နိုင်ငံရေးပြဿနာကို စစ်ရေးပရိယာယ်ဖြင့် ဖြေရှင်းသည့် ကမ္ဘာ့အဖျက်လုပ်ရပ်များ
မြင့်မြတ်
ယနေ့ကမ္ဘာကြီးတွင် စစ်ရေးတင်းမာမှုများ မြင့်တက်လာနေပြီး WW - III (တတိယကမ္ဘာစစ်) ဟူသော စကားလုံးမှာ ထမင်းစားရေသောက်ဖြစ်လာသည်။ အစ္စရေး-ဂါဇာစစ်ပွဲက ဂါဇာနယ်မြေမှတစ်ဆင့် လက်ဘနွန်နိုင်ငံထဲအထိ စစ်မျက်နှာကျယ်ပြန့်သွားချိန်မှာ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက ဖြစ်နေသော ရုရှား - ယူကရိန်း ပဋိပက္ခကလည်း ယခုအချိန်အထိ ပြီးဆုံးဖွယ်လမ်းစမမြင်။ ကမ္ဘာကြီးမှာအရာရာသည် အပျက်ဘက်ကို ဦးတည်လာနေသလား မြင်နေရသည်။ အရှုံးအနိုင်မပေါ်နိုင်သော ကမ္ဘာ့နေရာအချို့မှ စစ်ပွဲများတွင် အခွန်ထမ်းပြည်သူများ၏ ငွေကြေးဓနများကို ဘာကြောင့်သုံးစွဲနေကြပါသလဲ.. နိုင်ငံရေးပြဿနာအပါအဝင် အကျပ်အတည်းပေါင်းစုံကို စစ်ရေးနည်းလမ်းထက် နိုင်ငံရေးနည်းလမ်း၊ သံတမန်နည်းလမ်းများဖြင့် အပြုသဘောဆန်ဆန် ညှိနှိုင်းမဖြေရှင်းသင့်ဘူးလား.. စသည်ဖြင့် စဉ်းစားမိသည်။
စစ်ရေးသာ အားသန်သည့်အမေရိကန်
ဦးဆောင်နေရာမှ ကမ္ဘာကြီးကိုခြယ်လှယ်ချင်တိုင်း ခြယ်လှယ်လိုသော အမေရိကန်၏အရှိန်အဝါက အတိတ်ကကဲ့သို့ စံပြဒီမိုကရေစီမဟုတ်တော့သည်ကို အကဲခတ်မိရာမှ ပါတီနှစ်ခုအကြား နိုင်ငံရေးအကွဲအပြဲနှင့် လူတန်းစားမညီမျှမှုများအကြား ကြွေးမြီပြဿနာဂယက်က ထပ်ဆင့်လိုက်သည့်အခါ ကမ္ဘာ့နိုင်ငံများ၏ ပထဝီနိုင်ငံရေး၊ ပထဝီစီးပွားရေးအခြေ အနေများကိုပါ အပြောင်းအလဲများစွာဖြင့် သက်ရောက်မှုများ ရှိလာနေသည်ကို တွေ့လာရသည်။ နောင်လာမယ့်လ အနည်းငယ်အတွင်း စိတ်ဝင်စားစရာ သက်ရောက်လာနိုင်သည့် ဂယက်တစ်ခုက အမေရိကန်နိုင်ငံ၏ ရွေးကောက်ပွဲ ဖြစ်သည်။
ရွေးကောက်ပွဲရလဒ်က ယနေ့ဖြစ်ပွားနေသော ပဋိပက္ခအတိုးအလှုပ်ကို တိုးအောင်၊ လျော့အောင် လုပ်နိုင်စွမ်းပါသည်။ လက်ရှိဖြစ်နေသော ရုရှား-ယူကရိန်း၊ အစ္စရေး- ဂါဇာ- လက်ဘနွန် စစ်ပွဲများအပေါ်ထားရှိသော အမေရိကန် သမ္မတလောင်းများ၏ မူဝါဒနှင့် ရပ်တည် ချက်များက လက်ရှိစစ်ပွဲများအခြေအနေကို ပြောင်းလဲနိုင်စွမ်းရှိသည်ဟု သင်ယူဆလျှင် လက်ရှိစစ်ပွဲများဖြစ်ပွားရခြင်း အဓိကအကြောင်းရင်းခံ လက်သည်မှာလည်း ဘယ်သူဖြစ်ခဲ့သလဲ အများကြီး စဉ်းစားစရာမလိုဟု ယူဆမိသည်။
ရုရှားနိုင်ငံကို စစ်နွံထဲနစ်စေပြီး အင်အားချည့်နဲ့ သွားစေလိုသည့် အမေရိကန်တို့ဖန်တီးမှုကြောင့် ရုရှား-ယူကရိန်း ပဋိပက္ခဖြစ်ခဲ့ရသကဲ့သို့ စစ်ပွဲတာရှည်နေခြင်းမှာလည်း ယူကရိန်းကို အမေရိကန်၏အဆက်မပြတ်ကူညီထောက်ပံ့နေမှုများကြောင့်သာဖြစ်သည်။ ယခုလတ်တလောမှာပင် ဧပြီလကလွှတ်တော်တွင် အတည်ပြုပြီးသား အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀ ဖိုး စစ်ရေးအကူအညီများကို အမေရိကန် အစိုးရကပေးရန် ပြင်ဆင်နေပြီဖြစ်သည်။ အမေရိကန်၏ ယခုနောက်ဆုံး အကူအညီမှာ ယူကရိန်းနှင့်ဇာလန်စကီးကို မလိုလားသည့် ရီပတ်ဘလီကင်တို့နှင့် ဆန့်ကျင်ဘက်ဒီမိုကရက်တစ်တို့၏ နိုင်ငံရေးဆန္ဒများကြောင့်လည်း ဖြစ်ပုံရသည်။
ထိုနည်းတူ အစ္စရေး-ဂါဇာ-လက်ဘနွန်စစ်သည် အမေရိကန်တို့ကြောင့်ဖြစ်ရသည်ဟု မဆိုနိုင်သော်လည်း စစ်ပွဲကျယ်ပြန့်သွားခြင်းမှာမူ အမေရိကန်စနက်နှင့် ဘယ်လိုမှမကင်းပါ။ အစ္စရေးနောက်ခံ အမေရိကန်တို့ ပါးစပ်ကစစ်ကိုလျှော့ချကြရန် ဘယ်လိုပြောပြော အစ္စရေးအပေါ်ထိရောက်သည့် ဖိအားမပေးဘဲနှင့် စစ်ကိုရပ်တန့် နိုင်မည်မဟုတ်ကြောင်း အားလုံးက သိသည်။ လက်ရှိ လက်ဘနွန်ကိုတိုက်နေ သည့် အစ္စရေးစစ်မှာ အမေရိကန်ဘက်က ကြားဝင်စေ့စပ်နေဆဲမှာပင် အမေရိကန်ကအစ္စရေးကို စစ်ရေးအကူအညီ ထောက်ပံ့နေမှုကို ရပ်ပစ်ရမည့်အစား ဆက်လက်ပေးအပ်နေခြင်းသည် မီးစ တစ်ဖက် ရေမှုတ်တစ်ဖက်နှင့် ပေါ်တင်လိမ်ညာတတ်သည့် အမေရိကန်တို့၏ လုပ်ရပ်ပင်ဖြစ်သည်။
စစ်ကိုဖန်တီးသူနှင့် စစ်ကိုတာရှည်စေသူ
အဓိကအချက်မှာ ကျွန်တော်တို့မြန်မာလူငယ်များ ကမ္ဘာကြီး၌ဖြစ်ပျက်နေသမျှကို အမှုမဲ့အမှတ်မဲ့မနေဘဲ မိမိတို့နိုင်ငံအပေါ် သက်ရောက်နိုင်ခြေများအပေါ် လျစ်လျူမရှုမိစေရန် ရည်ရွယ်ပါ သည်။ ယနေ့ဖြစ်နေသည့်ကမ္ဘာ့ပဋိပက္ခများကို ခွဲခြမ်းစိတ်ဖြာပြီး ဖြစ်ပွားရသည့် အဓိကအကြောင်းရင်းနှင့် ပဋိပက္ခကို ပိုဆိုးသည်ထက်ဆိုးအောင် ဘယ်သူလုပ်နေသလဲ၊ လက်သည်တရားခံနှင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးကို ဘယ်သူကဆောင်ကြဉ်းနေသလဲ ရှာကြည့်သင့် သည်။ နိုင်ငံရေး၊ စီးပွားရေးမူဝါဒများ၊ လူမှုစီးပွားဘဝများ၊ မတူကွဲပြားခြားနားမှုများ များလွန်း၍ စစ်တွေဖြစ်ကြရသည် ဆိုလျှင်ကွဲပြားမှုကို ညီမျှအောင်လုပ်ပေးရန် ယနေ့ကမ္ဘာ့ခေါင်းဆောင်များတွင် အဓိကတာဝန်ရှိသည် မဟုတ်ပါလား။
သို့သော် ယနေ့ကမ္ဘာကြီးတွင် မတူကွဲပြားမှုကို ညီမျှအောင်လုပ်ပေးရမည့်အစား ပိုပြီးကွဲပြားသွားအောင်၊ ပိုပြီးမညီမမျှဖြစ်အောင်၊ ပိုဆိုးအောင်လုပ်နေသည့် တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့သည့်နိုင်ငံ များကရှိနေသည်။ ယူကရိန်းပဋိပက္ခမှာ ရုရှားကိုကျူးကျော်သူဟုသမုတ်ပြီး ရုရှားကိုအမျိုးမျိုးနှိပ်ကွပ်ကာ ဂါဇာကို စိစိညက်ညက်ကြေအောင် လုပ်နေသည့် အစ္စရေးကိုမူ ထောက်ခံကူညီသည့် အမေရိကန်၏ စံနှစ်မျိုးမူဝါဒကို တွေ့နေ ရသည်။
ယူကရိန်း-ရုရှားပဋိပက္ခရင်းမြစ်အစသည် ရုရှားကဘယ်လိုမှလက်မခံ၊ အတန်တန်တားမြစ်နေသည့် ယူကရိန်းကို နေတိုးအုပ်စုထဲထည့်သွင်းလိုသည့် မျဉ်းနီကို အမေရိကန်ဘက်က ဖြတ်ကျော် လိုက်သောကြောင့်ဖြစ်ရသည့် အမေရိကန် - ရုရှား၊ နေတိုး - ရုရှားအကြား ကိုယ်စားပြုစစ်ပွဲတစ်ခုသာဖြစ်သည်ဟု အများစုကလက်ခံထားကြသည်။ ဆိုလိုသည်မှာ ရုရှား-ယူကရိန်းပဋိပက္ခ၏ လက်သည် မီးရှို့သူမှာ အမေရိကန်ပင်ဖြစ်သည်။ ဥရောပမှာ စစ်ဖြစ်အောင်အမေရိကန်တို့ ဖန်တီးခဲ့ကြပြီး စစ်ကိုတာရှည်အောင်လည်း ယူကရိန်းထံ လက်နက်များ ဆက်လက်ပံ့ပိုးခြင်းဖြင့် စစ်ကိုတာရှည်အောင် လုပ်သလိုဖြစ်နေသည်။ စစ်ကိုဖန်တီးပြီး စစ်လက်နက်များရောင်းချခြင်းသည် အမေရိကန်နိုင်ငံရေးသမားများ အတွက် အတော်တွက်ခြေကိုက်သည့်လုပ်ရပ်လည်းဖြစ်သည်။ ဥရောပနေတိုး အုပ်စုဝင်များနှင့် ရုရှားနိုင်ငံတို့အကြား မိတ်ဆွေမှရန်သူအဖြစ် ပိုပြီးကွဲပြားသွား သကဲ့သို့ နေတိုးနိုင်ငံများအကြားတွင်လည်း အမြင်ကွဲပြားညီညွတ်မှုများ လျော့ရဲကုန်သည်မှာ အမေရိကန်တို့၏ အန္တိမလိုလားချက်များလား စဉ်းစားစရာဖြစ်သည်။
ယခုနောက်ပိုင်း ယူကရိန်းကိုကူညီရန် အမေရိကန်တို့ဘက်က သွေးအေးလာခြင်းသည် ရွေးကောက်ပွဲဝင်ဒီမိုကရက်တို့၏ လတ်တလောနိုင်ငံရေးရည်မှန်းချက်ကို မထိခိုက်စေရန်အတွက်ဖြစ်သည်ဟု သုံးသပ်နိုင်သလို ပြည်တွင်း၌ ဆန့်ကျင်အုံကြွမှုဆန္ဒပြပွဲများကို အကြီးအကျယ်ရင်ဆိုင်နေရသည့် အစ္စရေးခေါင်းဆောင် နေတန်ရာဟုမှာလည်း သူ့နိုင်ငံရေးဖိအားများကို ကာမိစေရန်အတွက် လက်ဘနွန်တောင်ပိုင်းကို စစ်ဆင်နွှဲပြီး ဟစ်ဇ်ဘိုလာတို့အပေါ် အနိုင်ယူပြခြင်းဖြင့် သူ့ကိုဆန့်ကျင်သူများ၏ အာရုံကို ပြောင်းအောင်လုပ်နေသလား ယူဆချက်များလည်း ရှိနိုင်ပြန်သည်။ အရှေ့အလယ်ပိုင်းစစ်ပွဲမှာ အစ္စရေးဂျူးတို့အပေါ် ပြတ်ပြတ်သားသား ထောက်ခံပြသည့် သမ္မတလောင်းထရမ့် အဖို့ ပြည်တွင်းက ဂျူးတို့၏ ထောက်ခံမဲ ကို ပိုရသွားပြီး ရွေးကောက်ပွဲမှာ အသာရနိုင်ခြေရှိသည့် ဆက်စပ်မှုကိုလည်း တွေးမြင်လို့ရနိုင်ပါသည်။
ကိုယ်စားပြုစစ်ပွဲများဖြင့် ကမ္ဘာကို ဖျက်ဆီးရန် လက်မနှေးသူ အထူးသဖြင့် အမေရိကန်သည် ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်သည်နှင့်အညီ ကမ္ဘာကြီး၏ အဆိုးအကောင်းကို ဖန်တီးနိုင်စွမ်းရှိနေဆဲ ဖြစ်သကဲ့သို့ စစ်အင်အားကို ကမ္ဘာတစ်ဝန်း ဖြန့်ကြက်ထားပြီး မိမိနိုင်ငံ အကျိုးစီးပွားအတွက်ရော ကမ္ဘာ့နိုင်ငံများ၏ အခင်းအကျင်းကိုပါ ပြောင်းလဲသွားအောင် ဖိအားပေးနိုင်စွမ်းရှိသည်။ ရာစုနှစ်သုံးခုအတွင်း အမေရိကန်တပ်ဖွဲ့များသည် ကမ္ဘာ့နိုင်ငံများ၏ အရေးအရာများမှာ တပ်ဖွဲ့များစေလွှတ်၍ တိုက်ရိုက် စွက်ဖက်တိုက်ခိုက်ခဲ့သလို ကြည်း/ ရေ / လေ တပ်ဖွဲ့အင်အားပြ၍လည်း ခြိမ်းခြောက်စွက်ဖက်မှုများ ပြုလုပ်နေဆဲ ဖြစ်သည်။
နောက်ပိုင်းမှာ အမေရိကန်တပ်ဖွဲ့ များ တိုက်ရိုက် ဝင်ရောက်တိုက်ခိုက်ခြင်းများ နည်းပါးသွားပြီး ကိုယ်စားပြုစစ်ပွဲများ ဆင်နွှဲစေကာစွက်ဖက်လာကြသည်။
ယနေ့ဖြစ်နေသည့် ယူကရိန်းစစ်သည် အမေရိကန်ကိုယ်စား ယူကရိန်းကြားခံပြီး ရုရှားနှင့်ဖြစ်နေသော နေတိုး-ရုရှားစစ်ပွဲဟုဆိုနိုင်သည်။ ထိုနည်းတူ အစ္စရေး-ဟားမားစ်၊ အစ္စရေး-ဟစ်ဇ်ဘိုလာ စစ်သည်လည်း အီရန်နှင့် အစ္စရေးကိုယ်စားပြုစစ်ပွဲ၊ အီရန်နှင့် အမေရိကန်၊ အီရန်နှင့် အမေရိကန်ဂျူးတို့၏ ကိုယ်စား ပြုစစ်ပွဲဟုလည်း ဆိုနိုင်သည်။
ယနေ့ ဂါဇာပြည်သူများကို သတ်ဖြတ်နေသော လူသတ်လက်နက်များတွင် အမေရိကန်လက်နက်များက အဓိကနေရာက ပါဝင်လာနေသည်ကို သတိပြုကြရပါမည်။ အမေရိကန်သည် သူတို့ အကျိုးစီးပွားအတွက် ကမ္ဘာ့ဘယ်နေရာက ဘယ်သူ့ကိုမဆို ဘယ်နိုင်ငံက ဘယ်လိုပြည်သူမျိုးကိုမဆို သတ်ဖြတ်ရန်ဝန်မလေးသူများဖြစ်ကြောင်း ဗီယက်နမ် စစ်မှာလည်းတွေ့ခဲ့ဖူးပြီ။ အီရတ်၊ အာဖဂန်၊ လစ်ဗျား၊ ဆီးရီးယားအဖြစ်အပျက်များ စသည့်သမိုင်းကြောင်းများစွာလည်း ရှိခဲ့ဖူးပါပြီ။
လိုအပ်လျှင် ကမ္ဘာကြီးကို မီးလောင် တိုက်သွင်းရန် လက်မနှေးသူများဖြစ်ကြောင်း ယခုလက်ရှိကမ္ဘာအနှံ့ ကိုရီးယားကျွန်းဆွယ်၊ ထိုင်ဝမ်တောင်တရုတ်ပင်လယ် ပဋိပက္ခများတွင် မိတ်ဖက်နိုင်ငံများကို စစ်လက်နက်များ ရောင်းချ၊ စစ်ရေးအကူအညီ မျိုးစုံထောက်၍ မီးမွှေးနေခြင်းက သက်သေပြနေသည်။ မိမိတို့နိုင်ငံတွင်လည်း ထို့အတူဖြစ်သည်။ နေရာစုံ၊ ထောင့်စုံမှနည်းလမ်းစုံဖြင့် အဖွဲ့ပေါင်းစုံ၊ အကြမ်းဖက်ပေါင်းစုံကို တစ်ဖက်သတ်အကူအညီများပေး၍ သပ်လျှိုသွေးခွဲ လှည့်စားယုတ်မာမှုများကို မြင်အောင်ကြည့်၊ သဘောပေါက်အောင်လေ့လာ၍ လိုအပ်သလိုကာကွယ်ပြင်ဆင်ထားကြရန်ဖြစ်ပါသည်။
အဓိကတင်ပြလိုသည်မှာ ကမ္ဘာရောမြန်မာမှာပါ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ငြိမ်းချမ်းစွာ ဖြေရှင်းကြရေးဖြစ်ပြီး စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်းခြင်းက တည်ငြိမ်မှုလမ်းကြောင်းမှန်ပေါ် မရောက်နိုင်သကဲ့သို့ ကမ္ဘာ့ပြည်သူများ၊ မြန်မာပြည်သူများလိုချင်သော ငြိမ်းချမ်းရေးနှင့်လည်း အလှမ်းဝေးမြဲသာဖြစ်မည်ဟု ဆိုလိုရင်းဖြစ်သည်။ ထိုသို့ စစ်ရေးနည်းလမ်းကိုသာ တစိုက်မတ်မတ်ရွေးချယ်၍ ပြင်ပမှ အားပေးအားမြှောက်ပြုနေသည့် အချို့သောနိုင်ငံကြီးများရှိ စစ်ဝါဒီများ၏ စစ်လိုလားမှုနှင့် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအကျိုးစီးပွား လောဘ မသတ်နိုင်မှုများကိုလည်း ထည့်တွက် ရမည်ဖြစ်သည်။
ဒီဘက်ခေတ်တွင် နိုင်ငံကြီးများသည် စစ်ရေးအရ ကိုယ်တိုင်တိုက်ရိုက်မပါကြ တော့ဘဲကိုယ်စားပြုစစ်ပွဲများကို ဆင်နွှဲလာကြသည်။ သူတို့နိုင်ငံ၏ နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်းကို အာရုံပြောင်းလို၍ အခြားနေရာတွင် စစ်ပွဲများဖန်တီးပြီး ဒေသတွင်းမတည်မငြိမ် ဖြစ်အောင်နှင့် ကမ္ဘာကြီးတွင် စစ်မီးထတောက်သည်အထိ ကမ္ဘာကြီး မတည် ငြိမ်၊ မငြိမ်းချမ်းအောင် ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်နိုင်ငံတို့မှာကဲ့သို့ မိမိတို့ မလိုလားသည့်အစိုးရများ မပြုတ်ပြုတ်အောင် ဝင်ရောက်စွက်ဖက်ကြသည်များ လည်းရှိနေသည်။ ပြည်တွင်းအခြေအနေ နှင့် ဆက်စပ်စဉ်းစားပါကလည်း မိမိတို့ နိုင်ငံ၌ ပြည်သူလူထုက စစ်ဘေး၊ စားဝတ် နေရေးအကျပ်အတည်း၊ သဘာဝဘေးမျိုးစုံအောက်တွင် ဒုက္ခဆင်းရဲ အမျိုးမျိုးရောက်နေချိန် ကယ်သူက ကယ်နေသော်လည်း လက်နက်ကိုင်သူပုန် အုပ်စုများကမူ ပြည်သူလူထုပိုဒုက္ခ ရောက်အောင် စစ်ရေးနည်းလမ်းသာ ရွေးချယ်နေကြသည်ကို တွေ့ရသည်။
နိုင်ငံတကာက အမျိုးမျိုးကန့်ကွက် နေသည့်ကြားမှ အစ္စရေးကစစ်ကို ဆက်တိုက်နေသလို ငြိမ်းချမ်းရေးအတွက် အဖြေရှာရင်းကပင် ယူကရိန်းကရုရှားနယ်မြေထဲအထိ ထိုးဖောက်တိုက်ခိုက်နေပြန်သည်။ ငြိမ်းချမ်းရေးစကား တဖွဖွပြောနေသည့် အမေရိကန်က သူကိုယ်တိုင်ပင်အစ္စရေး၊ ယူကရိန်းတို့ကို စစ်ရေးအကူအညီများ ပေးနေသည့်အတွက် ၎င်းနိုင်ငံများရှိ ပြည်သူများအတွက် ငြိမ်းချမ်းရေးလမ်းစမတွေ့ရသလို လက်နက်ကိုင်သူပုန်အုပ်စုများကို စစ်ရေးအပါအဝင် အကူအညီအမျိုးမျိုးကို အကြောင်းအမျိုးမျိုးပြ ပေးကမ်း ထောက်ပံ့နေသည့်အတွက်လည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးမှာ အလှမ်းဝေးနေဆဲ ဖြစ်သည်ကို တွေ့ရမည်ဖြစ်သည်။
နောက်ဆုံးတွင် အဓိကအချက်က မိမိပြည်တွင်းရှိ မိမိအင်အားကိုခိုင်မာ တောင့်တင်းအောင် အစဉ်ကြိုးပမ်းတည်ဆောက်နေရေးသာ ဖြစ်ပါတော့သည်။ ။