်တတ်ပါတယ်။ မရိုးသားသူဟာ ကံအားလျော်စွာ ခဏတာအောင်မြင်တာမျိုး ရှိတတ်ပေမယ့် ရေရှည်ပိုင်ဆိုင်မှာ မဟုတ်ဘဲ ကျရှုံးမှုတွေနဲ့သာ နောက်ဆုံးရင်ဆိုင်သွား ရတတ်ပါတယ်။
ရှေးအခါက ရွဲကုန်သည်နှစ်ဦးဟာ နီလဝါဟမြစ် တစ်ဖက်ကမ်းမှာရှိတဲ့ အရိဋ္ဌပူရမြို့ကို ရွဲတွေသွားရောင်းကြပါတယ်။ ခရီးကတူနေတော့ ကိုယ်ရောင်းမယ့်နေရာရောင်းပြီးမှ နောက်တစ်နေရာကိုရောင်းကြဖို့ နှစ်ဦးသဘောတူကြပါတယ်။ ကောက်ကျစ်တဲ့ရွဲကုန်သည်ဟာ သူ့ခရီးစဉ်အတိုင်း ရောင်းချရာမှာ ဥစ္စာပျက်ပြီး အလွန်ဆင်းရဲတဲ့ မြေးအဘွားရှိတဲ့နေရာကို ရောက်သွားပါတယ်။ မြေးမလေးက ရွဲလိုချင်လို့သူ့အဖွားကို ပူဆာပါတယ်။ အဘွားကလည်း ဝယ်ပေးစရာ အသပြာလည်း မရှိတော့ခွက်ဟောင်းတစ်ခုကိုပြပြီး ရွဲအနည်းငယ် နဲ့လဲပေးဖို့ ရွဲကုန်သည်ကိုပြောပါတယ်။ ကောက်ကျစ် တဲ့ရွဲကုန်သည်ဟာပစ်ထားလို့ အညစ်အကြေးတင်နေတဲ့ ခွက်ဟောင်းကို ခြစ်ကြည့်လိုက်တော့ ရွှေခွက်ကြီးမှန်းသိသွားတယ်။ အဲဒီရွှေခွက်ကို မတရားရယူလိုစိတ်နဲ့ ပဲဝက်လောက်တောင်မတန်ဘူးဆိုပြီး မြေပေါ်ပစ်ချကာ ထွက်သွားခဲ့တယ်။
မကြာမီမှာရိုးသားတဲ့ ရွဲကုန်သည်က အဲဒီနေရာကိုရောက်လာတာ့ မြေးမလေးက အဘွားကိုပူဆာပြန်ပါတယ်။ ဒါကြောင့် အဘွားဖြစ်သူကရိုးသားတဲ့ ရွဲကုန်သည်ကို သူ့မှာရှိနေတဲ့ ခွက်အဟောင်းကြီးကိုယူပြီး ရွဲအနည်းငယ်ပေးဖို့ ပြောတယ်။ ရိုးသားတဲ့ရွဲကုန်သည်ဟာ ရွှေခွက်မှန်းသိတာနဲ့ ဒီခွက်ကြီးဟာ အသပြာတစ်သိန်းထိုက်တဲ့ ရွှေခွက်ကြီးဖြစ် ကြောင်းနဲ့ သူ့မှာ အဲဒီလောက်တန်ဖိုးရှိတဲ့ ရွဲတွေမပါကြောင်းပြောပါတယ်။ အဘွားအိုကပထမ လာတဲ့ရွဲကုန်သည်က ဒီခွက်ကို ပဲဝက်တောင်မတန် ဘူးလို့လွှင့်ပစ်သွားတယ်။ ဒီခွက်ဟာ မောင်မင်းနဲ့ သာထိုက်တန်တာမို့ ရွှေခွက်ကြီးကိုယူပြီး ပေးလိုသမျှ ရွဲကိုသာပေးခဲ့ပါလို့ ပြောလိုက်ပါတယ်။ ရိုးသားတဲ့ရွဲကုန်သည်ဟာ ခရီးစရိတ်ရှစ်အသပြာ၊ ချိန်ခွင်နဲ့ လွယ်အိတ်ကိုသာယူပြီး မရောင်းရသေးတဲ့ ရွဲ ၅၀၀ နဲ့ ရွဲရောင်းခဲ့တဲ့ အသပြာ ၅၀၀ ကို မြေးအဘွားကိုပေး ခဲ့ပြီး နီလဝါဟမြစ်ကိုဖြတ်ပြီး တစ်ဖက်ကမ်းကိုကူးသွားပါတော့တယ်။
ကောက်ကျစ်တဲ့ရွဲကုန်သည်က မြေးအဘွားနှစ်ဦးဆီပြန်လာပြီး စောစောကခွက်ကြီးယူခဲ့၊ ရွဲအနည်းငယ်ပေးမယ်လို့ဆိုတဲ့အခါ အဘွားဖြစ်သူက ဖြစ်စဉ်ကိုပြောပြလိုက်တယ်။ အဲဒီအခါ ကောက်ကျစ်တဲ့ ရွဲကုန်သည်ဟာ အသပြာတစ်သိန်း ထိုက်တဲ့ရွှေခွက်ကြီးကို မရလိုက်တဲ့အတွက် ရွှေခွက်ကိုပြန်ယူဖို့ မြစ်ဆိပ်ကို အမြန်လိုက်ပေမယ့် ရိုးသားတဲ့ ရွဲကုန်သည်က တစ်ဖက်ကမ်းကိုရောက်သွားပြီမို့ ပူလောင်ပြင်းပြတဲ့ပူဆွေးမှုတွေနဲ့ ရုတ်တရက်လဲကျသေဆုံးသွားခဲ့ရပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ရိုးသားသူနဲ့ ကောက်ကျစ်သူမှာ ရိုးသားသူကသာအောင်မြင်မှုကို ပိုင်ဆိုင်သွားတတ်တယ်ဆိုတဲ့ သာဓကတစ်ခုဖြစ်ပါတယ်။
လုပ်ငန်းကျွမ်းကျင်မှု
တိုးတက်အောင်မြင်ဖို့ လုပ်ငန်းကျွမ်းကျင်မှု ဆိုတာလည်း လိုအပ်ပါတယ်။ ကိုယ်လုပ်နေတဲ့အလုပ်ကို အသေးအဖွဲလေးတွေကစပြီး ပေါ့ပေါ့တန်တန်သဘောမထားဘဲ အလေးအနက်ထားလုပ်ကိုင်ရပါမယ်။ လုပ်ငန်းကျွမ်းကျင်မှုရှိရင် အလုပ်ရဲ့ရလဒ် ကောင်းတွေပိုင်ဆိုင်နိုင်သလို ကာယကံရှင်ရဲ့ ဂုဏ်သိက္ခာလည်း မြင့်တက်စေပါတယ်။
တချို့က ငွေကြေးအရင်းအနှီးစိုက်ထုတ်ပြီး လုပ်ငန်းလုပ်ကိုင်ကြပေမယ့် ကိုယ့်လုပ်ငန်းကို တစ်ပါးသူရဲ့ ကျွမ်းကျင်မှုကို အားပြုနေကြတာမျိုး တွေရှိပါတယ်။ အချို့ရုံးဌာနတွေ၊ အသင်းအဖွဲ့တွေ၊ ကုမ္ပဏီတွေမှာဦးစီးဦးဆောင်ပြုတဲ့သူက လက်အောက်ဝန်ထမ်းတွေကို အားပြုလုပ်ကိုင် နေကြတာမျိုးတွေတွေ့ရတတ်ပါတယ်။ တချို့ကတော့ လုပ်ငန်းကျွမ်းကျင်သူတွေ၊ အကြံပေးတွေခန့်ပြီး အလုပ်တွေလုပ်ကိုင်ကြပါတယ်။ လူတိုင်းကအရာရာမပြည့်စုံနိုင်တာမျိုးရှိပေမယ့် မိမိလုပ်ကိုင်နေတဲ့ အလုပ်တွေကို ကျွမ်းကျင်မှုရှိအောင် ကြိုးစားလုပ်ကိုင်နိုင်ခြင်းက အကောင်းဆုံးဖြစ်ပါမယ်။
ဥပမာ ယာဉ်မောင်းတစ်ဦးဟာ ကိုယ်မောင်းနှင်မဲ့ယာဉ်ကို ကျွမ်းကျင်ပိုင်နိုင်စွာမောင်းနှင်နိုင်တဲ့ အပြင်ယာဉ်ရဲ့စက်ပိုင်းဆိုင်ရာတွေ၊ ယာဉ်နဲ့ဆက်စပ် တဲ့အရာတွေကို သိရှိနားလည်ရပါမယ်။ သတ်မှတ်ထားတဲ့ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းတွေကိုလည်း တိတိကျကျ လိုက်နာနိုင်တဲ့သူဖြစ်မှသာ ကျွမ်းကျင်တဲ့ယာဉ်မောင်းတစ်ဦးလို့ သတ်မှတ်နိုင်ပါမယ်။
အားကြိုးမာန်တက် လုပ်ကိုင်မှု
တိုးတက်အောင်မြင်ဖို့ အလုပ်တွေကို ဇွဲ၊ လုံ့လ၊ ဝီရိယတွေစိုက်ထုတ်ပြီး အားကြိုးမာန်တက်အလုပ်လုပ်ကြရမှာဖြစ်ပါတယ်။ တချို့ကကြီးပွားချမ်းသာချင်လို့ ပြည်တွင်းမှာ အလုပ်မလုပ်ချင်ဘဲ ပြည်ပကို အလုပ်သွားလုပ်ဖို့ လုံးပန်းနေကြပါတယ်။ ဖွံ့ဖြိုးတိုးတက်နေတဲ့ ပြည်ပနိုင်ငံတွေမှာ လုပ်အားခကို ထိုက်ထိုက်တန်တန် ပေးထားသလို အလုပ်တွေကို အလုပ်နဲ့တူအောင်လုပ်ကြရတယ်။ စည်းကမ်းသတ်မှတ်ချက်တွေကို တင်းတင်းကျပ်ကျပ် ချမှတ် ထားတယ်။ စည်းကမ်းမလိုက်နာနိုင်ရင် အလုပ်က ထုတ်ပယ်ပစ်တဲ့အထိ အရေးယူခံရပါမယ်။ ဒီတော့ပြည်ပမှာ အလုပ်သွားလုပ်ကိုင်သူတွေဟာ အလုပ်တွေကိုမဖြစ်မနေ အားစိုက်လုပ်ကြရပါတယ်။ စည်းကမ်းတွေလိုက်နာရပါတယ်။ ပြည်ပနိုင်ငံမှာအလုပ်တွေ ကြိုးစားလုပ်တာမျိုးလို ကိုယ့်နိုင်ငံအတွင်းမှာ ကြိုးစားလုပ်၊ စည်းကမ်းတွေလိုက်နာ လုပ်ကိုင်ကြရင် အိုးမကွာအိမ်မကွာ မိသားစုနဲ့မကွဲမကွာ ကြီးပွားတိုးတက်နိုင်ပါတယ်။ ကိုယ့်နိုင်ငံ အတွင်းမှာပဲ အလုပ်တွေကို အားကြိုးမာန်တက် လုပ်ကိုင်ကြလို့ ကြီးပွားတိုးတက်အောင်မြင်နေသူ တွေလည်းမြင်တွေ့နိုင်ပါတယ်။
အလုပ်တစ်ခုခုကို အားမလျှော့ဘဲ စွဲစွဲမြဲမြဲလုပ်ဆောင်နိုင်တဲ့ သတ္တိဆိုတဲ့ ဇွဲ၊ ကြိုးစားအားထုတ်ခြင်းဆိုတဲ့ လုံ့လနဲ့ဝီရိယတွေကို ရင်းနှီးလုပ်ကိုင်နိုင်ရင် ကိုယ်လုပ်တဲ့အလုပ်တွေဟာ တိုးတက်အောင်မြင် မှုတွေရနိုင်ပါတယ်။ ဒါကြောင့် ဘာအလုပ်ကိုပဲ လုပ်လုပ် သာမန်လုပ်တာမျိုးထက် ဇွဲ၊ လုံ့လ၊ ဝီရိယတွေနဲ့ အားထည့်လုပ်ကိုင်ကြဖို့လိုပါတယ်။
သင်ယူလေ့လာမှု
တိုးတက်အောင်မြင်ဖို့ လုပ်ဆောင်ရမယ့် အချက်တစ်ချက်ကတော့ အမြဲတမ်းသင်ယူလေ့လာနေဖို့လိုပါတယ်။ မျက်မှောက်ခေတ်မှာ ပြောင်းလဲနေတဲ့အခြေအနေတွေနဲ့အညီ အသိပညာ၊ အတတ် ပညာတွေကို သင်ယူနေကြရပါမယ်။ အသိပညာကို တရားပွဲတွေမှာ တရားနာတာ၊ ဟောပြောပွဲတွေ၊ ဆွေးနွေးပွဲတွေကို တက်ရောက်နားထောင်တာ၊ စာပေတွေ ဖတ်ရှုလေ့လာတာတွေကရပါတယ်။ အတတ်ပညာကိုတော့ နှုတ်မှုလက်မှုတွေဆီက သင်ယူရပါတယ်။ အသိပညာရောအတတ်ပညာရော နှစ်မျိုးစလုံး တတ်မြောက်ကြရင်တော့ အကောင်းဆုံးပါပဲ။ တစ်ဦးနဲ့တစ်ဦးအသိပညာ၊ အတတ်ပညာတွေကို အသုံးချတာချင်း မတူညီကြတော့ တိုးတက်အောင်မြင်မှုမှာလည်း ကွဲပြားခြားနားသွားကြပါတယ်။ တိုးတက်မှု၊ ကျရှုံးမှု၊ ချမ်းသာမှု၊ ဆင်းရဲမှုတွေ ဖြစ်ပေါ်သွားပါတယ်။ တိုးတက်အောင်မြင်မှုတွေ ပိုင်ဆိုင်နိုင်ကြဖို့အတွက်သိထား၊ တတ်ထားသလောက်နဲ့ တင်းတိမ်မနေဘဲ နည်းလမ်းမျိုးစုံနဲ့ သင်ယူလေ့လာနေဖို့လိုအပ်ပါတယ်။ စာကောင်း ပေကောင်းတွေကို များများဖတ်ကြဖို့လိုပါတယ်။
ကိုယ်ကျင့်တရားကောင်းမှု
နောက်တစ်ချက်ကတော့ ကိုယ်ကျင့်တရားကောင်းမွန်ဖို့ လိုအပ်ပါတယ်။ ကိုယ်ကျင့်တရား ကောင်းသူတွေဟာ မြင့်မြတ်တဲ့အတွေးကိုပဲ တွေးတယ်၊ နိမ့်ကျတာတွေမတွေးဘူး၊ မှန်တာကိုပဲ ပြောတယ်၊ မမှန်တာတွေမပြောဘူး၊ ကောင်းတာကိုလုပ်တယ်၊ မကောင်းတာ မလုပ်ဘူးဆိုတဲ့ အသိတွေနဲ့ဘဝကို တည်ဆောက်နေသူတွေဖြစ်တာကြောင့် သူတို့ရဲ့ ပင်ကိုစိတ်ဓာတ်အခံကိုက ကြည်လင်သန့်ရှင်းနေပါတယ်။ အခြေခံကျတဲ့ စိတ်အခြေခံကြောင့် သူတို့ရဲ့အတွေးအပြော အလုပ်တွေဟာကောင်းမွန်တဲ့ အလုပ်တွေဆီကိုသာ ဦးတည်နေပါတယ်။ အရာရာကို အကောင်းဘက်ကနေပဲ ကြည့်ကြပါတယ်။ တစ်ဖက်ကအားနည်းချက်တွေ တွေ့မြင်ရရင်သည်းခံစိတ်နဲ့ နားလည်ခွင့်လွှတ်ပေး တတ်ကြပါတယ်။ ကိုယ်ကျင့်တရားမကောင်းသူတွေကတော့ သူ့အကျိုးရှိမယ်ဆိုရင် ကျန်တဲ့လူတွေ ဘယ်လိုဖြစ်ဖြစ်လုပ်ဖို့ ဝန်မလေးတတ်ကြပါဘူး။ တစ်ဖက်သားကို အဆိုးမြင်စိတ်နဲ့သာကြည့်တတ်ကြပါတယ်။ ဒါကြောင့် တိုးတက်အောင်မြင်လိုသူတိုင်းဟာ ကိုယ်ကျင့်တရားကောင်းမွန်အောင် ကျင့်ကြံနေထိုင်ဖို့ လိုအပ်ပါတယ်။
အချိန်အသုံးချမှု
နောက်တစ်ချက်ကတော့ အချိန်ကိုတန်ဖိုး ရှိအောင်အသုံးချခြင်းက အရေးပါလှပါတယ်။ သဘာဝတရားကြီးက အချိန်ဆိုတာလူတိုင်းကို တန်းတူညီမျှပေးထားပါတယ်။ အချိန်ကို အကျိုးရှိအောင် အသုံးချနိုင်သူတွေဟာ တိုးတက်အောင်မြင် မှုတွေပိုင်ဆိုင်ကြသလို အချိန်ဖြုန်းသူတွေကတော့ တိုးတက်အောင်မြင်မှုတွေ လက်လွတ်ဆုံးရှုံးရတတ်ပါတယ်။ အချိန်ဆိုတာ မနက်တွေ၊ နေ့တွေ၊ ညတွေ၊ နွေ၊ မိုး၊ ဆောင်းဆိုတာတွေကိုသာ ဆိုလိုခြင်းမဟုတ်ပါ။ နေ့စဉ် မနက်မိုးလင်းချိန်မှ ညမိုးချုပ်တဲ့ကာလ အထိအပိုင်းအခြားကို ဆိုလိုတာဖြစ်ပါတယ်။ ပျင်းရိ ခြင်း ခြောက်မျိုးဆိုတဲ့ ပူသေးတယ်၊ အေးသေးတယ်၊ စောသေးတယ်၊ မိုးချုပ်သွားပြီ၊ ဆာလောင်နေသေးတယ်၊ ဝမ်းဝနေသေးတယ်ဆိုတဲ့ သူတွေဟာတိုးတက်အောင်မြင်မှုနဲ့ အလှမ်းဝေးနေမှာဖြစ်ပါတယ်။ ကုန်ဆုံးသွားတဲ့အချိန်ဟာ ပြန်လည်မရရှိနိုင် တော့တဲ့အတွက် အချိန်ကိုတန်ဖိုးရှိရှိ အသုံးချတတ် ဖို့လိုပါတယ်။ အချိန်ဆွဲအလုပ်လုပ်တာ၊ အချိန်ကို ဖြုန်းတာတွေကို မလုပ်မိအောင် အမြဲသတိမူ လုပ်ဆောင်နေရမှာဖြစ်ပါတယ်။
ဒီအချက်တွေက လူ့ဘောင်ဘဝကြီးတိုးတက်အောင်မြင်ဖို့ လုံးဝမပြီးပြည့်စုံသေးပါ။ လုပ်သင့်တဲ့အကြောင်းအရာအချို့ကို အကြံပြုခြင်းသာဖြစ်ပါတယ်။ တစ်ဦးချင်းစီကို တိုးတက်အောင်မြင်မှုတွေ ပိုင်ဆိုင်စေချင်ပါတယ်။ တိုးတက်အောင်မြင်သူတွေများပြားလာရင် တိုးတက်အောင်မြင်တဲ့ လူ့အဖွဲ့အစည်းကြီးဖြစ်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ ။
ကိုးကား။ ။ ဗုဒ္ဓဘာသာကောင်း တစ်ယောက်၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာန