နိုင်ငံသားတစ်ဦးတစ်ယောက်၏ စိတ်ဓာတ် စည်းကမ်း ပညာ
ဒေါက်တာမောင်ကျော်၊ ပါမောက္ခချုပ်(ငြိမ်း)
(ယမန်နေ့မှအဆက်)
လူ့စွမ်းအားအရင်းအမြစ်ကို ဖန်တီးပေးထားတဲ့ ဆရာဟာ ခေတ်နောက်ကျနေခဲ့ရင် အနာဂတ်ဟာ မျှော်လင့်ချက်မရှိဘူး။ လူ့စွမ်းအားအရင်းအမြစ်ကို မွေးထုတ်ပေးတဲ့ ဆရာဟာ ဆန်းသစ်တဲ့ စိတ်ကူး တွေ ခံယူနိုင်စွမ်းမရှိ ရပ်တန့်နေခဲ့ရင် သူမွေးထုတ်ပေးတဲ့ လူ့စွမ်းအားအရင်းအမြစ်က ဘယ်နည်းနဲ့မှ အနာဂတ်ကို ရင်ဆိုင်နိုင်မှာမဟုတ်ဘူး။ ဆရာတွေဟာ ပညာရေးမျှော်မှန်းပန်းတိုင်ရောက်ဖို့ လမ်းညွှန်ရာမှာ ကြိုးစားပမ်းစားနဲ့ ပညာတွေပေးလို့ လူထုရဲ့ အားကိုးရာဖြစ်ပါတယ်။ ဆရာရဲ့ တွေးခေါ်ပုံတွေ၊ ပြောပုံဆိုပုံတွေ၊ ပြုမူပုံတွေဟာ ကျောင်းသားတပည့်တွေဆီ စီးဆင်းပါတယ်။ ကျောင်းသားဆီကို ရောက်သွားတာကြောင့် အကောင်းအဆိုး၊ အကြောင်းအကျိုး အထူးသတိမူရပါမယ်။
ဆရာ ဆရာမတွေဟာ အဖိုးတန်လူငယ်လူရွယ်၊ လူရည်ချွန်၊ လူရည်မွန်တွေဖြစ်အောင် အားထုတ်ကြရမယ်။ လွယ်လွယ်ပဲသွားတဲ့ Easy going ဆရာတွေရဲ့ လက်ထဲက ကျောင်းသားဟာ လွယ်လွယ်ပဲသွားတဲ့သဘောဖြစ်ပါတယ်။ ဒါကြောင့် ဆရာဟာ အမြဲတမ်းဆန်းသစ်တဲ့ အယူအဆရှိနေရမယ်။ ဆရာဟာ အတွေးအခေါ်၊ အယူအဆ လုံးဝရှင်သန်နေရမှာပါ။ ဆရာဟာ တစ်နေရာမှာ ရပ်နေခဲ့တယ်ဆိုတာ မဖြစ်စကောင်းဘူး။ ထူးချွန်ပြောင်မြောက်တဲ့၊ တီထွင် ကြံဆနိုင်တဲ့ လူမဖြစ်လင့်ကစား၊ စိတ်ထားမြင့်မြတ်တဲ့ မေတ္တာတရားရှိတဲ့ လူတော့အနည်းဆုံး ဖြစ်သွားစေရမယ်။ ဆိုးသွမ်းလူငယ်တွေမဖြစ်ဘဲ စည်းကမ်းရှိတဲ့လူတော့ အနည်းဆုံးဖြစ်သွားစေရပါမယ်။
ပညာရေးလောကသားများ စဉ်းစားသင့်
အနာဂတ်ပညာရေးဟာ လေ့လာနိုင်စွမ်းရှိအောင် ဝေဖန်သုံးသပ်နိုင်ခြင်း၊ တီထွင်ကြံဆနိုင်ခြင်း၊ နက်နက်နဲနဲ ခဲရာခဲဆစ်ပြဿနာတွေနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားနိုင်စေဖို့ ပညာရေးက လေ့လာစရာနယ်ပယ်တွေကို မြင်နိုင်စွမ်းရှိအောင် မျှော်မှန်းဆောင်ရွက်နေရတာကိုလည်း တွေ့မြင်ရပါတယ်။
မြန်မာ့အခြေခံပညာရေးကို စာမေးပွဲက သိပ်လွှမ်းမိုးခဲ့တယ်၊ ကလေးတွေကို ဂုဏ်ထူးနဲ့ ခြိမ်းခြောက်တယ်၊ အမှတ်နဲ့ ခြိမ်းခြောက်တယ်။ ဒီတော့ ကလေးတွေဟာ ဘယ်ဘက်ကို ရောက်သွား သလဲဆိုရင် အလွတ်ကျက်တဲ့ဘက်ကို ရောက်သွားတဲ့အတွက် တီထွင်ကြံဆမှုဘက်မှာ အားလျော့မယ်၊ သူရဲ့ initiative, creativity ဒါတွေမှာ သူလျော့နည်းသွားမှာပဲ။ တကယ်ကမ္ဘာကြီးနဲ့ ရင်ပေါင်တန်းဖို့အတွက် ကျွန်တော်တို့ ဘယ်လိုကလေးမျိုး ဖြစ်ချင်တာလဲ၊ textbook ထဲကဟာတွေကို အလွတ်ကျက်ရသွားတဲ့ကလေးမျိုး၊ အဲဒီအလွတ်ကျက်ကို အားပေးတဲ့ မေးခွန်းတွေနဲ့ အမှတ်တွေပေးပြီးတော့ တွန်းပို့ခြင်းခံရတဲ့ ကလေးမျိုးရချင်တာလား။ ဒီနေ့စိန်ခေါ်မှု တွေကို ရင်ဆိုင်နိုင်တဲ့ကလေးမျိုးကို မွေးထုတ်မလား။ ကျွန်တော်တို့ရဲ့ ပညာရေးလောကသား အားလုံး စဉ်းစားသင့်ပါတယ်။
ကျောင်းဆိုတဲ့အဖွဲ့အစည်းမှာ အရေးကြီးတဲ့လူကိုရှာတော့ ဆရာကို ပထမဆုံးတွေ့ရပါတယ်။ ကျောင်းတစ်ကျောင်း ထက်မြက်လာဖို့ အဓိကပုဂ္ဂိုလ်ဟာ “ဆရာ” ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာမြှင့်တင်မှုတွေကို ဘယ်လိုပဲချချ သော့က ဘယ်သူ့လက်ထဲမှာရှိသလဲ ဆိုတော့ ဆရာ ဆရာမတွေ၊ ကျောင်းအုပ်ကြီးတွေ လက်ထဲမှာရှိပါတယ်။ ကာယကံမြောက်အကောင်အထည်ဖော်ရမှာက ဆရာ ဆရာမတွေဖြစ်ပါတယ်။ ကထိကတွေ၊ ပါမောက္ခတွေ ဖြစ်ပါတယ်။
ပြည်သူတစ်ရပ်လုံးဟာ ကျောင်းကို၊ တက္ကသိုလ်တွေကို အားထားပါတယ်။ ကျောင်း၊ ကောလိပ်၊ တက္ကသိုလ်အားလုံးဟာ လူကြီးလူငယ်မရွေး သင်ယူနိုင်မယ့် ဗဟိုချက်မတွေဖြစ်ဖို့ နှစ်လုံးပေါက် အားထုတ်နေရပါတယ်။ ဘာကြောင့်ပါလဲ။ သမိုင်းစဉ်တစ်လျှောက်မှာ လူသားဟာ လက်ရှိအသိဉာဏ် စွမ်းရည်၊ ကိုယ်ကျင့်သိက္ခာ၊ နှလုံးရည်စွမ်းရည် အမြဲတမ်းဖွံ့ဖြိုးနေစေရေးအတွက် ပညာရေးစနစ်၊ နည်းလမ်းတွေကို ဆုပ်ကိုင်ပြီး မည်သည့်မျှော်မှန်း ချက်တွေထားသင့်တယ်ဆိုတာတွေကို ရှာဖွေနေရတဲ့ကာလကြီးဖြစ်ပါတယ်။
ကောလိပ်နဲ့ တက္ကသိုလ်တွေဟာ ကမ္ဘာတိုးတက်ပြောင်းလဲမှုတွေကို တုံ့ပြန်နိုင်မယ့် အရည်အသွေးကို ရအောင်၊ မျက်မှောက်ကာလဖြစ်ပေါ်မှုတွေအပြင် အနာဂတ်ရဲ့တောင်းဆိုမှုတွေနဲ့ လိုက်လျောညီထွေမှုရှိအောင်၊ ရှိစေမယ့် သင်ရိုးညွှန်းတမ်းတွေဖြစ်ဖို့ အားထုတ်နေကြရပါတယ်။ အကောင်းဆုံး သင်ရိုးညွှန်းတမ်းအတွက် အရည်အသွေးဘက်စုံမြင့်တဲ့ ဆရာလိုပါတယ်။ ဆရာက အလွန်ကောင်းတယ်။ သင်ရိုးညွှန်းတမ်း ညံ့ရင်လည်းပဲ ပညာရေးက လိုချင်တဲ့ ရလဒ်ရမှာ မဟုတ်တဲ့အတွက် အကောင်းဆုံး သင်ရိုးညွှန်းတမ်းတစ်ခုအတွက် အကောင်းဆုံးဆရာ လိုပါတယ်။ ဒါကြောင့် ပညာရည်မြင့်မားဖို့ ဦးစားပေး အစီအစဉ်တစ်ခုက ဆရာအရည်အသွေးကို မြှင့်တင်နေရပါတယ်။ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာမြှင့်တင်နေရပါတယ်။
ဘာကြောင့်ပါလဲ။ ပညာရေးစနစ်ရဲ့ ကိုယ်ပိုင်အရင်းအမြစ်ဟာ ဆရာ ဆရာမတို့ဖြစ်ပါတယ်။ ပညာရေးစနစ်တစ်ခုလုံးရဲ့ အရင်းအမြစ်ဖြစ်ပါတယ်။ သင်ကြားမှု၊ လေ့လာမှုဆိုင်ရာ အရင်းအမြစ် ဖြစ်ပါတယ်။ ဆရာ ဆရာမတို့ရဲ့ စွမ်းဆောင်ရည်မြင့်မားရင် မြင့်မားသလောက် ပညာရေးစနစ်ဟာ ရှေ့ကိုရောက်တိုးတက်လာမှာဖြစ်ပါတယ်။ လက်ရှိမျိုးဆက်သစ်တွေကို သူတို့ရင်ဆိုင်ရမယ့် အနာဂတ်အတွက် ပညာရေးက ကြိုတင်ပြင်ဆင်ပေးရပါလိမ့်မယ်။ ဒါကြောင့် ပညာရေးစနစ်မှာ အရေးကြီးကဏ္ဍမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ ဆရာမတို့ဟာ နိုင်ငံလိုအပ်ချက်၊ ဒေသလိုအပ်ချက်တွေကို အမြဲတမ်းဖြည့်ဆည်းပေးနေရမှာပဲဖြစ်ပါတယ်။ (KEY…Keep Educating Yourself ဖြစ်ပါတယ်)။
ဒါသည်ပင် ခေတ်မီနိုင်ငံတော်ကြီးကို တည်ဆောက်တာဖြစ်ပါတယ်။ ဆရာဟာ အခြေခံပဲဖြစ်ဖြစ်၊ အဆင့်မြင့်ပဲဖြစ်ဖြစ်၊ ဆရာဟာ ဆရာပါပဲ။ ဆရာဟာ Teacher (သင်ပြသူ)၊ စည်းရုံးသူ (Organi-zer)၊ ခေါင်းဆောင် (Leader) ပါပဲ။ ကျောင်းပရဝဏ်ထဲ ရောက်လာတဲ့ကလေးတွေကို မတတ်ရကောင်း လား၊ နားမလည်ရကောင်းလားဆိုပြီး စားပွဲကို ကြိမ်လုံးနဲ့ တဖြန်းဖြန်းရိုက်ပြီး ကလေးကို အုပ်ချုပ်တာလောက်နဲ့ အရည်အသွေးမျိုးရှိတဲ့ ဆရာနဲ့ ဒီနေ့ မြန်မာ့ပညာရေးမျှော်မှန်းချက်ကို ရောက်အောင်သွားလို့ မရတော့ဘူးဆိုတာ နားလည်ကြရပါလိမ့်မယ်။ ဘာသာရပ်နားလည်အောင် စည်းမျဉ်းစည်းကမ်းတွေ သိရှိလိုက်နာအောင် အကျိုးနဲ့ အကြောင်းနဲ့ ကလေးတွေကို စိတ်ရှည်ရှည်ထားပြီး သင်ကြားပို့ချကြရပါလိမ့်မယ်။
မြန်မာတစ်မျိုးသားလုံးအတွက် ပတ်ဝန်းကျင်အသစ်ကို လွှမ်းမိုးနိုင်အောင် တီထွင်ဖန်တီးမှု ပညာရေး (Innovative education) နဲ့ ကျွမ်းကျင်မှုအရည်အသွေးတွေကသာ တတ်နိုင်မှာဖြစ်ပါတယ်။ သင်ရိုးညွှန်းတမ်းတွေဟာ KG ကစလို့ Ph.D. အထိ ပြုပြင်ပေးနေရာမှာပဲဖြစ်ပါတယ်။ တကယ်တော့ ပညာရေးလောကသားတွေရဲ့ တာဝန်ဟာ သေးမသွားဘဲ အလွန်ကြီးမားလာပါတယ်။
နိုင်ငံတော်ရဲ့ နိုင်ငံရေးဦးတည်ချက်တစ်ခုဖြစ်တဲ့ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရေးအတွက် လူ့စွမ်းအားအရင်းအမြစ်ပညာတတ်တွေ ပေါကြွယ်ဝရေး ဖြစ်ပါတယ်။ ဒေသလိုအပ်ချက်ဆိုရာမှာ စိတ်ပိုင်း၊ ရုပ်ပိုင်းလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးမယ့် လူ့စွမ်းအားအရင်းအမြစ်ကို မွေးထုတ်ပေးနေရမှာ ဖြစ်ပါတယ်။
ပညာရေးလို့ပြောရင် ကျောင်းဟာ ရပ်ရွာရဲ့ စင်တာဗဟို။ ဘယ်မိဘကိုမေးမေး သူတို့ကျောင်း၊ တက္ကသိုလ်ကောင်းတာကို ဂုဏ်ယူပါတယ်။ အထွတ်အထိပ်၊ ဗဟိုချက်မမှာထားတဲ့ကျောင်းကို ရပ်ရွာက အားကိုးလေးစားရတဲ့ နေရာဌာနတစ်ခုဖြစ်အောင် ကလေးတွေရဲ့ ပညာရည်မြင့်မားဖို့ ယဉ်ကျေးသိမ်မွေ့ဖို့၊ ကျွမ်းကျင်မှုအဆင့်အတန်းရှိတဲ့ နိုင်ငံသားဖြစ်ဖို့၊ ဥပဒေနဲ့ စည်းကမ်းတွေ လေးစားလိုက်နာဖို့၊ နိုင်ငံက လိုအပ်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဖြစ်လာဖို့အတွက် ကျောင်းကို ရောက်လာကြတာပါ။ ဒါကြောင့် အပတ်တကုတ် ကြိုးစားအားထုတ်ကြရမှာ ဖြစ်ပါတယ်။
ရှေးခေတ်လူသား ကြမ်းတမ်းရိုင်းစိုင်းတဲ့ဘဝက ရုန်းထွက်လာခဲ့တဲ့ ယဉ်ကျေးမှုအဆင့်အတန်း လူ့ယဉ်ကျေးမှုတစ်ခုလုံးကို ထိန်းသိမ်းဖို့ စွမ်းဆောင်နိုင်တဲ့နေရာဟာ ကျောင်းပဲ၊ ဒီကျောင်းဟာ လေးလံနှေးကွေးနေသလား၊ ကျောင်းတွေရဲ့ လှုပ်ရှားမှုတွေဟာ ဘယ်လိုဖြစ်နေသလဲဆိုတာ အမြဲသုံးသပ်နေရပါမယ်။ ကျောင်းနဲ့ လူ့အဖွဲ့အစည်း ဒီလိုဆက်ဆံရလိမ့် မယ်စတဲ့ လုပ်ငန်းစဉ်တွေ ချမှတ်ထားရလိမ့်မယ်။ ကလေးတစ်ယောက်ရဲ့ လူမှုဆက်ဆံရေးကို ဆရာက ဦးဆောင်ရလိမ့်မယ်။
ဗဟိုချက်မဟာ ဆရာပါပဲ…
ပညာသင်ကြားမှုတစ်ခုလုံးရဲ့ ဗဟိုချက်မဟာ ကျောင်းသား ကျောင်းသူလူငယ်တွေ၊ ဆည်းပူးနေလိုသူတွေ၊ အလုပ်ခွင်က ဝန်ထမ်းတွေပဲ။ ဘာကြောင့်လဲ။ အနာဂတ်ရဲ့ မျိုးဆက်တွေမို့ အသက်ကြီးငယ်မရွေး အကျုံးဝင်နေပါတယ်။ ဒီမျှော်မှန်းချက်တွေရဖို့ ပညာရေးအစီအစဉ်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာတော့ ဗဟိုချက်မက ဆရာဖြစ်ပါတယ်။ ဘယ်လိုလုပ်ငန်းစဉ်ချချ ဆန့်ကျင်ဘက် ချဉ်းကပ်နည်းတွေဟာ ရှိစမြဲပါ။ တက္ကသိုလ်တွေက လူ့အဖွဲ့အစည်းအတွက် ပညာတတ်မြောက်မှု၊ ကျွမ်းကျင်မှုနဲ့ ဖန်တီးနိုင်မှုတွေမှာ မြင့်မားနိုင်သမျှ မြင့်မားအောင် ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် ဖန်တီးပေးရမှာ ဖြစ်ပါတယ်။
ဒါကြောင့် ဒေသအလိုက် တည်ရှိနေတဲ့ တက္ကသိုလ်တွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာ ဆရာမအပေါင်းနဲ့ ဒေသတွင်းက ကျောင်းသား ကျောင်းသူအပေါင်းဟာ အမျိုးသားရေးတာဝန်ကို ထမ်းဆောင်နေသူတွေဖြစ်တယ်လို့ ပြောတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒေသတွင်း လူငယ်လူလတ်တွေရဲ့ ကျွမ်းကျင်မှု၊ ထိုသူတွေရဲ့ အရည်အသွေး၊ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဟာ ထိုဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှု လိုအပ်ချက်ကို ဖြည့်ဆည်းပေးလို့ နိုင်ငံဟာ ငြိမ်းချမ်းမယ်။ ဖွံ့ဖြိုးတိုးတက်မယ်။
ဒီကျောင်းတက္ကသိုလ်တွေကို သက်ဝင်လှုပ်ရှားစေမယ့် ဆရာရဲ့ကဏ္ဍ၊ ဆရာရဲ့အားထုတ်မှု၊ စိတ်နေစိတ်ထား ခံယူမှုတို့ဟာ ကလေးတစ်ယောက်အတွက် အလွန်အရေးကြီးလှပါတယ်။ ဘာသာရပ်နားမလည်ရင် ဒီကျောင်းသားကို မှတ်မိအောင်လုပ်၊ အလွတ်ကျက်သက်သက်နဲ့ ဒီကျောင်းက ထွက်သွားဖို့ မမျှော်မှန်းဘူး။ ပညာကို အုတ်မြစ်အဖြစ်ထား (Knowledge base)၊ ကျွမ်းကျင်မှုကို (skill base) အုတ်မြစ်အဖြစ်ထား၊ ဒါ့အပြင် ဦးဆောင်တတ်တဲ့ ကျောင်းသား၊ ဖန်တီးမှု (initiative and creativity) ရှိတဲ့ ကျောင်းသားတွေ ဖြစ်ဖို့အထိ မျှော်မှန်းပြီး သင်ကြားပေးရပါလိမ့်မယ်။
မျိုးဆက်သစ်လူငယ်တိုင်းရဲ့ ယုံကြည်ချက်၊ ခံယူချက်တွေပေါ်မှာ အခြေစိုက်
လူ့လောကမှာ ဘယ်နေရာဟာ အရေးအကြီးဆုံးလဲလို့မေးရင် လူရှိတဲ့နေရာတိုင်း အရေးကြီးပါ တယ်။ အဲဒီကလေးဟာ နိုင်ငံသားကောင်းဖြစ်လာဖို့အတွက် နှလုံးရည်လည်း ပြည့်၊ ပညာရည်လည်းကောင်း၊ ယဉ်ကျေးတဲ့ နိုင်ငံသားကောင်းဖြစ်လာဖို့ မျှော်မှန်းရမှာပါ။ ကျွန်တော်တို့နိုင်ငံဟာ စည်းလုံး ညီညွတ်မှု (unity) ရှိရပါမယ်။ စည်းလုံးညီညွတ်မှုမရှိဘဲ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ခက်ပါတယ်။ အဲဒီလိုစည်းလုံးညီညွတ်ဖို့အတွက် မျိုးဆက်သစ်လူငယ်တိုင်းရဲ့ အရည်အသွေးတွေးခေါ်မြော်မြင်မှု ယုံကြည်ချက်၊ ခံယူချက်တွေပေါ်မှာ အခြေစိုက်ပါတယ်။
အမေရိကန်နိုင်ငံက ယနေ့အချိန်အခါမှာ တက္ကသိုလ်၊ ကောလိပ်ပေါင်း ၃၅၀၀ ကျော်ရှိပါတယ်။ သိပ္ပံနဲ့နည်းပညာဟာ ပိုပြီးအခရာကျကြောင်း၊ ပြည်တွင်းငြိမ်းချမ်းမှုရှိတော့ လူအား ငွေအားတွေ ပုံအောပြီး သုံးနိုင်ကြောင်း တွေ့ရပါတယ်။
ယနေ့အချိန်အခါမှာ မြန်မာနိုင်ငံရဲ့တက္ကသိုလ်တွေဟာ သမားရိုးကျ ဗဟိုဦးစီးအုပ်ချုပ်မှုပုံစံကနေ ပိုမိုနွေးထွးတဲ့ မိသားစုပုံစံ (Corporate Model) အသွင်နဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုကိုလည်း ပခုံးထမ်းယူကြရမှာဖြစ်ပါတယ်။ ပညာရေးဟာ “Teaching and Learning” သင်ယူလေ့လာမှုနှစ်ခု သဟဇာတဖြစ်အောင် လုပ်ကြရမယ်။ ICT နည်းပညာကိုသုံးတဲ့ သင်ကြားသင်ယူမှု၊ လေ့လာမှု၊ တီထွင်ဆန်းသစ်တဲ့နယ်ပယ်ထဲကိုရောက်အောင် တွန်းတင်ပေးရမှာ ဖြစ်ပါတယ်။ မိမိကိုယ်တိုင် သင်ယူမှု “Self-Learning” ကို ဇောင်းပေးရမယ်။
မြန်မာနိုင်ငံရဲ့ ဘယ်ဒေသမှာရှိနေတဲ့ ကျောင်းတက္ကသိုလ်က ဆရာဟာ မိမိရောက်နေတဲ့ ဒေသရဲ့ သင်ကြားသင်ယူမှုဝန်းကျင်ကို ကောင်းမွန်အောင်၊ လူများစု သင်ယူလေ့လာနိုင်တဲ့ ဝန်းကျင်ကောင်းဖြစ်တဲ့အထိ မျှော်မှန်းပြီးဆောင်ရွက်ဖို့၊ ကျွမ်းကျင်မှု အတတ်ပညာတွေ မြှင့်တင်ရတာ ရှိကောင်းရှိမယ်။ အဲဒီလုပ်ငန်းစဉ်တွေရဲ့ ဗဟိုချက်မဟာ ဆရာပါပဲ။ ဒီတော့ ဆရာဟာ အလွန်အားထုတ်ပေးရမယ့် နေရာမှာရောက်ရှိနေပါတယ်။ ဆရာရဲ့ ပညာအရည်အသွေး၊ သဘောထား၊ အမြော်အမြင်မြင့်မားမှုဟာ လိုအပ်ချက်တစ်ခုဖြစ်ပါတယ်။ တောင်ပေါ်မြေပြန့် မခွဲခြားပါဘူး။ ဘယ်ဒေသက ကလေးသူငယ်ဖြစ်ဖြစ် ဖွံ့ဖြိုးတိုးတက်လာဖို့ လိုလားရပါမယ်။ တောင်ပေါ်မြေပြန့်မရှိတော့ပါဘူး။ မြန်မာ့လူ့အဖွဲ့အစည်းတစ်ခုလုံး ညီညွတ်မျှတမှုအတွက် နိုင်ငံသားတွေအားလုံးရဲ့ အသိဉာဏ်ပညာ၊ စိတ်ဓာတ်နဲ့ စည်းကမ်းကောင်းမွန်ဖို့၊ ပညာရေးကို မြှင့်တင်နေကြရမှာ ဖြစ်ပါတယ်။
ပညာရည်ပိုမိုမြင့်မားဖို့အတွက် အားထုတ်ရတဲ့လုပ်ငန်းဟာ ကျယ်ပြန့်နက်ရှိုင်းတဲ့လုပ်ငန်းကြီးဖြစ်နေတဲ့အတွက် ယနေ့တိုင်ပညာရေးညီလာခံ၊ နှီးနှောဖလှယ်ပွဲတွေ ပြုလုပ်နေရဆဲဖြစ်တာကို တွေ့ရမှာဖြစ်ပါတယ်။ အမျိုးသားပညာရည်မြင့်မားရေးကို ဆောင်ကြဉ်းနိုင်ရန် အစီအစဉ်တွေ ချမှတ်ထားပါတယ်။ သက်ဆိုင်သူ ပညာရှင်အသီးသီးနဲ့ တိုင်ပင်ဆွေးနွေးပြီး ချမှတ်ခဲ့ကြပါတယ်။ စဉ်ဆက်မပြတ်လေ့လာသင်ယူနေတဲ့ လူ့ဘောင်အဖွဲ့အစည်းတစ်ခု ဖြစ်ထွန်းလာဖို့ မျှော်မှန်းပြီး ဆောင်ရွက်နေရပါတယ်။
တက်ကြွသူ၊ ဦးဆောင်မှုပေးတတ်သူ တွေဖြစ်လာဖို့ အလွန်အရေးကြီး
မြန်မာနိုင်ငံရဲ့ အနာဂတ်ပညာရေးဟာ ဝေဖန်သုံးသပ်နိုင်ခြင်း၊ တီထွင်ကြံဆနိုင်ခြင်း လေ့လာစရာနယ်ပယ်သစ်တွေကို ဖြစ်နိုင်စွမ်းရှိအောင် မျှော်မှန်းပြီး ဆောင်ရွက်ကြရမယ့် ခရီးရှည်ဖြစ်ပါတယ်။ ဒါကြောင့် ကျောင်းဟာလမ်းဆုံလမ်းခွပဲ၊ လူဆိုးလေးအဖြစ်နဲ့ ကျောင်းက ထွက်သွားမလား၊ လူတော်လူကောင်း ထူးချွန်သူအဖြစ်နဲ့ ကျောင်းက ထွက်သွားမလား၊ ဒီနှစ်ခုပဲ စီစဉ်ညွှန်ကြားသူက ဆရာပဲ၊ ဒါရိုက်တာဟာ ဆရာပဲ။ လူချွန်လူကောင်းလေးတွေပဲဖြစ်သွားဖို့ ပါရမီကြောင့် မအောင်မြင်ရင်တောင်မှ စိတ်ထားကောင်းမွန်တဲ့ကလေးဘဝနဲ့ ထွက်သွားဖို့ ကြိုးစားရမယ်။ မှန်ကန်တဲ့ နည်းကောင်းလမ်းမှန်တွေကို ရွေးချယ်တတ်သူ၊ စည်းရုံးလှုပ်ရှားတတ်သူ၊ အစဉ်နိုးကြား တက်ကြွ သူ၊ ဦးဆောင်မှုပေးတတ်သူတွေဖြစ်လာဖို့ အလွန် အရေးကြီးပါတယ်။
စိတ်ဓာတ်၊ စည်းကမ်း၊ ပညာဖန်တီးမှုရှိတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကသာ ဆက်လက်ရှင်သန်၊ ဖွံ့ဖြိုးတိုးတက်မှု၊ စီးပွားဖြစ်ထွန်းမှု၊ လူ့ဘောင်ရဲ့ ညီညွတ်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကိုရှေးရှုနိုင်မှာဖြစ်ပါကြောင်း ရေးသားလိုက်ပါတယ်။ ။